News

POST TYPE

OPINION

မီဒီယာတွေ ရခိုင်မြောက်ပိုင်းစစ်ပွဲရဲ့ သတ်ကွင်းထဲကို ရောက်နေပြီလား
05-Apr-2019



ရခိုင်တပ်မတော် AA လို့ခေါ်တဲ့ ရခိုင် လက်နက်ကိုင်အဖွဲ့နဲ့ အစိုးရတပ်မတော်အကြား မြေပြင် တိုက်ပွဲတွေရော မီဒီယာထိုးစစ်တွေပါ အပြန်အလှန်ဆင်နွှဲနေကြတုန်းမှာပဲ မီဒီယာ စစ်ကူခေါ်တာလား မဟာမိတ်ဖွဲ့တာလား မကွဲပြားတဲ့ မီဒီယာတွေကို ရခိုင်မြေမှာ သတင်းလာယူဖို့ ဖိတ်ကြားသံရော သတင်းမီဒီယာတွေကို ဗုံးခွဲပစ်မယ်၊ သတ်ပစ်မယ်ဆိုတဲ့ ခြိမ်းခြောက်သံရော အခုရက်ပိုင်း အတွင်းအတ်ာလေး ကျယ်ကျယ်လောင်လောင် ထွက်ပေါ်လာပါတယ်။ ဒါဟာ နှစ်ဖက်စလုံးက မြေပြင်တိုက်ပွဲတွေနဲ့အပြိုင် လေပေါ်မှာ ဆင်နွှဲလေ့ရှိကြတဲ့ ဝါဒဖြန်ချိရေး စိတ်ဓါတ်စစ်ဆင်ရေး မီဒီယာတိုက်ပွဲတွေကနေ ထွက်ပေါ်လာတဲ့ ဘေးထွက်ဆိုးကျိုးဖြစ်ပါတယ်။ နှစ်ဘက်စလုံးဟာ သတင်းမီဒီယာတွေရဲ့ ထိရောက်တဲ့ လုပ်နိုင်စွမ်းကိုသိထားတဲ့အတွက် ကြေညာချက်တွေ၊ သတင်းထုတ်ပြန်တာတွေ၊ သတင်းစာရှင်းလင်းတာတွေ၊ မီဒီယာအင်တာဗျူးတွေ အပြိုင်အဆိုင် လုပ်ဆောင်ကြရင်း မီဒီယာတွေကို တတ်နိုင်သ၍ ပိုင်ပိုင်နိုင်နိုင်အသုံးပြုဖို့ ကြိုးစားကြသလို သူတို့ရဲ့ ပုံရိပ်ကို ထိခိုက်တယ်လို့ ယူဆတဲ့ ရေးသားဖေါ်ပြချက်တွေ တွေ့မြင်လာကြတဲ့အခါ မီဒီယာတွေကိုပါ ကန့်သက်တာ သတိပေးတာတွေ ပြင်ဆင်ရေးသားစေတာမျိုးတွေ လုပ်ချင်တဲ့ သဘောကိုလည်း နှစ်ဘက်စလုံးမှာတွေ့မြင်ရပါတယ်။ အဲဒီလို မီဒီယာတွေကို စင်မြင့်လို အသုံးပြုနေတဲ့ အခြေအနေကနေတဆင့် အခုအချိန်မှာ ကိုယ့်ဘက်က မီဒီယာ သူ့ဘက်က မီဒီယာဆိုပြီး ခွဲခြား ကွဲပြားလာစေဖို့ ရည်ရွယ်ပုံရတဲ့ မီဒီယာကို နိုင်ငံရေး သတ်ကွင်းထဲ ဆွဲသွင်းဖို့ ကြိုးစားလာတာတွေ့ရပါတယ်။ ဒီလိုအခြေအနေအထိ ရောက်ရှိလာခဲ့ရတာဟာလည်း ဒီအခြေအနေကို အားပေးတဲ့ အခြေခံအကြောင်းတရားတွေ ရှေ့မှာရှိနေခဲ့ လို့ပဲဖြစ်ပါတယ်။ ဒါကြောင့် မီဒီယာတွေကို အမှန်တကယ် ခြိမ်းခြောက်လိုသည်ဖြစ်စေ၊ မီဒီယာနဲ့ AA အဖွဲ့အကြား အထင်လွဲမှားမှုဖြစ်အောင် ဖန်တီးလှုံ့ဆော်သည်ဖြစ်စေ ဒီလိုအခြေအနေမျိုး ဖန်တီးနိုင်ခဲ့တဲ့ သို့မဟုတ် ဖြစ်ပေါ်စေခဲ့တဲ့ အခြေအနေအကြောင်းတရားအချို့ကို သုံးသပ်တင်ပြပြီး ကျွန်တော်တို့ လူ့အဖွဲ့အစည်းတစ်ခုလုံး ကို သတိပေးချင်ပါတယ်။

