News

POST TYPE

OPINION

နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးဆီသို့ ၄ အပိုင်း (၂)
28-Jul-2016

အဂတိ တရားများ ဖြတ်တောက်ရေး


ဒီမိုကရေစီ အစိုးရသစ် လက်ထက်မှာ အဂတိတရားတွေကို အဓိက ဖြတ်တောက်ရမှာပါ။ ဒီနိုင်ငံရဲ့ အဂတိတရားက လက်နက်ကိုင်ရော၊ မကိုင်ရော ဌာနဆိုင်ရာ အားလုံးလိုလို အာဏာနဲ့ လုပ်ပိုင်ခွင့်ရှိသူ မည်သည့် အဆင့်မဆို ကျူးလွန်နေကြတာပါ။ အနည်းစုကတော့ ကောင်းကြမှာပါ။ ဒါကြောင့် နှစ်ပေါင်းများစွာ အမြုတေအဖြစ် သန္ဓေတည်လာတဲ့ ဗျူရို ကရေစီ ယန္တရားရဲ့ ကြိုးနီစနစ် အားလုံးကို ဖြတ်တောက်ကြရမှာ။ ငွေများ တရားနိုင်သလိုမို့ တရားဥပဒေ စိုးမိုးမှုပင် နည်းပါးလွန်းလို့ နိုင်ငံ တိုးတက်အောင် မနည်း ကြိုးပမ်းကြရမှာပါ။

ဘယ်လောက်များ အဂတိတရား ကြီးစိုးနေသလဲဆိုရင် ၂၀၁၃ ခုနှစ် ဒီဇင်ဘာလ ပြည်သူ့ငွေစာရင်း ပူးပေါင်း ကော်မတီ အစီရင်ခံစာ၊ ပြည်သူ့ လွှတ်တော် တရားစီရင်ရေး ဥပဒေရေးရာနှင့် တိုင်ကြားစာများ၊ အသနား ခံစာများ စိစစ်ရေး ကော်မတီဥက္ကဋ္ဌ သူရဦးအောင်ကို တင်ပြချက်မှာ အောက်ပါတို့ကို ဖော်ပြခဲ့ပါတယ်။

“အစိုးရဝန်ကြီးဌာနများ၊ တိုင်းဒေသကြီး ပြည်နယ် အစိုးရများထံ သို့ နိုင်ငံတော်က အပြည့်အဝ သတ်မှတ်ပေးသော်လည်း အောက်ခြေ ပြည်သူလူထုထံ အမှန်တကယ် ရောက်ရှိသည့် ပမာဏမှာ ခွင့်ပြုပေးသော ဘတ်ဂျက်၏ ရာခိုင်နှုန်း ၄၀ ခန့်သာ ရှိကြောင်း၊ ၆၀ ရာခိုင်နှုန်းကတော့ အဆင့်ဆင့် ဖြတ်တောက်ပြီး တရားဝင်ရော၊ တရားမဝင်ရော လေလွင့် ကုန်တာ များပါတယ်။ ဌာနတိုင်းလိုလိုပါပဲ”

ပထမဦးစွာ နိုင်ငံတော်ရဲ့ အခြေအနေမှန်ကို ဒီလိုဖော်ထုတ်ပြောဆို သူကို NLD အစိုးရက နေရာပေးတဲ့အတွက် များစွာ နှစ်ထောင်းအားရ ရှိကြပါတယ်။နိုင်ငံတော် သမ္မတအဖြစ် ရွေးချယ် တင်မြှောက်ခံရသူ ဦးထင်ကျော်က မတ်လ ၂၁ ရက်နေ့ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးမှာလည်း အောက်ပါတို့ကို ပြောကြားခဲ့တာကိုလည်း ဝန်ထမ်းစု တစ်ရပ်လုံး သတိမူကြရပါမယ်။

“နိုင်ငံဝန်ထမ်းများ အနေနဲ့ ဥပဒေ စည်းမျဉ်းစည်းကမ်းများနဲ့  ညီညွတ်ခြင်းရှိတဲ့ အလုပ်အကိုင်တွေကိုသာ လုပ်ကိုင်မည်ဆိုပါက အလုပ်လက်မဲ့ ဖြစ်စရာအကြောင်း လုံးဝ မရှိပါကြောင်းကို ပြောကြားလိုပါတယ်”

