News

POST TYPE

OPINION

ရခိုင်မြန်မာ နှစ်သစ်ကူးနှင့် မျှော်လင့်ရမည့် ငြိမ်းချမ်းရေး
23-Apr-2019



သင်္ကြန်နေ့ရက်များ ကုန်ဆုံးသွားခဲ့ပြီဖြစ်၏။ မြန်မာလူမျိုးတို့၏ ရိုးရာ နှစ်ဟောင်းတစ်ခုကုန်ဆုံးခြင်း (သို့မဟုတ်) နှစ်သစ်တစ်ခု၏ အဖွင့်နိဒါန်းကို စတင်လိုက်ပြီးဖြစ်သည်။ မြန်မာလူမျိုးများသည် နှစ်ဟောင်းမှ အညစ်အကြေးများကို နှစ်သစ်သို့ပါမသွားစေရန် အတွက် သင်္ကြန်ရေစင်များဖြင့် ပက်ဖျန်းကာ ဆေးကြောသန့်စင်ခဲ့ကြသည်။ ပျော်ရွှင်ကြည်နူးစရာကောင်းသော သင်္ကြန်နေ့ရက်များကိုဖြတ်သန်းခဲ့ပြီး နောက် နှစ်ဆန်းတစ်ရက်နေ့ဟုခေါ်သော ရခိုင်-မြန်မာနှစ်သစ်မင်္ဂလာသည် မြန်မာနိုင်ငံဆီသို့ ချင်းနင်းဝင် ရောက်လာခဲ့ပြီးဖြစ်၏။ သို့သော်သင်္ကြန် ရေစင်များနှင့်အတူ ဆေးကြောသန့်စင်ကာဝင်ရောက်လာသော နှစ်သစ်မင်္ဂလာသည် မြန်မာလူမျိုးများ အပေါ်တွင် ပျော်ရွှင်ခြင်း၊ ချစ်ခင်နွေးထွေးခြင်းနှင့် ငြိမ်းချမ်းခြင်းနိမိတ်ပုံများကို ဆောင်ကြဉ်းလာခဲ့သလားဆိုသည်ကတော့ ဆက်လက်စောင့် ကြည့်ရဦးမည်ပင် ဖြစ်သည်။ 

(တစ်)

၂၀၁၉ ခုနှစ် သင်္ကြန်ပွဲတော်နေ့ရက်များသည် ရခိုင်ပြည်နယ်ထဲတွင် တိတ်ဆိတ်ခြောက်သွေ့သောနေ့ရက်များဟု ဆိုရမည်ဖြစ်သည်။ ရခိုင်ပြည်နယ်ရှိ တိုက်ပွဲများဖြစ်ပွားနေသောမြို့နယ်တချို့တွင် စစ်၏အနိဋ္ဌာရုံများ၊ မီးခိုးငွေ့များ၊ စစ်လက်နက်တို့၏ ဆူညံပေါက်ကွဲသံများဖြင့်သာ သင်္ကြန် ကာလကိုကျော်ဖြတ်ခဲ့ကြရ၏။ စစ်ဘေးရှောင်များနှင့် သေဆုံးဒဏ်ရာရသူ အရပ်သားများ၏ ပရိဒေဝမီးက ရခိုင်ပြည်နယ်မှ သင်္ကြန်နှစ်သစ်ကူးကာလကို ပျော်ရွှင်ရယ်မောခြင်း ကင်းမဲ့ခဲ့သည်ဟု ဆိုရမည်ဖြစ်သည်။

