POST TYPE

OPINION

လွမ်းတတ်သူနှင့် လက်ခုတ်ထဲက စာကြည့်တိုက်
22-Apr-2019



(၁)

အဓိပ္ပာယ်ရှိသည့် လူ့အဖွဲ့အစည်းတစ်ခုတွင် အင်တာနက်ကို ပညာ ရေးအတွက် ခြေလှမ်းကောင်းတစ်ခုအနေနှင့်သော်လည်းကောင်း၊ အသင်းအဖွဲ့များ၏ စီမံဆောင်ရွက်ချက်တို့ကို တိုးပွားမြန်ဆန်စွာ လုပ်ဆောင်ပေးနိုင်သည့် ခြေလှမ်းကောင်းတစ်ခုအနေနှင့်သော်လည်းကောင်း၊ အတူ ပူးပေါင်းပါဝင်လာကြစေရန် စည်းရုံးလှုံ့ဆော်ပေးနိုင်သည့် ခြေလှမ်းကောင်းတစ်ခုအနေနှင့်လည်း အသုံးပြုကြ၏။ (Noam Chomsky)

(၂)

လွန်ခဲ့သည့် ၇ နှစ် ၈ နှစ်လောက်ကစ၍ ကျွန်တော်တို့နိုင်ငံမှာ စမတ်ဖုန်း အသုံးပြုသူဦးရေသည် နှစ်စဉ်နှင့်အမျှ တိုးတက်နေလျက်ရှိသည်။ ထိုစမတ်ဖုန်းများကို လူတန်းစားမရွေး၊ ရဟန်း၊ ရှင်၊ လူ၊ ပြည်သူများ၏ လက်ထဲ၌ (သို့တည်းမဟုတ်) အင်္ကျီအိတ်ထဲ၌ (သို့မဟုတ်) ခါးကြား၌ စသည့်ခန္ဓာကိုယ်နှင့် ဆက်စပ်ရာနေရာများတွင် မြင်တွေ့ရပေမည်။ ယခုခေတ်အချိန်အခါတွင် လူကြီးလူရွယ်၊ လူငယ်လေးတိုင်း၏ သည်းခြေကြိုက်ပစ္စည်းတစ်ခုကို “စမတ်ဖုန်းပါ”ဟု ဆိုလျှင်လည်း လွန်အံ့မထင်မိ၊ ကျွန်တော့်အဆိုး ပါအံ့မထင်မိ။ သို့သော် ကျွန်တော်လည်း လူများနည်းတူ ဆိုးဖူးသည်ဟု ဆိုနိုင်သည်။ သူများထက်ပင် ပိုနိုင်သာနိုင်သေးသည်။ လူအများစု စမတ်ဖုန်းတွေ မသုံးနိုင်ခင်ကတည်းက၊ ဖေ့စ်ဘွတ်ခ်ကို တွင်တွင်ကျယ်ကျယ် မသုံးကြစဉ်ကတည်းက Gmail အကောင့်တွေဖွင့်ကာ Chatting တွေလည်း ထိုင်ခဲ့ဖူးပါသည်။ သို့သော် အဆိုးထဲမှ အကောင်းလည်းပါခဲ့လေသည်။ ထိုအကောင့်ဖြင့် ဝက်ဘ်ဆိုက်ပေ့ခ်ျများတွင် အဖွဲ့ဝင်ပြီး စာအုပ်များဖတ်၍ စာတိုပေစလေးများကို ရေးတင်ခဲ့ဖူးသည်။ ကိုယ်ရေးတင်သည့်စာကို “ယနေ့ဖတ်ရှုသူ (Like အများဆုံး) အကြိုက်ဆုံးစာရင်း” ၌ ထိပ်ဆုံး ၁-၂-၃ နေရာမှာရောက်ခဲ့လျှင် ပျော်ရွှင်နေခဲ့ဖူးသည်။

(၃)