ယင်းစည်းကမ်း မညီသူတွေကတော့ သတိထားရမယ့်အချိန် ရောက်နေပြီပြီပဲ။ အဂတိတရား မြစ်ဖျားခံတာက ဝန်ထမ်း အဖွဲ့အစည်းရဲ့ ထိပ်ဆုံးမှသည် အောက်ခြေအထိ တာဝန် လုပ်ပိုင်ခွင့်ရှိ ဝန်ထမ်းများ၊ ၎င်းတို့ရဲ့ ခိုင်မြဲနေတဲ့ ကြိုးနီစနစ်နဲ့ ပြည်သူလူထုရဲ့ ဆက်ဆံရေး ဖြစ်ပါတယ်။ ပြည်သူ့ ဆေးရုံသွားလျှင်ပင် ကြာမှာစိုးလို့ အပေါက်စောင့်ပေးရ၊ ဌာနဆိုင်ရာ လုပ်ငန်းကလည်း ငွေမပါလျှင် နှောင့်နှေး၊ ဒါက သာမန်အသေးအဖွဲ။ အကြီးအကဲများကတော့ များလိုက်တဲ့ လုပ်ပိုင်ခွင့်တွေ၊ အခွန်နည်းနည်း ဆောင်ချင်ရင်လည်း ပေးရမှာပါ။ မန္တလေးမှာတော့ အိမ် ခြံ မြေ စည်းကြပ်ခွန်တွေက တစ်ဧက သတ်မှတ် စံနှုန်းတွေနဲ့။ ဒါဟာ နိုင်ငံဘဏ္ဍာ ရရှိရေး နည်းလမ်းတွေပါပဲ။ သို့သော် အနိမ့်ဆုံး စံနှုန်းနဲ့ အမြင့်ဆုံး စံနှုန်းဆိုပြီး လမ်း ၃/၄ ပြ ကြားမှာကိုပဲ ဂယ်ပေါက်ကြီးထားတဲ့အတွက် အခွန်နည်းနည်း ဆောင်ချင်လျှင် ပေးကိုပေးရမှာပါ။ ဒါဆို အဂတိ ဘာနဲ့ ကင်းလေမလဲ။ ဘယ်ဌာနမှ မလွတ်။ အားလုံး တောင်းနေကြတာကို ပြင်ပေးရမှာ။ ဖားကန့်မြေစာပုံ ကျောက်သယ် မြေသယ်ယာဉ် အစီး ၄၀၀၀ ကျော်တောင် ရှိတယ်ဆိုပဲ။ နိုင်ငံတော်အဆင့် အသိမပေးလို့ တာဝန်ရှိ ညွန်ကြားရေးမှူးချုပ်အဆင့် ၂ ဦးကို ပင်စင်ပေးဆိုပဲ။ ဒါလောက်နဲ့တော့ မရ။ မည်သူမျှ အတောင်းအရမ်း အလှူခံ ရပ်ကြမည် မဟုတ်။ ထိရောက်တဲ့ အရေးယူမှုနဲ့ ပြင်ရမှာပါ။

ဝန်ထမ်းအဖြစ်မှ ဖြုတ်သင့်ရင် ဖြုတ်၊ ပင်စင် ပေးသင့်ရင် ပေး၊ သတိ ပေးသင့်ရင် ပေးပေါ့။ လိုအပ်ရင် ဥပဒေအရလည်း အရေးယူပေါ့။ ဌာနဆိုင်ရာ ဝန်ထမ်း အားလုံးအပေါ် ဥပဒေနဲ့အညီ မလုပ်ကိုင်ရင် လာဘ်ပေး လာဘ်ယူပါနေသေးရင် အရေးယူတာ အားမနာပါနဲ့လို့ ပြောရမှာ။ အပြစ်တွေ့လျှင် ဖြုတ်၊ ထုတ်၊ သတ်နည်းတွေ ကျင့်သုံးပါမှ အဂတိတရားတွေ လျော့နည်းလာမှာပါ။ ဒါမှလည်း နိုင်ငံတိုးတက်ရေးအတွက် လုပ်အားစွမ်းအားပြည့် အသုံးချရေး စိတ်ဝင်စားကြမှာပါ။

