News

POST TYPE

OPINION

နှစ်ကူးမျှော်လင့်ချက်နှင့် လွှတ်တော်
22-Apr-2019



ဒုတိယအကြိမ် လွှတ်တော်၏ (၁၂) ကြိမ်မြောက် ပုံမှန်အစည်း အဝေးများကို ၂၉ ရက်နေ့တွင် ပြန်လည်စတင်တော့ မည်ဖြစ်သည်။ ယင်းအစည်းအဝေးကာလအတွင်း ယခင် (၁၁) မြောက် အစည်းအဝေးကာလအတွင်းက ဆုံးဖြတ်ရန်ကျန်ရှိသည့်ကိစ္စများကို ဆက်လက်ဆောင်ရွက်ကြမည်ဖြစ်သည်။ အထူးသဖြင့် လှုပ်ခတ်မှုအများဆုံး ဖြစ်ခဲ့သည့် ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ရေးနှင့်ပတ်သက်သည့်ကိစ္စများ ဖြစ်သည်။ လွှတ်တော်အတွင်း ခြေဥပြင်ဆင်ရေးမှသည် နောက်ဆက်တွဲအနေနှင့် ခြေဥပြင်ဆင်ရေးထောက်ခံပွဲများ၊ ကန့်ကွက်ပွဲများနေရာအနှံ့ ပေါ်ထွက်လာခဲ့ရာ လူထုအတွင်း မလိုလားအပ်သည့် အက်ကြောင်းများကိုလည်း မြင်တွေ့ခဲ့ရသည်။

(၁၁) ကြိမ်မြောက်လွှတ်တော်အစည်းအဝေး နောက်ဆုံးရက်အထိ ဆွေးနွေးခဲ့သော ပုဒ်မ ၂၆၁ ပြင်ဆင်ချက်ဥပဒေကြမ်းအား ဆက်လက်ဆောင်ရွက်ရန် ကျန်ရှိနေသည်မှာ စိတ်ဝင်စားဖွယ်ဖြစ်သည်။ ယင်းပြင်ဆင် ချက်ဥပဒေကြမ်းသည် သာမန်အားဖြင့် တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီး ချုပ်ခန့်အပ်ရေးကိစ္စဖြစ်ပါသည်။ တစ်နည်းအားဖြင့် ဖက်ဒရယ်၏အခြေခံယူဆချက်ဖြစ်သော အာဏာခွဲဝေမှုဖြစ်သည်။ ဖက်ဒရယ်၏အခြေခံဖြစ်သည့် အာဏာခွဲဝေမှုဖြစ်သဖြင့် တည်ဆဲအစိုးရအနေဖြင့်လည်းကောင်း၊ တိုင်းရင်းသားများအနေဖြင့်လည်းကောင်း၊ တပ်မတော်အနေနှင့်လည်းကောင်း မူအားဖြင့်လက်ခံထားပြီးဖြစ်သည်။ NLD အနေဖြင့်လည်း လိုလားသော၊ တိုင်းရင်းသားများလည်းလိုလားသော၊ တပ်မတော်အနေဖြင့်လည်း လိုလားသော ပြင်ဆင်ချက်ဖြစ်ရာ ဘုံရည်မှန်းချက်အားဖြင့် တူညီသည်ဟု ဆိုရပါမည်။

သို့သော်လည်း ဘုံရည်မှန်းချက်အားဖြင့်တူညီသော်လည်း ယင်းဘုံအကျိုးစီးပွားနောက်ကွယ်မှ တစ်ဦးချင်း၊ တစ်ဖွဲ့ချင်းစီ၏လိုလားချက် များရှိနေသည်ဖြစ်ရာ ခြေဥပြင်ဆင်ရေးအနာဂတ်သည် စိန်ခေါ်မှုများနှင့် ရင်ဆိုင်နေရသည်ကို မြင်တွေ့ရသည်။ ယင်းပြင်ဆင်ချက်များသည် ဥပဒေပိုင်းအရ ပြင်ဆင်ရေးထက်ပိုသော ငြိမ်းချမ်းရေး၊ အမျိုးသား ရင်ကြားစေ့ရေး၊ ဖက်ဒရယ်အရေး၊ အရပ်ဘက် စစ်ဘက်ဆက်ဆံရေး၊ နိုင်ငံတည်ဆောက်ရေးများနှင့် ဆက်စပ်လျက်ရှိရာ များစွာအကဲဆတ်သော ကိစ္စရပ်တစ်ခုဟုဆိုရပါမည်။ လွှတ်တော်အစည်းအဝေး ပြန်လည်စတင်သည်နှင့် ခြေဥပြင်ဆင်ရေးသည်လည်း ပြန်လည်အသက်ဝင်လာတော့ မည်ဖြစ်သည်။

