News

POST TYPE

OPINION

ကေကေမိုးနဲ့ တွေ့ဆုံခြင်း
21-Dec-2018
“ကိုဝေကြီး ရေးထားတဲ့ “ကျွန်မ” ဆိုတဲ့ ကောင်မလေးနေရာမှာ ကိုယ်ဝင်ခံစားပြီး တစ်လလောက် အဲဒီစိတ်နဲ့ပဲ နေတယ်” 

ရွှေ FM ဆုပေးပွဲမှာ “ကျွန်မ” သီချင်းနဲ့ ဖေ့စ်ဘွတ်ခ်ကနေ ပရိသတ်တောင်းဆိုမှု အများဆုံးအမျိုးသမီး တေးသံရှင်ဆုရခဲ့တဲ့ ကေကေမိုးနဲ့ တွေ့ဆုံပြီး ဆုရရှိခဲ့တဲ့အပေါ်ခံစားချက်၊ “ကျွန်မ” သီချင်းနဲ့ ပတ်သက်တဲ့ အမှတ်တရတွေအကြောင်းနဲ့ ဒုတိယတစ်ကိုယ်တော်ခွေအကြောင်းကို The Voice က မေးမြန်းဖော်ပြထားပါတယ်။ 

Voice : ရွှေ FM ဆုပေးပွဲမှာ “ကျွန်မ” သီချင်းနဲ့ဆုရရှိခဲ့တဲ့အပေါ် ဘယ်လိုခံစားရလဲ။
KKM : ဒီသီချင်းနဲ့ဆုရခဲ့တဲ့အတွက် အရမ်းပျော်ပါတယ်။ ပရိသတ်တွေရော၊ ဂီတလောကက ချစ်ရတဲ့ ညီအစ်ကို မောင်နှမတွေရောက “ကျွန်မ” သီချင်းလေးနဲ့ ဆုရစေချင်တာဆိုတော့လေ။ သူတို့ရဲ့ဆန္ဒလည်း ပြည့်ဝသွားမယ်ထင်ပါတယ်။ ကေကေလည်း အရမ်းပျော်ပါတယ်။ 

Voice : အခုလို အောင်မြင်လာဖို့ကြိုးစားခဲ့ရတဲ့နှစ်တွေက အများကြီးလေ။ ဆုယူဖို့စင်ပေါ်ကိုရောက်သွားတဲ့အချိန်မှာ ကိုယ်ကြိုးစားခဲ့ရတဲ့ ကာလတွေကို ပြင်မြင်ယောင်မိလား။
KKM : စင်ပေါ်ကို ဆုယူဖို့ရောက်သွားတဲ့အချိန်မှာ ကိုယ်အရမ်းကို ရုန်းကန်ခဲ့ရ၊ ကြိုးစားခဲ့ရတဲ့ အချိန်တွေအတွက် အကုန်လုံးမဟုတ်ရင်တောင် နည်းနည်းတော့အမောပြေသွားသလို ခံစားရပါတယ်။ အဲဒါကြောင့် ကေကေ အရမ်းဝမ်းသာပြီးတော့ ငိုလည်းငိုမိပါတယ်။ ရွှေ FM ကလည်း ကေကေ့ရဲ့အစ်မဖြစ်တဲ့ မချောစုကို ဆုပေးခိုင်းတာဆိုတော့ ပိုပြီးတော့ ပျော်ခဲ့ရပါတယ်။

Voice : ကိုယ်တိုင်ရော ဒီသီချင်းနဲ့ ဆုရမယ်လို့ မျှော်လင့်ခဲ့လား။
KKM : ကေကေကတော့ ဆုရပါစေဆိုပြီး မျှော်မှန်းပြီးတော့ သွားခဲ့တာမဟုတ်ပါဘူး။ ရွှေ FM ကလည်း ညီမလေးလာဖြစ်အောင် လာပေးပါလို့ ဖိတ်တာနဲ့သွားဖြစ်တာပါ။ ပွဲရောက်တော့လည်း သူငယ်ချင်းတွေက ဆုရပါစေဆိုပြီး ဆုတောင်းပေးနေတော့ နည်းနည်းတော့ ရင်ခုန်ခဲ့ပါတယ်။ ဆုရသွားတော့လည်း ဆုပေးတဲ့သူက ကိုယ့်အစ်မဆိုတော့ ပျော်ပြီး ငိုခဲ့မိပါတယ်။

Voice : “ကျွန်မ” သီချင်းကိုရော တေးရေးဆရာဝေကြီးဆီကနေ ဘယ်လို လုပ်ပြီးရခဲ့တာလဲ။ ကိုယ်တည်ပြီး ရေးခိုင်းတာလား။
KKM : ကိုဝေကြီးက အဲဒီတုန်းက ကိုဖြိုးပြည့်စုံကို သီချင်းတွေ ရေးပေးနေတဲ့အချိန်ပေါ့နော်။ ဒီသီချင်းလေးက ကိုဝေကြီးဆီမှာ ရှိနေတာကို ကိုဖြိုးကသိတယ်။ ကေကေနဲ့ လိုက်မယ်ဆိုတာကို ကိုဖြိုးက သိတော့ ကိုဝေကြီးကို “ကျွန်မ” သီချင်းကို တောင်းပေးတယ်။ ကိုဝေကြီးက ဂစ်တာတီးပြီး ကိုဖြိုးပြည့်စုံက “ကျွန်မ” သီချင်းလေးကို ဆိုပြတယ်။ အဲဒီမှာ သူငယ်ချင်းတွေက နင်မယူရင် ငါတို့ယူမှာနော်လို့တောင် စကြတယ်။ ကေကေနဲ့ ကံစပ်လို့လားတော့ မသိဘူး။ ကိုယ်ဆိုခွင့်ရခဲ့တယ်ပေါ့။

