News

POST TYPE

OPINION

ဆင်ခြင်ဥာဏ်မရှိတဲ့သူတွေ တိုက်ကြတာ
23-Apr-2019



ပြီးခဲ့သော သင်္ကြန်ကာလအတွင်း လူသေဆုံးမှုနှင့် ထိခိုက် ဒဏ်ရာရရှိသူများစာရင်းကို သက်ဆိုင်ရာဌာနများက အသီးသီးထုတ်ပြန်ခဲ့ကြရာ မြန်မာနိုင်ငံရဲတပ်ဖွဲ့က ထုတ်ပြန်သည့် စာရင်းအရ သင်္ကြန်ပွဲတော်ကာလအတွင်း ယာဉ်တိုက်မှုပေါင်း ၂၁ မှု ဖြစ်ပွားခဲ့ပြီး ရှစ်ဦးသေဆုံးကာ ၆၉ ဦး ဒဏ်ရာရရှိကြောင်း သိရှိရပါသည်။ သို့ရာတွင် သင်္ကြန်ပွဲတော်နှင့် ပတ်သက်မှုမရှိဘဲ တစ်နိုင်ငံလုံးအတိုင်းအတာအရ ယာဉ်တိုက်မှုပေါင်း ၃၃၉ မှုဖြစ်ပွားခဲ့ပြီး ၁၁၅ ဦးသေဆုံးကာ ၇၂၈ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရပါသည်။

အလားတူ နေပြည်တော်အမြန်လမ်းရဲတပ်ဖွဲ့က ထုတ်ပြန်သော စာရင်းအရလည်း သင်္ကြန်ကာလ ငါးရက်တာအတွင်း ယာဉ်မတော်တဆမှုပေါင်း ၂၂ ကြိမ်ဖြစ်ပွားခဲ့၍ သေဆုံးသူလေးဦးနှင့် ထိခိုက်ဒဏ်ရာရသူ ၄၂ ဦးရှိခဲ့ကြောင်း သိရှိရပါသည်။ ထို့အပြင် အမြန်လမ်းမကြီး၌ပင် ၂၀၁၉ ခုနှစ် ဇန်နဝါရီလအတွင်း၌ ယာဉ်မတော်တဆမှု ၄၃ ကြိမ်ဖြစ်ပွား၍ သေဆုံးသူ ငါးဦးနှင့် ထိခိုက်ဒဏ်ရာရသူ ၅၉ ဦး၊ ဖေဖော်ဝါရီလအတွင်း ယာဉ်မတော်တဆမှုပေါင်း အကြိမ် ၄၀ ဖြစ်ပွားခဲ့၍ သေဆုံးသူ ခုနစ်ဦးနှင့် ထိခိုက်ဒဏ်ရာရသူ ၅၆ ဦး၊ မတ်လအတွင်း၌ ယာဉ်မတော်တဆမှု ၅၁ ကြိမ် ဖြစ်ပွား၍ သေဆုံးသူ ၂၀ ဦးနှင့် ထိခိုက်ဒဏ်ရာရသူ ၁၁၃ ဦးရှိခဲ့ကြောင်း သတင်းများအရ သိရှိရပါသည်။

ရန်ကုန်ဆေးရုံကြီးတစ်ခုတည်း၌ပင် သင်္ကြန်အကြိုနေ့မှ နှစ်ဆန်း ၁ ရက်နေ့အထိ ဆေးရုံကြီးသို့ တက်ရောက်လာသော လူနာဦးရေပေါင်း ၉၁၄ ဦးရှိသည့်အနက် ယာဉ်မတော်တဆမှုကြောင့် ရောက်ရှိလာသော လူနာဦးရေမှာ (ဆိုင်ကယ်တိုက်မှုကြောင့်ရောက်ရှိလာသူ ၂၃၀ အပါ အဝင်)၂၇၀ ရှိပြီး ဦးနှောက်နှင့် အာရုံကြောဆိုင်ရာရောဂါများကို ပိုမိုကုသမှုပေးခဲ့ရကြောင်း သိရှိရပါသည်။

