News

POST TYPE

OPINION

နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးဆီသို့ ၄ အပိုင်း (၁)
28-Jul-2016

နိုင်ငံတော်ကို အရမ်း ဖွံ့ဖြိုးတိုးတက် စေချင်ပါတယ်။ အတတ်ပညာရှင်၊ အသိပညာရှင်များကလည်း အစိုးရရဲ့ အများစုပေါင်း ဦးဆောင်မှုနဲ့ နိုင်ငံတိုးတက်ရေး ပေါ်လစီတွေ ချမှတ် ဆောင်ရွက်ကြ တော့မှာပါ။ မည်သည့် နိုင်ငံမှာမှ မရှိသလောက် ဖြစ်တဲ့၊ များလှတဲ့ ဝန်ကြီးဌာန ၃၆ ခုမှ ၂၂ ဌာနအဖြစ် ပြင်ဆင်ဖွဲ့စည်း၊ ဖော်ဆောင်တော့မှာပါ။ လျှော့ချလိုက်တဲ့ ဝန်ကြီးများရဲ့ ငါးနှစ်တာ ကာလ လစာနဲ့ အဆောင်အယောင် စရိတ်များဟာ ကျပ်သန်းပေါင်း ၅၀၀၀ ခန့်ရှိပြီး နိုင်ငံတော်မှာ လိုအပ်နေတဲ့ ပညာရေး၊ ကျန်းမာရေး၊ ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေးတို့ကို ပိုမို သုံးစွဲနိုင်တော့မှာ ဖြစ်ကြောင်း တာထွက် ကောင်းလှတဲ့အတွက် အများပြည်သူ နှစ်ထောင်းအားရ နေကြပါတယ်။

လက်ရှိ အခြေအနေနဲ့ မြန်မာ့ ငွေကြေး

ပြီးခဲ့တဲ့ ငါးနှစ်တာ ကာလ အုပ်ချုပ်သွားတဲ့ ဒီမိုကရေစီ အစိုးရလက်ထက်မှာ နိုင်ငံတော်ရဲ့ ဘတ်ဂျက် လိုငွေက ကျပ် ဘီလီယံ ၁၀၀,၀၀၀ ကျော် (၁ ဘီလီယံ ကျပ်သန်းပေါင်း ၁၀၀၀)၊ အစိုးရ အသုံးစရိတ်နဲ့ ကြွေးမြီတွေကလည်း ခေါင်ခိုက်၊ ၂၀၁၁ ခုနှစ် ဒီမိုကရေစီ အစိုးရ တက်လာစဉ်ထက် ပိုမို မြင့်မားခဲ့ပါတယ်။ ၂၀၁၂ ခု ဧပြီလ ၂ ရက်နေ့မှာ အမေရိကန် ၁ ဒေါ်လာကို တရားဝင် ၆ ကျပ်ခွဲစနစ် သတ်မှတ်ရာမှ မြန်မာငွေ ၈၁၅ ကျပ်သို့ ပြောင်းလဲ သတ်မှတ်ပြီး ထိန်းကျောင်းမှု ရှိသည့် နှုန်းရှင် ငွေလဲစနစ်နဲ့ မြန်မာနိုင်ငံ ဗဟိုဘဏ်မှ ကြီးကြပ်ခဲ့တာပါ။ ၂၀၁၅ ခု နိုဝင်ဘာလကုန်ရက်မှာ ၁ ဒေါ်လာ ၁၃၁၀ ကျပ်ထိလည်းကောင်း၊ ဒီဇင်ဘာလကုန် နောက်ဆုံးပတ်မှာ ၁၃၂၀ ကျပ်ထိလည်းကောင်း တန်ဖိုးကျလာတာကို တွေ့မြင်ကြရမှာပါ။ သို့သော် ဒေါ်အောင်ဆန်းစုကြည်ရဲ့ NLD ပါတီ သောင်ပြိုကမ်းပြို ဝက်ဝက်ကွဲ အနိုင်ရပြီးနောက် ၂၀၁၆ ခု ဇန်နဝါရီလကုန် ၁၃၀၃ ကျပ်သို့လည်းကောင်း၊ ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် စတက်တဲ့ ၁.၂.၂၀၁၆ နေ့မှာ ၁၂၉၃ ကျပ် ရှိနေရာမှ ယခု မတ်လ ၂၂ ရက်နေ့မှာ ၁၂၁၆ ကျပ်သို့လည်းကောင်း မြန်မာငွေတန်ဖိုး တဖြည်းဖြည်း ပြန်လည် တက်လာတာကို တွေ့မြင်ရမှာ ဖြစ်ပါတယ်။ ၂၀၁၅ ခု ဒီဇင်ဘာ နောက်ဆုံးပတ်က ကမ္ဘာ့ ရွှေဈေး ၁ အောင်စလျှင် ၁၀၇၃ ဒေါ်လာ ရှိရာမှ ယခု မတ်လ ၂၂ ရက်မှာ ၁၂၆၈ ဒေါ်လာသို့ ရွှေတန်ဖိုး ကျလာတာနဲ့ ပြောင်းပြန် ဆက်စပ်မှု ရှိလာသလို ဒေါ်အောင်ဆန်းစုကြည် အစိုးရ တက်လာတာကို နိုင်ငံတကာနဲ့ မြန်မာ့အသိုင်းအဝိုင်းရဲ့ စီးပွားရေးအရ နိုင်ငံရေးအရ ယုံကြည်မှု တက်လာတာ၊ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေ ဒီယုံကြည်မှု တည်ဆောက်မှုအပေါ် အခြေခံပြီး မြန်မာနိုင်ငံကို ဝင်ရောက်ဖို့ တာစူနေတဲ့အတွက်လည်း မြန်မာ့ငွေတန်ဖိုးဟာ ဒီမိုကရေစီ အမှန်တကယ် ဖော်ဆောင်မယ့် အစိုးရ တက်လာတော့မှာဆိုပြီး တန်ဖိုး တက်လာတာလို့လည်း တွေးမြင်ရပါတယ်။ ဒီအတွက် မြန်မာ့ငွေကြေးဟာ နိုင်ငံရေး အရှိန်အဝါ၊ နိုင်ငံရေးသြဇာနဲ့ တိုက်ရိုက် ဆက်စပ်လျက်ရှိပြီး လောလောဆယ် တန်ဖိုး အနည်းငယ် တက်လာခြင်း ဖြစ်ပါတယ်။ သို့ပါ၍ ငွေစက္ကူတွေကို Mass Production နဲ့ အကြိမ်ကြိမ် ထုတ်ခဲ့ကြပြီမို့ ငွေစက္ကူ ထုတ်လုပ်ရေး အရေအတွက်၊ တန်ဖိုး၊ ပမာဏ ထိန်းချုပ်ဖို့ လိုတဲ့အကြောင်း ပထမဦးစွာ တင်ပြရပါတယ်။