များလိုက်တဲ့ ဦးစီးဌာနတွေ၊ ညွှန်ချုပ်တွေ၊ ရုံးပိတ်ရက်တွေ

ဝန်ကြီးဌာနအလိုက် ဦးစီးဌာနတွေက များလိုက်တာ။ ဦးစီးဌာနများလေ ညွှန်ကြားရေးမှူးချုပ် အဆင့်တွေ များလေပါပဲ။ ဒါကိုလည်း လေ့လာ စိစစ်ရေးအဖွဲ့ ဖွဲ့စည်းပြီး လေ့လာသင့်ပါတယ်။ မလိုအပ်ဘဲ အရမ်း များနေတာမျိုး တွေ့ရမှာပါ။ ဦးစီးဌာနများကိုလည်း ပေါင်းသင့်ရင် ပေါင်း၊ ဖျက် သင့်ရင် ဖျက်၊ ပင်စင်ပေးသင့်သူ ပေး လုပ်ကြရမယ် ထင်ပါတယ်။ လုပ်ငန်းခွင်မှာ တစ်ရက် ဘယ်နှနာရီ အလုပ် လုပ်ကြသလဲဆိုတာ လေ့လာသင့်တယ်။ တစ်နေ့ သာမန် အလုပ်ချိန် ၈ နာရီကို ၁ နာရီ ၂ နာရီ လုပ်ရုံနဲ့ ပြီးတယ်ဆိုရင်တော့ ဖုံးကွယ် အလုပ်လက်မဲ့ (Disguised Unemplopyment)လို့ ပြောရမှာ။ နိုင်ငံတော်အတွက် လစာတွေပဲ ကုန်နေမှာ။ ဒါကြောင့် လုပ်ငန်းခွင်ရှိသော်လည်း အလုပ် တာဝန်နည်းတဲ့ ပုဂ္ဂိုလ်များကိုလည်း စက်ရုံ၊ အလုပ်ရုံသို့ ပို့ပြောင်း စီရင်ရမှာပါ။ ဒါမှပဲ ပိုလျှံတဲ့ လုပ်အားတွေဟာ အလဟဿ မဖြစ်ဘဲ နိုင်ငံအတွက် ဖြစ်လာစေမှာပါ။ ဒီနှစ်ဆိုရင် ရုံးပိတ်ရက်ဟာ ၁၁၂ ရက် ရှိတာမို့ စဉ်းစားကြည့်ကြပါ။

၂၀၁၆ ခုနှစ် ပြည်ထောင်စု၏ အခွန်အကောက် ဥပဒေ

ယင်းဥပဒေ ပြဋ္ဌာန်းလိုက်တဲ့အတွက် ယင်းဥပဒေအပိုဒ် ၁၉ (က) အရ ဝန်ထမ်းများအတွက် အားသာချက်အဖြစ် လစာမှ တစ်နှစ်အတွင်း ဝင်ငွေ ကျပ် ၄၈ သိန်းအထိ ရရှိသူဖြစ်လျှင် မည်သူ့ကိုမျှ ဝင်ငွေခွန်စည်း ကြပ်ခြင်း မပြုရဟု ပါရှိတဲ့အတွက် နိုင်ငံဝန်ထမ်းများအဆင့် ၁ မှ ၁၂ ထိ လစာ ၁၂၀,၀၀၀ ကျပ်မှ ၄၀၀,၀၀၀ ကျပ်အထိသာ ရရှိတာမို့ ၁၊ ၄၊ ၂၀၁၆ မှစ၍ ဝင်ငွေခွန် သက်သာခွင့် အားသာချက် ရရှိကြမှာပါ။ ညွှန်ကြားရေးမှူးချုပ်အဆင့် ဝန်ထမ်းအဆင့် ၁၃ သာလျှင် ဒီဥပဒေနဲ့ အကျုံးဝင်မှာပါ။ ဝန်ထမ်းများ အများစုအတွက် အားသာချက်ပေါ့။

ဝင်ငွေခွန် ဥပဒေပုဒ်မ ၂၄ ကိုတော့ ဘဝင်မကျချင်ပါ။ ကျပ်သိန်း ၃၀၀ ထိ ဝင်ငွေခွန် ၁၅ ရာခိုင်နှုန်း၊ ကျပ်သိန်း ၃၀၁ မှ ကျပ်သိန်း ၁၀၀၀ ထိ ၂၀ ရာခိုင်နှုန်း၊ ယင်းအထက် ၃၀ ရာခိုင်နှုန်းဆိုပြီး ပြဋ္ဌာန်းထားတာ တွေ့ရတာပါ။ “ဝင်ငွေခွန် မထမ်းဆောင်ခဲ့သူများ ဝင်ငွေကို အပြည့်အဝ ဖော်ထုတ်ခြင်း မရှိခဲ့သူများ၊ ဝင်ငွေရလမ်းကို ရှင်းလင်းစွာ မတင်ပြခဲ့သူများကို ပိုမိုသော အခွန်နှုန်းထားဖြင့် ကျသင့်စေရန်”ဟု ပြည်တွင်းအခွန် ဦးစီးဌာနက ရှင်းလင်းထားတာ တွေ့ရပါတယ်။