ထိုအကဲဆတ်လွန်းသည့် ပြင်ဆင်ချက်ဥပဒေကြမ်းဆိုင်ရာ မဲခွဲဆုံးဖြတ်မှုကို ၁၂ ကြိမ်မြောက်လွှတ်တော်အစည်းအဝေးတွင် တွေ့မြင်ကြရတော့မည်ဖြစ်သည်။ ထို့အပြင် ပြည်ခိုင်ဖြိုးပါတီအနေနှင့် ခြေဥပြင်ဆင်ချက်ဥပဒေကြမ်း ထပ်မံတင်သွင်းမည်ဟုဆိုရာ လွှတ်တော်တွင်းနိုင်ငံရေးသည် ပိုမိုမြင့်တက်လာဖွယ်ရာ ရှိနေပါသည်။ ယင်းအခြေအနေတို့သည် အပေါင်းလက္ခဏာဆောင်ခြင်းလား၊ အနုတ်လက္ခဏာဆောင်ခြင်းလားဆိုသည်မှာ ဥပဒေကြောင်းအရ ရှုမြင်ခြင်းထက် ကာယကံရှင်များ၏ စိတ်ရင်းစေတနာအပေါ်သာ ရှုမြင်ရမည်ဟုယူဆမိပါသည်။

ခြေဥပြင်ဆင်ရေး အသက်ဝင်လာသည်နှင့် ယခင်နည်းလမ်းပုံစံအတိုင်း ဆက်လက်ဆောင်ရွက်ခြင်း သို့မဟုတ် သူ့ဘက်ကိုယ့်ဘက် ပြည်သူ့ ဘက်အဆင်ပြေစေမည့် အခြားနည်းလမ်းကို ရွေးချယ်ခြင်းဆိုသည်မှာ လွှတ်တော်၏ ထိန်းကျောင်းနိုင်မှုနှင့်လည်း သက်ဆိုင်နေပါသည်။ သူနိုင်ကိုယ်နိုင် အနိုင်ရရှိရေးအတွက် ဥပဒေပါ စကားရပ်များကို ငြင်းခုံအဓိပ္ပာယ် ကောက်ယူနေမည့်အစား ဥပဒေ၏အနှစ်သာရများ အကောင်အထည်ဖော်နိုင်ရေး အပြန်အလှန်လေးစားမှု၊ အပြန်အလှန်ညှိနှိုင်းနိုင်ကြမည်ဆိုပါက လွှတ်တော်တွင်ကြုံတွေ့နေရသော အကျပ်အတည်းများကို ကျော်လွှားနိုင်ပါလိမ့်မည်။

လွှတ်တော်သို့ ဥပဒေအရအပ်နှင်းထားသော တာဝန်နှင့် ဝတ္တရားများအရ ဆုံးဖြတ်မည်လား၊ နိုင်ငံရေးအရ ဆုံးဖြတ်မည်လား သို့မဟုတ် အခြားနည်းလမ်းတစ်ရပ် ရှာဖွေမည်လားဆိုသည်မှာ ခြေဥနိုင်ငံရေးအကျပ် အတည်း၏ ထွက်ပေါက် သို့မဟုတ် ပိတ်ဆို့မှု ဖြစ်လာနိုင်ပါသည်။ ထွက်ပေါက်လိုလားပါကလည်း ထွက်ပေါက်ရှိနေပါသည်။ ပိတ်ဆို့မှုလိုလားပါကလည်း ပိတ်ဆို့စေနိုင်ပါသည်။ ယင်းသည်ပင် နိုင်ငံ၏ကံကြမ္မာ၊ ပြည်သူ များ၏ကံကြမ္မာဟု ဆိုရမည်ဖြစ်သည်။

