News

POST TYPE

OPINION

ကွန်းမန့် (Comment) တွေသာ အမှန်တကယ်ဆိုရင် တိုင်းပြည်အတွက်က ရင်လေးစရာ
21-Dec-2018
(၁)

မှတ်မှတ်ရရ The Voice နေ့စဉ်သတင်းစာထဲက ကျွန်တော့်ဆောင်းပါး “ဘတ်ဖတ်ရဲ့ ကြက်ဥများ၊ ခြင်းထဲကကြက်များနှင့် NLD ၏ ပြောင်းလဲရမည့် ဗျူဟာများ” ကို The Voice က Online မှာတင်ပေးလိုက်တဲ့နေ့မှာ Like ၃၀၀ ကျော်နဲ့အတူ Comments များစွာလည်း ချက်ချင်းဆိုသလို တက်လာပါတယ်။ အဲဒီကွန်းမန့်တွေဖတ်ပြီး နိုင်ငံအနာဂတ်အတွက် ရင်လေးသွားရပါတယ်။ ကျွန်တော့်ဆောင်းပါးကို အကောင်းမပြောကြလို့ မဟုတ်ပါဘူး။ ကျွန်တော့်အရေးအသားကို ဝေဖန်ကြလို့ မဟုတ်ပါဘူး။ အမြင်ဆိုတာ မတူပိုင်ခွင့်ရှိပါတယ်။ ဒါလူတိုင်းရဲ့ အခွင့်အရေးပါပဲ။ ဝေဖန်ပါ။ သုံးသပ်ပါ။ လက်ခံစရာရှိရင် လက်ခံရမှာပါ။ ပြင်စရာရှိရင် ပြင်ရမှာပါ။ 

ကျွန်တော်တို့ကိုယ်တိုင်က နိုင်ငံရေး၊ ပညာရေး၊ လူမှုရေး၊ ယဉ်ကျေးမှု အပိုင်းတွေကို ဘယ်နေရာ ဘယ်သို့ပြင်သင့်ကြောင်း ဝေဖန်စာတွေ ရေးနေတာပဲ မဟုတ်လား။ 

ကိုယ့်ကို ဝေဖန်မှ ဒေါပွစရာလား။ 

ဟင့်...အင်း။ မဟုတ်ဘူးဗျ။ 

အခုဟာက ဒေါပွစရာထက် ရင်လေးစရာဖြစ်နေတာ တွေ့ရလို့ ပြောချင်တာဗျ...။ 

(၂) 

ပြောပြရဦးမယ်။ 

အဲဒီဆောင်းပါးရဲ့ရည်ရွယ်ချက်လေး ပြန်ပြီးပြောပြမှ ပြည့်စုံမယ် ထင်ပါတယ်နော...။ 

ကျွန်တော်ရည်ရွယ်တာက လက်ရှိဦးဆောင်ပါတီ၊ လက်ရှိအစိုးရ ဖြစ်နေတဲ့ NLD ပါတီကိုပဲ အားကိုးစရာရှိသေးတဲ့အကြောင်းကို အချက်အလက်၊ အကိုးအထောက်ကလေးတွေနဲ့ သတိပေးစကား ရေးထားတာပါ။ ဘတ်ဖတ်ဆိုတဲ့ စီးပွားရေးပညာရှင်က သင့်ရဲ့အရင်းအနှီးတွေကို (တစ်နည်းအားဖြင့် ကြက်ဥတွေကို) တစ်နေရာတည်းမှာ (တစ်ခြင်းတည်းမှာ) ထည့်မထားသင့်ဘူးဆိုတာ ပြောဖူးတဲ့အကြောင်း (ဆိုင်ဆိုင် မဆိုင်ဆိုင် ထည့်ပြော)။ ပြည်သူတွေအနေနှင့်လည်း ဆန္ဒမဲတွေကို ဟိုပါတီ၊ ဒီပါတီ ခွဲထည့်ရတော့မလားပေါ့။ တစ်နေရာတည်း (တစ်ပါတီတည်း) အားကိုးလို့ရတာ သေချာရဲ့လားဆိုတဲ့သဘော ရေးပြထားတာပါဗျာ။ သဘောပြောပြထားတာပါ။ တကယ်လုပ်မယ်တစ်ခွန်းမှ ပြောမထားပါဘူးဗျာ။ တကယ် ပြန်ဖတ်ကြည့်ကြစေချင်ပါတယ်။ 

ခြင်းထဲကကြက်တွေဆိုတာကတော့ ဥပမာဆောင်စကားအဖြစ် သုံးခဲ့တာပါပဲ။ သေချာပေါက်မဲပေးမယ့် သူတွေချည်း အားကိုးမထားနဲ့။ တိုင်းရင်းသားတွေဘက် သိပ်မသေချာတဲ့နယ်မြေတွေမှာ စည်းရုံးရေး ဆင်းကြပါဦးဆိုတာ ပြောပြချင်တာပါပဲဗျာ။ 

နောက်ဆုံးမှာ ပေါ်တင်တောင်ပြောထားသေးတယ်။ 

NLD ကို အားကိုးပါတယ်။ 

NLD ကို မျှော်လင့်ထားပါတယ်...ဆိုပြီးလေ...။ 

အဲဒါကိုများဗျာ...။ ဆောင်းပါးအစအဆုံး သေသေချာချာမဖတ်ဘဲ ဆောင်းပါးရေးသူဟာ ဘယ်လိုလူလဲ... ဟိုဘာသာပြန်ပုဂ္ဂိုလ်ကြီးလိုပဲလား။ မမျှတဘူး ဝေဖန်မှုက။ အရေးအသားလေးတော့ ကောင်းသား။ ဒါပေမဲ့ တစ်ဖက်စောင်းနင်းကျမနေဘူးလားဆိုပြီး ရေးကြတာ ဖတ်ပြီး ရယ်ရမလို ငိုရမလို ဖြစ်သွားရပါတယ်။ 

