News

POST TYPE

OPINION

အဟောင်းစား
20-Dec-2018
အဟောင်းစားဆိုတဲ့ စကားလုံးလေးအကြောင်း တွေးနေမိတယ်။ အဟောင်းတွေကိုပဲ စားနေတဲ့သူ။ ဘာအဟောင်းတွေလဲ။ လုပ်ရပ် အဟောင်း၊ ကြိုးစားအားထုတ်မှုအဟောင်း၊ ဒီလိုဒီလိုအဟောင်းမျိုးတွေကို ဆိုလိုတာ ဖြစ်နိုင်ပါတယ်။

ဒီစကားလုံးက နတ်ပြည်၊ ဗြဟ္မာ့ပြည်အကြောင်း ပြောတဲ့အခါ သုံးကြတာတွေ့ဖူးပါတယ်။ ဘဝတစ်ခုခုမှာ ကောင်းမှုကုသိုလ်ကံတစ်ခုပြုလိုက်မယ်၊ အဲ့ဒီကုသိုလ်ကံကြောင့် နတ်ပြည်၊ ဗြဟ္မာ့ပြည်ကို ရောက်သွားမယ်၊ ကိုယ်ပြုခဲ့တဲ့ကုသိုလ်ကံရဲ့ အာနိသင်ကုန်သွားတဲ့အခါ ကံအားလျော်စွာ ဘုံဘဝတစ်ခုခုကို ပြန်ရောက်သွားလိမ့်မယ်။ ဒီတော့ အဲ့ဒီလောကကြီးက အဟောင်းစားဆိုတဲ့သဘောနဲ့ တူနေပါသတဲ့။ ကုသိုလ်ကံအဟောင်းတွေကပေးတဲ့ အကျိုးတရားတွေကို စားသုံးနေရတာမို့ပါတဲ့။ သူတို့လောကမှာက ဒါနကုသိုလ်၊ သီလကုသိုလ်တွေထပ်ပြုဖို့ မဖြစ်နိုင်ဘူးတဲ့။ ဒီကုသိုလ်တွေပြုနိုင်ဖို့အတွက် နတ်၊ ဗြဟ္မာတွေ စုတေခါနီးရင် လူ့ပြည်ကိုသာသွားဖို့ တိုက်တွန်းကြပါသတဲ့။

တကယ်တော့ နတ်တွေ၊ ဗြဟ္မာတွေအကြောင်းပြောမှ အဟောင်းစား ဆိုတဲ့စကားလုံးကို သုံးနိုင်တာ ဟုတ်ဟန်မတူပါဘူး။ ဟောဒီ လူ့လောက လူ့နယ်ပယ်မှာလည်း အဟောင်းစားဆိုတဲ့စကားလုံးကို သုံးနိုင်ပုံရပါတယ်။ အဟောင်းစားတွေ အများကြီးရှိနေနိုင်ပါတယ်။ ငယ်ငယ်တုန်းကဖြစ်ဖြစ်၊ တစ်ချိန်ချိန်ကဖြစ်ဖြစ် တစ်ခုခုလုပ်လိုက်တယ်။ စီးပွားရေးနယ်ပယ်မှာပဲဖြစ်ဖြစ်၊ ပညာရေးနယ်ပယ်မှာပဲဖြစ်ဖြစ်၊ လူမှုရေးနယ်ပယ်မှာပဲဖြစ်ဖြစ် ကောင်းရာကောင်းကျိုးတွေကို အားတက်သရော ကြိုးစားအားထုတ်လိုက်တယ်။ အချိုပင်ကိုစိုက်တော့ အချိုသီးလေးတွေ စားရတယ်။ အတိတ်က လုပ်ရပ်လေးတွေကြောင့် ရလာတဲ့အကျိုးပေးက တော်တော်နဲ့ကို မကုန်နိုင်ဘူး။ သူ့ကို အဟောင်းစားလို့ ပြောရမှာပေါ့။ ဒါပေမဲ့ အဲ့ဒီအဟောင်းလေးကပေးတဲ့ အကျိုးကိုက တော်တော်နဲ့ကို မကုန်နိုင်ဘူး။