ဒီ ပြဿနာရဲ့ အစလို့ပြောလို့ရတဲ့ အချက်ဖြစ်တဲ့ တိုက်ပွဲများ ဖြစ်ပွားရာနေရာ ရခိုင်ပြည်နယ် မြောက်ပိုင်းရဲ့ အခြေအနေမှန်တွေကို သတင်းလာယူဖို့ AA က သတင်းမီဒီယာတွေကို ဖိတ်ကြားတယ်ဆိုတဲ့ ကိစ္စကစပြီး ပြောရပါလိမ့်မယ်။ ၂၀၁၉ မတ်လ ၂၉ ရက်နေ့ကထုတ်ပြန်တဲ့ AAအဖွဲ့ရဲ့ ကြေညာချက် အဆုံးမှာ ဘက်မလိုက်တဲ့ သတင်းမီဒီယာတွေနဲ့ နိုင်ငံတကာ အချက်အလက်ရှာဖွေရေး အဖွဲ့တွေကို ရခိုင်မြေပြင်မှာ သတင်းလာယူဖို့ ဖိတ်ကြားထားတာဖြစ်ပါတယ်။ အဆိုပါ ကြေညာချက်ရဲ့ ဆိုလိုရင်းနဲ့ ရည်ရွယ်ချက်ကို လေ့လာကြည့်မယ်ဆိုရင် အဓိကအားဖြင့် အချက် ၂ ချက်ကို ပြောလိုတာဖြစ်ကြောင်း တွေ့ရပါတယ်။ ပထမတစ်ချက်က နိုင်ငံတကာ စိုးရိမ်ပူပန်မှုဖြစ်တဲ့ စစ်ဘေးဒဏ်ကြောင့် အရပ်သားတွေ အများအပြား ထိခိုက်သေကြေပြီး စစ်ဘေးဒုက္ခရောက်ရှိနေတာ၊ အစိုးရတပ်ဖွဲ့တွေက ဒေသတွင်းမှာ စစ်ရာဇဝတ်မှုတွေ ကျူးလွန်နေပါတယ်ဆိုတာကို သတင်းစကားအဖြစ်ပေးချင်တာဖြစ်ပြီး ဒုတိယတစ်ချက်က သတင်းမီဒီယာတွေနဲ့ အပြည်ပြည်ဆိုင်ရာ စောင့်ကြည့်လေ့လာရေးအဖွဲ့တွေကို ဒီပြဿနာအပေါ် အလေးအနက် စိတ်ဝင်စားမှုရှိပြီး အဲဒီဒေသကို သွားရောက်လေ့လာခွင့်ရဖို့ ကြိုးစားစေချင်တာဖြစ်ပါတယ်။ တကယ်တော့ သတင်းမီဒီယာတွေကို AA အဖွဲ့အနေနဲ့ မီဒီယာ လေ့လာရေး ခရီးတစ်ခုလို တာဝန်ခံပြီး ခေါ်သွားဖို့ ဖိတ်ခေါ်နေတာမဟုတ်ပဲ ပြည်တွင်းပြည်ပ မီဒီယာတွေနဲ့ လွတ်လပ်တဲ့ အဖွဲ့အစည်းတွေရဲ့ အာရုံစိုက်မှုကို ဖိတ်ခေါ်လိုတာသာ အဓိကဖြစ်ပါတယ်။ အစိုးရတပ်က လေယာဉ်ပျံတွေ အသုံးပြုပြီးတိုက်ခိုက်နေတာဟာ သာမန်အရပ်သားတွေကို ထိခိုက်နိုင်ခြေ အလွန်များပြီး နိုင်ငံတကာ လူ့အသိုင်းအဝိုင်းကိုလည်း စိတ်ပူစိုးရိမ်စရာဖြစ်စေပါတယ်၊ ဒီလိုပဲ မြေပြင်မှာလည်း စစ်ဘေးကြောင့် နေ့ရပ်စွန့်ခွာပြေးသူ ၃ သောင်းလောက်ရှိလာပြီဖြစ်လို့ ဒီအချက်တွေကို ထောက်ပြပြီး AA အဖွဲ့အနေနဲ့ ရခိုင်မြောက်ပိုင်း လက်နက်ကိုင် ပဋိပက္ခထဲကို နိုင်ငံတကာ အသိုင်းအဝိုင်းအနေနဲ့ ဝင်ရောက်ပြီး ဖြန်ဖြေတာ ၊ ဖြောင်းဖြတာတွေ လုပ်ချိန်တန်ပြီလို့ နှိုးဆော်ချင်တာပဲဖြစ်ပါတယ်။ နိုင်ငံတကာ အသိုင်းအဝိုင်းရဲ့ တုန့်ပြန်မှုကို ကြည့်မယ်ဆိုရင်လည်း ရိုဟင်ဂျာအရေးလောက် မြန်ဆန်စွာ တုန့်ပြန်မှု တက်ကြွမှု မရှိတာကိုလည်းတွေ့ရပါတယ် ။

တကယ်တော့ ရခိုင်ပြည်နယ်မြောက်ပိုင်းကို မီဒီယာတွေ သွားရောက်သတင်း ယူဖို့ဆိုတာဟာ အခုလို AA ရခိုင့်တပ်မတော်နဲ့ အစိုးရ တပ်မတော်အကြား စစ်မက်ပြင်းထန်စွာဖြစ်ပွားခဲ့သော ၂၀၁၉ ဇန်နဝါရီလ မတိုင်မီကတည်းက ဖြစ်နိုင်တဲ့ ကိစ္စမဟုတ်ဖူးဆိုတာကို မီဒီယာအားလုံးက သိရှိနားလည်ပြီးဖြစ်ပါတယ်။၂၀၁၇ သြဂုတ်လ ၂၅ ရက်နေ့ ရိုဟင်ဂျာအရေး လှုပ်ရှားတဲ့ ARSA အဖွဲ့က ရဲစခန်း ၃၀ ကို တိုက်ခိုက်ခဲ့တဲ့ ဖြစ်စဉ်နောက်ပိုင်းမှာ ရခိုင်ပြည်နယ်မြောက်ပိုင်းတခွင် အထူးသဖြင့် ၂၀၁၂ ကနေ ၂၀၁၇ အထိ ရခိုင်လူမျိုးများနဲ့ ရိုဟင်ဂျာလူမျိးအဖြစ် အသိအမှတ်ပြုခံလိုသူ မွတ်စလင်ဘာသာဝင်တွေအကြား ပဋိပက္ခကြီးမားခဲ့သော ဒေသတွေမှာ ပြည်တွင်း ပြည်ပ သတင်းမီဒီယာတွေ အဖို့ အစိုးရရဲ့ လုံခြုံရေးလိုက်ပါဆောင်ရွက်ခြင်းမရှိပဲ သတင်းရယူဖို့ အန္တရာယ်ရှိတဲ့ အခြေအနေပဲဖြစ်ပါတယ်။ အဲဒီ ဒေသအချို့မှာ သာမန် သတင်းမီဒီယာ သမားမဆိုထားနဲ့ ရခိုင်လူမျိုး သတင်းမီဒီယာသမားတွေကိုယ်တိုင် အသက်လုပြီးပြေးခဲ့ရတဲ့ ဖြစ်စဉ်တွေတောင် ရှိခဲ့ပါတယ်။ အဲဒီလို သတင်းမီဒီယာတွေအပေါ် အချို့သော ဒေသခံ ရခိုင်လူမျိုးတွေက အမြင်မကြည်လင်ကြတာက တစ်ကြောင်း အဲဒီဒေသတွေက တာဝန်ရှိသူတွေအနေနဲ့ သတင်းမီဒီယာတွေအပေါ် အန္တရာယ်ပေးနိုင်တဲ့ အခြေအနေကနေ လုံလောက်စွာ အကာအကွယ် မပေးနိုင်က တစ်ကြောင်း ဘယ်သတင်း မီဒီယာကမှ ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ အစိုးရပြန်ကြားရေးရဲ့ စီစဉ်မှုနဲ့မဟုတ်ဘဲ ကိုယ်သဘောနဲ့ကိုယ် သတင်းသွားရောက်ရယူခြင်း၊ လေ့လာစူစမ်းခြင်း မလုပ်ရဲတာကြာခဲ့ပြီဖြစ်ပါတယ်။ ဒီကြားထဲ နောက် အခြေအနေတစ်ရပ်က အင်းဒင်ရွာ ဖြစ်စဉ်နဲ့ ပတ်သက်ပြီး သတင်းသွားယူခဲ့တဲ့ ရိုက်တာ သတင်းထောက် ၂ ယောက်ကို နိုင်ငံတော် လျှို့ဝှက်အပ်ဥပဒေနဲ့ အရေးယူတဲ့အခါ အဲဒီ ရိုက်တာ သတင်းထောက်ရဲ့ မှတ်စုစာအုပ်ထဲမှာ AA အဖွဲ့ ခေါင်းဆောင်တွေရဲ့ ဖုန်းနံပတ်ကိုတွေ့ရှိခဲ့ခြင်းကို အကြောင်းပြုပြီး အပြစ်ကျူးလွန်မှုကို လေးနက်စွာ ကောက်ချက်စွဲလို့ ထောင်ဒဏ် နှစ်ရှည် အမိန့်ချမှတ်ခဲ့ခြင်းပဲဖြစ်ပါတယ်။ မီဒီယာသမားတွေအနေနဲ့ အခုလို ပြည်တွင်းက စစ်သတင်းတွေ ရယူတဲ့အခါမှာ မတရားအသင်းနဲ့ ဆက်သွယ်ခြင်းဆိုသော ဥပဒေတားမြစ်ချက် အဟန့်အတားကလည်း ကြီးမားနေပြန်ပါတယ်။

AA အဖွဲ့က အမှန်တကယ် ဖိတ်ကြားသည်ဖြစ်စေ နှိုးဆော်သည့်သဘော ဖိတ်ကြားသည်ဖြစ်စေ မီဒီယာတွေအနေနဲ့ ရှေ့တိုးရခက် နောက်ဆုတ်ရခက် အနေအထားမှာ AA အဖွဲ့ကို သောင်းကျန်းသူလို့ သုံးနှုန်းရေးသားတဲ့ မီဒီယာတွေကို ဗုံးခွဲတိုက်ခိုက်မယ်၊ လုပ်ကြံသတ်ဖြတ်မယ်ဆိုတဲ့ ခြိမ်းခြောက်မှုတွေ ထွက်ပေါ်လာပြန်ပါတယ်။ မီဒီယာအတော်များများကို မရှေးမနှောင်း ပေးပို့ခဲ့တဲ့ ဒီ ခြိမ်းခြောက်မှုဟာ မြန်မာ့မီဒီယာ လောကမှာ ပထမဆုံးလို့ပြောနိုင်ပြီး အစကနဦးမှာ ခြိမ်းခြောက်ခံခဲ့ရတဲ့ မီဒီယာတွေအနေနဲ့ အမှန်တကယ် AA အဖွဲ့က ခြိမ်းခြောက်ခြင်းကို ခံလိုက်ရသလို ဖြစ်ခဲ့ရပါတယ်။ ဒါကြောင့်လည်း သတင်းဋ္ဌာနတွေကနေ ဒီခြိမ်းခြောက်မှုတွေကို searching fire အဖြေရှာတဲ့အနေနဲ့ သတင်းထုတ်ပြန်ခဲ့ကြပါတယ်။ AA အဖွဲ့အနေနဲ့ မီဒီယာတွေ ဆက်သွယ်မေးမြန်းတဲ့အခါ ပြောရေးဆိုခွင့်ရှိသူအနေနဲ့ မဟုတ်မှန်ကြောင်း ငြင်းဆိုခဲ့တာတွေ့ရသလို ကြေညာချက်လည်း ထုတ်ပြန်ဖြေရှင်းပါတယ်။ တချိန်တည်းမှာပဲ AA အဖွဲ့က မီဒီယာတွေကို ဖိတ်ကြားပြီး ချဉ်းကပ်စည်းရုံးရေး လုပ်နေတဲ့အတွက် ဖျက်လိုဖျက်ဆီးလုပ်တဲ့အနေနဲ့ ကြားကနေ အခုလို လုပ်ကြံဖန်တီးတာဖြစ်တယ်ဆိုတဲ့ ယူဆချက်တွေလည်း ထွက်ပေါ်လာပါတယ်။