လူကြောင့်လား ယာဉ်ကြောင့်လား လမ်းကြောင့်လား

မော်တော်ဆိုင်ကယ်အပါအဝင် မော်တော်ယာဉ်အမျိုးမျိုးဆိုသည်မှာ စက်ယန္တရားများဖြင့် တည်ဆောက်ထားသည့် သက်မဲ့ရုပ်ပစ္စည်းများ ဖြစ်ပါသည်။ ယနေ့ခေတ်ပေါ် မောင်းသူမဲ့ယာဉ်များသည်ပင်လျှင် လူက ထိန်းသိမ်းကွပ်ကဲ၍ မောင်းနှင်ရပါသည်။ ထို့ကြောင့် ယာဉ်တစ်စီးလမ်းပေါ်တွင် အန္တရာယ်ကင်းစွာမောင်းနှင်သွားလာဖို့ဆိုသည်မှာ လူအပေါ်တွင် များစွာမူတည်ပါသည်။ လူသာလျှင်အဓိက၊ လူသာလျှင် ပဓာနဖြစ်ပါ သည်။ အချို့က ယာဉ်တိုက်မှု ဖြစ်ပွားရသည်မှာ ယာဉ်မကောင်း၍ဖြစ်သည်၊ လမ်းမကောင်း၍ဖြစ်သည် စသည်ဖြင့် ပြောဆိုကြပါသည်။ အကယ်၍ ယာဉ်ကောင်း၊ မကောင်း ခရီးမထွက်မီစစ်ဆေးရမည်မှာ ယာဉ်ကိုမောင်း နှင်မည့်သူ၏ အဓိကလုပ်ငန်းဖြစ်ပါသည်။ ခရီးမထွက်မီ ဆီ၊ ရေ၊ လေ၊ ဝိုင် စသည်ဖြင့် ကားတာယာများ ကောင်းမကောင်း၊ လေရှိ၊ မရှိ စသည်မှသည် အောက်ပိုင်းအခြေအနေကောင်းမကောင်းကိုလည်း သက်ဆိုင်ရာ မော်တော်ယာဉ်အလုပ်ရုံများတွင် စစ်ဆေးရပါမည်။ ထို့အတူ လမ်းမကောင်းပါကလည်း သတိထား၍ မောင်းနှင်ရမည်မှာ ယာဉ်မောင်းသူ၏တာဝန်ပင် ဖြစ်ပါသည်။ လမ်းနှင့်ပတ်သက်၍ “ရှေ့တွင် အကွေ့ရှိသည်၊ ရှေ့တွင် အဆင်း ရှည်သည်၊ ရှေ့တွင် ကုန်းတက်ရှိသည်၊ ကျော်မတက်ရ၊ ဟွန်းတီးပါ၊ သတ်မှတ်မိုင်နှုန်းထက်ပိုမမောင်းရ” စသည့် လမ်းညွှန်ဆိုင်းဘုတ်မျာသည် အဝေးပြေးလမ်းမကြီးများအားလုံးတွင် ရှိပါသည်။ သို့ရာတွင် ယနေ့ယာဉ်မောင်း နှင်သူအများစုမှာ လမ်းမကြီးများတွင်ရှိသည့် လမ်းညွှန်ဆိုင်းဘုတ်များကို လိုက်နာခြင်းမရှိကြပါ။ အထူးသဖြင့် နေ့စဉ်နှင့်အမျှ ပုံမှန်မောင်းနှင်သူများမှာ မိမိကိုယ်ကိုယ် ယုံကြည်မှုလွန်ကဲပြီး လမ်းညွှန်ဆိုင်းဘုတ်များကို လိုက်နာလေ့မရှိဘဲ ကားကိုမောင်းချင်သလို မောင်းနှင်နေကြသည်ကို တွေ့ရှိရပါသည်။ ထို့ကြောင့် ယာဉ်တစ်စီးအန္တရာယ်ကင်းရှင်းဖို့ရာ လူအပေါ်တွင် များစွာမူတည်ပါသည်။

