News

POST TYPE

OPINION

မြောက်ဦးတွင် စစ်ဘေးရှောင်သူ ၄၀၀ ကျော် ရောက်ရှိ
25-Feb-2019
ရန်ကုန်၊ ဖေဖော်ဝါရီ ၂၄

ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ်တွင် ဖေဖော်ဝါရီ ၂၄ ရက်နေ့အထိ စစ်ဘေးရှောင်လူဦးရေ ၄၀၀ ကျော်ရှိကြောင်း မြောက်ဦးမြို့နယ် ရခိုင်အမျိုးသားပါတီ (ANP) မှ အတွင်းရေးမှူး ဦးထွန်းနေဝင်းထံမှသိရသည်။

လတ်တလောအချိန်၌ မြောက်ဦးမြို့နယ် ခူလှိုင်၊ နေပူခံနှင့် ဆင်အိုးကျေးရွာတို့အနီးပတ်ဝန်းကျင်တွင် တပ်မတော်နှင့် AA တို့ ပြင်းထန်စွာတိုက်ပွဲဖြစ်ပွားခြင်းကြောင့် ယင်းမြို့နယ် တိန်ညို၊ အောက်ပုဂံနှင့် စေတီတောင်ကျေးရွာများသို့ တိမ်းရှောင်လာကြခြင်းဖြစ်သည်။

“ကျွန်တော်တို့ ရွာအနားမှာ တိုက်ပွဲ သုံးခေါက်ဖြစ်ကြတယ်။ ရဟတ်ယာဉ်တွေနဲ့လည်း ပစ်ကြတယ်။ ကျွန်တော်တို့ မနေရဲတော့ဘူး။ ရွာမှာ ရွာစောင့် ၁၀ ကျော်လောက်ပဲ ကျန်ခဲ့တော့တယ်”ဟု ဆင်အိုးကျေးရွာမှ စစ်ဘေးရှောင်လာသူ ဦးသိန်းရွှေမောင်က ပြောသည်။

လက်ရှိအချိန် ဆင်အိုးကျေးရွာမှ စစ်ရှောင်ဦးရေ ၁၇၀ သည် စေတီတောင်ကျေးရွာ၌လည်းကောင်း၊ နေပူခံကျေးရွာမှ စစ်ရှောင်ဦးရေ ၁၈၀ ခန့်သည် အောက် ပုဂံကျေးရွာ၌လည်းကောင်း၊ ခူလှိုင်ကျေးရွာမှ စစ်ရှောင်ဦးရေ ၅၀ ကျော်တို့သည် တိန်ညိုကျေးရွာ၌လည်းကောင်း စသည်ဖြင့် စာသင်ကျောင်း၊ ဘုန်းတော်ကြီးကျောင်းတို့တွင် ခိုလှုံနေထိုင်လျက်ရှိကြောင်း ဦးထွန်းနေဝင်းထံမှ သိရသည်။

“မနေ့က ကျွန်တော်တို့ နေပူခံရွာက ညနေပိုင်းအချိန် အပြန်မှာ တိုက်ပွဲသံတွေ ကြားနေခဲ့ရသေးတယ်”ဟု ၎င်းကဆိုသည်။

အဆိုပါစစ်ဘေးရှောင်များကို လက်ရှိအချိန်၌ ကျေးရွာများမှ ကူညီထောက်ပံ့ပေးလျက်ရှိကာ စေတနာရှင်များနှင့် လူမှုရေးအသင်းအချို့ကလည်း ကူညီထောက်ပံ့ပေးလျက်ရှိကြသည်။

ရခိုင်ပြည်နယ်တွင် တပ်မတော်နှင့် AA တို့၏တိုက်ပွဲကြောင့် ပုဏ္ဏားကျွန်း၊ မြောက်ဦး၊ ကျောက်တော်၊ ဘူးသီးတောင် စသည့်မြို့နယ်များ၌ စစ်ဘေးရှောင်ဦးရေ ၇၀၀၀ ခန့်ရှိသည်။

R-22