News

POST TYPE

OPINION

အပြောင်းအလဲမျှော် သင်္ကြန် (Daily, Vol-7/No-6)
07-Apr-2019

သင်္ကြန်လို့ ဆိုလိုက်တာနဲ့ အားလုံးစိတ်မှာ မြူးပျော်သွားတဲ့ ခံစားချက်ကိုယ်စီ ဖြစ်သွားတတ်ကြတယ်။ တစ်နှစ်ပတ်လုံး ဘယ်လောက် စိတ်ပင်ပန်း၊ စိတ်ရှုပ်၊ စိတ်ညစ်၊ စိတ်အလိုမကျဖြစ်ခဲ့ပေမယ့် သင်္ကြန်ဆိုတဲ့ အသံကြားလိုက်ရင်ကိုပဲ စိတ်အမောတွေ အားလုံး လျှောကျ ပြေပျောက်သွားသလို ခံစားကြရတယ်။

သင်္ကြန်ဆိုတာ ပျော်ရွှင်ကြည်နူး၊ ဝမ်းမြောက်ဖွယ်ရာ ရိုးရာပွဲတော်တစ်ခုလို့ မြန်မာပြည်သူ၊ ပြည်သား အားလုံး နားလည် လက်ခံထားကြတယ်။ ဟိန္ဒူယဉ်ကျေးမှုကနေ ဆက်ခံဆင့်ပွားလာတဲ့ သင်္ကြန်ကို ပုဂံခေတ်ကနေ ဒီနေ့အထိ ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးတမ်းအဖြစ် စဉ်ဆက်မပြတ် ကျင်းပလာခဲ့တဲ့ မြန်မာပြည်အနေနဲ့ အခုအချိန်မှာ တကယ်ရော ရိုးရာ အစစ်အမှန် ဖြစ်သေးရဲ့လားလို့ မေးစရာရှိလာတယ်။

အဲလို မေးစရာကောင်းလောက်အောင် သင်္ကြန်က ရိုးရာအစဉ်အလာတွေကနေ တဖြည်းဖြည်း လမ်းကြောင်းပြောင်းလာတယ်။ သင်္ကြန်ရဲ့ အစဉ်အလာတွေ ဘယ်လောက် ပြောင်းသွားသလဲဆိုတာ လက်တွေ့ မြင်ရတာက ခေတ်အဆက်ဆက်က သင်္ကြန်နောက်ခံ ရုပ်ရှင်ဇာတ်လမ်းတွေပဲ။ ၁၉၇၀ ပြည့်လွန်နှစ်တွေမှာ သင်္ကြန်မင်းသားလို့ ပြောရမယ့် သရုပ်ဆောင် ဝင်းဦးပါတဲ့ သင်္ကြန်နောက်ခံရုပ်ရှင်ဇာတ်ကားတချို့၊ ၁၉၈၀ ပြည့်လွန်နှစ်က သင်္ကြန်မင်းသား ဇော်ဝမ်းပါတဲ့ သင်္ကြန်ရုပ်ရှင် ဇာတ်လမ်းတချို့က အကောင်းဆုံး သာဓကတွေပေါ့။

သင်္ကြန်လို့ပြောရင် မန္တလေးသင်္ကြန်နဲ့ မြို့မတေးဂီတ၊ တေးပြုစာဆို မြို့မငြိမ်းကို ချန်ထားခဲ့လို့မရဘူး။ သင်္ကြန်သီချင်းလို့ ပြောလိုက်ရင်လည်း မြို့မငြိမ်း ရေးစပ်သီကုံးခဲ့တဲ့ သင်္ကြန်သီချင်းတွေက အခုထိ ခေတ်မီနေတုန်း၊ အကြိမ်ကြိမ်၊ အလီလီ၊ အထပ်ထပ်၊ အခါခါ ကျော့ပြီး ပြန်ဆိုနေကြတုန်း။ မြို့မငြိမ်းရေးစပ်တဲ့ သင်္ကြန်သီချင်းထက် ပိုကောင်းတဲ့၊ ပိုနားစွဲ၊ ပိုဆိုကောင်းတဲ့ သင်္ကြန်သီချင်း အခုအချိန်အထိ ဘယ်သူမှ မရေးနိုင်ကြသေးဘူး။ အခုလဲ မန္တလေးသင်္ကြန်က မြန်မာပြည်မှာ စံပြဖြစ်သွားအောင် ပြီးခဲ့တဲ့နှစ်က လုပ်ပြခဲ့တယ်။