သာမန်အားဖြင့် ကမ္ဘာ့နိုင်ငံများမှာရော တချိန်က မြန်မာနိုင်ငံမှာရော နိုင်ငံရေးအရ၊ ဘာသာရေးအရ၊ လူမျိုးရေးအရ အစာမကြေမှုတွေရှိတဲ့ အခါမျိုးမှာ သတင်းမီဒီယာတွေကို တိုက်ခိုက်တာတွေ ခြိမ်းခြောက်တာတွေရှိပါတယ် ။ များသောအားဖြင့် သတင်းမီဒီယာတွေအပေါ် တိုက်ခိုက်မှုတွေဟာ လက်တွေ့ဖြစ်ပေါ်ပြီးမှ တိုက်ခိုက်သူတွေက ဘယ်သူဘယ်ဝါ၊ ဘာ့ကြောင့်ဆိုတာ ထွက်ပေါ်လာလေ့ရှိတာကို တွေ့ရပါတယ်။ တိုက်ခိုက်မယ်လို့ ကြိုတင် ခြိမ်းခြောက်မှုမှန်သမျှဟာ တကယ်လက်တွေ့တိုက်ခိုက်ဖို့ မဟုတ်ပဲ ဖိအားပေးလိုခြင်း၊ ခြောက်လှန့်လိုခြင်း ရည်ရွယ်ချက်သာရှိလေ့ရှိပါတယ်။ ဒါကြောင့် အခု ခြိမ်းခြောက်မှုရဲ့ နောက်ကွယ်က ရည်ရွယ်ချက်ဟာ အမှန်တကယ် တိုက်ခိုက်လိုမှုထက် တစ်စုံတစ်ရာ သောအကြောင်းတရားကို ဖြစ်ပေါ်စေရုံဖြစ်တယ်လို့ ယူဆရပါတယ်။ သို့သော် ဒီနေရာမှာ ထောက်ပြချင်တဲ့ အချက်တစ်ချက်ရှိပါတယ်။ အဲဒါကတော့ AA အဖွဲ့ရဲ့ မီဒီယာတွေအပေါ် ခြိမ်းခြောက်မှုတစ်ခုအဖြစ် အခုလို သတင်းထွက်ပေါ်လာခဲ့ပြီး လူအများကလည်း ယုံကြည်သလိုရှိစေခဲ့တဲ့ အကြောင်းပဲဖြစ်ပါတယ်။ အဲဒါကတော့ AA အဖွဲ့အနေနဲ့ အခုလို လုပ်ကြံမှုတွေ၊ လုပ်ကြံမယ်ဆိုတဲ့ ခြိမ်းခြောက်မှုတွေကို နည်းလမ်းတစ်ခုအဖြစ် အမှန်တကယ် သုံးစွဲနေသလို ခြိမ်းခြောက်မှုတွေဟာ တကယ်လက်တွေ့ ဖော်ဆောင်ဖို့ ဖြစ်တယ်ဆိုတာကို AA အဖွဲ့ရဲ့ အဓိက ခေါင်းဆောင် ဗိုလ်ချုပ်ထွန်းမြတ်နိုင် ကိုယ်တိုင်က ရဲစခန်းတွေကို ကျည်ဆံတစ်တောင့်ပါ စာတွေပို့ခဲ့တဲ့ ကိစ္စကို ရည်ညွှန်းပြီး မီဒီယာအင်တာဗျူးမှာ အလေးအနက် အတည်ပြုခဲ့တာပဲဖြစ်ပါတယ်။ သူ့အနေနဲ့ အင်တာဗျူးမှာ “ငါတို့ တိုင်းပြည်ကိုဖျက်ရင် သူတို့ တိုင်းပြည်ကို ဖျက်ရမလားဆိုတဲ့ အတွေးဝင်နေတယ်”လို့လည်း ပြောကြားခဲ့တာတွေ့ရပါတယ်။ ဗိုလ်ချုပ်ထွန်းမြတ်နိုင်ရဲ့ ဒီပြောကြားချက်တွေဟာ မီဒီယာတွေ အပါအဝင်အများပြည်သူရဲ့ စိတ်မှာ မှတ်မှတ်သားသား