“၁၅ မိနစ်ကျော်ရင် အလိုလိုလွမ်းလာတယ်” ဝေလ။

အချိန်တွေလည်း တဖြည်းဖြည်း ရွေ့လျားလာပြီ၊ ပြောင်းလဲလာပြီ။ စမတ်ဖုန်းကိုယ်စီနှင့် ကျွန်တော်တို့ ခေတ်မီလာကြပြီ။ အဆိုတော်ဝေလ လွမ်းသလို ကျွန်တော်တို့လည်း လွမ်းတတ်လာပြီ။ သည်စမတ်ဖုန်းလေးနှင့် ၁၅ မိနစ်အထိပင် မခွဲနိုင် မခွာချင်။ ယုတ်စွအဆုံး သန့်စင်ခန်းသွားရာအထိ သူက ပါမြဲ။ ည သန်းခေါင်သန်းလွဲအထိ သူနှင့်အတူ မခွဲ။ အလွမ်းဒီဂရီက တစ်နှစ်ပြီးတစ်နှစ် မြင့်လာခဲ့သည်။ မည်သို့ဆိုစေကာမူ လူငယ်အများစုဆော့ကြသလို ဂိမ်းကိုတော့ စွဲစွဲလမ်းလမ်းမဆော့တတ်။ (စွဲမှာကြောက်၍ မဆော့ဖြစ်၊ ဘောလုံးဂိမ်းတို့၊ ဖဲချပ်ဂိမ်းတို့ဆော့ဖြစ်လျှင်လည်း ၃-၄-၅ ရက်အထိအစား၊ အအိပ်ပျက်အောင် အမုန်းဆော့တတ်၏။ ထို့နောက် သစ်စိမ်းချိုးချိုးသလို ဆော့ဝဲကို ဖြုတ်ချပစ်တတ်၏။) 

သို့သော် ကျွန်တော် ဖေ့စ်ဘွတ်ခ်ကိုတော့ စွဲစွဲမြဲမြဲသုံး၏။ သတင်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်းတိုက်များမှာပို့ထားသည့် ကိုယ့်ကဗျာလေး၊ ကိုယ့်ဆောင်းပါး၊ အက်ဆေးလေးများ ပါလေမလားဟု သတင်းပေးသူကို လိုင်းဖွင့်၍ မျှော်နေတတ်၏။ ကိုယ်နှင့်ရေးဖော်ရေးဖက် သူငယ်ချင်းတွေနှင့် ဆရာတွေ၏ ကဗျာများ၊ စာများကို ကြိုက်တာတွေ့လျှင် ဖတ်တတ်၏။ အချို့စာများ ကဗျာများကို အားပေးသည့် အထိမ်းအမှတ်အဖြစ် Like သာပေး၏၊ မဖတ်ဖြစ်။ တစ်ခါတလေ ရင်းနှီးသူများကို ဟိုလူ့ကိုစ၊ သည်လူ့ကိုစနှင့် အထီးကျန်ဝေဒနာကို ကုစားမိ၏။ ယခုဆို ကျွန်တော်လည်း ကိုဝေလနည်းတူ “၁၅ မိနစ်ကျော်ရင်” အလိုလို လွမ်းတတ်နေပါပြီ။ 

(၄)

တစ်ခုသော ညနေပိုင်းတွင် ကျွန်တော်နှင့် ရင်းနှီးသည့် အဒေါ်အရွယ်ရှိ အမျိုးသမီးကြီးတစ်ဦးထံမှ ဖုန်းကောလ်ဝင်လာသည်။ 

“မင်းညီမ အလတ်မလေးလေ... သင်တန်း စကောလားရှစ်ဝင် ဖြေမလို့၊ အင်္ဂလိပ်လိုတွေမေးကြမှာ၊ ဖြေရမှာတဲ့။ အဲဒါလေး အကူအညီတောင်းချင်လို့”

“ရပါတယ်၊ ကျွန်တော်သိသလောက်လေးနဲ့ ကြိုးစားကူညီပေးပါ့မယ်”

“ညပိုင်း ၉ နာရီလောက် လာခဲ့လို့ရလား”

“ရပါတယ်ဗျ။ ပြင်ဆင်ပေးထားပါ့မယ်”

“အဲ ငါ့မောင်ရယ် ကျေးဇူးတင်ပါတယ်။ အစ်မမှာ ဘယ်သူ့ကို အကူအညီတောင်းရမလဲ စဉ်းစားနေတာ။ တော်သေးတာပေါ့ နိုင်ငံခြား ပြန်ကြီးတစ်ယောက်လုံး ရှိနေတာကို သမီးအကြီးမက အမှတ်ရပေလို့၊ ဒါပဲနော်”

သူ့ဖုန်းပြောသံ၏ အဆုံးမှာ တွေးလုံးများက ကျွန်တော့်ခေါင်းထဲသို့ တလိမ့်လိမ့်ဝင်ရောက်လာခဲ့သည်။ 

“ဘွဲ့ရတိုင်းက အင်္ဂလိပ်စာကို ထဲထဲဝင် မွှေနှောက်နိုင်ရဲ့လား”