မေးချင်တာလေးတွေ ရှိလာပါတယ်။ မြို့ကြီးများမှာ နေအိမ်အတွက် ချပေးထားတဲ့ ထောင်ချီတဲ့ မြေကွက်လွတ်များ၊ နိုင်ငံအနှံ့ လမ်းကြောများပေါ်မှ တောင်ကတုံးမကျန် ကွန်ကရစ်တိုင် ပတ်ထားပြီး ပိုင်ဆိုင်မှု ဖော်ပြချက်များ၊ မြို့ကြီးများရဲ့ ဘာမျှ မလုပ်ဘဲထားတဲ့ စက်မှု မြေကွက်လပ်များ၊ ဧကရာချီတဲ့ ထောင်ချီတဲ့ မြေကွက် ပိုင်ဆိုင်မှုများကိုပါ မျှတတဲ့ အစီအစဉ် ပါသင့်ပါတယ်။ ကာလ သတ်မှတ်၍ နိုင်ငံပိုင်အဖြစ် သိမ်းမယ်လို့ ကြေညာရင် ပိုင်ဆိုင်သူတွေ ထွက်လာကြမှာပါ။ ဒါမှလည်း လိုအပ်တဲ့ အခွန်ဘဏ္ဍာ ဖြည့်ဆည်းနိုင်မှာ။ နိုင်ငံအတွက် ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး လုပ်ငန်းများနဲ့ ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်နိုင်မှာပါ။ အခွန်ဘဏ္ဍာ မျှတစွာ ရှာကြံရေး အစီအစဉ်တွေ ပါသင့်ပါတယ်။ အားနည်းသူကို ခံစေတဲ့စနစ် မဖြစ်သင့်၊ တစ်ဖက်စောင်းနင်း ဥပဒေသည် နိုင်ငံ မတိုးတက်နိုင်။ မည်သည့် ဥပဒေ ပြဋ္ဌာန်းသည်ဖြစ်စေ အများအကျိုးနှင့် ယှဉ်ရမယ်၊ မျှတရမယ်၊ အများပြည်သူ လက်ခံနိုင်ရပါမယ်။

မလိုအပ်တာကို မလုပ်မိပါစေနဲ့


တစ်ခါတစ်ရံ ဘေးကနေ အံ့သြရတယ်။ ရှမ်းပြည်နယ် နောင်ချိုနဲ့ ကျောက်မဲကြား ဂုတ်တွင်းမှာ ၂၂ ဘီးယာဉ်ကြီး ပျက်လျှင်ပဲ ကားအစီး ရာချီ၍ ထောင်ချီ၍ တစ်ပတ်ခန့် ပိတ်မိကုန်ကြတာ။ တစ်ကြိမ်ပင်မက လမ်းပိတ်ခဲ့ဖူးသော်လည်း ယခင်က ဒီလောက် အခြေအနေ မဆိုး၊ ဘာကြောင့်လေလဲ။ လမ်းပိတ်ပြီဆိုလျှင် ယာဉ်ထိန်းတွေ၊ စက်ကြီးတွေနဲ့ တစ်မျိုး၊ နောင်ချိုနဲ့ ကျောက်မဲမှ အချိန်စနစ် သတ်မှတ်ပြီး အတက်အဆင်း ခွဲလွှတ် ဆောင်ရွက်ခဲ့ကြရတာ။ ဒီလို ဖြစ်တတ်တဲ့ နေရာမှာ လေးမိုင်ခန့် လမ်းချဲ့ရေးကို ဦးစားပေး လုပ်ကြရမှာပါ။ သို့မှသာ ကုန်စည် စီးဆင်းမှု လျင်မြန် ချောမွေ့စေရေး၊ သွားလာမှု အဆင်ပြေရေးကို ရှေးရှုမှာ။ မန္တလေးမှ လားရှိုး - မူဆယ် တရုတ်ပြည် သွား လမ်းမကြီးပေါ်မှာ တစ်ကြိမ်မက လမ်းပိတ်ခဲ့တာမို့ ယင်းလမ်း လိုအပ်တဲ့နေရာ တိုးချဲ့ရေးကို Urgent (အမြန်) ဆောင်ရွက်သင့်တာပါ။

