News

POST TYPE

OPINION

မြန်မာတို့နဲ့ ဟက်ပီးနယူးရီးယားများ (Daily, Vol-7/No-8)
20-Apr-2019

မြန်မာနှစ်ဟောင်း ကုန်ဆုံးသွား၍ နှစ်သစ်အချိန် ကာလထဲသို့ ရောက်ရှိလာချိန်မှာ စာဖတ်သူများ အပါအဝင် မြန်မာနိုင်ငံသား အားလုံး “နှစ်သစ်မင်္ဂလာ ဒီအချိန်အခါ စိတ်မှာညစ်မည်းကင်းပါစေ”လို့ The Voice Daily က ဦးစွာ ဆုမွန်ကောင်း တောင်းလိုက်ရပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ယခုနှစ်သစ်ထဲမှာ ကြုံတွေ့မယ့်အရေးကိစ္စ ကြီးငယ်မှန်သမျှကို မသန့်ရှင်းတဲ့ စိတ်၊ ညစ်ညူးတဲ့စိတ်၊ အဆိုးမြင်တတ်တဲ့စိတ် စတဲ့ စိတ်ညစ်စိတ်တွေနဲ့ ရင်မဆိုင်မိစေလိုတဲ့အတွက်ကြောင့်ပဲ ဖြစ်ပါတယ်။

မြန်မာလူမျိုးတို့သည် တစ်နှစ်လျှင် အနည်းဆုံး နှစ်သစ်ကူး နှစ်ခါကြုံကြရသူတွေလို့ ဆိုမယ်ဆိုရင်လည်း မမှားနိုင်ပါ။ တစ်ကြိမ်မှာ ဒီဇင်ဘာလကုန်တွင် နိုင်ငံတကာနှင့်အတူ နှစ်ကူးကြရပြီး နောက်တစ်ကြိမ်မှာ သင်္ကြန်ကာလနှင့်အတူ ကူးပြောင်းရသော နှစ်သစ်ကူး ဖြစ်ပါတယ်။ ဘယ်လိုပဲ နှစ်ကူးကြသညဖြစ်စေ၊ နှစ်သစ်ကူး ကာလမှစ၍ တစ်နှစ်ပတ်လုံး ကောင်းကျိုးချမ်းသာ အဖြာဖြာနှင့် ပြည့်စုံစေချင်ကြတာဟာ လူသားတိုင်းရဲ့ တူညီတဲ့ဆန္ဒနဲ့ မျှော်လင့်ချက်လို့ ဆိုမယ်ဆိုရင် မမှားပါဘူး။

အဲဒီလို မျှော်လင့်တဲ့အတိုင်း ဖြစ်ဖို့ဆိုတာကလည်း ဆုတောင်းနေရုံ၊ မျှော်လင့်နေရုံနဲ့ ပြီးမြောက်မှာမဟုတ်ပါဘူး။ တစ်ဦးချင်းစီသော်လည်းကောင်း၊ အဖွဲ့အစည်း တစ်ခုချင်းစီ (လုပ်ငန်းတစ်ခုချင်းစီ) သော်လည်းကောင်း နှစ်ဟောင်းမှာ မိမိတို့ ပြုခဲ့မိတဲ့အမှားတွေ၊ ကြုံတွေ့ခဲ့တဲ့ ပြဿနာတွေကို ပြန်လည်ဆန်းစစ်ပြီး နှစ်သစ်မှာ ထပ်မဖြစ်ဖို့ သတိဝီရိယရှိရှိနဲ့ ပြင်ဆင်ထားဖို့လည်း လိုအပ်ပါလိမ့်မယ်။

နှစ်ဟောင်းတစ်ခုမှ နှစ်သစ်တစ်ခုသို့ ဘယ်လိုပုံစံနဲ့ပဲ ကူးပြောင်းကြသည်ဖြစ်စေ လူသားတိုင်း ကိုယ်ကျင့်သီလနဲ့ အသိဉာဏ် တစ်ဆင့်ထက်တစ်ဆင့် မြင့်တက်အောင် လုပ်ဆောင်နိုင်ပါမှ အနှစ်သာရရှိတဲ့ နှစ်သစ်တစ်ခုကို ဖန်တီးနိုင်မှာဖြစ်ပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် နှစ်သစ်မှာ ကိုယ်အပါအဝင် ကိုယ့်ပတ်ဝန်းကျင်၊ ကိုယ့်နိုင်ငံ၊ ကိုယ့်လူ့အဖွဲ့အစည်း၊ ကိုယ်နေတဲ့ကမ္ဘာကြီးပေါ်မှာ ရှိနေကြတဲ့သူတွေ မင်္ဂလာအပေါင်း ခညောင်းပြီး အစစ အရာရာ အဆင်ပြေစေချင်တဲ့ စိတ်ဆန္ဒဟာ ယုံကြည်ကိုးကွယ်ရာ ဘာသာတရား၊ ယဉ်ကျေးမှု၊ လူမျိုး၊ အသားအရောင်စတဲ့ မတူညီမှုတွေကို ကျော်လွှားနိုင်စွမ်းရှိတယ် ဆိုတာကတော့ အမှန်ပါပဲ။

မြန်မာလူမျိုးတတွေဟာ ဒီဇင်ဘာ ၃၁ ရက်မှာလည်း နှစ်သစ်ကူး ဆုမွန်ကောင်းတွေ တောင်းကြသလို၊ မြန်မာနှစ်ကူးမှာလည်း ဆုမွန်ကောင်းတောင်းရုံမက၊ မေတ္တာသုတ်နာကြားပြီး ကုသိုလ်ဖြစ်မယ့်ကိစ္စတွေ လုပ်ကြပါတယ်။

အဲဒီတော့ ကျွန်တော်တို့တစ်တွေဟာ Happy New Year ကို နှစ်ခါကြုံခွင့်ရသလို စိတ်သစ်လူသစ်လည်း နှစ်ခါဖြစ်ခွင့်ရတဲ့သဘောမှာ ရှိပါတယ်။ မနာလိုဝန်တိုမှု၊ မာန်မာန ထောင်လွှားမှု ကောက်ကျစ်ယုတ်မာမှု၊ အကောင်းအဆိုး မခွဲခြားတတ်မှုစတဲ့ မကောင်းတဲ့ စိတ်နေစိတ်ထားတွေ၊ အမှားတွေကိုလည်း နှစ်ခါတိတိ ပြန်လည် ဆန်းစစ်ကြည့်နိုင်တဲ့ အခွင့်အရေး ရှိသူတွေလို့ ပြောလို့ရပါတယ်။

တခြားလူ့အဖွဲ့အစည်း၊ တခြားနိုင်ငံသားတွေနဲ့မတူ နှစ်သစ်ကူး နှစ်ကြိမ်ကြုံကြရတဲ့ မြန်မာတွေအနေနဲ့ ကိုယ့်လူ့အဖွဲ့အစည်းအတွက် ပြင်သင့်တာတွေကိုပြင်၊ ဖြည့်သင့်တာတွေကိုဖြည့်ပြီး တစ်ဦးနဲ့တစ်ဦး မေတ္တာတရား လက်ကိုင်ထားကာ ပြုမူပြောဆိုနိုင်ကြလိမ့်မယ်လို့ လှိုက်လှိုက်လှဲလှဲပင် မျှော်လင့်မိကြောင်း ပြောလိုပါတယ်။ မင်္ဂလာနှစ်သစ်ပါမြန်မာ။

အယ်ဒီတာ (၂၀-၄-၂၀၁၉)