တောင်ပေါ်လမ်းမှာ အမောင်းမကြမ်းပါနဲ့

မော်တော်ယာဉ်ကိုမောင်းနှင်ရာတွင် တောင်ပေါ်လမ်းနှင့် မြေပြန့်လမ်းတို့ သဘောသဘာဝမတူညီသည်ကို သိထားရပါမည်။ ကျွန်တော်သည် တောင်ပေါ်လမ်းများတွင် အကြိမ်များစွာ ယာဉ်မောင်းနှင်ဖူးပါသည်။ တောင်ပေါ်လမ်းတို့၏သဘာဝအတိုင်း အကွေ့အကောက်နှင့် အတက်အဆင်း များစွာရှိပါသည်။ အကွေ့များတွင် ဟွန်းတီးပါဟူ၍ လမ်းညွှန်ဆိုင်းဘုတ်တွင် ညွှန်ကြားထားသည့်အတိုင်း ဟွန်းတီးပါသည်။ ထိုအခါ ထိုလမ်းတွင် သွားနေကျ အငှားယာဉ်များ၊ ခရီးသည်တင်ယာဉ်များက မိမိအား အရူး သဖွယ်၊ မနူးမနပ်သဖွယ် လှောင်ပြောင်ကြည့်ရှု၍ ကျော်ဖြတ်သွားကြသည်ကို ကြိမ်ဖန်များစွာကြုံရပါသည်။

ထို့အပြင် အကွေ့များတွင် အရှိန်လျှော့သည့်အပြင် မိမိယာဉ်ကြော ဖြစ်သည့် လက်ယာဘက်ယာဉ်ကြောမှသာ မောင်းနှင်ပါသည်။ ထိုအခါ အထက်ဖော်ပြပါ သွားနေကျကားများက အတင်းအဓမ္မ အလုအယက်ကျော်ဖြတ်ကာ အခြားယာဉ်ကြောမှ(ခိုး၍)မောင်းနှင်ကြပါသည်။ လမ်းအကွေ့တွင် ကားချင်းမျက်နှာချင်းဆိုင်တွေ့ပါက ကားကို အတင်းဆွဲကွေ့၍ ရှောင်တိမ်းကြပါသည်။ ထို့ကြောင့် တောင်ပေါ်လမ်းများတွင် မကြာ ခဏချောက်ထဲကျသောသတင်းများကို ကြားသိရပြီး ကိုယ်တိုင်လည်း မြင်တွေ့ခဲ့သည်များ ရှိပါသည်။ မကြာမီကပင် မြဝတီ-ကော့ကရိတ်လမ်းတွင် လမ်းမှန်အတိုင်းကွေ့လာသော ပရိုဘောက်ယာဉ်ငယ်တစ်စီးကို လမ်းခိုးကွေ့သောယာဉ်ကြီးတစ်စီးက ခေါင်းချင်းဆိုင်ဝင်တိုက်မိသောဖြစ်စဉ်တစ်ခုကို ဖတ်ရှုလိုက်ရပါသည်။

တကယ်တော့ အာရှဖွံ့ဖြိုးရေးဘဏ်အကူအညီဖြင့် တစ်ဖက်နိုင်ငံမှ အင်ဂျင်နီယာများပါဝင်ကာ ဖောက်လုပ်ထားသော အာရှလမ်းမကြီး၏အစိတ်အပိုင်းဖြစ်သည့် ကော့ကရိတ်-မြဝတီလမ်းမှာ အစောင်းအကွေ့များ အချိုးကျပြီး ရေမြောင်းများဖြင့် စနစ်တကျဖောက်ထားကာ ယာဉ်နှစ်စီး ကောင်းစွာရှောင်တိမ်းနိုင်သည့် ချောမွေ့သောလမ်းတစ်လမ်းဖြစ်ပါသည်။ ကျွန်တော်လည်း ၂၀၁၆ ခုနှစ်က တစ်ကြိမ်မောင်းနှင်ခဲ့ဖူးပါသည်။ ယခု နှစ်ပိုင်းအတွင်း အဆိုပါလမ်းတွင် ယာဉ်တိမ်းမှောက်မှု၊ ယာဉ်တိုက်မှုသတင်းများကို မကြာခဏဖတ်ရှုမိရာ ဖြစ်စဉ်အများစုမှာ မဆင်မခြင် မောင်းနှင်ခြင်းနှင့် အရှိန်မထိန်းနိုင်မှုများကြောင့်ဖြစ်ကြောင်း သိရှိရပါသည်။