သတင်း တစ်ခုမှာတော့ မန္တလေးမှ အနီးစခန်းထိ ၇ မိုင်ခန့် တိုတဲ့လမ်း၊ မန္တလေး၊ ပုသိမ်ကြီးမှ အနီးစခန်းသို့ တိုင်းအဆင့် ပြည်ထောင်စု အဆင့်ရဲ့ ခွင့်ပြုချက်နဲ့ လမ်းခင်းခွင့်ရပြီး လမ်းကြမ်း ခင်းနေပြီ။ သုံးနှစ်နဲ့ပြီးမယ်။ လမ်းဘေးဝဲယာ မြေတစ်ဧက ကျပ် ၂၀၀၊ ၂၅၀ သိန်းနဲ့ ဝယ်ထားသူတွေ လမ်းကြီးခင်းဖို့ အတည်ပြုပြီလည်းဆိုရော အဆိုပါ မြေတွေ ကျပ်သိန်း ၂၅၀၀ သိန်းအထိ တက်သွားဆိုပဲ။ BOT စနစ်နဲ့လုပ်တဲ့ ခရိုနီများရဲ့ အကျိုးစီးပွားပေပဲလား၊ ငွေမည်းများ ငွေဖြူသို့ ပြောင်းလဲခြင်းလား၊ လမ်းပန်း ဆက်သွယ်မှု လုံခြုံ ချောမွေ့စေရေးလား။ တကယ်တော့ အချို့သော ပုဂ္ဂိုလ်များအတွက် ရွှေလမ်း၊ ငွေလမ်းဖြစ်သည်ကတော့ အမှန်ပင်။

နိုင်ငံတော် တိုးတက်ရေး

သို့ပါ၍ နိုင်ငံတော် တိုးတက်ရေးဆိုတာ ဘောဂဗေဒ ပညာရှင်များရဲ့ အဆိုအရ GDP (Gross Domestic Product)စုစုပေါင်း ပြည်တွင်းထုတ်ကုန် တိုးတက်ရမယ်။ တစ်ဦးကျ ထုတ်ကုန်၊ တစ်ဦးကျ စားသုံးမှု၊ တစ်ဦးကျ ဝင်ငွေ၊ တစ်ဦးကျ စုဆောင်းမှု တိုးတက်ရမယ်။ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေးကအစ တိုးတက်ရမယ်လို့ ဆိုပါတယ်။ ယင်းအပြင် ငြိမ်းချမ်းရေး (Peace) မရှိရင် ဖွံ့ဖြိုးတိုးတက်မှု (Development) မရှိဘူးလို့ ကမ္ဘာ့ ကုလသမဂ္ဂ သတ်မှတ်ချက်ကိုလည်း အထူး အလေးထားရပါမယ်။ ကမ္ဘာ့အဆင့် သတ်မှတ်ချက်အရ တစ်နှစ်မှာ အမေရိကန် ဒေါ်လာ ၁၀၄၅ နဲ့ အောက်ဆိုရင် နိမ့်ကျတဲ့ ဝင်ငွေ (Lower Level) လို့ သတ်မှတ်ပြီး ယင်းမှ အထက် ဒေါ်လာ ၄၁၂၅ အထိကို Lower Middle လို့ သတ်မှတ်တာမို့ ပျမ်းမျှ လူတစ်ဦး ဒေါ်လာ ၁၀၀၀ သာသာ ဝန်းကျင်သာရှိတဲ့ အသိတရားကို အခြေခံ အသုံးစရိတ်တွေ လျှော့ကြပါ၊ ဝင်ငွေတိုးအောင် လုပ်ကြပါ၊ အများအကျိုးနဲ့ယှဉ်ပြီး ဆောင်ရွက်ကြပါ၊ ပြည်တွင်း ငြိမ်းချမ်းရေး မရ ရအောင် ဆောင်ရွက်ကြပါ၊ တွေ့မြင်ရတဲ့ ချို့ယွင်းချက်တွေကို အချိန်မီ ပြုပြင်ကြပါလို့ တင်ပြလိုရင်း ဖြစ်ပါတယ်။

မောင်အောင်ဝင်း (မော်လိုက်)

<< နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးဆီသို့ ၄ အပိုင်း (၁)



  • VIA