News

POST TYPE

OPINION

ရုန်းထွက်ရမည့် အဂတိလိုက်စားမှု မျှချေနွံတော
04-Apr-2019

အဂတိကော်မရှင်အနေနဲ့ ယခင်မတ်လ ၁၀ ရက်နေ့မှာ တနင်္သာရီ တိုင်းဝန်ကြီးချုပ် ဒေါ်လဲ့လဲ့မော် တရားစွဲဆိုခဲ့ပြီး နောက် သီတင်းသုံးပတ်အကြာ အခုဧပြီလ ၁ ရက်နေ့မှာတော့ အမှတ် (၂) သတ္တုတွင်း လုပ်ငန်းဦးဆောင်ညွှန်ကြားရေးမှူး ဦးသံဒိုင်ကို ထပ်မံ တရားစွဲဆိုနိုင်ခဲ့ပြန်ပါတယ်။ ဒါဟာ အဂတိကော်မရှင်ဥက္ကဋ္ဌရဲ့ စကားကိုယူပြောရရင် ငါးကြီးကြီးတွေကို ကြော်ပြလိုက်တာပါပဲ။ သူကိုင်တွယ် ကျင့်သုံးတဲ့ဥပဒေကို ၂၀၁၈ ခုနှစ်မှာ ပြင်ဆင်ပေးခဲ့ပြီးတဲ့နောက်ပိုင်းမှာ အစိုးရဌာနအတွင်းက နိုင်ငံရေး ရာထူးလက်ရှိရှိသူ၊ ဝန်ထမ်းအကြီးအမှူးဆိုသူ အဆင့်မြင့်ရာထူးရှိသူတွေ ဖြစ်ကြတဲ့ တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းဒေသကြီး ဥပဒေချုပ်နဲ့ ညွှန်ကြားရေးမှူးချုပ် (ဦးဆောင် ညွှန်ကြားရေးမှူးချုပ်)နှစ်ဦးတို့အပေါ် စစ်ဆေးဖော်ထုတ်ကာ အမှုဖွင့် အရေးယူနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။ ဒါ့အပြင် အဂတိ ကော်မရှင်အနေနဲ့ ၂၀၁၈ ခုနှစ်အတွင်းမှာ အဂတိလိုက်စားတယ်လို့ ခိုင်လုံတဲ့ အထောက်အထား ရှိတဲ့သူ ဝန်ထမ်း ၄၆ ဦးကို တရားစွဲဆို တင်ပို့နိုင်ခဲ့သလို ထိုသူများကို စစ်ကြောချက်အရ ရာထူးငယ်သူများသာမက ကြီးသူများပါ သူတို့ကျူးလွန်ခဲ့တဲ့ လုပ်ဆောင်မှုတွေဟာ အဂတိပြစ်မှုဖြစ်မြောက်ခြင်းသဘာဝကို သေသေချာချာ နားမလည်ခဲ့ကြဘူးလို့ ဆိုပါတယ်။ ဒါကို ကြည့်ခြင်းအားဖြင့် အစိုးရဌာနအတွင်းက ဝန်ထမ်းတွေအကြားမှာ အဂတိ လိုက်စားမှုဆိုတာ သာမန် ထမင်းစားရေသောက်ကိစ္စမျိုးလိုပဲ အမြစ်တွယ်နေခဲ့ပြီး ရပိုင်ခွင့်တစ်ရပ်လို့တောင် ထင်နေကြတာ ကြာနေပြီမို့ မဖြစ်တန်ရာဆိုတဲ့ အတွေးဓာတ်ခံတွေ ရှိနေကြောင်းလည်း တွေ့ရှိရတယ်လို့ အဂတိကော်မရှင်ဥက္ကဋ္ဌက မတ်လ ၂၃ ရက်နေ့က ပုသိမ်မှာပြုလုပ်တဲ့ အလုပ်ရုံ ဆွေးနွေးပွဲမှာ ဖော်ထုတ် သတိပေးသွားခဲ့တာ ကြားမိပါသေးတယ်။