လမ်းကောင်းသည့်အတွက် အမြန်မောင်းကြခြင်း ဖြစ်ပါသည်။ ရှည်လျားသောအဆင်းများတွင် “ဂီယာကြီးဖြင့်ဆင်းပါ” ဟူသော သတိပေးဆိုင်းဘုတ်များထောင်ထားသော်လည်း မလိုက်နာသူက များပါသည်။ လမ်းတစ်ဝက်ကျမှ ဂီယာချိန်းသည့်အခါ ကားကြီးများအနေနှင့် မနိုင် မနင်းဖြစ်ပြီး အရှိန်လွန်တိမ်းမှောက်ခြင်း၊ ဝင်တိုက်မိခြင်းများ ဖြစ်ကြရပါသည်။ ထို့ကြောင့် ယာဉ်မောင်းနှင်ရာတွင် လူတို့၏ဆင်ခြင်တုံတရားမှာ အဓိကဖြစ်ပြီး ကားမကောင်းခြင်း၊ လမ်းမကောင်းခြင်းမှာ သာမညဖြစ်ပါသည်။

မြေပြန့်လမ်းမှာ ဂရုစိုက်စရာ

တစ်ချိန်က မြန်မာနိုင်ငံတွင်ရှိခဲ့သောလမ်းများမှာ မြေပြန့်လမ်းဆိုသော်လည်း လမ်းဘေးဝဲယာတွင် သစ်ပင်များ၊ တောတန်းများနှင့် ရှုခင်း အလှများရှိသည့်အပြင် လမ်းလယ်ကျွန်းလည်း မရှိသည့်အတွက် မော်တော်ယာဉ်မောင်းနှင်သူများမှာ စိတ်ရှိသလောက် အမြန်မောင်းနှင်၍မရဘဲ လမ်းဘေးဝဲယာရှုခင်းအလှကိုလည်းခံစားရင်း၊ ရှေ့မှလာမည့်ကားကိုလည်း ကြည့်ရင်း (ကုန်တင်လာသောကားကြီးဆိုပါက မိမိကားကို လမ်းဘေးချပေးရပါသည်)၊ မောင်းနှင်ရသည့်အပြင်၊ လမ်းပေါ်တက်လာသည့် ကျွဲ၊ နွား၊ ဆိတ်၊ ခွေး စသည့်တိရစ္ဆာန်များကိုလည်း သတိထားရပါသည်။

ယခုအခါ ပို၍ဆိုးသည်မှာ မြို့နှင့်ကျေးရွာများအားလုံးတွင် မော်တော်ဆိုင်ကယ်များပိုင်ဆိုင်လာကြပြီး လမ်းတစ်လျှောက်တွင် မောင်းချင်သလိုမောင်းနေသော မော်တော်ဆိုင်ကယ်နှင့် ဘေးတွဲယာဉ်များကို ရှောင်တိမ်းမောင်းနှင်ရသည်မှာ အလွန်ပင် ခက်ခဲလှပါသည်။ ထို့ကြောင့် ယခုအခါ မော်တော်ယာဉ်ကြီးအချင်းချင်းတိုက်မှုထက် မော်တော်ဆိုင်ကယ်များနှင့်တိုက်မိသောဖြစ်စဉ်က ပို၍များပြားပါသည်။ ထို့ကြောင့် တောင်ပေါ်လမ်းမဟုတ်သည့် မြေပြန့်လမ်းမကြီးများတွင် မောင်းနှင်သော အခါများ၌လည်း မျက်စိကိုဖွင့်၊ နားကိုစွင့်၍ ဆင်ခြင်တုံတရားဖြင့် သတိထား၍ မောင်းနှင်သင့်ပါသည်။