ကုန်လွန်ခဲ့သော ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလနှောင်းပိုင်းမှစတင်ကာ မြန်မာ့တပ်မတော်နှင့် AA လက်နက်ကိုင်အဖွဲ့တို့သည် ရခိုင်ပြည်နယ်မှ ဘူးသီးတောင်၊ မောင်တော၊ ပုဏ္ဏားကျွန်း၊ မင်းပြား၊ ကျောက်တော်၊ မြောက်ဦးမြို့များအပါအဝင် ချင်းပြည်နယ်၊ ပလက်ဝမြို့တို့တွင် တိုက်ပွဲပေါင်းများစွာ ဖြစ်ပွားခဲ့ကြသည်မှာ လက်ရှိအချိန်ထိပင် ဖြစ်သည်။ ၂၀၁၈၊ ဒီဇင်ဘာ ၂၁ ရက်နေ့က မြန်မာ့တပ်မတော်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးနှင့် ထာဝရငြိမ်းချမ်းရေးအတွက် ကြေညာချက်တစ်စောင်ထုတ် ပြန်ခဲ့ပြီး ထိုကြေညာချက်ထဲတွင် စစ်တိုင်းဒေသကြီး ၅ ခုကို ၂၀၁၈ ဒီဇင်ဘာ ၂၁ မှ ၂၀၁၉ ဧပြီ ၃၀ ရက်နေ့အထိ အပစ်အခတ်ရပ်စဲထားမည်ဖြစ်ကြောင်း ဖော်ပြထားသည်။ သို့သော် ထိုထုတ်ပြန်ကြေညာချက်ထဲတွင် လတ်တလော စစ်ဖြစ်ပွားလျက်ရှိသော ရခိုင်ပြည်နယ်ပါဝင်ခြင်းမရှိခဲ့သည်ကို တွေ့ရ၏။ ရခိုင်ပြည်နယ်ပါဝင်ခြင်း မရှိခြင်းမှာ ARSA အကြမ်းဖက်အဖွဲ့များရှိနေခြင်းကြောင့်ဖြစ်ကြောင်း မြန်မာ့တပ်မတော်က ဖော်ပြခဲ့သည်။ မြန်မာ့တပ်မတော်၏ လေးလတာ အပစ်အခတ်ရပ်စဲရေး ကြေညာချက်အပေါ်တွင် တိုင်းရင်းသားလက်နက်ကိုင်များနှင့်တကွ မြန်မာလူထုတစ်ရပ်လုံးက ကြိုဆိုခဲ့ကြသော်လည်း အပစ်ရပ်ဒေသထဲတွင် ပါဝင်ခြင်းမရှိခဲ့သောရခိုင်ဒေသထဲတွင် ပြည်သူလူထု၏ စိုးရိမ်မှုက မြင့်တက်ခဲ့သည်။

(နှစ်)

၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့က AA လက်နက်ကိုင်အဖွဲ့မှ ရဲတပ်စခန်းလေးခုကို တစ်ချိန်တည်း ဝင်ရောက်တိုက်ခိုက်ခဲ့ပြီးနောက်တွင် နိုင်ငံတော်အစိုးရသည် AA ကို အကြမ်းဖက်သောင်းကျန်းသူအဖြစ် သတ်မှတ်ကာ အမြစ်ပြတ်ချေမှုန်းရန် စစ်ဆင်ရေးများကို စတင်ခဲ့သည်။ ထိုအချိန်မှစတင်ကာ ရခိုင်ပြည်နယ်ထဲတွင် တိုက်ပွဲကြီးငယ်များ နေ့စဉ်ရက်ဆက်ဖြစ် ပေါ်ခဲ့ပြီး စစ်ဘေးရှောင်စခန်းများစွာလည်း ပေါ်ထွက်လာခဲ့သည်။ ၂၀၁၉ ခုနှစ် မတ်လ ၂၉ ရက်နေ့က သမ္မတအိမ်တော်တွင်ပြုလုပ်ခဲ့သော သတင်းစာရှင်းလင်းပွဲ၏အချက်အလက်များအရ မြန်မာ့တပ်မတော်နှင့် AA လက်နက်ကိုင်အဖွဲ့တို့သည် ၂၀၁၉ ဇန်နဝါရီလ ၄ ရက်နေ့မှ မတ်လ၂၈ ရက်နေ့အထိ တိုက်ပွဲ ပေါင်း ၁၀၃ ကြိမ်အထိ ဖြစ်ပွားခဲ့ကြောင်းဆိုသည်။ ထိုသို့ တိုက်ပွဲများအတွင်းတွင် သေဆုံးသူ AA တပ်ဖွဲ့ဝင် ၅၈ ဦးနှင့် ဒဏ်ရာရရှိသူ ၈ ဦးရှိကြောင်း ဆိုသည်။ ရဲတပ်ဖွဲ့ဝင် ၂၇ ဦးသေဆုံးခဲ့ပြီး ၂၀ ဦးဒဏ်ရာရရှိ ခဲ့ကြောင်းလည်း ဖော်ပြသည်။ ထို့အပြင် အရပ်သားသေဆုံးသူဦးရေ ၁၂ ဦးနှင့် ဒဏ်ရာ ရရှိသူ ၂၀ ဦးအထိရှိကြောင်းလည်း ဆိုသည်။ 