ပိုဆိုးတာက ကျွန်တော့်ညီငယ်လိုဖြစ်နေတဲ့ “ရသစာပေ” ရေးဖွဲ့နေတဲ့ ညီငယ်စာရေးဆရာလေးရဲ့ ကွန်းမန့်ပါပဲ။ 

ရသစာပေရေးဖွဲ့သူဆိုတာ အတွေးကို အမျိုးမျိုးချဲ့ထွင် ဇာတ်လမ်းဆင်နိုင်တဲ့စွမ်းရည် စာဖတ်ပရိသတ်ကို တွေးဖို့ ချန်ထားခဲ့တတ်တဲ့ အတတ်ပညာတွေနဲ့ ပြည့်စုံရတယ်မဟုတ်လား။ အနှီညီလေးရဲ့ သုံးသပ်ချက်က သူ “စာ” ကို ကျေညက်အောင်မဖတ်ဘူးဆိုတာ ပေါ်လွင်စေပါတယ်။ ကျွန်တော် ဘာ “massage” ပေးချင်တယ်ဆိုတာ သူ အမိအရ မဖော်ထုတ်လိုက်နိုင်ရှာတာလည်း ဝမ်းနည်းစွာ တွေ့ရှိလိုက်ရပါတယ်။ ဘယ်ဗျာ... ရသဝတ္ထုတိုတစ်ပုဒ်လို ကွယ်ကွယ်ဝှက်ဝှက်ရေးမထားတဲ့ ဆောင်းပါးတစ်ပုဒ်ကို စေ့စေ့စပ်စပ်မဖတ်တာတော့ အင်မတန်မှ ဝမ်းနည်းဖွယ် ကောင်းလှပါရဲ့ဗျာ...။ 

(၃)

တွေးပူတတ်သူဆိုတော့ ကရားရေလွှတ် တတွတ်တွတ်ပြောသွားတဲ့ စကားအသွားအလာ၊ အတွေးအခေါ် အတိမ်အနက်တွေကိုကြည့်ပြီး “စာတတ်သူ များပြီး စာမဖတ်သူများ” လာခြင်းအတွက် ဝမ်းနည်းရပြန်တယ် ပြောရမယ်။ 

စာဖတ်ပြန်တော့လည်း အပေါ်ယံရှပ်ပြီးဖတ်။ ကိုယ်လိုရာ ဆွဲတွေး။ ရင်လေးစရာတိုင်းပြည်ကြီးပါဗျာ...။ 

အစအဆုံး တစ်လုံးချင်းဖတ် အပြန်ပြန်အလှန်လှန် စဉ်းစား၊ စာရေးသူ ဘာကိုဆိုလိုသလဲသုံးသပ်။ ပြန်ဖတ်၊ ဖြစ်နိုင်ရင် ခဲတံ၊ ဘောလ်ပင်နဲ့ လိုင်းတား။ ပြန်စဉ်းစား။ စာရေးသူရဲ့စေတနာကို အထပ်ထပ်စဉ်းစား။ ပြီးမှဝေဖန်စရာပေါ်လာရင် အကိုးအထောက်နဲ့ပြော။ ဆောင်းပါးထဲက စကားလုံးတွေ၊ အယူအဆတွေနဲ့ သက်သေပြပြော။ 

အခုတော့ဖြင့် ဤသို့မဟုတ်...။ 

“ဝါးလုံး -ီးသုတ်” ရမ်းချင်သောအကျင့်က ရှေ့မှ ဦးဆောင်နေပြန်...။

ခက်ပါဘိတယ်။ 

ပြီးတော့ မီဒီယာသမားတွေ ဘာညာ ဝင်ပနံယူသူတွေက ပါသေးတယ်။ လျှောက်ပြန်သံပေး၊ ခြေအေးဝမ်းရောင်သူတွေရဲ့ ကွန်းမန့်တွေ။ လေဖမ်းဒန်းစီးပြောချင်သူတွေနဲ့ ဒီမိုကရေစီခရီး... နီးကြရော့မယ်...တကယ်...။ 

စာဖတ်ပါ။ 

သို့သော်...

သေသေချာချာဖတ်ပါ။ 

နက်နက်နဲနဲသုံးသပ်ပါ။ 

နောက်မှ ဝေဖန်ပါ။ သုံးသပ်ပါ။ 

(၄)

အစာမကြေလျှင် ရောဂါထူတတ်သတဲ့။ 

အခုများတော့ “စာမကြေ” သူတွေ များလာတဲ့တိုင်းပြည်မှာ အသိတရား ဆင်းရဲခြင်းရောဂါတွေ ထူပြောနေဦးမှာ အသေအချာပင်။ 

စာဖတ်နေတယ်။ စာဖတ်နေတယ်ဆိုတိုင်းလည်း စိတ်မချရ။ 

ဘာစာတွေကို ဘယ်လိုရင်အခံနဲ့ဖတ်ပြီး ဘယ်လိုဝမ်းစာပေတံနဲ့ တိုင်းတာသုံးသပ်နိုင်ကြမလဲ စဉ်းစားကြရဦးမှာ သေချာလှပါတယ်။ 

(၅)

ဪ...ကွန်းမန့်တွေသာ အမှန်တကယ်ဆိုရင် တိုင်းပြည်အတွက်က ရင်လေးစရာ...။ 

မျိုးသည်မင်း



  • VIA