“နိုင်ငံခြားပြန်လာသူတိုင်းက အင်္ဂလိပ်လို မွတ်နေအောင် ပြောတတ်ပါရဲ့လား”

“အထင်ကြီးသင့်သလား။ အထင်သေးကြမှာလား”

(၅)

“ပွဲမဝင်ခင် အပြင်ကျင်းပ”ဆိုသည့်စကားအတိုင်း ထိုသင်တန်းမျိုး က “ဘယ်လိုမေးခွန်းတွေ မေးတတ်လဲ။ ဖြေတဲ့သူတွေကရော ဘယ်လိုတွေ ဖြေထားကြသလဲ” ဆိုတာကို သိဖို့ “၁၅ မိနစ်ကျော်ရင် အလိုလိုလွမ်းတတ်” နေရသော လက်ခုပ်ထဲက အင်တာနက်စာကြည့်တိုက်ကို ဖွင့်ကာရှာဖွေခဲ့ရသည်။ ကျွန်တော်က Browser တစ်ခုထဲမှာ “... scholarships” ဟူသော စာလုံးများကို ရိုက်ထည့်လိုက်သည်။ “ဟိုက်ရှာဘာ...ပေါများ လိုက်ပလေဗျာ” ကျွန်တော့်နှုတ်က ရေရွတ်မိသည်။ ကောင်းနိုးရာ စာလေးများ၊ ဖြစ်သင့်ဖြစ်အပ်ရာလေးများကို ရှာဖွေမွှေနှောက်ပြီး ဝက်ဘ်ဆိုက်လိပ်စာနှင့်အတူ Bookmark ထဲမှာ သိမ်းထားလိုက်၏။ ၁၅ မိနစ် မိနစ်၂၀ အတွင်းမှာပင် အရန်သင့်ဖြစ်နေပြီ။ 

(၆)

ထိုနေ့ည ၉ နာရီထိုးခါနီးမှာပဲ သူတို့မိသားစုသုံးယောက် ကျွန်တော့်ဆီကို ဆိုင်ကယ်လေးနှင့် ရောက်လာခဲ့ကြသည်။ သူ့အဖေရဲ့လက်ထဲမှာ မန္တလေးမြို့ မြောက်ပြင်တစ်ကြောမှာ နာမည်ကြီးသည့် ဒိန်ချဉ်တစ်ထုပ်နှင့် ကော်ပြန့်လိပ်တစ်ထုပ်ကို ဆွဲလာသည်။ ထို့နောက် ကလေးမလေးအား သူ့ဖုန်းကို အင်တာနက်ဖွင့်ခိုင်းပြီး Browser ထဲကို ဝင်ခိုင်းလိုက်သည်။

“ဘာ...နင့်ဖုန်းက Browser မပါဘူး”

“စက်ထဲက မူရင်းပါတဲ့ဟာကလည်း တရုတ်စာတွေမို့”

“ခက်တာပဲနော်...နင်တို့တွေ ဖုန်းသုံးနေတာလဲကြာပြီ၊ အင်တာနက်ကို ဘယ်လိုအသုံးချရကောင်းမှန်း မသိကြဘူး”

“ကဲကဲ ... Zapya ဖွင့် ငါ့ဖုန်းထဲက အဲဒီဆော့ဝဲလ် ၂ခု ကူးပေးမယ်”

ထိုကလေးမနှင့် ညီမလို၊ တူမလို ရင်းနှီး၍သာ သည်လိုစကားမျိုး ပြောခြင်းဖြစ်သည်။ ကျွန်တော့်စိတ်ရင်းကလည်း ဟင်းစားပေးရုံနှင့် မကျေနပ်၊ ကွန်ချက်ပါ ချပြချင်သည်။ သူတို့အိမ်မှာ ဘွဲ့ရတွေရှိသည်။ သူလည်း ဘွဲ့ရထားသူတစ်ယောက်ဖြစ်သည်။ သို့သော် သူတို့တွေ အသုံးချရကောင်းမှန်းမသိသေးသော အလွယ်တကူ ရှာဖွေမွှေနှောက်လို့ရသည့် လက်ခုပ်ထဲက စာကြည့်တိုက်ကြီးကို ဖွင့်ပြချင်သည်။ 

ထို့နောက် သူယူလာခဲ့သည့် မေးခွန်း ၆၀ လောက်မှ သူနားမလည်၊ ဖြေဆိုရခက်နေသည်ထင်သည့် မေးခွန်းများကို ဖြေပြ၊ ရှင်းပြပေးသည်။