လက်ရှိ ရခိုင်ပြည်နယ်၏အခြေအနေသည် စစ်ဖြစ်ပွားရာမြို့နယ် အချို့တွင် ညမထွက်ရအမိန့် (၁၄၄) ကိုထုတ်ပြန်ထားပြီး ပြည်သူများမှာ ကျီးလန့်စာစားအခြေအနေနှင့် ရင်ဆိုင်နေကြရသည်။ မြေပြင်ဝေဟင်တိုက်ခိုက်မှုများ၊ လက်နက်ကြီး လက်နက်ငယ် ပစ်ခတ်သံများကြားတွင် နေ့ညမလပ်စိုးရိမ်ကြောင့်ကြနေကြရသည်။ မည်သည့်အချိန်တွင် မည်သည့်နေရာမှ သေမင်းတမန်ကျည်ဆန်များ ကျရောက်လာမလဲဆိုသောအတွေးက ပြည်သူများကို အချိန်တိုင်း ခြောက်လှန့်နေသည်။ ထို့အပြင် သံသယဖြင့် ဖမ်းဆီးခံရနိုင်သည့်ကိစ္စမှာလည်း ပြည်သူများအတွက်ရတက် မအေးရသောကိစ္စပင် ဖြစ်သည်။ 

(သုံး)

ယခုနှစ်သင်္ကြန်ပွဲတော်ရက်များအတွင်းတွင် ရခိုင်ပြည်နယ်တွင် ရခိုင်ရိုးရာသင်္ကြန်ရေလောင်းမဏ္ဍပ်များ မရှိသလောက်ရှားပါးခဲ့သည်။ နှစ်စဉ်ကျင်းပနေကျဖြစ်သော ရန်ကုန်မြို့တော် ရခိုင်ရိုးရာသင်္ကြန်မဏ္ဍပ်နှင့် စစ်တွေမြို့ သင်္ကြန်မဏ္ဍပ်တို့ကိုလည်း ဖွင့်လှစ်ကျင်းပနိုင်ခြင်း မရှိခဲ့ချေ။ သင်္ကြန်မတိုင်မီ ဧပြီလ ၈ ရက်နေ့က စစ်တွေမြို့ စည်းကမ်းထိန်းသိမ်းရေးနှင့် ကူညီစောင့်ရှောက်ရေးသံဃာတော်များက ရခိုင်လူထုသို့ မေတ္တာရပ်ခံ စာတစ်စောင်ထုတ်ပြန်ခဲ့ပြီး ထိုစာထဲတွင် ရခိုင်ပြည်နယ်ထဲ၌ စစ်ပွဲများဖြစ်ပွားနေခြင်းကြောင့် နေရပ်စွန့်ခွာစစ်ဘေးရှောင်ဦးရေ နှစ်သောင်းကျော် ခန့်အထိရှိနေကြောင်း ဖော်ပြသည်။ စစ်ဘေးရှောင်ဒုက္ခသည်များ၏ ဘဝဒုက္ခနှင့်ထပ်တူ ရခိုင်ပြည်သူများအားလုံး ခံစားနေကြရသောကြောင့် ယခုနှစ်သင်္ကြန်နေ့ရက်များအတွင်း ရေလောင်းမဏ္ဍပ်များဆောက်လုပ်၍ ရေလောင်းခြင်း၊ ဆောင်းဘောက်ကြီးငယ်များဖွင့်၍ မြူးထူးကခုန်ခြင်း၊ မြို့ပတ်လှည့်လည်သောက်စားခြင်းတို့ကို မပြုလုပ်ကြရန်နှင့် ရခိုင်လူမျိုးတို့၏ ရှေးထုံးတမ်းစဉ်လာအရ ဘုရားရေသပ္ပါယ်ခြင်းနှင့် ဥပုသ်သီလဆောက်တည်ခြင်း စသော ကောင်းမှုကုသိုလ်တို့ကိုသာ ပြုလုပ်ကြပါရန် မေတ္တာ ရပ်ခံထားခဲ့သည်ကို တွေ့ရသည်။ 