ဘတ်ဂျက် ပေါ်လစီဖြင့် ကြီးကြပ်ခြင်း

မြန်မာငွေတန်ဖိုးဟာ အလွန်အမင်း ဖောင်းပွမှု (Hyper Inflation) လို့တောင် ဆိုရလေမလားပဲ။ အလွန်အကျွံ ငွေဖောင်းပွမှုဟာ ကောင်းသော အလားအလာ မဟုတ်။ ၂၀၁၂ ခု ဧပြီလက အမေရိကန် တစ်ဒေါ်လာ ၈၁၅ ကျပ်မှ ၂၀၁၅ ဒီဇင်ဘာလမှာ ၁၃၂၀ ကျပ်သို့ ၃ နှစ်နဲ့ ၈ လတာ ကာလအတွင်း ရာခိုင်နှုန်းအားဖြင့် ၆၂ ရာခိုင်နှုန်း တန်ဖိုး ကျလာတယ်။ ဝယ်လိုအား (Demand) တိုးလာလို့ ရောင်းလိုအား (Supply) မရှိလို့၊ နည်းလို့သော်လည်းကောင်း၊ ပြည်သူလက်ဝယ် လှည့်လည်နေတဲ့ ငွေပမာဏ (Money in Circulation) ဟာ အကန့်အသတ်မဲ့ (No Limited) တိုးလာလို့၊ များလာလို့ပဲ သဘောရမိတာ။ ဒါကြောင့် ဒီမိုကရေစီ အစိုးရသစ် အနေနဲ့ ဘတ်ဂျက်ပေါ်လစီ (Fiscal Policy) ကို နိုင်နင်းစွာ ကိုင်တွယ်ရမှာ။ အစိုးရရဲ့ ဘတ်ဂျက်ကို အမေရိကန် ဒေါ်လာ သန်းပေါင်း ၁၀၀၀၀ ကျော် လိုတဲ့ဘတ်ဂျက် (Deficit Budget) အဖြစ်မှ ပိုငွေပြဘတ်ဂျက် (Surplus Budget)ဖြစ်အောင် မီးကုန်ယမ်းကုန် ကြိုးစားရမှာပါ။ အစိုးရရဲ့ အသုံးစရိတ်များကို လျှော့ချခြင်း၊ ဝင်ငွေများရရှိအောင် အစီအမံများ ချမှတ် ဆောင်ရွက်ရာမှာ (Taxation Policy) များကိုလည်း ဆောင်ရွက်ရမှာပါ။