သတ္တမအကြိမ်မြောက် လွှတ်တော်အစည်းအဝေးတွင် ငြိမ်းစုစီ ဥပဒေကြမ်းဆွေးနွေးစဉ်အချိန်ကလည်း လွှတ်တော်တွင်း အားပြိုင်မှုများ ရှိခဲ့သည်။ သို့သော်လည်း ယင်းပြင်ဆင်ချက်ဥပဒေကြမ်း ဆက်လက်ဆွေးနွေးခြင်းကို ယနေ့အထိရပ်ဆိုင်းထားခဲ့သဖြင့် အားပြိုင်မှုအခြေအနေကို ရှောင်ရှားနိုင်ခဲ့သည်။ ငြိမ်းစုစီ ပြင်ဆင်ချက်ဥပဒေကြမ်း တင်သွင်းစဉ်က ထောက်ခံမှုများ၊ ကန့်ကွက်မှုများ လူထုအတွင်း ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပွားစေခဲ့သည်။ သို့သော် ယင်းပြင်ဆင်ချက်ဥပဒေကြမ်းဆွေးနွေးမှုကို ရပ်ဆိုင်းထားခဲ့သဖြင့် မလိုလားအပ်သည့်အကျပ်အတည်းများကို ကျော်လွှားနိုင်ခဲ့သည်။ ယခုခြေဥပြင်ဆင်ရေးဥပဒေကြမ်း ဆွေးနွေးဆုံးဖြတ်မှုသည် ငြိမ်းစုစီပြင်ဆင်ချက်ဥပဒေကြမ်းကဲ့သို့ သာမန်ဥပဒေကြမ်းတစ် ရပ်မဟုတ်သည်ကိုလည်း သတိပြုကြရပါမည်။ တိုင်းရင်းသားများ၏ အနာဂတ်အရေးများနှင့်လည်း ဆက်စပ်ပတ်သက်နေသည်ဖြစ်ရာ ရေတိုအကျိုးစီးပွားနှင့် ရေရှည်အကျိုးစီးပွား စဉ်းစားဆုံးဖြတ်ကြရမည်ဖြစ်ပါသည်။

နိုင်ငံတွင် ဖွံ့ဖြိုးမှု၊ တိုင်းရင်းသားများအရေး၊ ငြိမ်းချမ်းရေး၊ စီးပွားရေး ဦးစားပေးရန်လိုအပ်နေချိန်တွင် နိုင်ငံ၏တည်ငြိမ်မှုကို ယိမ်းယိုင်စေသည့် အားပြိုင်မှုများကို မည်သူက၊ မည်ကဲ့သို့ ထိန်းကျောင်းကြမည်နည်း။ နိုင်ငံ၏စနစ်ကိုထိန်းကျောင်းနိုင်သည့် ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရား စီရင်ရေးကဏ္ဍများ အားလျော့နေခြင်းလက္ခဏာတစ်ရပ်အဖြစ် မြင်ရပါသည်။ ထို့အပြင် စတုတ္ထမဏ္ဍိုင်ခေါ်သည့် မီဒီယာ၏ထိန်းကျောင်းမှုသည်လည်း ထင်သလောက် ခရီးမရောက်နိုင်သည်ကို တွေ့ရသည်။ ထိန်းကျောင်းသည်ဆိုသည်မှာလည်း သူ့ဘက်ကိုယ့်ဘက်ဆိုသည်ထက် ပြည်သူများအတွက် အမှန်တကယ်ဦးတည်သော၊ နိုင်ငံအတွက် ဖြစ်သင့်ဖြစ်ထိုက်သော အခြေအနေများ ပေါ်ပေါက်လာစေရေး ထိန်းကျောင်းရန်ဖြစ်သည်။ 