ရှိစေခဲ့သလို ဒီလိုရှိစေအောင်လည်း သူ့အနေနဲ့ အသေအချာ ရည်ရွယ်ပြီး ပြောခဲ့တာဖြစ်ပါတယ်။ ကျွန်တော် တိုင်းပြည်ကို အခုတလော ထွက်ပေါ်ခဲ့သော မီဒီယာတွေ အပေါ် ခြိမ်းခြောက်မှုဟာ AA အဖွဲ့ရဲ့လုပ်ဆောင်ချက်မဟုတ်ပဲ အခြားတစ်ဖွဲ့တစ်သင်းက ရည်ရွယ်ချက်အမျိုးမျိုးနဲ့ လုပ်ဆောင်နိုင်သောလည်း ဒီလို ခြိမ်းခြောက်ပြီးလုပ်ကြံတဲ့ နည်းလမ်းကတော့ AA ရဲ့ လုပ်နည်းလုပ်ဟန် နည်းလမ်းဗျူဟာဖြစ်တယ် ဆိုတာကတော့ အားလုံး အသိစိတ်မှာရှိနေပါတယ်။ ဒါကြောင့် အခုလို မီဒီယာတွေကို တိုက်ခိုက်မယ်လို့ ခြိမ်းခြောက်နေနဲ့ပတ်သက်ပြီး မိမိတို့ ကြေညာခြင်း မဟုတ်ဖူးလို့ ဆိုရုံနဲ့ ဒီခြိမ်းခြောက်မှုဟာ မီဒီယာတွေရဲ့ ခေါင်းထဲမှာ ရာနှုန်းပြည့်တော့ ပျက်ပြယ်သွားမှာ မဟုတ်ဖူးလို့ ပြောနိုင်ပါတယ်။ အဓိက နောက်ထက်ပြဿနာက AA အဖွဲ့ရဲ့ရခိုင်ပြည်နယ်တွင်း စစ်ဆင်ရေးတွေ စတင်လိုက်တဲ့နောက်ပိုင်း မီဒီယာတွေအပေါ်မှာရော အခြားတိုင်းရင်းသား အချင်းချင်းကြားမှာရော လူမျိုးရေးအရ ဆန့်ကျင်ခွဲခြားတိုက်ခိုက်မှုတွေ အပြင်းထန်ဖြစ်ပေါ်နေတာပဲ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ မတ်လ ၂၉ ရက်နေ့က ထုတ်ပြန်တဲ့ AA ရဲ့ ထုတ်ပြန်ချက်မှာပဲ ဗမာစစ်တပ်၊ ဗမာအစိုးရ၊ ဗမာစစ်တပ် ကျောထောက်နောက်ခံပြုတဲ့ မီဒီယာဆိုပြီး ဗမာချင်းထပ်နေအောင် ဖော်ပြထားတာတွေ့ရပါတယ်။ ပြဿနာက ဗမာပိုင် ဗမာ့မီဒီယာရယ်လို့ ထူထောင်ထားတဲ့ မီဒီယာ မရှိပေမယ့် အမှန်တရားကို မြတ်နိုးပြီး လွတ်လပ်စွာတင်ပြလိုတဲ့ မီဒီယာတွေအနေနဲ့ကလည်း ဗမာတွေအများစုနဲ့ ဖွဲ့စည်းတည်ထောင်ထားတာဖြစ်ပြီး အခုလို ဗမာလူမျိုးကို ပစ်မှတ်ထားတဲ့ လူမျိုးရေး ပြင်းထန်တဲ့ အယူအဆတွေအကြားမှာ သတင်းတင်ဆက်ရေးသားရတာ သူတို့အတွက် စိတ်အားတတ်ကြွဖွယ်မဖြစ်နိုင်တဲ့ အနေအထားဖြစ်ပါတယ်။ ဒီကြားထဲ အမှားမခံတဲ့ အခုလိုအခြေအနေမှာ မီဒီယာတွေအတွက် အန္တရာယ်များလွန်းနေပါတယ်။