အစိုးရရဲ့ ဝင်ငွေ ရရှိရေး ပိုလျှံသော ဘတ်ဂျက် ဖြစ်လာဖို့ဆိုတာ စာရင်းဇယား လိမ်ညာနေ၍လည်း မဖြစ်နိုင်၊ အသုံးစရိတ် လျှော့ဖို့ဆိုတာကလည်း လွန်လွန်ကဲကဲ သုံးစွဲနေမှုမျိုးကို ခေတ် အဆက်ဆက် မထိန်းချုပ်နိုင်ခဲ့။  အစိုးရ တစ်ရပ်ဟာ နိုင်ငံတော်ရဲ့ အသုံးစရိတ် အရပ်ရပ်ကို ထိန်းချုပ်နိုင်စွမ်းရှိမှ၊ သုံးစွဲနေတဲ့ နိုင်ငံတော် တစ်ရပ်လုံးရဲ့ Budget ကို ဖြတ်တောက် နိုင်စွမ်းရှိမှ ဖြစ်မှာပါ။ သို့ပါ၍ အတွေ့အကြုံ ရင့်ကျက်တဲ့ ကိုယ့်နိုင်ငံအတွက် Research  မပြတ် လုပ်နေကြတဲ့ ဘောဂဗေဒ ပညာရှင်များ (Economist) ကိုလည်း အားကိုး၊ အခြေခံ ဥပဒေကိုလည်း လိုအပ်တာ ပြင်ဆင်ရေး ဆောင်ရွက်၊နိုင်ငံတော် ဘတ်ဂျက်ဝင်ငွေ အလေအလွင့် မရှိရေး၊ အသုံးစရိတ် လျှော့ချရေး အထူး အစီအစဉ်ချ ဆောင်ရွက်ဖို့လိုကြောင်း တင်ပြလိုတာပါ။

ငွေကြေးပေါ်လစီဖြင့် ကြီးကြပ်ခြင်း

ဒီနည်းတူ မြန်မာနိုင်ငံတော် ဗဟိုဘဏ်က ငွေကြေးဆိုင်ရာ ပေါ်လစီကိုလည်း ကျင့်သုံးရမှာပါ။ ဗဟိုဘဏ် ဥက္ကဋ္ဌ၊ ဒု ဥက္ကဋ္ဌနဲ့ ဒါရိုက်တာအဖွဲ့ကို လုပ်ပိုင်ခွင့်တွေ ပေးထားတာမို့ လက်ရှိ ငွေတန်ဖိုး တက်လာတာကို ထိန်းထား၊ အစိုးရ ငွေချေးစာချုပ် Government Bonds အလုံးအရင်း ရောင်းချခြင်းဖြင့်လည်းကောင်း၊ ဘဏ်တိုးနှုန်း မြှင့်တင်ခြင်းဖြင့်လည်းကောင်း ဆောင်ရွက်ထိန်းသိမ်း ပေးကြရမှာပါ။ ဘဏ်တိုးမြှင့်ရင် စုဆောင်းမှု များလာမှာ၊ ဘဏ်မှ ချေးငွေ လျော့သွားမှာမို့ ပြည်သူလက်ဝယ် ရောက်နေတဲ့ ငွေပမာဏကို များစွာ လျှော့ချခြင်းဖြင့် အကျိုး သက်ရောက် စေမှာပါ။

ဒါတွေအပြင် မြေပေါ် မြေအောက် သယံဇာတများ အလဟဿ မဖြစ်ရေး၊ သစ်ခိုးထုတ်မှု၊ ကျောက်မျက် သယံဇာတ ခိုးထုတ်မှုများ မရှိရေး အလုံးစုံ ကာကွယ်ခြင်းဖြင့် အခွန်အခ အပြည့်အဝ ရရှိရေး အစီအမံများဟာလည်း အရေးကြီးလှပါကြောင်း တင်ပြရပါတယ်။