နိုင်ငံတော်သမ္မတ၏ နှစ်သစ်ကူးမိန့်ခွန်းတွင် တည်ငြိမ်မှုကို မထိခိုက်စေ၊ အပြောင်းအလဲတွေလည်း ဖြစ်ပေါ်စေမည်ဟု ဆိုခဲ့ပါသည်။ စုစည်းညီညွတ်မှုအားနည်းနေချိန်တွင် တစ်ဦးနှင့်တစ်ဦး၊ တစ်ဖွဲ့နှင့်တစ်ဖွဲ့အကြား မယုံကြည်မှု၊ ထိပ်တိုက်ရင်ဆိုင်မှုများသည် ကောင်းကျိုးထက် ဆိုးကျိုးများသို့ ဦးတည်နိုင်သည်ကို တွေ့မြင်နေကြရသည်။ သေချာသည်မှာ တိုင်းရင်းသားများပါဝင်သောပြည်သူတစ်ရပ်လုံး၊ နိုင်ငံရေးပါတီများ အားလုံး တို့သည် ဒီမိုကရေစီနှင့် ဖက်ဒရယ်ကို အပြည့်အဝလိုလားကြပါသည်။ ထိုလိုလားချက်များကို အကောင်အထည်ဖော်သည့်နည်းလမ်းများ လက်တွေ့ကျရန် ပိုလိုအပ်သည်ဟုလည်း ယူဆမိပါသည်။ အကောင်အထည်ဖော်သည့်နည်းလမ်းများ လက်တွေ့ကျမှန်ကန်မှသာ တည်ငြိမ်စွာပြောင်းလဲရေးကို ဦးတည်နိုင်မည်ဖြစ်သည်။

ယနေ့မြန်မာနိုင်ငံသည် လွန်ခဲ့သောနှစ်ပေါင်း ၇၀ ကျော် လွတ်လပ်ရေးရရှိပြီးချိန်မှစ၍ အားလုံးလိုလားခဲ့သောအခြေအနေသို့ ဦးတည်နေချိန်ဖြစ်သည်။ လွတ်လပ်ရေးရရှိချိန်က နိုင်ငံအတွက် လွတ်လပ်ရေးရရှိခဲ့သော်လည်း ကိုယ်စီကိုယ်စီ၏ လိုလားချက်ရရှိရေး အားပြိုင်ခဲ့ကြသည့်အတွက် မည်သည့်အကျိုးအမြတ် ရရှိခဲ့ပါသနည်း။ ကမ္ဘာတွင်သာမက အာဆီယံအဆင့်တွင်ပင် နောက်ဆုံးအခြေအနေရောက်ခဲ့သည်ကို သတိပြုကြရပါမည်။ ရုပ်ပိုင်းဆိုင်ရာအပြင် ပညာရေး၊ စိတ်ဓာတ်၊ အတွေးအခေါ်တို့ ကျဆင်းခဲ့သည့်အကျိုးဆက်ကို ယနေ့လက်တွေ့ခံစားနေရဆဲဖြစ်သည်။ ယင်းတို့ကို ပြုပြင်နိုင်သော၊ ပြောင်းလဲနိုင်သော အခွင့်ကောင်းတစ်ရပ်ကို မိမိတို့ပိုင်ဆိုင်နေပြီလည်း ဖြစ်သည်။ ထို့ထက် ထို့ထက် ပိုမိုကောင်းမွန်သော၊ တိုင်းရင်းသားအားလုံးလိုလားသော အခြေအနေများသို့ ရည်ရွယ်ကြရန်လိုပါသည်။ ထိုသို့သောအခြေအနေတွင် တစ်ဦးချင်း တစ်ဖွဲ့ချင်း၏ ပုဂ္ဂလိကဆန္ဒများနှင့် အားလုံးအတွက် ရည်ရွယ်သော ဘုံရည်မှန်းချက်ချိန်ဆကြရမည်ဖြစ်သည်။

နိုင်ငံ၏ နိုင်ငံရေးအခြေအနေ၊ စီးပွားရေးအခြေအနေ၊ လုံခြုံရေးအခြေအနေ၊ ပြည်သူများ၏ နိုင်ငံရေးရေချိန်၊ တိုင်းရင်းသားများ၏အခြေအနေ၊ လက်နက်ကိုင်အဖွဲ့များ အခြေအနေများစသည့် ပြည်တွင်း၊ ပြည်ပစိန်ခေါ်မှုများကိုလည်း လက်တွေ့ကျကျသုံးသပ်ကြရန် လိုအပ်မည်ဖြစ်သည်။ ထိုသို့ဆိုခြင်းမှာ အဆိုးမြင်ရှုထောင့်မှကြည့်လိုခြင်း မဟုတ်ဘဲ လက်တွေ့အခြေအနေအမှန်ကို သိရှိစေလိုရင်းဖြစ်ပြီး သို့မှသာ မှန်ကန်သော သုံးသပ်ချက်၊ မှန်ကန်သော ဆုံးဖြတ်ချက်၊ မှန်ကန်သောနည်းလမ်းများ ရွေးချယ်နိုင်မည်ဖြစ်သည်။ မှန်ကန်သောနည်းလမ်းဖြင့်သာ တည်ငြိမ်မှုရှိသော အပြောင်းအလဲ၊ တည်ငြိမ်မှုရှိသော ခြေဥပြင်ဆင်ရေးကို ဦးတည်နိုင်မည်ဖြစ်ပါသည်။