အဟောင်းစားဆိုတဲ့စကားလုံးကို အဟောင်းဆိုတာနဲ့ စားဆိုတာနဲ့ ပြန်ခွဲလို့ရပါလိမ့်မယ်။ အဟောင်းဆိုတာ ဘာလဲ။ အတိတ်ကာလ တစ်ခုခုက ဖြစ်ခဲ့ပျက်ခဲ့တာအားလုံး အဟောင်းချည်းပဲ။ ပစ္စုပ္ပန်မှာဖြစ်နေတာတွေကိုသာ အသစ်လို့ဆိုနိုင်မှာ။ ဒီတော့ ပြီးခဲ့တာ အားလုံးအဟောင်းပေါ့။ စားဆိုတဲ့စကားလုံးကတော့ ရှင်းပါတယ်။ သူ့အကျိုးတရားကို ခံစားတယ်လို့ ပြောနိုင်မှာပေါ့။

အတိတ်တုန်းက အပင်လေး တစ်ပင်နှစ်ပင်စိုက်တယ်၊ စိုက်ခဲ့တဲ့အပင်အတိုင်းပဲ သူကသီးတဲ့အသီးကို စားခွင့်ရနေလိမ့်မယ်။ ဒါမှမဟုတ် ဥယျာဉ်ကြီးတစ်ခုပျိုးထောင်ခဲ့တယ်၊ အဲ့ဒီအတိုင်းပဲ စားသုံးခွင့်ရနေမှာပါပဲ။ ဒီတော့ အဟောင်းစားဖြစ်ဖို့ဆိုတာကိုက သိပ်တော့လွယ်တာမဟုတ် ဘူးလို့ပြောရမယ်။ ပုဗ္ဗေစ ကတပုညတာ- ရှေးက တင်ကြိုပြုခဲ့ဖူးသည့် ကောင်းမှု အထူးရှိပါစေဆိုတဲ့အတိုင်းပေါ့။ ကြိုကြိုတင်တင်ပြုခဲ့ဖူးတဲ့ ကောင်းမှုတွေ ရှိနေခဲ့မှသာ အဟောင်းစားဖြစ်ခွင့်ရမှာ။

သေသေချာချာ ပြန်တွေးကြည့်မယ်ဆိုရင်တော့ ဘယ်သူမဆို အဟောင်းစားအဆင့်ကိုတော့ ရောက်ကြတာချည်းပါပဲ။ ကိုယ့်အဟောင်းက အကောင်းတွေဖြစ်ခဲ့တယ်ဆိုရင် အခုအကောင်းတွေစားရမှာပေါ့။ ကိုယ့်အဟောင်းက မကောင်းတာတွေ ဖြစ်ခဲ့တယ်ဆိုရင်လည်း မကောင်းတာတွေပဲ စားနေရမှာပေါ့။ ဟောင်းတာချင်းတော့အတူတူပဲ။ သူသူကိုယ်ကိုယ်မှာ အဟောင်းတွေကတော့ ရှိခဲ့ကြတာပါပဲ။ ရှိခဲ့ကြမှာပါပဲ။ ကောင်းတာ၊ မကောင်းတာကတော့ ကိုယ့်အပေါ်မှာပဲ မူတည်ခဲ့မှာပါပဲ။

ကောင်းတဲ့သူတွေကလည်း ကောင်းနေတယ်။ မကောင်းတဲ့သူတွေကလည်း မကောင်းတာတွေနဲ့သာ ကြုံနေကြရပြန်တယ်။ ဒါပေမဲ့ အဲ့သလို အဟောင်းစားအဆင့်မှာတင် ရပ်နေလို့သင့်ပါ့မလားဆိုတာကို တွေးမိလာပြန်ပါတယ်။ ဘာ့ကြောင့် ဒီလိုပြောရသလဲဆိုတော့ တချို့တချို့သော သူတွေက အဟောင်းစားအဆင့်မှာတင် ပျော်မွေ့နေကြတာတွေကို တွေ့နေရလို့ပါ။