Voice : “ကျွန်မ”သီချင်းကို အသံသွင်းတုန်းကရော ဘယ်လို Mood မျိုးနဲ့ ဆိုခဲ့တာလဲ။ ခံစားချက် တော်တော်ပါနေတယ်။
KKM : ဒီသီချင်းကို အသံသွင်းတုန်းက ဘယ်လိုဆိုသင့်တယ်ဆိုတာကို ကိုဝေကြီးကလည်း ပြောပြတယ်။ နောက်ပြီးတော့ အသံသွင်းတဲ့အချိန်မှာ သူကိုယ်တိုင်လည်းလာပေးတယ်။ အစကတော့ သီချင်းလေးက ဆိုရတာ လွယ်မယ်လို့ထင်ခဲ့တာပါ။ ကဗျာရွတ်နေသလို ပုံစံမျိုးဖြစ်နေတော့လေ။ ဒါပေမဲ့ တကယ်ဆိုကြည့်တဲ့အခါမှာ သီချင်းက Mood အသားပေးတဲ့ သီချင်းမျိုးဖြစ်နေတယ်။ ဆိုကြည့်တော့မှ တော်တော်ခက်နေတယ်။ သီချင်းသွင်းဖို့ တစ်လနီးပါးလောက် အချိန်ယူခဲ့ရတယ်။ Mood အသားပေး သီချင်းဖြစ်တဲ့အတွက် ကေကေဆိုတာ Mood မပါရင် ပရိသတ်ကလည်း ခံစားရမှာ မဟုတ်ဘူးလေ။ အဲဒါကြောင့် ကိုဝေကြီး ရေးထားတဲ့ “ကျွန်မ” ဆိုတဲ့ ကောင်မလေးနေရာမှာ ကိုယ်ဝင်ခံစားပြီး တစ်လလောက် အဲ့ဒီစိတ်နဲ့ပဲနေတယ်။ အပြင်မှာ အသည်းမကွဲပေမယ့် အသည်းကွဲနေတဲ့ ခံစားမှုမျိုးနဲ့ နေခဲ့ပါတယ်။

Voice : ပရိသတ်တွေရဲ့ အားပေးမှုအထိုက်အလျောက်ရလာပြီဆိုတော့ ကိုယ်ကြိုးစားရတာ အရင်ကထက် အားတွေပိုရှိလာလား။
KKM : ပရိသတ်တွေရဲ့ အားပေးမှုရလာတဲ့အတွက် ရှေ့ဆက်ဖို့အတွက်လည်း ခွန်အားတွေဖြစ်တယ်။ ပရိသတ်တွေကို သီချင်းကောင်းတွေ ပိုပြီး ချပြနိုင်ဖို့အတွက် တာဝန်ရှိလာတယ်လို့ခံစားရပါတယ်။ ပထမခွေထွက်တုန်းကလည်း ကေကေ့ စိတ်ကြိုက်သီချင်းတွေပဲ ရွေးခဲ့တာပါ။ ဒုတိယခွေကိုလည်း သီချင်းကောင်းတွေ အများကြီး ချပြနိုင်အောင်ကြိုးစား နေပါတယ်။ ကိုဝေကြီးရဲ့ သီချင်းလေးတွေလည်း ထပ်ပါ,ပါဦးမယ်။ ကေကေ ဆိုနေကျ မဟုတ်တဲ့ R&B ပုံစံလေးတွေလည်းပါပါမယ်။ ဒုတိယခွေမှာတော့ အဆွေးသီချင်းလေးတွေ တော်တော်များမယ်။

Voice : အဆွေးသီချင်းတွေ ပိုဆိုဖြစ်တာက အချစ်နဲ့ပတ်သက်တဲ့ ခံစားချက်တွေရှိလို့လား။
KKM : အဲဒါကတော့ ကေကေ့ရဲ့ အသံအနေအထားကြောင့်ဖြစ်မယ် ထင်ပါတယ်။ ကိုယ်တိုင်ကလည်း ဆွေးတဲ့ သီချင်းမျိုးနဲ့ ပိုလိုက်သလို ခံစားရတယ်။ အသံကလည်း ဆွေးဆွေးမြည့်မြည့်ဘက်ကို သွားတဲ့အတွက် နည်းနည်းလေး Mood ထည့်ပြီး ဆိုလိုက်တာနဲ့ အသည်းကွဲသလို ဖြစ်သွားတာပေါ့နော်။ တိုက်ဆိုင်သွားတာပေါ့။ ဒုတိယခွေကတော့ သီချင်းတွေ စစုနေပါပြီ။ နောက်နှစ်မိုးတွင်းလောက်တော့ ထွက်ဖို့ မှန်းထားတယ်။ နောက်ကျမယ်ဆိုရင်တော့ စက်တင်ဘာလထဲမှာ ကျရောက်မယ့် ကေကေ့ မွေးနေ့မှာထွက်ချင်ပါတယ်။

သန့်ဇင်ဦး



  • VIA