လွှတ်တော်တွင် ခြေဥပြင်ဆင်ရေးဖြင့် အားပြိုင်နေစဉ်မှာပင် ယခုလကုန်တွင် တပ်မတော်က အပစ်အခတ်ရပ်ဆိုင်းထားသည့်အချိန် ၄ လ ပြည့်တော့မည်ဖြစ်သည်။ ငြိမ်းချမ်းရေးစားပွဲဝိုင်းတွင် ဆက်လက်ဆွေးနွေးကြမည်လား၊ တိုက်ပွဲများဆက်လက်ဖြစ်ပွားမလား၊ ဆက်လက်အပစ် အခတ်ရပ်ဆိုင်းထားမည်လား မျှော်မှန်းရန် ခက်ခဲနေဆဲဖြစ်သည်။ ရခိုင်ဒေသအတွင်းတွင်လည်း တိုက်ပွဲများ ပိုမိုပြင်းထန်နေရာ စစ်ဘေးရှောင်ပြည်သူများ တစ်နေ့တခြားများပြားလာသကဲ့သို့ အရပ်သားများကို အကာအကွယ်ယူ တိုက်ခိုက်မှုများလည်းရှိနေရာ အဓိကခံစားရသူများမှာ ဒေသခံတိုင်းရင်းသားများပင်ဖြစ်သည်။ 

ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်၊ ကယားပြည်နယ် စသည့် တိုင်းရင်းသားဒေသများတွင် တိုက်ပွဲများအစား တည်ငြိမ်အေးချမ်းမှု၊ ဖွံ့ဖြိုးတိုးတက်မှုများ လိုအပ်နေပါသည်။ စစ်ဘေးရှောင်ပြည်သူများအတွက် အကာအကွယ်ပေးနိုင်သူများ၊ ကိုယ်ချင်းစာ နာပေးနိုင်သူများ၊ ကူညီပေးနိုင်သူများ လိုအပ်နေပါသည်။ မည်သူ့ကို အားကိုးကြရမည်၊ မည်သူ့တွင်တာဝန်ရှိသည်မှာ မရေရာ မသေချာလှ။

ထို့အတူ ကုန်ဈေးနှုန်းကြီးမြင့်မှုဒဏ်သည်လည်း ပြည်သူများ၏နေ့စဉ်ဘဝများအပေါ် ဖိအားများလျက်ရှိပါသည်။ ဘဏ္ဍာရေးကော်မရှင်၏ (၁/၂၀၁၉ ) ကြိမ်မြောက်အစည်းအဝေးတွင် နိုင်ငံတော်သမ္မတက နိုင်ငံခြားသုံးငွေဖြင့် သုံးစွဲမှုများကို ထိန်းထိန်းသိမ်းသိမ်းနှင့်ဆောင်ရွက်ကြရန်၊ နိုင်ငံခြားငွေနှင့် ရရှိသည့်ဝင်ငွေများ လျော့နည်းလာခြင်းကြောင့် တတ်နိုင်သမျှ နိုင်ငံခြားသုံးငွေနှင့် သုံးစွဲမည့်အစား ပြည်တွင်းကျပ်ငွေဖြင့် သာသုံးစွဲကြရန်၊ နိုင်ငံခြားငွေ ပိုမိုရရှိရေး ကြိုးပမ်းဆောင်ရွက်ကြရန် လိုအပ်ကြောင်း ပြောကြားခဲ့သည်။ မြန်မာနိုင်ငံတွင် လူသုံးကုန်ပစ္စည်းအများစုသည် ပြည်ပမှတင်သွင်းသောပစ္စည်းများဖြစ်ရာ နိုင်ငံခြားငွေဖြင့် သာဝယ်ယူကြရခြင်းဖြစ်သည်။ 