ဒီအတွက် ကော်မရှင်ဥက္ကဋ္ဌကတော့ ဌာနဆိုင်ရာတွေက လုပ်ပိုင်ခွင့် အာဏာရှိသူတွေအနေနဲ့ အဂတိလိုက်စားမှုကို တိုက်ဖျက်ဖို့ ဒါမှမဟုတ် ကာကွယ်တားဆီးဖို့ဆိုရင် ပုံမှန်စည်းစိမ်ခံ သက်သောင့်သက်သာနယ်မြေ (Comfort Zone) အတွင်းမှာသာနေပြီး လုပ်လို့မရကြောင်းနဲ့ ဖြောင့်မတ်မှန်ကန်တဲ့ ပြင်ပက စီးပွားရေးလုပ်ငန်းရှင်တွေအပြင် ဒီအဂတိလိုက်စားမှု ဒဏ်ရာဒဏ်ချက်တွေကြောင့် နစ်နာခဲ့ရတဲ့ ပြည်သူများနဲ့ပါ တစ်ခဲနက် ပူးပေါင်းပါဝင်တိုက်ဖျက်မှသာ အောင်မြင်နိုင်မယ်လို့လည်း သူက ဆိုထားပါတယ်။ လက်ရှိအနေနဲ့ တစ်နိုင်ငံလုံးမှာ အဂတိလိုက်စားမှုဟာ ပျံ့နှံ့ဖြစ်ပေါ်နေပြီး အချို့မှာ အဂတိလိုက်စားမှုအပေါ် ပင်ကိုရိုးသားဖြူစင်တဲ့စိတ်နဲ့ စွဲမြဲစွာ ဆန့်ကျင်နေသူများရှိသော်လည်း အချို့မှာမူ ရာထူးဌာနန္တရအခွင့်အာဏာကို ခုတုံးလုပ်ပြီး လာဘ်သပ်ပကာ စီးပွားဥစ္စာ အပေးအယူများနဲ့ သူ့ဘာသာသူ မျှခြေဖြစ်နေသော အဂတိလိုက်စားမှု (Corrupt Equilibrium) နွံတောအတွင်း နစ်မြုပ်နေသူများလည်း ရှိကြတယ်လို့ သူ့စစ်ကြောမှု အတွေ့အကြုံအရ သုံးသပ်ပြခဲ့ပါတယ်။

ဒီအတွက် ဒီနေ့ အချိန်အခါမှာတော့ တစ်ဖက်ကလည်း ဒီအဂတိလိုက်စားမှုစနစ်ဆိုးကို တိုက်ဖျက်ဖို့အတွက် တားဆီးကာကွယ်ရေးအဖွဲ့ (CPU) များကို ဝန်ကြီးဌာန ၁၅ ခုမှာ စတင်ဖွင့်လှစ် အကောင်အထည် ဖော်နေပြီလို့ဆိုထားသလို ပြည်ထောင်စု အစိုးရအဖွဲ့ရုံးဝန်ကြီးဌာနအနေနဲ့ တောင်သူရဲ့ အထွေထွေ အုပ်ချုပ်ရေးဌာနတွေထဲမှာလည်း အဂတိတားဆီးကာကွယ်ရေးအဖွဲ့ (CPU) ကို ထပ်မံ ဖွဲ့စည်းဆောင်ရွက်သွားမယ်လို့ ဝန်ကြီးက ဧပြီလ ၁ ရက်နေ့ ဧရာဝတီတိုင်းဒေသကြီးခရီးစဉ်မှာ ထည့်သွင်းပြောကြားခဲ့တာလည်း လေ့လာမိပါတယ်။ လက်ရှိအစိုးရအနေနဲ့ သူ့ရဲ့ အစိုးရဌာနတွေအတွင်းမှာ တစ်ဖက်က တားဆီးကာကွယ်ရေးအဖွဲ့ (CPU) အရှိန်အဟုန်မြှင့် ဆောင်ရွက်နေတယ် ဆိုပေမယ့်လည်း တစ်ဖက်မှာတော့ အမြစ်တွယ်ပြီး ဌာနဆိုင်ရာ မိရိုးဖလာ လုပ်ငန်းတစ်ခုလို ပေါ့ပေါ့ပါးပါး ပြောဆိုလုပ်ကိုင် အမွေဆက်ခံကြရင်းနဲ့ နောက်ဆုံးတော့ အခုလို ကျော်မကောင်း ကြားမကောင်း ဂုဏ်သိက္ခာတွေကျ၊ မိသားစုဘဝတွေပါ နာမည်ပျက်ကြရင်းဖြင့်သာ အဂတိနွံထောင်ချောက်အတွင်း သက်ဆင်းနေကြရတာတွေလည်း ဖြစ်နေဆဲ၊ တွေ့နေမြင်နေ၊ အရေးယူနေကြရဆဲပါပဲ။