နယ်စပ်တာရိုး မကျိုးပေါက်ပါစေနဲ့

နိုင်ငံသား တာဝန်ရှိသူများရဲ့ တာဝန်ယူမှု၊ တာဝန်ခံမှု မရှိတဲ့အတွက် နယ်စပ်တာရိုးတွေ မလုံခြုံ ကျိုးပေါက်ခဲ့ပြီး မြေပေါ် မြေအောက် သယံဇာတတွေဟာ တရားမဝင် နည်းလမ်းတွေနဲ့ နိုင်ငံပြင်ပကို နှစ်ပေါင်း များစွာ ရောက်ခဲ့တဲ့အတွက် ဆုံးရှုံးမှုဟာ ကြီးကျယ်ခဲ့ပါတယ်။ တစ်ဦးချင်း ကိုယ်ကျိုး စီးပွားကိုသာ ပြည့်စုံစေပြီး ၁၉၈၇ ခုနှစ်ကစလို့ ကမ္ဘာ့ LDC (Least Development Country) နိုင်ငံ၊ ယခုလည်း အာရှမှာ ဒုတိယ အဆင်းရဲဆုံးလို့ သတ်မှတ်ကြပါတယ်။ နယ်စပ်တာရိုး မလုံခြုံခြင်း၊ နိုင်ငံသားများ သပ်လျှိုပါဝင်ခြင်း၊ ဥပမာအဖြစ် သစ်တင်ကား အစီး ၄၀၀ ကျော် တရုတ်ပြည် ခိုးထုတ်ဖို့ ပြောင်ပြောင်တင်းတင်း သွားလာစဉ် တစ်ကြိမ် ဖမ်းခဲ့ခြင်း၊ ထိုသို့ တရားမဝင် သစ်ခိုးထုတ်မှုမှ ငါးနှစ်အတွင်း သစ်အလုံးလိုက် ၂၀၁,၅၈၇ ဒသမ ၄၀၁၂ တန် ဖမ်းမိခဲ့တယ် ဆိုပါတယ်။ သို့ဖြစ်၍ နှစ် ၅၀ ကာလအတွင်း နယ်စပ်များမှ တရားမဝင် ခိုးထုတ်သွားတဲ့ ပမာဏဟာ ဘယ်လောက် များပြီလဲဆိုရင် တောတောင်တွေ တောင်ကတုံးအဖြစ် ကျန်နေတာကို၊ ရာသီဥတု မထိန်းသိမ်း နိုင်တော့ဘဲ တစ်နှစ်ထက်တစ်နှစ် အပူ လွန်ကဲ လာတာကိုပဲ ကြည့်မြင်ရတော့မှာပါ။

ဒီအပြင် နိုင်ငံခြားသားများ အထူးသဖြင့် တရုတ်နွယ်ဖွားတွေဟာ တောရော မြို့ပါမကျန် များလာလိုက်တာ။ မြို့တွေမှာ မန္တလေးမှာဆိုရင် မန္တလာ သီရိ အားကစားကွင်းထဲမှာ၊ မနောရမန် ဟစ်တိုင်ကွင်းမှာ၊ ကျုံးပတ်လည်မှာ တရုတ် နှစ်သစ်ကူး နေ့များတွင် ကားပင် မမြင်ရသလောက် ကျန်နေ့များမှာ နေ့စဉ် သူတို့ကား ရာချီ၊ လမ်းကြို လမ်းကြား၊ လမ်းမတန်းမှာ အထူးသဖြင့် သူတို့ချည်းပဲပေါ့။ ဒါတွေဟာ တရားဝင်ရော တရားမဝင်ရော ငွေယူ မှတ်ပုံတင် လုပ်ပေး နှစ်ပေါင်း များစွာ စိမ့်ဝင်လာတဲ့ အဖြစ်အပျက်၊ ထင်ရှားတဲ့ ဥပမာကတော့ နေပြည်တော်မှာ တရုတ်သံရုံး ဖွင့်လှစ်လိုက်တာ သံရုံးဝန်ထမ်း ၂၆ ဦးလို့ဆို၊ ပြည်ထောင်စု အစိုးအရ အဖွဲ့ကို တရားဝင် အကြောင်းကြားခြင်း မရှိဆိုပြန်ရော၊ မှတ်သားလောက်ပါတယ်။ ဒါကြောင့် တကယ့် နယ်စပ် စည်းရိုးကိုလည်း အမိနိုင်ငံတော်အတွက် ကာကွယ်ပေးပါ။ ပြည်တွင်း ဌာနဆိုင်ရာ စည်းရိုး မလုံခြုံမှုကိုလည်း အထူး အစီအစဉ် ချမှတ် ဆောင်ရွက်ပေးပါ။ နိုင်ငံသား မဟုတ်သူရဲ့ ပိုင်ဆိုင်ခွင့် ကန့်သတ်ရေးကိုလည်း ဥပဒေမှာ အခိုင်အမာ ပြဋ္ဌာန်းပြီး တိတိကျကျ အရေးယူပေးပါလို့ တင်ပြရပါတယ်။