၈၀ ခုနှစ်လွန်ကာလတွေအထိ သင်္ကြန်ဂီတသံလို့ ပြောရမယ့် မြန်မာ့ရိုးရာ တူရိယာ ပစ္စည်းတွေနဲ့ အနောက်တိုင်း လေမှုတ်တူရိယာ တွဲဖက်ထားတဲ့ မြူးမြူးကြွကြွ သင်္ကြန်သီချင်းအဖြစ် ဖန်တီးလာကလွဲလို့ သင်္ကြန်သီချင်းရဲ့ အနှစ်သာရ မပျက်လှသေးဘူးလို့ ဆိုရမယ်။

အဉ္ဖလီမောင်မောင် ရေးစပ်တဲ့ သင်္ကြန်မိုး ရုပ်ရှင်သီချင်းကတော့ မြို့မငြိမ်းရဲ့ သီချင်းတွေပြီးရင်လူထုအကြား ရေပန်းအစားဆုံး ဖြစ်ခဲ့တယ်။

၁၉၉၀ ပြည့်လွန်နှစ်တွေမှာတော့ ရော့ခ်အင်ရိုးသံနဲ့အတူ သင်္ကြန်က ခေတ်ပေါ် တေးဂီတတွေ ရောမွှေစပြုလာပြီ။ ဒါပေမယ့် စိုးလွင်လွင်ရဲ့ ရေခင်းသဘင် တေးစီးရီးထဲက ရှာပုံတော်မင်းသားကြီး ကိုယ်ပိုင်သံစဉ်သီချင်းက သိပ်ကို လူကြိုက်များသွားခဲ့တယ်။ ၂၀၀၀ ပြည့်လွန်နှစ်တွေ ရောက်လာတော့ ရက်ပ်၊ ဟစ်ပ်ဟော့ပ်တေးဂီတတွေနဲ့ သင်္ကြန်ပုံစံတော်တော် ပြောင်းလာတယ်။ ၂၀၁၀ နောက်ပိုင်းမှာတော့ ကွန်ပျူတာ ပရိုဂရမ်နဲ့ တီးထားတဲ့ နိုက်ကလပ်တီးလုံးဆန်ဆန် ဆူဆူညံညံ တေးဂီတသံနဲ့ ဒီဂျေသင်္ကြန်အဖြစ် လုံးလုံးလျားလျား ရောက်သွားခဲ့တယ်။

၂၀၀၀ ပြည့်လွန်နှစ်တွေကစပြီး သိသိသာသာ ပြောင်းသွားတာက စပွန်ဆာသင်္ကြန်၊ ဘီယာသင်္ကြန်၊ ယမကာသင်္ကြန်နဲ့ ဒီဂျေသင်္ကြန်ပဲ။ စိုးရိမ်စရာလား၊ စိတ်ပူစရာလား၊ စိတ်ပျက်စရာလား မဝေခွဲနိုင်တာက မိန်းကလေးတွေ အရင်နှစ်တွေထက်ပိုပြီး အရက်၊ ဘီယာ သောက်သူ၊ မူးသူ၊ အမူးလွန်နေသူ တဖြည်းဖြည်း ပိုများလာတာပဲ။ အထူးသဖြင့် ရန်ကုန်သင်္ကြန်က မန္တလေးနဲ့ယှဉ်ရင် ပိုပြီးအနှစ်သာရ လျော့လျော့လာတယ်။

လူဦးရေတိုးလာတာရော၊ ရေပက်တဲ့ ပုံစံပြောင်းလာတာရောကြောင့် သင်္ကြန်က ရေပိုကုန်၊ ပိုဖြုန်းသလို ဖြစ်လာတယ်။ သင်္ကြန်ပြီးရင် ရေပက်မဏ္ဍပ်တွေအနီးမှာ၊ လမ်းတွေပေါ်မှာ၊ အပန်းဖြေနားနေတဲ့ ပန်းခြံ၊ ကန်ဘောင်တွေမှာ၊ ရေကန်တွေထဲမှာ စည်းကမ်းမဲ့ စွန့်ပစ်ထားတဲ့ ဖော့ဘူးအခွံတွေ၊ အမှိက်တွေက နေရာအနှံ့ မြင်မကောင်း ရှုမကောင်း ကျန်ခဲ့တာက တစ်နှစ်ထက်တစ်နှစ် ပိုဆိုးဆိုးလာတယ်။

