News

POST TYPE

OPINION

မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ခြံစည်းရိုး တည်ဆောက်ရေးလုပ်ငန်းများကို AA အဖွဲ့တိုက်ခိုက်
10-Mar-2019
ရန်ကုန်၊ မတ် ၁၀

ရခိုင်ပြည်နယ်အတွင်းရှိ မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ် ခြံစည်းရိုး တည်ဆောက်ရေးလုပ်ငန်းများကို ဦးတည်ကာ ရခိုင်လက်နက်ကိုင်အဖွဲ့ AA က တိုက်ခိုက်မှုများ ပြုလုပ်လာခဲ့ကြောင်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံးက မတ်လ ၁၀ ရက်နေ့က သတင်းထုတ်ပြန်ခဲ့သည်။

ဘူးသီးတောင် မြို့နယ်အတွင်းရှိ မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ခြံစည်းရိုး နယ်စပ်မှတ်တိုင်အမှတ် ဘီပီ - ၆၇ နှင့် ဘီပီ - ၆၈ အကြားတွင် နယ်စပ်ခြံစည်းရိုး တည်ဆောက်ရေး လုပ်ငန်းများ ဆောင်ရွက်နေသည့် ဆောက်လုပ်ရေးလုပ်ငန်းနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များကို မတ်လ ၉ ရက်နေ့ မွန်းလွဲပိုင်းက AA လက်နက်ကိုင်အဖွဲ့များက အင်အား ၂၀၀ ဦးခန့်ဖြင့် နေရာများဖြန့်ခွဲကာ ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက်ခြမ်းမှတစ်ဆင့် တိုက်ခိုက်ခဲ့ကြောင်း တပ်မတော်၏ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ယင်းသို့တိုက်ခိုက်မှုများကြောင့် ဆောက်လုပ်ရေး တပ်ဖွဲ့ဝင်များနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ ပူးပေါင်းကာ နယ်စပ်ခြံစည်းရိုး တည်ဆောက်ခြင်း လုပ်ငန်းများ နှောင့်ယှက်ဖျက်ဆီးမခံရစေရေး၊ ဆောက်လုပ်ရေး လုပ်သားများ ဘေးအန္တရာယ် ကင်းရှင်းစေရေးအတွက် ပြန်လည် တိုက်ခိုက်ခဲ့ရသဖြင့် အပြန်အလှန် ထိတွေ့တိုက်ပွဲများ ဖြစ်ပွားခဲ့ကြောင်းလည်း တပ်မတော်ကဆိုသည်။

ထို့ပြင် အဆိုပါ တိုက်ခိုက်မှုကြောင့် နယ်စပ်ခြံစည်းရိုး ကာရံခြင်းလုပ်ငန်းများ ဆောင်ရွက်နေသည့် ဆောက်လုပ်ရေးလုပ်သားများ လုံခြုံရေးအတွက် လက်ရှိလုပ်ငန်းခွင်မှ လုံခြုံသောနေရာသို့ ရွှေ့ပြောင်းခဲ့ရပြီး သယ်ဆောင်နိုင်ခြင်း မရှိခဲ့သည့် မရွှေ့ပြောင်းနိုင်သည့် ဆောက်လုပ်ရေး စက်ယန္တရားများကို ယင်းနေရာများတွင် ထားခဲ့ရကြောင်း တပ်မတော်၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အဆိုပါ တိုက်ခိုက်မှုနှင့်ပတ်သတ်၍ ရခိုင်လက်နက်ကိုင်အဖွဲ့ (AA) ၏ ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခထံ ဆက်သွယ်မေးမြန်းခဲ့သော်လည်း ဆက်သွယ်၍ မရခဲ့ပေ။

AA လက်နက်ကိုင်အဖွဲ့သည် ပြီးခဲ့သည့် ဇန်နဝါရီ လဆန်းပိုင်းကစ၍ ဘင်္ဂလားဒေ့ရှ်နယ်စပ်ရှိ မြန်မာနယ်ခြားစောင့် ရဲကင်းစခန်းများကို စတင်တိုက်ခိုက်ခဲ့ပြီးနောက်ပိုင်းတွင် တပ်မတော်နှင့် တိုက်ပွဲများဖြစ်ပွားနေရာ သမ္မတရုံးနှင့် တပ်မတော်တို့ကလည်း AA ကို အပြီးသတ် ချေမှုန်းသွားမည်ဟု ထုတ်ဖော်ပြောဆိုထားသည်။

မြန်မာနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ်နှစ်နိုင်ငံ နယ်စပ်ခြံစည်းရိုး ကာရံခြင်းလုပ်ငန်းများကို ပြီးခဲ့သည့် ၂၀၁၀ ပြည့်နှစ်မှ စတင်ကာ အဆင့် ၄ ဆင့်ဖြင့် ဆောက်ရွက်ခဲ့ခြင်းဖြစ်ပြီး လက်ရှိအချိန်ထိ နယ်စပ်ခြံစည်းရိုး မိုင်တိုင်အမှတ် ၆၇ အထိ ၁၂၉ ဒသမ ၁၅ မိုင် ဆောင်ရွက်ပြီးစီးပြီဖြစ်ကြောင်း တပ်မတော်ထုတ်ပြန်ချက်အရ သိရသည်။

J-08