ယခုနှစ် သင်္ကြန်နေ့ရက်များသည် ရခိုင်ပြည်နယ်၏မြို့နယ်အများစုတွင် သာမန်နေ့ရက်များအတိုင်းသာ ကုန်ဆုံးခဲ့ရသည်ဟု ဆိုနိုင်သည်။ ရခိုင်လူမျိုးများသည် သင်္ကြန်အကြိုနေ့တွင် နံ့သာသွေးခြင်းနှင့် ဘုရားရေသပ္ပါယ်ခြင်းတို့ကို ရိုးရာမပျက်ဆင်နွှဲခဲ့ကြပြီး နှစ်ဆန်းတစ်ရက်နေ့တွင် သက်ကြီးပူဇော်ပွဲကိုလည်း မပျက်မကွက် ကျင်းပခဲ့ကြသည်ကို တွေ့ရသည်။

(လေး)

လက်ရှိအချိန်တွင် မြန်မာ့တပ်မတော်မှ ထုတ်ပြန်ကြေညာထားခဲ့သော လေးလတာအပစ်အခတ်ရပ်စဲရေးကာလမှာ ပြည့်တော့မည် ဖြစ်၏။ သို့သော် ရခိုင်ပြည်နယ်ထဲတွင် တိုက်ပွဲသံများကို လက်ရှိအချိန်အထိ ကြားနေကြရဆဲပင်ဖြစ်သည်။ သင်္ကြန်မတိုင်မီက မြန်မာ့တပ်မတော်နှင့် AA အပါအဝင် အပစ်ရပ်လက်မှတ်မထိုးရသေးသော လက်နက်ကိုင်အဖွဲ့များ နေပြည်တော်တွင် တွေ့ဆုံခဲ့ကြသေးသည်။ ထိုသို့တွေ့ဆုံမှုသည် ရခိုင်ပြည်နယ်ထဲတွင် ဖြစ်ပွားနေသောတိုက်ပွဲများကို လျှော့ချနိုင်လိမ့်မည်ဟု ရခိုင်လူထုက မျှော်လင့်ခဲ့ကြသည်။ မြန်မာ့တပ်မတော်နှင့် လက်နက်ကိုင်တပ်ဖွဲ့ များတွေ့ဆုံမှုအပြီးတွင် ပူးတွဲကြေညာချက်တစ်ခုထုတ်ပြန်ခဲ့ပြီး ရခိုင်ပြည်သူများမျှော်လင့်နေကြသည့်အတိုင်း တိုက်ပွဲများလျှော့ချရန်အချက် ပါဝင်လာခဲ့သည်။ သို့သော် ရခိုင်ပြည်နယ်ထဲတွင်တော့ လက်ရှိအချိန်ထိ တိုက်ပွဲများ ဖြစ်ပွားနေဆဲပင်ဖြစ်၏။ 

(ငါး)

လက်ရှိ ရခိုင်ပြည်နယ်တွင်းတွင် ဖြစ်ပွားနေသောတိုက်ပွဲများနှင့် ပတ်သက်၍ အွန်လိုင်းပေါ်တွင် ရခိုင်-ဗမာလူမျိုးရေးအဖြစ် အသက်သွင်း နေမှုများကိုလည်း တွေ့နေရသည်။ Psy War (ဆိုက်ဝါး) ခေါ် စိတ်ဓာတ် စစ်ဆင်ရေးလုပ်နေကြသည်များကိုလည်း အွန်လိုင်းပေါ်တွင် နိစ္စဓူဝ တွေ့မြင်နေကြရသည်။ အွန်လိုင်းမီဒီယာများက ရခိုင်တိုက်ပွဲများနှင့်ပတ်သက်၍ သတင်းနှင့် သတင်းဆောင်းပါးများတင်လျှင် တစ်ဦးနှင့်တစ်ဦး ဆဲဆိုထား ကြသောကွန်မန့် (Comment) များကို ဒုနဲ့ဒေး တွေ့မြင်နေကြရသည်။