အမြန်လမ်း၏ အန္တရာယ်

ယခုအခါ ရန်ကုန်-နေပြည်တော်-မန္တလေး အမြန်လမ်းမကြီးပေါ်လာသည့်အခါ ယာဉ်မောင်းသူတို့သည် ရှေ့တူရူမှလာသည့်ကားကိုလည်း ဂရုစိုက်စရာမလို၊ (အနည်းအကျဉ်း စည်းကမ်းပျက်သည်မှအပ) လမ်းပေါ်သို့ တက်လာသည့် ကျွဲ၊ နွားတိရစ္ဆာန်များ၊ မော်တော်ဆိုင်ကယ်များကိုလည်း သိပ်ဂရုစိုက်စရာမလိုသည့်အတွက် စိတ်ကြိုက်အရှိန်နှုန်းတင်၍ မောင်းနှင်လာကြပါသည်။ သို့သော် အမြန်လမ်း၏အန္တရာယ်ကား ကြီးမားလှပါသည်။ ယင်းအန္တရာယ်မှာ အခြားမဟုတ်၊ အမြန်လမ်းတွင် အမြန် မောင်းခြင်းကြောင့်ဖြစ်လာသည့် အန္တရာယ်ပင်ဖြစ်ပါသည်။ အမြန်လမ်းမကြီးသည် အမြန်လမ်းဆိုသည့်အတိုင်း တစ်ဖက်ယာဉ်ကြောမှလာသည့် ယာဉ်ကို ဂရုစိုက်စရာမလိုအောင် လမ်းလယ်ကျွန်းနှင့်ခြားထားသည်။ (သို့ရာတွင် လမ်းလယ်ကျွန်းမှာ ကြီးမားသည့်အတွက် ယာဉ်ကြော အတွက် နေရာကျဉ်းသွားသည်)။ လမ်းပေါ်တွင် ဆိုင်ကယ်မမောင်းရ၊ ကျွဲ၊ နွားတိရစ္ဆာန်များမမောင်းရဟု အမိန့်ထုတ်ပြန်ထားသည့်အတွက် သာမန်အားဖြင့် ရှင်းလင်းသည်။ လမ်းဘေးဝဲယာတွင်ကပ်လျက် မြို့ရွာ မရှိသည့်အတွက် အလွန်အမင်းသတိထားစရာမလို။ ထို့ကြောင့် ယာဉ်မောင်းများက ဆင်ခြင်ကင်းမဲ့စွာ၊ သတိလက်လွတ် မောင်းနှင်ကြသည်။ သို့ရာတွင် လမ်းမကြီးသည်(အချို့နေရာအနည်းငယ်မှအပ) မိုင်ပေါင်းများစွာ အကွေ့အကောက်မရှိဘဲ ဖြောင့်တန်းနေသည့်အလျောက် မျက်ကြော သေသလိုဖြစ်ပြီး အိပ်ငိုက်သွားသည်။ ထိုအခါ အနည်းငယ်အတိမ်းအစောင်းဖြစ်သည်နှင့် မမျှော်လင့်သည်တို့ဖြစ်ပွားရသည်။ ရှေ့တွင်ရပ်ထားသော ကားကို ဝင်တိုက်မိခြင်း၊ လမ်းပေါ်ရုတ်တရက်တက်လာသော ဆိုင်ကယ်နှင့် တိရစ္ဆာန်တို့ကိုတိုက်မိခြင်း၊ အရှိန်မထိန်းနိုင်ဘဲ လမ်းလယ်ကျွန်းကို ဝင်တိုက်မိပြီး တစ်ဖက်ယာဉ်ကြောသို့ရောက်ရှိသွားကာ ရှေ့မှလာနေ သောကားကိုတိုက်မိခြင်း စသည့်အဖြစ်များ ကြုံတွေ့ကြရသည်။ အမှန်ကတော့ မမျှော်လင့်သည်တို့မဖြစ်ပွားရအောင် ကြိုတင်မျှော်လင့်ထားခြင်းသည် အကောင်းဆုံးဖြစ်ပါသည်။