ဒါကြောင့် ဒီကနေ့ ရခိုင်မြောက်ပိုင်းအရေးကို စိတ်ရှင်းရှင်းထားပြီး သုံးသပ်မယ်ဆိုရင် ပြဿနာတွေကို ဖြေရှင်းနိုင်ရေးအတွက် လိုအပ်တဲ့အခြေခံ အချက်တွေဖြစ်တဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ သတင်းမီဒီယာ ဆိုတဲ့ Third party တတိယအစုအဖွဲ့ကို မူလကတည်းက ရခိုင်နိုင်ငံရေးသမားတွေရော ဒေသခံတွေကရော ငြင်းပယ်ပြီး ဖယ်ရှားထားခဲ့တဲ့ အမှားဟာ အခုတော့ ဒုက္ခပေးပြီလို့ ထောက်ပြချင်ပါတယ်။ ကျွန်တော့အနေနဲ့ နိုင်ငံတကာ အဖွဲ့အစည်းတိုင်း သတင်းမီဒီယာတိုင်း ဖြောင့်မတ်တယ်၊ မှန်ကန်တယ်လို့ အာမခံပြီးပြောဆိုနေခြင်းလည်း မဟုတ်ပါ၊ သို့သော် အဲဒီလို လွတ်လပ်စွာရပ်တည်ရမယ့် သဘာဝရှိတဲ့ မီဒီယာနဲ့ လွတ်လပ်တဲ့ အဖွဲ့အစည်းတွေဖြစ်သော တတိယအုပ်စုကို လုံးဝ ရန်သူလို့သဘောထား သတ်မှတ်ခဲ့ခြင်းဟာ အခုအချိန်မှာအကူညီမဲ့သလိုဖြစ်ရတဲ့ အခြေအနေကို လုံးဝဆိုက်ရောက်သွားစေပါတယ်။ အမှန်တော့ တတ်နိုင်သ၍ အဲဒီလို တတိယအုပ်စုများနဲ့ စေ့စပ်ပြီး ညှိနှိုင်းပြီး သဘောတူစရာရှိတူ၊ မတူစရာရှိ မတူနိုင်ဘူး ငြင်းပယ်ရင်း မိတ်မပျက် ဆက်ဆံရေးနဲ့ နေခဲ့ကြရမှာဖြစ်ပါတယ်။ အခု AA ရဲ့ ကြေညာချက်ပါ အကြောင်းအရာတွေကို အသေအချာလေ့လာကြည့်တဲ့အခါ စစ်ဘေးဒုက္ခသည်တွေအရေးနဲ့ စစ်ရာဇဝတ်မှုတွေကို စစ်ဆေးအရေးယူပေးဖို့ အချက်အလက်ရှာဖွေရေးအဖွဲ့တွေ ပါဝင်လာရေးကို အဓိက ထင်ရှားစေလိုတာဖြစ်ပါတယ်။ ဒါဟာ အခုလက်ရှိ ရိုဟင်ဂျာအရေးမှာ အဓိက နိုင်ငံတကာက ကိုင်စွဲထားတဲ့ ဒုက္ခသည်အရေးနဲ့ အစိုးရစစ်တပ်က တာဝန်ရှိသူတွေကို ICC နိုင်ငံတကာ စစ်ခုံရုံးပို့ပြီး အရေးယူရေးဆိုတဲ့ ပုံစံထဲ ကွက်တိကျပါတယ်။ နိုင်ငံတကာက ရခိုင်မြောက်ပိုင်း ကိစ္စကို ခေါင်းစဉ်တိုးလိုက်ရုံပဲဖြစ်ပါတယ်။ သို့သော်လည်း ပြဿနာက နိုင်ငံတကာ အဖွဲ့အစည်းတွေအနေနဲ့ရော မီဒီယာတွေအနေနဲ့ပါ ဒီကနေ့ ရခိုင်စစ်ရေးကိစ္စမှာ ထဲထဲဝင်ဝင် ပါဝင်ဖို့ တွန့်ဆုတ်နေကြတာပဲဖြစ်ပါတယ်။ ဒါကြောင့် ရခိုင်ပြည်သူများ အပါအဝင် ကျွန်တော်တို့ တိုင်းပြည်က လူအဖွဲ့အစည်းအားလုံး သင်ခန်းစာယူသင့်တာက တိုင်းပြည်မှာ တစ်မျိုးသားလုံး စည်းလုံးညီညွတ်ရေးဟာ အဓိကကျသလို လွတ်လပ်ပြီး ဘတ်မလိုက်တဲ့ အဖွဲ့အစည်းတွေ ယန္တရားတွေဟာလည်း ထိန်းကျောင်းပဲ့ပြင်ရေးအတွက် တိုင်းပြည်မှာ ရှိသင့်ရှိထိုက်တယ် ဆိုတဲ့အချက်ဟာလည်း ဒုတိယအရေးကြီးဆုံးဖြစ်ပါတယ်။ အမှန်တကယ် လွတ်လပ်ပြီး ဘက်မလိုက်ပဲ ဖြောင့်မတ်စွာ ဂုဏ်သိက္ခာရှိစွာ ရပ်တည်ဆောင်ရွက်နိုင်စွမ်းရှိတဲ့ ကိုယ့်ပြည်တွင်းဖြစ် မီဒီယာ၊ အရပ်ဖက်အဖွဲ့အစည်းတွေ ပေါ်ပေါက်ထွန်းကားလာနိုင်ရင် ပိုပြီးကောင်းပါတယ်။ ဒီလိုဖြစ်ပေါ်လာဖို့ ပြည်သူအားလုံးက ကြိုဆိုရမယ်၊ အားပေးရမယ်၊ မှားတာ ချွတ်ချော်တာရှိရင် ထိန်းကျောင်းရမယ်၊ တစ်ခုခု သဘောမတွေ့တာနဲ့ လုံးဝ ဆန့်ကျင်ဖယ်ရှားတာမျိုးအထိ သဘောထား ပြင်းထန်ခြင်း မရှိကြဖို့ တိုက်တွန်းချင်ပါတယ်။ အခုအခြေအနေမှာလည်း ရခိုင်ဒေသတွင်းက ပြည်သူတွေအနေနဲ့စစ်ကို မလိုလားဘူးဆိုရင် စစ်မက်ဖြစ်ပွားစေနိုင်တဲ့ မည်သည် မူဝါဒနဲ့ လုပ်ဆောင်မှုမျိုးကိုမဆို AA အဖွဲ့ကဖြစ်စေ အစိုးရနဲ့ တပ်မတော်ဘက်ကဖြစ်စေ ဆောင်ရွက်လာမှု မှန်သမျှ ဆန့်ကျင်ကန့်ကွက်ပြီး ရပ်တည်ကြဖို့လိုပါတယ်။ အဲဒီလို ရပ်တည်နိုင်တဲ့ သဘောထားမရှိဘူးဆိုရင်တော့ စစ်ပွဲကို ထောက်ခံရာရောက်ပြီး အခုဖြစ်ပျက်နေသမျှတွေဟာလည်း ကိုယ်တိုင်ရွေးချယ်ထားတဲ့ အကျိုးအကြောင်းတရားတွေပဲဆိုတာ လက်ခံထားဖို့လိုပါတယ်။ ဒါကြောင့် ရခိုင်ပြည်နယ်ရော ကျွန်တော်တို့ မြန်မာနိုင်ငံကြီးတစ်ခုလုံးရော ငြိမ်းချမ်းရေးကို ဦးတည်နိုင်ဖို့၊ ကိုယ့်လူမျိုးကိုချစ်ပါ သို့သော် စစ်ကို ဆန့်ကျင်ကြပါ၊ လူမျိုးရေး မုန်းတီးမှုတွေကို ဖယ်ရှားပြီး အမှန်တရားကို ချစ်မြတ်နိုးပါ၊ မှားရင်မှားသလို မှားတဲ့ဘက်ကို ဆန့်ကျင်ရဲပြီး အမှန်တရားကို ဖော်ထုတ်ချပြနိုင်မှုတွေကို အားပေးပါ၊ ထောက်ခံပါ၊ အဲဒီလို စတင်ပြောင်းလဲပြီး ရခိုင်ပြည်နယ်တွင်းက ပြဿနာတွေကိုတစ်နိုင်ငံလုံး၊ တစ်မျိုးသားလုံး ပါဝင်ဖြေရှင်းနိုင်ဖို့ လမ်းဖွင့်ပေးကြပါစို့လို့ တိုက်တွန်းလိုက်ပါတယ်...။

သီဟသွေး