ဒီအတွက် ဌာနဆိုင်ရာတွေ အလိုက်ရှိကြတဲ့ နိုင်ငံ့ဝန်ထမ်းကောင်းတွေအနေနဲ့ သေးငယ်တဲ့ အဂတိလိုက်စားမှုတွေကို တာဝန်သိစိတ်နဲ့ ဖော်ထုတ်ပြီး ဌာနအကြီးအကဲထံ တင်ပြပေးရေး၊ ကိန်းဂဏန်း ကြီးမားများပြားတဲ့ အဂတိလိုက်စားမှုတွေအတွက်တော့ ဌာနတွေကတစ်ဆင့် အဂတိ ကော်မရှင်ထံကို လွှဲပြောင်းပေးရေးနဲ့ ဌာနတိုင်းကိုယ်စီက ကျင့်သုံးနေကြတဲ့နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်း၊ စည်းမျဉ်းစည်းကမ်း၊ အမိန့်ညွှန်ကြားချက်တွေမှာ အဂတိလိုက်စားမှုဖြစ်နိုင်ခြေအန္တရာယ်တွေ တွေ့ရှိရင် ဆိုင်ရာကိုတင်ပြသွားကြရေး ကော်မရှင်ဥက္ကဋ္ဌက ဌာနဆိုင်ရာတွေကို တိုက်တွန်းထားတာလည်း မြင်မိပါတယ်။ ဌာနများအတွင်း အဂတိလိုက်စားမှုတစ်ခုခုကြောင့် ဆုံးရှုံးခဲ့ရသည့် နိုင်ငံ့ဘဏ္ဍာများ အလေအလွင့်မရှိဘဲ ပြန်လည်ရရှိဖို့ ခက်ခဲသွားမယ်ဆိုရင် ပြည်သူတစ်ရပ်လုံးရဲ့ ဝန်ထမ်းတွေအပေါ် ယုံကြည်မှုဟာ ကျဆင်းသွားနိုင်မှာဖြစ်ပါတယ်။ အမှန်တော့ ဒီအဂတိ လိုက်စားမှုဆိုတာ နိုင်ငံတစ်ခု ဖွံ့ဖြိုးတိုးတက်ဖို့အတွက် အဓိကကျတဲ့ အဟန့်အတားတစ်ခုဖြစ်သလို အဂတိလိုက်စားမှုတွေများခဲ့လို့ ယနေ့နိုင်ငံတော်ရဲ့ အခြေအနေကလည်း ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံ (Lower Development Country- LDC) ဖြစ်နေရတာပဲ ဖြစ်ပါတယ်။