နိုင်ငံခြား အကူအညီများ အကျိုးအရှိဆုံး အသုံးချရေး

နိုင်ငံရပ်ခြား အကူအညီများဟာ ငွေကြေး၊ ပစ္စည်း၊ နည်းပညာ ရောထွေး၍လည်းကောင်း၊ သီးခြားသော်လည်းကောင်း တွေ့မြင်ရမှာပါ။ ကမ္ဘာ့ကုလသမဂ္ဂမှ UNDP (United Nations Development Programme) အပါအဝင် အဖွဲ့အစည်းများ၊ ဂျပန်နိုင်ငံမှ JICA ကဲ့သို့ နိုင်ငံတကာ အဖွဲ့အစည်းများနဲ့ ဖွံ့ဖြိုးပြီးနိုင်ငံများဟာ မြန်မာနိုင်ငံကို ဆင်းရဲသော နိုင်ငံဖြစ်၍ စေတနာအရသော်လည်းကောင်း၊ သယံဇာတ ပေါကြွယ်ဝပြီး အားလုံးလိုလို တရုတ်နိုင်ငံ၊ နိုင်ငံသား တရုတ်နွယ်ဖွားများ စံစားသွား၍လည်းကောင်း၊ မဟာဗျူဟာမြောက် ပင်လယ်ကမ်းရိုး တန်းကြီးနဲ့ ကမ္ဘာ့အင်အားကြီး နိုင်ငံများအကြား ရှိနေ၍လည်းကောင်း၊  အခုအချိန်မှာတော့ NLD ဒီမိုကရေစီ အစိုးရ တက်လာပြီဖြစ်လို့ မြောက်မြားလှတဲ့ ငွေကြေး၊ ပစ္စည်း၊ အတတ်ပညာ၊ နည်းပညာ အကူအညီတွေဟာ စုပြုံ ဝင်ရောက် လာတော့မှာပါ။ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများကလည်း ဝင်လာတော့မှာ၊ ဒီနိုင်ငံရဲ့ ရှည်လျား ကြာမြင့်လှတဲ့ ကြိုးနီစနစ်ကြီးနဲ့ ကိုင်ထားတာ ဖြေလျှော့ လာတော့မှာ။ မိမိရဲ့အရင်းအနှီး၊ လုပ်ငန်းရဲ့ လုံခြုံစိတ်ချရမှု စိတ်ချလက်ချ ရှိပြီဆိုရင် နိုင်ငံရဲ့ ဖွံ့ဖြိုးမှုကို ဆွဲတင်သလို ဖြစ်လာမှာပါ။ ရင်းနှီးမြှုပ်နှံမှု၊ အလုပ်အကိုင် အခွင့်အလမ်းနဲ့ စုစုပေါင်း အမျိုးသား ထုတ်ကုန် Gross National Product တိုးတက်မှု အခွင့်အလမ်းတွေ မြင်ရမှာ။

သို့သော် တရုတ်ပြည် China Exam Bank မှ အတိုးနှုန်း မြင့်မားတဲ့ ချေးငွေအပြင် အမေရိကန် ဒေါ်လာသန်း ၁၀၀ ချေးတာ ဒေါ်လာ ၁ သန်း ဆောင်ရွက်ခအဖြစ် ပေးရသေးတာမျိုးကတော့ နှစ်ရှည်သော်လည်းကောင်း၊ နှစ်တိုသော်လည်းကောင်း မည်သည့်အခါမှ မချေးကြဖို့၊ မချေးသင့် မယူ သင့်တဲ့ နိုင်ငံခြား အကူအညီမျိုးပဲဆိုတာ သတိပြုကြရမှာပါ။ ဒီအမှားမျိုးကတော့ ဆက်လက် မပြုမိကြဖို့ပါ။ နိုင်ငံ အကျိုးအမြတ် မရှိစေတဲ့ကိစ္စ လွှတ်တော်မှာ တင်ရင်လည်း တားမြစ်ကြရမှာ။ ဒါကြောင့် နိုင်ငံခြား အကူအညီများ အကျိုးအရှိဆုံး သုံးစွဲပေးကြပါ။ မယူသင့်ရင် မယူပါနဲ့။

မောင်အောင်ဝင်း (မော်လိုက်)

နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးဆီသို့ ၄ အပိုင်း (၂) >>



  • VIA