မြန်မာနိုင်ငံသည် ကချင်၊ ကယား၊ ကရင်၊ ချင်း၊ မွန်၊ ဗမာ၊ ရခိုင်နှင့် ရှမ်းစသော လူမျိုးများအပါအဝင် လူမျိုးနွယ်ပေါင်း ၁၃၅ မျိုး စုပေါင်းမှီတင်း နေထိုင်ကြသောနိုင်ငံဖြစ်သည်။ ထိုလူမျိုးများအားလုံးသည် တစ်မြေတည်းနေ၊ တစ်ရေတည်းသောက်လာခဲ့ကြသော လူမျိုးများပင် ဖြစ်သည်။ နယ်ချဲ့ကိုလိုနီလက်အောက်တွင်လည်းကောင်း၊ ဖက်ဆစ်ဂျပန်တို့လက်အောက်တွင်လည်းကောင်း တိုင်းရင်းသားလူမျိုးများအားလုံး စုပေါင်းညီညာ လက်တွဲခဲ့ကြသည်သာဖြစ်သည်။ တိုင်းရင်းသားလူမျိုးပေါင်းစုံတို့၏ တစ်ယောက်အပေါ်တစ်ယောက် စာနာနားလည်မှု၊ ယုံကြည်မှုနှင့် စုစည်းညီညွတ်မှုများဖြင့် လွတ်လပ်ရေးကို အပြည့်အဝရယူနိုင်ခဲ့ကြသကဲ့သို့ ပြည်ထောင်စု မြန်မာနိုင်ငံတော်ကိုလည်း တည်ထောင်နိုင်ခဲ့ကြသည်။ ထိုသို့ တိုင်းရင်း သားလူမျိုးများအချင်းချင်း အပြန်အလှန်လေးစားယုံကြည်မှုနှင့် အပြန်အလှန်ချစ်ခင်မှုများကို အသိအမှတ်ပြုကြရမည် ဖြစ်သည်။ လက်ရှိရခိုင် ပြည်နယ်တွင်ဖြစ်ပေါ်နေသော တိုက်ပွဲများနှင့်ပတ်သက်၍ တိုင်းရင်းသား လူမျိုးများအကြား တစ်ဦးကိုတစ်ဦးဆဲဆို အမုန်းပွားနေခြင်းမျိုးကို ရှောင်ရှားနိုင်ရန် လိုအပ်နေသည်။

ရခိုင်လူမျိး၊ ဗမာလူမျိုးနှင့် တခြားသောတိုင်းရင်းသားလူမျိုးအားလုံးသည် တစ်ဦး၏ပျော်ရွှင်ခြင်း၊ ငြိမ်းချမ်းခြင်းများကို တစ်ဦးက လိုအပ်နေသင့်ပါသည်။ တစ်ဦး၏ နာကြင်ခြင်း၊ ကြေကွဲခြင်းနှင့် အတိဒုက္ခရောက်ခြင်းများအပေါ် တစ်ဦးက စာနာနားလည်ရန်လည်း လိုအပ်ပါသည်။ ထို့အတူ တစ်ဦး၏ပျော်ရွှင်ကြည်နူးခြင်းကိုလည်း တစ်ဦးက မုဒိတာပွားများတတ်ရန် လိုအပ်သည်။ ထိုသို့ တစ်ဦးအပေါ်တစ်ဦး နားလည်ယုံကြည်မှုများဖြင့် တိုင်းရင်းသားလူမျိုးများအချင်းချင်း တစ်နိုင်ငံလုံးငြိမ်းချမ်းရေးအတွက် ဝိုင်းဝန်းကြိုးပမ်းကြရမည်ဖြစ်သည်။ လက်ရှိရခိုင်ပြည်နယ်တွင် ဖြစ်ပွားနေသောတိုက်ပွဲများကိုလည်း နှစ်သစ်နှင့်အတူ ငြိမ်းချမ်းနိုင်ရန် မျှော်လင့်ကြရမည်ပင်ဖြစ်သည်။

ရက္ခ