အတိတ်က ကောင်းတဲ့ကံလေးတွေ ပြုခဲ့ကြတယ်။ အခုကောင်းတဲ့အကျိုးတွေ ခံစားနေကြရတယ်။ ဒါနဲ့တင် ကျေနပ်နေတယ်။ ဒီ့ထက်ပိုပြီး ဆက်မတိုးတော့ဘူး။ ဒါမှမဟုတ် အတိတ်က မကောင်းတဲ့ကံလေးတွေ ပြုခဲ့ကြတယ်။ အခု ဆိုးကျိုးတွေခံစားနေရတယ်။ ဒီနေရာမှာတင် ရပ်နေပြန်တယ်။ “ဪ၊ ငါမကောင်းခဲ့လို့ ငါဒီလိုခံနေရတာပါလား”ဆိုပြီးတော့ ဒီနေရာမှာတင် ရပ်နေတယ်။ ရှေ့ဆက်မတိုးတော့ဘူး။ ဒီနေရာမှာတင် လမ်းဆုံးနေတယ်။

ကိုယ်က အဟောင်းစားဖြစ်နေပြီလား။ ဒါဆိုရင် ဒီနေရာမှာ ရပ်မနေသင့်ဘူး။ အရင်က ကောင်းတာလုပ်ခဲ့လို့ ကောင်းတာတွေဖြစ်နေတယ်။ ဒါဆိုရင် ကောင်းတာတွေ ဆက်လုပ်နိုင်အောင် ကြိုးစားရမှာပါ။ မကောင်းတာတွေ လုပ်ခဲ့မိလို့ ဆိုးကျိုးတွေခံနေရမယ်ဆိုရင်လည်း ယူကျုံးမရ အပူလုံးကြွနေတာလောက်နဲ့တင် ရပ်မနေဘဲ ရှေ့ဆက်ပြီး ကောင်းတာတွေ များများလုပ်မိအောင်၊ မကောင်းတာတွေ မလုပ်မိအောင် ကြိုးစားရမှာပါ။ ဒါမှသာ ကောင်းနေတဲ့သူက ကောင်းသထက်ကောင်းလာ၊ ဆိုးနေတဲ့သူက အဆိုး အညံ့တွေ လျော့သထက်လျော့လာပြီး အကောင်းဘက်ကို ပြန်ရောက်လာနိုင်မှာပါ။

ဒါပေမဲ့ လက်တွေ့မှာတော့ အများအားဖြင့် ရှေ့ကပြုခဲ့တဲ့ကံကိုသာ ယိုးမယ်ဖွဲ့နေတတ်ကြတယ်။ ဘယ်တုန်းက ဘယ်လိုတွေလုပ်ခဲ့တာ၊ ဘယ်လိုတွေကြိုးစားခဲ့တာ။ ဒါ့ကြောင့် အခု ဘယ်လိုတွေ၊ ဘယ်လိုတွေ ဖြစ်သင့်တာ၊ ဘာတွေ ဘာတွေရသင့်တာ။ ဒါတွေချည်း အပ်ကြောင်းထပ်ကုန်တယ်။ ဟိုတုန်းက ဘာတွေလုပ်ခဲ့တယ်ဆိုတာချည်း ပြန်တွေးနေတယ်၊ ပြန်ပြောနေတယ်။ အခု ဘာတွေလုပ်နေသလဲဆိုတာကို သိပ်အာရုံမစိုက်တော့ဘူး။