နိုင်ငံ့ဝန်ထမ်းတွေ အဂတိကင်းရှင်းစေရေးနဲ့ ပတ်သက်ပြီး ပြီးခဲ့တဲ့နှစ် ဇူလိုင်လ ၁၂ ရက်နေ့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်က “စိန်ခေါ်မှုတွေအနက် အဓိက အကျဆုံးကတော့ အဂတိလိုက်စားမှုပဲ ဖြစ်ပါတယ်။ အဂတိလိုက်စားမှုဟာ တိုင်းတာဖို့ခက်ခဲသလို သတိပြုမိဖို့လည်း ခက်ပါတယ်။ ဒီကိစ္စဟာ ပြဿနာတစ်ခုအဖြစ် တည်ရှိနေသေးတာကတော့ ယုံမှားသံသယ မရှိနိုင်ပါဘူး။ အဂတိလိုက်စားမှုဟာ အယုံအကြည်ရှိမှု၊ ကောင်းမွန်တဲ့ အုပ်ချုပ်မှုနဲ့ ပြည်သူ့ဝန်ထမ်း ယန္တရားကြီးတစ်ခုရဲ့ ဂုဏ်ရှိမှုတို့ကို တိုက်စားဖျက်ဆီးပါတယ်”လို့ ပြောကြားသွားခဲ့တာကိုလည်း ပြန်အမှတ်ရမိပါတယ်။ အမှန်ဆိုရရင် အဂတိလိုက်စားမှုဆိုတာ နိုင်ငံတစ်နိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်ရေးနဲ့ နိုင်ငံသားများရဲ့ အခွင့်အရေး၊ ရပိုင်ခွင့်များကို ထိခိုက်စေသကဲ့သို့ ဒေသတွင်း အဖွဲ့အစည်းများ၊ နိုင်ငံရေး အဖွဲ့အစည်းများ၊ လူမှုရေးအဖွဲ့အစည်းများ၊ စီးပွားရေးအဖွဲ့အစည်းများ စတဲ့ လူမှုအသိုင်းအဝိုင်းမှာ မလိုလားအပ်သော အရှုပ်အထွေးများကို ဖြစ်ပေါ်စေတတ်တာကို သတိချပ်ကြရမှာ ဖြစ်ပါတယ်။

တစ်ဖက်ကကြည့်ရင်လည်း အဂတိလိုက်စားမှု ပြဿနာကြောင့် နိုင်ငံတစ်ခုရဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုများ၊ ပြည်သူ့ရေးရာ ဝန်ဆောင်မှု လုပ်ငန်းများအတွက် အနုတ်လက္ခဏာဆောင်သော ဆိုးကျိုးများကို ဖြစ်ပေါ်စေတဲ့အပြင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများကို တိုက်ရိုက်ထိခိုက်စေနိုင်ပါတယ်။ နိုင်ငံတစ်နိုင်ငံအနေနဲ့ နိုင်ငံပိုင် သယံဇာတများပြီး စီးပွားရေး အကျိုးအမြတ်ရနိုင်တဲ့ လုပ်ငန်းများလေလေ အဂတိလိုက်စားမှုပိုကြီးလေ လေဖြစ်တဲ့အပြင် အဂတိလိုက်စားမှုကြောင့် နိုင်ငံသားများအကြားမှာ ဝင်ငွေ မညီမျှမှုတွေ၊ ဆင်းရဲချမ်းသာကွာဟမှု ကြီးမားမှုတွေ၊ ငွေကြေး ဖောင်းပွမှုနှုန်းကို မြင့်တက်စေတာတွေ ဖြစ်ပေါ်လာလေ့ရှိပါတယ်။

တစ်ဖက်က သီအိုရီကိုကြည့်မယ်ဆိုရင်လည်း ဒီမိုကရေစီစနစ်ကို ခိုင်မာအောင် တည်ဆောက်တော့မယ်ဆိုရင် သူ့အတွက် အဓိကကျတဲ့ ဒေါင့်တိုင်ကြီးတွေ လိုပါတယ်။ ဒါကတော့ ဒီမိုကရေစီနည်းကျ ဘက်လိုက်မှုကင်းကင်းနဲ့ ပြည်သူ့ကိုယ်စားလှယ်တွေကို ကနဦးရွေးပေးရတဲ့ ရွေးကောက်ပွဲကော်မရှင်၊ ဒုတိယက နိုင်ငံသားတွေရဲ့ အခွင့်အရေးနဲ့ ရပိုင်ခွင့်တွေ မဆုံးရှုံးရကြစေဖို့ စောင့်ကြည့်ထိန်းညှိပေးမယ့် အမျိုးသား လူ့အခွင့်အရေး ကော်မရှင်၊ နောက် တတိယကတော့ အုပ်ချုပ်သူတွေနဲ့ ပြည်သူတွေအကြား ထားရှိတဲ့ စည်းမျဉ်းဥပဒေတွေအပေါ် အငြင်းပွားလာခဲ့မယ်ဆိုရင် ကြားကျကျ အဂတိကင်းကင်းနဲ့ ဆုံးဖြတ်ပေးမယ့် ဖွဲ့စည်းပုံအခြေခံ ဥပဒေခုံရုံးနဲ့ နောက်ဆုံးတစ်ခုကတော့ အုပ်ချုပ်သူ အစိုးရဘက်ရော ပြင်ပက ပြည်သူတွေအကြားမှာပါ နှစ်ဖက်စလုံးက ကျူးလွန်ကြတဲ့ လာဘ်ပေး လာဘ်ယူမှုတွေကို စုံစမ်းဖော်ထုတ်ပြီး ဘက်မလိုက်ဘဲ ဆုံးဖြတ်အရေး ယူပေးမယ့် အဂတိကော်မရှင်တို့ပဲ ဖြစ်ပါတယ်။ ဒီဒေါင့်တိုင်ကြီးတွေက အစိုးရရဲ့ ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေးယန္တရားမှာ ပါဝင်တဲ့ ပြည်သူ့ဝန်ထမ်းတိုင်းကို အဂတိတရား ကင်းရှင်းစွာ ဆောင်ရွက်ကြဖို့ စောင့်ကြည့်လေ့လာ အကဲဖြတ်နေကြလေ့ရှိပါတယ်။

ဒီအတွက်ပဲ ဒီမိုကရေစီစနစ်ကို စတင်ကျင့်သုံးခါနီးကာလ ၂၀၁၀ ခုနှစ်မှာဆိုရင်တော့ ပြည်သူ့ဝန်ထမ်းတွေ ဖြစ်လာမယ့် အစိုးရတာဝန်ရှိ ပြည်ထောင်စုအဆင့် ပုဂ္ဂိုလ်တွေဖြစ်တဲ့ သမ္မတကစလို့ ဝန်ကြီးဝန်လေးပါမကျန် လွှတ်တော်ကိုယ်စားလှယ်အားလုံးကို အဂတိမလိုက်စားရအောင် လစာသိန်း ၅၀ ကနေ ၁၀ သိန်းအထိနဲ့ ခံစားခွင့်စရိတ်အပြင် အဆောင် အယောင်တွေကိုပါ ဥပဒေတစ်ရပ်နဲ့ ပီပီပြင်ပြင် အပ်နှင်းခံစားထားစေခဲ့တာကို သိရှိကြပြီးလည်းဖြစ်မှာပါ။ အစိုးရဌာနတွေက နိုင်ငံ့ဝန်ထမ်းတွေအတွက်တော့ လစာစရိတ်ကို သင့်တင့်တဲ့ ပမာဏသာ ခံစားစေပြီး ၂၀၁၁ ခုနှစ်အစ ပါတီစုံဒီမိုကရေစီစနစ် စတင်ကျင့်သုံးခြင်းနှင့်အတူ ပြောင်းလဲလာတဲ့ နိုင်ငံရေးအခြေအနေမှာတော့ ဒီအဂတိလိုက်စားမှု ပြဿနာတွေ ကို ထိထိရောက်ရောက် ကိုင်တွယ်ပြီး တိကျတဲ့ အရေးယူမှုတွေ ပြုလုပ်ဖို့အတွက် လွှတ်တော်က အဂတိလိုက်စားမှု ဥပဒေတစ်ရပ်ကို ပြဋ္ဌာန်းပေးခဲ့သလို ကော်မရှင်ကိုလည်း ၂၀၁၄ ခုနှစ် မတ်လမှာ ဖွဲ့စည်းပေးခဲ့တာ လေ့လာမိရပါတယ်။