“ဒါလေးကို သူတို့က ဘယ်လိုဖြေထားတယ်၊ ကိုယ့်နိုင်ငံနဲ့ မကိုက်ဘူး၊ ဒီလိုလေးပြင်လိုက်” စသည်ဖြင့် အင်တာနက်စာကြည့်တိုက်နှင့် ချိတ်ဆက်၍ ဖြေရှင်းပေးခဲ့သည်။ 

“သည်ဝက်ဘ်ဆိုက်လေး၊ လိပ်စာလေးတွေ သိမ်းထား၊ တချို့မေ့နေတာလေးတွေရှိရင် ရှာကြည့်၊ နားမလည်တာရှိလည်း အချိန်မရွေး ဖုန်းသာဆက်မေးပါ အားမနာနဲ့”ဟု နှုတ်ဆက်စကားလည်း ပြောပေးခဲ့သည်။

(၇)

ကျွန်တော်တို့ငယ်စဉ်အခါ ဆရာသမားဘုန်းတော်ကြီးများက စာအုပ်စင်၊ စာအုပ်ဗီရိုကြီးများထဲမှာ ဖုန်တက်နေသည့် ပိဋကကျမ်းစာ စာအုပ်ကြီးများကို လက်ညှိုးထိုးပြ၍ “အဲဒါ...ကျမ်းအိပ်တွေကွ”ဟု ပြောပြခဲ့ဖူးသည်။ ကြည့်ရှုသူ၊ ဖတ်ရှုလေ့လာသူမရှိသည့် ဖုန်တက်နေသော ထိုကျမ်းစာအုပ်ကြီးများ ဘယ်နှရက်၊ ဘယ်နှလ မဟုတ်ဘဲ နှစ်ပေါင်းဘယ်လောက်များ အိပ်နေခဲ့ရပါသလဲ။ ဘယ်သူတွေက လှုပ်နှိုးကြလို့ သူတို့တွေ ဘယ်ချိန်မှ ထကြလေမည်လဲ။ ကျွန်တော်တို့ မြန်မာပြည်မှာ စာကြည့်တိုက်ယဉ်ကျေးမှုကို ဘယ်အချိန်မှများ စည်ကားသိုက်မြိုက် လာလေမလဲ။ မျှော်လင့်ခြင်းများစွာ။

ကျွန်တော့် ညီ-ညီမတွေကိုလည်း စိတ်ထဲက မေးချင်နေသည်။ 

“စာကြည့်တိုက်ကို သွားဖူးကြပါရဲ့လား၊ ဘယ်နှခေါက်ရောက်ခဲ့ကြပြီလဲ”

“အိမ်မှာရှိနေတဲ့ စာအုပ်စင်၊ စာအုပ်ဗီရိုထဲက စာအုပ်လေးတွေ အိပ်ပျော်နေကြပြီလား”

“ဒါတွေက ဝေးနေသေးလို့ တို့နဲ့အနီးဆုံးနေရာရှိနေတဲ့၊ ၁၅ မိနစ် ကျော်ရင် အလိုလို လွမ်းတတ်နေရတဲ့ အင်တာနက်စာကြည့်တိုက်ထဲကို သွားရောက်မွှေနှောက်သင့်ပါရဲ့လား”

“ဂိမ်းတွေ၊ ဖေ့စ်ဘွတ်ခ်တွေနဲ့ပဲ အင်တာနက်က ဖုန်တက်နေပြီလား”

“အင်တာနက်က ပညာရေးအတွက်ရော အဓိပ္ပာယ်ရှိနိုင်ပါရဲ့လား”

“အဓိပ္ပာယ်ရှိတဲ့ ခြေတစ်လှမ်းအတွက် စဖို့ ခက်ခဲနေပါသလား”

“လွမ်းတတ်သူတစ်ယောက်အတွက် သိပ်ကောင်းတဲ့ခြေလှမ်းကို စဖို့ ပြောင်းလဲချိန်တန်ပြီလား”

ဤသို့ဤပုံ မေးခွန်းမျိုးစုံကို ညီ၊ ညီမတို့အား မေးလိုက်ချင်သည်။ သို့သော် သူတို့တွေ အိပ်ရေးပျက်သွားမှာဖြစ်၍ ကျွန်တော့်မှာ မျက်နှာလည်း ပူမိပါသည်။

ဘိုဘိုဟံ (ဘုတလင်)