တကယ်တမ်းကတော့ ဟိုတုန်းက ဘာတွေလုပ်ခဲ့တယ်ဆိုတာ အရေးကြီးသလို အခု ဘာတွေလုပ်နေသလဲဆိုတာက သူ့ထက် ပိုအရေးကြီးပါတယ်။ ကောင်းခဲ့သလား၊ ထားလိုက်ဦး။ ဆိုးခဲ့သလား၊ ဒါလည်း ထားလိုက်ဦး။ အတိတ်က ကောင်းခြင်း၊ မကောင်းခြင်းတွေက လက်ရှိအချိန်မှာရှိနေတဲ့ လုပ်ဆောင်ချက်တွေလောက်တော့ အရေးမကြီးသေးပါဘူး။ အရေးအကြီးဆုံးက လက်ရှိအခြေအနေမှာ ဘာတွေလုပ်နေသလဲဆိုတာပါ။ အတိတ်ကလုပ်ရပ်တွေလည်း အရေးကြီးတယ်ဆိုပေမယ့် လက်ရှိကတော့ ဟိုအရင်အတိတ်အကြောင်းတွေထက် ပိုပြီးအရေးကြီးတယ်ဆိုတာကို သတိထားရမှာပါ။ အတိတ်ဆိုတာက ပြင်လို့မရတော့ဘူး။ ပြန်ပြင်ဖို့ မဖြစ်နိုင်တော့ဘူး။ သီချင်းခွေတစ်ခွေကို ရှေ့တစ်ပုဒ် နှစ်ပုဒ်ပြန်ကျော်၊ ပြန်ရွှေ့သလိုမျိုး ဘဝကိုရှေ့ပြန်ပို့ချင်လို့ မရတော့ဘူး။ မျဉ်းကျားက ပြန်ကူးဖို့ မဖြစ်နိုင်တော့ဘူး။

ကောင်းခဲ့တာဆိုရင်လည်း ဆိုးသွားအောင် ပြန်မလုပ်နိုင်သလို၊ ဆိုးခဲ့တာဆိုရင်လည်း ကောင်းသွားအောင် ဘာတစ်ခုမှ ပြန်မလုပ်နိုင်တော့ဘူး။ ပြီးခဲ့တာတွေက ပြီးခဲ့ပြီ။ ပြီးခဲ့တာတွေအတွက် ပြည်ဖုံးကားတစ်ခြမ်း ချထားသင့်ပြီ။ ကိုယ့်ရဲ့လားရာလမ်းကို မကြာမကြာပြန်ကြည့်ဖို့အတွက် အဟောင်းလေးတွေကို ပြန်လည်ငေးမျှော်တာမျိုးလောက်တော့ လုပ်သင့်ရင်လုပ်ရမှာပါပဲ။ ဒါပေမဲ့ အတိတ်သမိုင်းတစ်ခုတည်းအပေါ်မှာပဲ ရပ်တည်နေရင်တော့ ရေရှည်အတွက် သိပ်အဆင်မပြေနိုင်ပါဘူး။

အများအားဖြင့် အတိတ်အကြောင်းကိုချည်းပဲ ပုံချလိုက်ကြတယ်။ အတိတ်ကံကိုပဲ ယိုးမယ်ဖွဲ့လိုက်ကြတယ်။ လက်ရှိအခြေအနေမှာ ဘာတွေ လုပ်နိုင်သေးသလဲဆိုတာကို သိပ်ပြီးမစဉ်းစားချင်ကြတော့ဘူး။ “ဥစ္စာကံ ပေး မရသေး၊ နှောင့်နှေးဗျာပါ မရှိရာ”ဆိုတဲ့စကားပုံကို တရားသေဆုပ်ထားပြီးတော့ ထိုင်စောင့်နေတယ်။ သူ့ဟာသူ ဖြစ်လာလိမ့်မယ်လို့ထင်နေတယ်။ ကောင်းရင်လည်း အတိတ်ကံကြောင့်၊ ဆိုးရင်လည်း အတိတ်ကံကြောင့်လို့ ခံယူထားလိုက်တော့။ ဒီတော့ အရေးကြီးတဲ့ ပစ္စုပ္ပန်ရဲ့အခန်းကဏ္ဍက ပျောက်ရော။

