News

POST TYPE

OPINION

စစ်ကိုမလိုလားတော့ကြောင်း SSPP ဆို
22-Feb-2019

နေပြည်တော်၊ ဖေဖော်ဝါရီ ၂၂

စစ်ပွဲများ ဆက်လက် မလိုလားတော့ကြောင်း ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) ဒုတိယဥက္ကဋ္ဌ စဝ်ခွန်ဆိုင်က ပြောကြားလိုက်သည်။

“ကျွန်တော်တို့ဟာ ဆက်လက်ပြီးတော့ စစ်ကိုမလိုလားကြောင်း နားလည်ပေးစေချင်ပါတယ်။ အကြောင်းအချက်ကြောင့် ကျွန်တော် ရိုးသားစွာ တင်ပြခြင်းဖြစ်ပါတယ်။ ကနေ့လာတာက ဒီအတွက် ရည်ရွယ်ပြီး တောင်းဆိုလာရောက်ခြင်းခြင်းဖြစ်ပါတယ်”ဟု ၎င်းက ပြောသည်။

ပြည်တွင်း ငြိမ်းချမ်းရေးဗဟိုဌာန NRPC နှင့် SSPP တို့သည် နေပြည်တော်ရှိ NRPC ရုံးတွင် ယနေ့ (ဖေဖော်ဝါရီ ၂၂ ရက်)နံနက်ပိုင်းကတွေ့ဆုံစဉ် ၎င်းက ပြောကြားခဲ့ခြင်း ဖြစ်သည်။

“ဒီလိုဆိုရင် မေးစရာရှိပါတယ်။ ခင်ဗျားတို့ ဘာလို့ NCA ကို မထိုးတာလဲ။ မဟုတ်ပါဘူး။ ကျွန်တော်တို့ဆန့်ကျင်နေတာ မဟုတ်ပါဘူး။ ကျွန်တော်တို့မှာလည်း အားလုံးပါဝင်ရေးမှုဆိုတာရှိတယ်။ အဖြစ်မှန်ကတော့ ကျွန်တော်တို့မှာလည်း ကျွန်တော်တို့အကြောင်းတွေရှိပါတယ်”ဟု ၎င်းကဆိုသည်။

ရှမ်းပြည် တိုးတက်ရေးပါတီအနေဖြင့် NCA လမ်းကြောင်းကို ဆန့်ကျင်မှုမရှိသော်လည်း ပြည့်စုံမှုရှိသော ဆွေးနွေးမှုရလဒ်များကို ခိုင်မာစွာ လိုအပ်လျက်ရှိနေကြောင်း စဝ်ခွန်ဆိုင်ကဆိုသည်။

“အဆင့်ဆင့်တွေမှာ ကျွန်တော်တို့ အခိုင်အမာ ဘယ်လိုသွားမယ်ဆိုတာကို သွားမဲ့ပုံသဏ္ဍန်တွေ လုပ်နည်းကိုင်နည်းတွေစသည်ဖြင့် ကျွန်တော်တို့ ဆက်လက် ညှိနှိုင်းပြီးတော့မှ လုပ်သွားဖို့ လိုအပ်တယ်လို့ ယူဆပါတယ်”ဟု ၎င်းကပြောသည်။

လေးလတာ အပစ်ရပ်စဲရန် တပ်မတော်မှ ညွှန်ကြားချက်ထွက်ပြီး နောက်ပိုင်းတွင် ၎င်းတို့ဘက်မှ တပ်မတော် စစ်ကြောင်းများကို ခြုံခိုတိုက်ခိုက်ခြင်း သွားရောက်တိုက်ခိုက်တို့ကို မပြုလုပ်ခဲ့ဘဲ နေခဲ့သည့်အတွက် တစ်စုံတစ်ခု အကျိုးကို ဖြစ်ထွန်းသည်ဟုယူဆကြောင်း ၎င်းက ထပ်လောင်းပြောသည်။

အပစ်ရပ်ထားသည့် လက်ရှိအချိန်အတွင် ၎င်းတို့တပ်ဖွဲ့ထံ အခြားသောသူများက လက်နက်၊ ကျည် စသည်များကို ဝယ်ယူစုဆောင်ထားရန် သွေးထိုးပေးမှုများ ရှိနေသော်လည်း ၎င်းတို့အနေဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကိုသာ လုပ်ကိုင်ဆောင်ရွက်နေကြောင်း ၎င်းကရှင်းပြသည်။

“နှစ်ပေါင်း ၆၀ ကျော်အတွင်းမှာ ပြည်သူတွေက ကျွန်တော်တို့နဲ့အတူ အင်မတန်မှ ဒုက္ခရောက်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့ဟာ တတ်နိုင်သလောက် မိဘပြည်သူတွေကို ပြန်ကျေးဇူးဆပ်တဲ့အနေနဲ့ လုပ်ရခြင်းဖြစ်ပါတယ်။ ဒီအချက်ကိုကြည့်ခြင်းအားဖြင့် လူကြီးမင်းများလည်း သဘောပေါက်ဖို့လိုပါတယ်”ဟု ၎င်းက ထပ်လောင်းပြောသည်။

၎င်းတို့အဖွဲ့သည် တပ်မတော်နှင့် ၂၅ ရက်နေ့တွင် တပ်မတော်နှင့် နေပြည်တော်တွင် ထပ်မံ တွေ့ဆုံသွားမည်ဖြစ်ကြောင်း NRPC မှ ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက မီဒီယာများကို ပြောသည်။

ယင်းအဖွဲ့နှင့် အစိုးရ၊ တပ်မတော်တို့ကြားတွင် ကြီးမားသည့် ပြသနာမရှိဘဲ လက်ရှိတွေ့ဆုံမှုသည် ကောင်းမွန်သည့်တွေ့ဆုံမှုဖြစ်ကြောင်း၊ ၎င်းတို့နယ်မြေတွင် လိုအပ်သော ဖွံ့ဖြိုးမှု၊ လျှပ်စစ်နှင့် မီးသတ်ကား စသည့်တင်ပြချက်များရှိကြောင်း၊ NCA လမ်းကြောင်းအတွက် ရှေ့ဆက်သွားမည့် မူသဘောကို ၎င်းတို့မှလည်း တပ်ဖွဲ့ထံ အကြောင်းကြား ဆွေးနွေးမှုများ ပြုလုပ်သွားမည်ဖြစ်သကဲ့သို့ NRPC မှလည်း ၎င်းတို့ တင်ပြတောင်းဆိုသည့် အချို့အချက်များကို အစိုးရအကြီးအကဲများထံ တင်ပြပေးရန် စီစဉ်ထားကြောင်း ဦးဇော်ဌေးကဆိုသည်။