ညအမှောင်၌ မိမိသွားနေသည့်လမ်းကြောင်းတွင် အချက်ပြမီးမဖွင့်ဘဲ ရပ်နေသောကားများရှိနိုင်ခြင်း (အချက်ပြမီးဖွင့်ထားသော်လည်း မိမိက မမြင်ခြင်း)၊ နေ့ဘက်များတွင် မော်တော်ဆိုင်ကယ်နှင့် တိရစ္ဆာန်များ ရုတ်တရက်ဖြတ်ကူးနိုင်ခြင်းနှင့် အိပ်ငိုက်ကာ အရှိန်မထိန်းနိုင်ဘဲ လမ်းလယ်ကျွန်းကိုဝင်တိုက်နိုင်ခြင်း စသည်စသည်တို့ကို မိမိ၏ အသိဉာဏ်၊ ဆင်ခြင်တုံတရားဖြင့် ကြိုတင်မျှော်တွေး မောင်းနှင်ရမည်ဖြစ်ပါသည်။ အိပ်ငိုက်လာပါကလည်း ဆက်လက်၍မောင်းနှင်ခြင်းမပြုဘဲ အောက်သို့ ဆင်း၍ အကြောလျှော့၊ အကြောဖြေခြင်း၊ မျက်နှာသစ်ခြင်း စသည်တို့ကို ပြုလုပ်သင့်ပါသည်။ ဤကဲ့သို့ မိမိ၏အသိဉာဏ် ဆင်ခြင်တုံတရားဖြင့် သတိထားမောင်းနှင်ကြမှသာလျှင် ယာဉ်တိုက်မှုအန္တရာယ်မှကင်းဝေးကာ ပြည်သူအပေါင်း သက်ရှည်ချမ်းသာကြမည်ဖြစ်ပါသည်။

နောက်ထပ်တိုက်ပွဲတစ်မျိုး

ယာဉ်မဆင်မခြင်မောင်းနှင်မှုကြောင့် ဖြစ်ရသည့်တိုက်ပွဲမျိုးအပြင် လက်နက်ကို မဆင်မခြင်ကိုင်တွယ် ပစ်ခတ်မှုကြောင့် ဖြစ်ရသော တိုက်ပွဲများသည်လည်း မြန်မာနိုင်ငံအပါအဝင် ကမ္ဘာအနှံ့တွင် ဖြစ်ပွားလျက်ရှိပါသည်။ ကမ္ဘာပေါ်တွင် ဖြစ်ပွားခဲ့သည့် ပထမကမ္ဘာစစ်ပွဲ၊ ဒုတိယကမ္ဘာစစ်ပွဲ၊ ဗီယက်နမ်စစ်ပွဲ၊ အာရပ်-အစ္စရေးစစ်ပွဲအပါအဝင် အရှေ့အလယ်ပိုင်းစစ်ပွဲများကြောင့် သိန်းသန်းချီသော ကမ္ဘာသူကမ္ဘာသားများ ထိခိုက်၊ ဒဏ်ရာရ၊ သေဆုံးခဲ့ကြပြီ ဖြစ်ပါသည်။ သို့တိုင်အောင် ကမ္ဘာကြီးတွင် အကြောင်းအမျိုးမျိုးကြောင့် ဖြစ်ပွားနေသောစစ်ပွဲများ၊ တိုက်ပွဲများကား ယနေ့တိုင် ဆက်လက်ဖြစ်ပွားလျက် ရှိကြပါသည်။