နိုင်ငံခြားဝင်ငွေ လျော့နည်းလာခြင်းကြောင့် နိုင်ငံခြားငွေသုံးစွဲမှု လည်းချွေတာမည်ဖြစ်ရာ ကုန်ဈေးနှုန်းများ ထပ်မံမြင့်တက်လာဖွယ်ရာသာ ရှိနေပါသည်။ နိုင်ငံခြားဝင်ငွေမရှိသဖြင့် နိုင်ငံခြားငွေသုံးစွဲခြင်းကို လျှော့ချရေးနည်းလမ်း စဉ်းစားသည့်နည်းတူ နိုင်ငံခြားဝင်ငွေတိုးတက်ရေး ဆောင်ရွက်ရန်ကိုလည်း စဉ်းစားပေးကြရန်လိုအပ်ပါမည်။ ယင်းသည် အခြေခံပြည်သူများ၏ လက်တွေ့ဘဝများပင်ဖြစ်ပါသည်။ နိုင်ငံတော်မှ ထုတ်ဝေသည့် နိုင်ငံပိုင်သတင်းစာများပင် ဈေးနှုန်းတိုးမြှင့်ခဲ့ရာ အခြားပစ္စည်းများ၏ဈေးနှုန်းများမှာ ဆိုဖွယ်ရာပင်မရှိ။ နှစ်စဉ်ဘတ်ဂျက် လိုငွေပြမှု၊ ကုန်သွယ်ရေးလိုငွေပြမှု၊ နိုင်ငံခြားငွေလဲလှယ်နှုန်း၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု၊ ပြည်တွင်းရင်းနှီးမြှုပ်နှံမှု၊ အသေးစား အလတ်စားလုပ်ငန်း အခြေအနေများ တိုးတက်ရေး ဦးစားပေးကြစေလိုသည်။

ခြေဥပြင်ဆင်ရေးသည် နိုင်ငံရေးဖြစ်သကဲ့သို့ ပြည်သူများ၏နေ့စဉ်စားဝတ်နေရေး၊ လူမှုဘဝလုံခြုံရေးတို့သည်လည်း နိုင်ငံရေးဖြစ်ပါသည်။ နိုင်ငံ၏ နိုင်ငံရေးအားဖြင့်ဖြစ်စေ၊ လုံခြုံမှုအားဖြင့်ဖြစ်စေ၊ စီးပွားရေး ကဲ့သို့သော အခြားသောကဏ္ဍများအားဖြင့်ဖြစ်စေ တည်ငြိမ်စေရန် အပြန် အလှန်ထိန်းကျောင်းသည့်စနစ်များ ရှိနေပါသည်။ အပြန်အလှန်ထိန်း ကျောင်းနိုင်သည့်မဏ္ဍိုင်များ၏ လွတ်လပ်စွာရပ်တည်နိုင်မှု၊ ခိုင်မာမှုများဖြင့် အပြောင်းအလဲတည်ငြိမ်ရန် ထိန်းကျောင်းသွားနိုင်ပါသည်။ မဏ္ဍိုင် ၃ ရပ်အတွက်ဖြစ်စေ၊ အရပ်ဘက်မဏ္ဍိုင်များအတွက်ဖြစ်စေ လိုက်နာကျင့်သုံးရမည့်ဥပဒေများ မည်မျှပြဋ္ဌာန်းထားစေကာမူ ဥပဒေ၏ရည်မှန်းချက် အနှစ်သာရနှင့်အညီ လိုက်နာကျင့်သုံးကြမှသာ ယင်းတို့၏လုပ်ငန်းတာဝန်များ ထိရောက်လာနိုင်မည်ဟု မျှော်မှန်းမိပါသည်။ ပြည်သူတစ်ယောက်၏ မျှော်လင့်ချက်ဟုလည်း ဆိုနိုင်ပါသည်။ မြန်မာနှစ်သစ်ကူးတွင်ကျင်းပမည့် လွှတ်တော်တွင် အတွေးသစ်၊ အမြင်သစ်များဖြင့် ပြည်သူများ၏ဘဝကို ပျော်ရွှင်လှပနိုင်ပါစေကြောင်း ဆုတောင်းမိပါသည်။

သိန်းထွန်း (IR)