ဒါတွေက ရာစုနှစ်သစ် တစ်ခုအစကနေ ကြုံလာခဲ့တာ အခုဆို ဆယ်စုနှစ် နှစ်ခုနီးပါးတောင် ရှိနေပြီ။ ဒီနှစ်သင်္ကြန်မှာတော့ ပြောင်းလဲချိန်တန်ပြီလို့ ယူဆပြီး ဘယ်နေရာတွေမှာ ပြုပြင်ပြောင်းလဲမှု မြင်ရမလဲ စိတ်ဝင်စားဖို့ ကောင်းတယ်။

တစ်ဖက်မှာလည်း သင်္ကြန်တွင်း ဒါန၊ သီလ၊ ဘာဝနာ အလုပ်တွေလုပ်ပြီး ကုသိုလ်ယူကြတဲ့သူတွေလည်း မနည်းဘူး။ စတုဒိသာကျွေး၊ ငါးလွှတ်၊ သက်ကြီးရွယ်အိုတွေ ခေါင်းလျှော်ပေးဆိုတဲ့ ရိုးရာအစဉ်အလာတွေ ထိန်းသိမ်းထားဆဲ အခြေအနေကတော့ စိတ်သက် သာစရာတွေပေါ့။

ဒီနှစ်မှာ စိတ်မကောင်းစရာက ရခိုင်မှာဖြစ်နေတဲ့ တိုက်ပွဲတွေကြောင့် ရန်ကုန်မှာ နှစ်စဉ်ကျင်းပနေကျ ရခိုင်ရိုးရာသင်္ကြန်ပွဲ မလုပ်ဖြစ်တော့ဘူး ဆိုတာပဲ။ တကယ်တော့ ရိုးရာစစ်စစ် ပြစရာဆိုလို့ ရခိုင်သင်္ကြန်ပဲ ရှိတဲ့ကြားထဲ မလုပ်ဖြစ်ဘူးဆိုတော့ ဒီနှစ် ရန်ကုန်သင်္ကြန်က ရိုးရာရနံ့ ပျောက်သွားမယ့် သင်္ကြန်ဖြစ်သွားမယ်။

ဘာပဲပြောပြော ဒီနှစ်သင်္ကြန်မှာ ရေကို အယိုအဖိတ် အလေအလွင့် နည်းအောင်၊ စနစ်တကျ စစ်စစ်စီစီ သုံးကြဖို့ ဘယ်လိုကြီးကြပ်မလဲ၊ မတော်တဆ ထိခိုက်ဒဏ်ရာရမှု၊ ယာဉ်တိုက်မှု၊ ခိုက်ရန်ဖြစ်ပွားမှု မဖြစ်အောင် ဘယ်လို စီစဉ်မလဲ၊ ယမကာ အရောင်းအဝယ်ကို ဘယ်လို ထိန်းချုပ်စီမံမလဲ၊ ရိုးရာအစဉ်အလာတွေနဲ့ သိပ်လွန်လွန်ကဲကဲ သွေဖည်မသွားအောင် ဘယ်လို ထိန်းညှိမလဲ၊ အစဉ်အလာရိုးရာဖြစ်တဲ့ သံချပ်ကို ဘယ်လိုအနှစ်သာရရှိရှိ လွတ်လပ် ခွင့်ပေးမလဲဆိုတာတွေက စိတ်ဝင်စားစရာကောင်းတယ်။ ပူပူနွေးနွေး ရွေးကောက်ခံထားရတဲ့ အာဏာရပါတီကြီးစိုး မြို့တော်စည်ပင် သာယာရေးကော်မတီရဲ့ အစွမ်းအစ ပြခွင့်ရမယ့် ပွဲလည်းဖြစ်လို့ ဒီနှစ်သင်္ကြန်က အားလုံးစောင့်ကြည့်နေတဲ့ သင်္ကြန်လို့ ဆိုပါရစေ။

အယ်ဒီတာ(၆-၄-၂၀၁၉)