ဒီကော်မရှင်ကို ဘာဖြစ်လို့ ဖွဲ့စည်းထားကြရတာလဲဆိုတာကို ကြည့်တဲ့အခါမှာလည်း ဒီအဂတိလိုက်စားမှုဆိုတဲ့ လာဘ်ပေး လာဘ်ယူမှုတွေကို အမျိုးသားရေး တာဝန်တစ်ရပ်အဖြစ် ဆောင်ရွက်ဖို့၊ သန့်ရှင်းတဲ့အစိုးရနဲ့ ကောင်းမွန်တဲ့ အုပ်ချုပ်ရေးစနစ် ဖြစ်ထွန်းဖို့၊ အုပ်ချုပ်ရေးဌာနတွေမှာ ဂုဏ်သိက္ခာနဲ့ တာဝန်ယူနိုင်မှု မြင့်မားတိုးတက်လာစေဖို့၊ နိုင်ငံတော်ပိုင် ပစ္စည်းများနဲ့ နိုင်ငံသားများရဲ့ အကျိုးစီးပွားကို မထိခိုက်ဖို့၊ လာဘ်ပေးလာဘ် ယူကျူးလွန်သူများကို ထိရောက်စွာ အရေးယူနိုင်ဖို့တို့ဆိုတဲ့ အချက်တွေနဲ့ ရည်ရွယ်ဖွဲ့စည်းကြရခြင်းပဲ ဖြစ်ပါတယ်။ သမိုင်းကြောင်းတွေအရ ပြောရရင် ဒီအဂတိလိုက်စားခြင်းဆိုတာ လူတစ်ယောက်ရဲ့ မျိုးရိုးစဉ်ဆက် ချမ်းသာအောင်လုပ်ပေးနိုင်တဲ့ ကျင့်စဉ်တရားလို့တောင် ထင်မှတ်မှားနေကြတဲ့အထိကို ဖြစ်နေခဲ့ရတဲ့ အခြေအနေတွေကို သမိုင်းသက်သေတွေက ပြောပြထားပါတယ်။ ရိုးရိုးကျင့် မြင့်မြင့်ကြံဆိုတဲ့ လူငယ်တစ်ဦးဟာ သမီးရှင်တွေအကြိုက် မဖြစ်ခဲ့တဲ့အထိ အဂတိတရားက အမိုက်မှောင်တွင်းထဲကို ဆွဲချခြင်းခံနေကြရရှာပါတယ်။

အကျင့်ပျက်ခြစားပြီး လစာထက်ကျော်လွန်ကာ လာဘ်လာဘ ပေါများတဲ့သူ တစ်ဦးတစ်ယောက်ကို သမက်တော်ဖို့ မျက်စိကျကြတဲ့ လူ့ဝန်းကျင်ဖြစ်လာခဲ့ပါတယ်။ အဂတိတရား လိုက်စားတာကို ရှက်စရာ အမူအကျင့်တစ်ခုအဖြစ်တောင် စွဲမှတ်မထင်ကြတဲ့ လူ့ဝန်းကျင် အသိုင်းအဝိုင်း ဖြစ်နေခဲ့တာပါ။ အာဏာကို လုပ်ပိုင်ခွင့်အဖြစ် ပြောင်းလဲမြင်ပြီး ကိုယ်ကျိုးအတွက် စီးပွားရှာကြရင်း နိုင်ငံ့ခေါင်းဆောင်လုပ်ခဲ့တဲ့ သူတွေ၊ နိုင်ငံ့ဝန်ထမ်း အကြီးအကဲ လုပ်ခဲ့တဲ့သူတွေ အားလုံးလိုလို ချမ်းသာကြီးပွားသွားခဲ့တာက သက်သေထူပြခဲ့တာ အားလုံး သိကြတဲ့အတိုင်းပါပဲ။ အချို့ အဂတိလိုက်စားမှုတွေဆိုရင် သတင်းအဆင့်အတန်း မခိုင်လုံမှုနဲ့ သက်သေ အထောက်အထားတွေ ထင်ထင်ရှာရှား မပြသနိုင်သေးတာကလွဲလို့ ပြည်သူတွေအကြားမှာတော့ သတင်းတွေ ထွက်နေတာတွေ ရှိခဲ့ပါတယ်။

