News

POST TYPE

OPINION

ရခိုင်ဒေသတွင် ထိုးစစ်ဆင်နေမှုများ ရပ်တန့်ပေးရန် အရပ်ဘက်အဖွဲ့အစည်း ၃၀ဝ ခန့်တောင်းဆို
24-Apr-2019
စစ်တွေ၊ ဧပြီ ၂၃

ရခိုင်ဒေသ၌ တပ်မတော်က ထိုးစစ်ဆင်နေမှုများအား ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချကြောင်းနှင့် ထိုးစစ်များရပ်တန့်ပေးရန် ရခိုင်အရပ်ဘက် အဖွဲ့အစည်း ၂၉၀ ကျော် ပါဝင်သော ရခိုင်ပြည်လုံးဆိုင်ရာ လူမှုအဖွဲ့အစည်းများ မိတ်ဖက်အဖွဲ့က ဧပြီ ၂၃ ရက်နေ့တွင် ထုတ်ပြန်တောင်းဆိုလိုက်သည်။

ရခိုင်ပြည်နယ် မြောက်ပိုင်း၌ စစ်ဆင်ရေးကာလအတွင်း ကျေးရွာများ၌ ပစ်ခတ်မှုများကြောင့် ရခိုင်တိုင်းရင်းသားအချို့ သေခဲ့ကြရကာ ဒဏ်ရာရရှိသူများလည်း ရှိသည့်အပြင် ကျေးလက်နေ ပြည်သူအချို့၏ ချွေးနဲစာဖြင့် စုဆောင်းထားသော ရွှေနှင့်ငွေကြေးများ၊ လက်ကိုင်ဖုန်းများနှင့် အခြားသောပစ္စည်းများကို သိမ်းယူခံရခြင်းနှင့် နေအိမ်များ မီးလောင်ဆုံးရှုံးခြင်းတို့ ကြုံတွေ့ခဲ့ရကြောင်း ယင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

လက်ရှိဖြစ်ပွားနေသော ပဋိပက္ခသည် စစ်ရေးအရ ထိုးစစ်ဆင်ကာ ဖြေရှင်း၍မရဘဲ နိုင်ငံရေးအရ အဖြေရှာရန် လိုအပ်ကြောင်း၊ စစ်ပွဲဖြစ်ပွားခြင်းကြောင့် နိုင်ငံတော်၏ ဘဏ္ဍာငွေများ ဆုံးရှုံးရသကဲ့သို့ ဒေသခံပြည်များအတွက်လည်း ဆိုးကျိုးဖြစ်စေကြောင်း ရခိုင်ပြည်လုံးဆိုင်ရာ လူမှုအဖွဲ့အစည်းများ မိတ်ဖက်အဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ ခိုင်ကောင်းစံက ပြောဆိုသည်။

“အင်အားကြီးတဲ့ တပ်မတော်က ပိုပြီးသဘောထားကြီးဖို့လိုတယ်။ လက်နက်ကိုင် အင်အားစုတွေနဲ့ သဘောရိုးဖြစ်ဖို့အတွက် သူတို့အပေါ်မှာ မူတည်တယ်။ သူတို့ရဲ့ သဘောထားကြီးမူ၊ သူတို့ရဲ့ တန်းတူရည်တူ ဆက်ဆံမှု၊ တိုင်းရင်းသားတွေ လိုလားတဲ့ အမျိုးသား တန်းတူ အခွင့်အရေးပေးဖို့ လိုအပ်တယ်။ အဲဒါမှ စစ်ရေးပဋိပက္ခတွေ ပြေလည်ဖို့ဖြစ်တယ်”ဟု ၎င်းကရှင်းပြသည်။

အဆိုပါ ထုတ်ပြန်ချက်တွင် အမျိုးသား ပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးကော်မတီ (NRPC)၊ တပ်မတော်နှင့် AA တို့သည် အမြန်ဆုံး တွေ့ဆုံတွေးနွေးပြီး နှစ်ဖက်သဘောတူ Bilateral စာချုပ်ကို သဘောထားကြီးစွာဖြင့် လက်မှတ်ထိုးစာချုပ်ချုပ်ဆိုကြရန် တောင်းဆိုထားသည်။

ထို့အပြင် စစ်ဘေးဒုက္ခသည်များ ရိက္ခာဖူလုံပြီး လူ့ဂုဏ်သိက္ခာနှင့်အညီ ကြောက်ရွံ့ခြင်းကင်းကာ လုံခြုံစွာ နေထိုင်သွားလာနိုင်သော လူမှုဘဝကို အစိုးရနှင့် နိုင်ငံတကာ အဖွဲ့အစည်းများက အမြန်ဆုံးကူညီပေးရေး၊ ရှေ့ဟောင်း ယဉ်ကျေးမှုနယ်နိမိတ်ဇုန်နှင့် သာသနိက အဆောက်အအုံ ပရဝုဏ်အတွင်း စခန်းချနေထိုင်ခြင်းနှင့် ကျေးရွာများအနီး၌ တပ်စခန်းချနေထိုင်ခြင်း၊ မိုင်းထောင်ခြင်းနှင့် တိုက်ပွဲများ လုံးဝ မပြုလုပ်ကြရန် စသည်ဖြင့် အချက် ၅ ချက်ကို တောင်ဆိုးထားသည်။

လက်ရှိတွင် ရခိုင်ပြည်နယ် မြောက်ပိုင်း၌ တပ်မတော်နှင့် AA လက်နက်ကိုင်းအဖွဲ့တို့၏တိုက်ပွဲကြောင့် မြောက်ဦး၊ မင်းပြား၊ ကျောက်တော်၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်မြို့နယ်တို့တွင် စစ်ဘေးဒုက္ခသည် ၃၅၀ဝ၀ ခန့် ရှိလာပြီ ဖြစ်သည်။

R-22