မြန်မာနိုင်ငံတွင်လည်း သူ့ကျွန်မခံလို၍ တော်လှန်တိုက်ခိုက်ခဲ့သော လွတ်လပ်ရေးတိုက်ပွဲများတွင် တိုင်းရင်းသားတို့၏အသက်ပေါင်းများစွာ ဆုံးရှုံးခဲ့ကြရသည်။ လွတ်လပ်ရေးရပြီးသောအခါတွင်လည်း တိုင်းရင်းသားချင်း နိုင်ငံရေး၊ အုပ်ချုပ်ရေး၊ စီးပွားရေး၊ ယဉ်ကျေးမှု စသည်တို့တွင် အတွေးအခေါ်မတူ၊ အယူအဆကွဲပြားမှုများကို ညှိနှိုင်းဆွေးနွေးမှုမပြုခဲ့ကြဘဲ လက်နက်ကိုင်တိုက်ပွဲများဖြင့် ဖြေရှင်းခဲ့ကြသည့် အတွက် နှစ်ပေါင်း ၇၀ ခန့်ကြာမြင့်ခဲ့ကြပြီး အသက်ပေါင်းများစွာပေးဆပ်ခဲ့ကြရသည်။ အသက်ပေါင်းများစွာဆိုသည်မှာ အဖွဲ့အစည်းအသီးသီး၏ လက်အောက်ခံရဲဘော်များ၊ အပြစ်မဲ့ပြည်သူများကို ဆိုလိုခြင်းဖြစ်သည်။ ခေါင်းဆောင်ဆိုသူများကား စည်းစိမ်ချမ်းသာပြည့်ဝစွာဖြင့် စစ်မြေပြင်နှင့် မိုင်ပေါင်းများစွာဝေးကွာသောနေရာမှနေ၍ စစ်မိန့်များပေးနေကြသည်။ ကျည်ဆန်များတဖွဲဖွဲဖြင့် ပစ်ခတ်တိုက်ခိုက်နေသော တိုက်ပွဲများကြားတွင် သွေးအလိမ်းလိမ်းဖြင့် ကျဆုံး ဒဏ်ရာရနေသော မိမိရဲဘော်များ၏အဖြစ်ကို ကိုယ်တွေ့ ကိုယ်တိုင် မမြင်ကြရသလို၊ မိမိ၏ ဖခင်၊ ခင်ပွန်း၊ သားတို့၏အလောင်းကိုပင် မမြင်မတွေ့ရဘဲ အော်ကြီးဟစ်ကျယ်ငိုကြွေးကာ ဘဝပျက်သွားသော မိသားစုများ၏ဘဝကို ကိုယ်ချင်းစာတရားထားကာ စာနာနားလည်မှုလည်း မရှိကြပေ။ အလားတူ အဝေးမှလာ သောကျည်သင့်၍ သေဆုံး၊ ဒဏ်ရာရနေသော (ကိုယ့်အလုပ်ကိုယ်လုပ်၊ ကိုယ့်ထမင်းကိုယ်ရှာစားနေသည့်) အပြစ်မဲ့ပြည်သူတို့၏ဘဝကို စာနာနားလည်မှုမရှိကြ။ “သူ့ကျည်ထိလို့သေရတာ၊ ငါ့ကျည်ထိလို့သေတာမဟုတ်” စသည့် ဆင်ဝှေ့ရန်ရှောင်စကားများဖြင့် ထမင်းရေပူ လျှာလွှဲနေကြသည်မှာ ရက်စက်မှုအပေါင်း သရဖူဆောင်းသူတို့၏ နှုတ်ထွက်စကားများဖြစ်နေသည်။

နိဂုံး

ယခုလို မိမိတို့၏လိုဘဖြစ်သည့် အာဏာရရှိလိုမှု၊ ကြီးပွားချမ်းသာလိုမှုကို တိုင်းရင်းသားတို့၏ လိုလားချက်ဟု ရှေ့တန်းတင်ပြောဆို ပြုမူလုပ်ကိုင် ဆောင်ရွက်မှုများကြောင့် နောက်ထပ်အသက်ပေါင်းမည်မျှ စတေးကြရဦးမည်နည်း။

ယခုအခါ တိုင်းရင်းသားများအပါအဝင် အားလုံးသောပြည်သူများ၊ အားလုံးသော အဖွဲ့အစည်းများအတွက် ၂၁ ရာစုပင်လုံဟူသည့် ငြိမ်းချမ်းရေးတံခါးကို ဖွင့်လှစ်ထားရှိပြီးဖြစ်ပါသည်။ တံခါးကိုခေါက်လိုက်၍ ဝင်သွားရုံမျှသာ ဖြစ်ပါသည်။ တံခါးမခေါက်မီ တံခါးဝတွင်ချထားသည့် အစည်းအဝေးတက်ရောက်ကြောင်း လက်မှတ်ရေးထိုးရမည့် မှတ်တမ်းစာအုပ် (NCA) ကို ချထားပါသည်။ အစည်းအဝေးတက်ရောက်လိုသူမည်သူမဆို လက်မှတ်ရေးထိုး၍ ဝင်ရောက်ဆွေးနွေးနိုင်ပြီး မိမိတို့၏လိုလားချက်များကို လက်နက်မပါ၊ တိုက်ပွဲမဆင်နွှဲဘဲ တောင်းဆိုနိုင်ပါသည်။ ထိုကဲ့သို့ ပြုမူဆောင်ရွက်နိုင်ရန်မှာ မိမိတို့၏ကိုယ်ပိုင်အသိဉာဏ်နှင့် ကိုယ်ပိုင်ဆင်ခြင်တုံတရားသာလျှင်ဖြစ်ပါသည်။

သိန်းထက်အောင်