ဒီအတွက်ပဲ နိဂုံးချုပ်အနေနဲ့ သုံးသပ်ကြည့်ရရင် နိုင်ငံသားအများ စုက အလုပ်အကိုင်ရှားပါးပြီး ပြည်ပထွက် အလုပ်လုပ်နေကြရချိန်၊ တောင်သူလယ်သမားအများစုက သူတို့ ထွက်ကုန်တွေ ဈေးကျပြီး အရောင်းအဝယ် အေးနေချိန်၊ အောက်ခြေက နိုင်ငံ့ဝန်ထမ်းအငယ်တွေနဲ့ ပြင်ပက အလုပ်သမားတွေအနေနဲ့ တစ်နေ့တာ လုပ်ခလစာ နည်းပါးနိမ့်ကျနေချိန်၊ နိုင်ငံအနေနဲ့ အရှေ့တောင်အာရှမှာ ဖွံ့ဖြိုးမှုအနောက်ကျဆုံးနဲ့ ဆင်းရဲစာရင်းဝင်နေချိန်မှာ လစာထက်ပိုတဲ့ အခြားသော အထူးအခွင့်အရေးတွေဖြစ်တဲ့ အခုလို ရာထူးအာဏာကို တလွဲအသုံးချတာတွေပြီး ရရှိလာတဲ့ ငွေကြေးအိုးအိမ် စည်းစိမ်တွေကိုလည်း မခံစား မစံစားမိကြဖို့၊ မမက်မော မသာယာ မမိန်းမောမိကြဖို့ အထူးလိုလာနေပါတယ်။

ယနေ့ဖြစ်ပေါ်နေတဲ့ အခြေအနေ အရပ်ရပ်ရဲ့ အားနည်းချက် မှန်သမျှကို ပြန်ကောက်လိုက်ရင် အစိုးရယန္တရားအတွင်းက ဌာနတွေရဲ့ ဘတ်ဂျက်စနစ်တွေ ပွင့်လင်းမြင်သာဖို့၊ တင်ဒါစနစ်တွေ အဂတိကင်းဖို့နဲ့ လာဘ်ပေးသူရော လာဘ်ယူသူကိုပါ ထိထိရောက်ရောက် ဖော်ထုတ်ပြီး အရေးယူပေးဖို့၊ ဒါ့အပြင် ယခင်ခေတ်ဟောင်း စနစ်ဟောင်းက တိုင်ကြားလာမှသာ အရေးယူလို့ရတယ် ဆိုတဲ့ဘောင်က ကျော်လွန်ပြီး မတိုင်ကြားသော်လည်း တိုးတိုးတိတ်တိတ် လက်သိပ်ထိုး အပေးအယူစနစ်နဲ့ အလုပ်ဖြစ်နေတဲ့သူတွေ၊ အဂတိလိုက်စားမှုဆိုတဲ့ အလုပ်နဲ့ယဉ်ပါးပြီး လုပ်ငန်းကျွမ်းကျင်နေတဲ့သူတွေကို ဖော်ထုတ် အရေးယူဖို့လည်း လိုလာနေပါတယ်။ ဒီလို ဖော်ထုတ်အရေးယူနိုင်ဖို့ဆိုရင် အဂတိကော်မရှင်ဥက္ကဋ္ဌပြောသလို သက်သေသာဓက အထောက်အထား မှန်မှန်ကန်ကန်နဲ့ တင်ပြတတ်ကြဖို့၊ ဒီအပေါ်မှာလည်း ကျန်တဲ့ဝန်ထမ်းအားလုံး၊ ပြင်ပက စီးပွားရေးလုပ်ငန်းရှင်အားလုံးက ပါဝင်ပူးပေါင်းကြရင်းဖြင့် အဂတိလိုက်စားမှုမျှခြေ (Corrupt Equilibrium) နွံတောအတွင်းက လွတ်အောင် ရုန်းထွက်ကြစေလိုပါကြောင်းနဲ့ ဒီလို ပူးပေါင်းဖော်ထုတ်ပြီး ရုန်းထွက်မှသာ အချို့သော အပ်နှင့်ထွင်းရမယ့်ကိစ္စတွေကို ကာကွယ်နိုင်မှာဖြစ်ပြီး အခုလို တိုင်းသိပြည်သိ အရှက်တကွဲ အကျိုးနည်းဖြစ်ကာ လူသားအရင်းအမြစ် ဆုံးရှုံးခြင်းအဖြစ်မှ ကင်းဝေးမှာ အမှန်လည်းဖြစ်ပါကြောင်း စိတ်ကောင်းစေတနာဖြင့် တိုက်တွန်းရေးသားတင်ပြလိုက်ရပါတယ်။ အဂတိကင်းတဲ့ လူ့ဝန်းကျင်တစ်ရပ် အမြန်ပေါ်ပေါက်ပါစေ။

သန်းဖြိုးနိုင်