“ကံဟုမူလ၊ သမ္ဗုဒ္ဓတို့၊ ဟောပြသည်မှာ၊ အရင်းသာရှင့်၊ ဥစ္စာ ဘောဂ၊ ဇီဝိတနှင့်၊ သုခပွားရန်၊ ဤလူ့ဌာန်၌၊ ဉာဏ်ဝီရိယ၊ ပယောဂတည့်၊ ကာလဒေသ၊ ပုဂ္ဂလကို၊ နှိုင်းဆအပ်တုံ၊ ကံကိုယုံ၍၊ မီးပုံအတွင်း၊ မဆင်း ထိုက်စွာ၊ ကျားရဲရာလည်း၊ ကြမ္မာအကြောင်း၊ မယိုးကောင်းရှင့်၊ သူဟောင်း ရှေးက၊ ဆိုကုန်ကြ၏၊ လုံ့လမထူ၊ ဉာဏ်မကူဘဲ၊ အယူတစ်ချောင်း၊ ကံ တစ်ကြောင်းမျှ၊ မကောင်းလည်းကံ၊ ကောင်းလည်းကံဟု၊ ကံကိုချည်းသာ၊ မကိုးရာဘူး၊ ပညာဉာဏ်ဖြင့်၊ သင့်မသင့်ကို၊ အခွင့်ရှု၍၊ အပြုလုံ့လ၊ ရှိအပ်စွ တည့်”လို့ မန်လည်ဆရာတော်ဘုရားကြီးက ဩဝါဒထားတော်မူခဲ့ပါတယ်။ ဒါပေမဲ့ ဘယ်လိုပဲပြောပြော အများအားဖြင့်က အတိတ်ကကံကိုချည်း အားကိုးချင်နေကြတယ်။ ဝေးတဲ့အတိတ်နဲ့ နီးတဲ့အတိတ်ပဲကွာတယ်။ ဘဝါဘဝက ပါရမီကိုလှမ်းမျှော်ချင်မျှော်မယ်၊ ဒါမှမဟုတ် ငယ်ငယ်တုန်းကဖြစ်ဖြစ်၊ တစ်ချိန်ချိန်ကဖြစ်ဖြစ် ကြိုးစားအားထုတ်ခဲ့တာလေးတွေကိုပဲ ပြန်လည်တမ်းတပြီးတော့ ဘဝကိုရေစုန်မျှောလိုက်ချင်နေတတ်ကြပါတယ်။ လုပ်တော့လုပ်နေတယ်၊ ထူးပြီးမကြိုးစားချင်တော့ဘူးဆိုတဲ့စိတ်မျိုး ဝင်ဝင်နေတတ်ပါတယ်။

မီးပုံးပျံပွဲလွှတ်တာကို ကြုံဖူးကြမှာပေါ့။ မီးပုံးပျံကြီးတစ်ခုမြင့်တက် သွားတယ်။ မှိုင်းဝရင်ဝသလောက် ဟိုး ဝေဟင်ထဲအထိ အမြင့်ကြီးပျံသန်း သွားနိုင်ပါလိမ့်မယ်။ ဒါပေမဲ့ မှိုင်းကုန်သွားတဲ့တစ်ချိန်ချိန်တော့ တဖြည်းဖြည်းနဲ့ အောက်ကိုပြန်ကျလာမှာပါပဲ။ အခုခေတ် လူတွေစီးတဲ့ မီးပုံးပျံတွေကတော့ ဒီလိုမဟုတ်တော့ဘူး။ မှိုင်းကိုလိုအပ်သလို အတိုးအလျှော့လုပ်ပေးနေတယ်။ အပေါ်ထပ်မြင့်ချင်ရင် မှိုင်းများများပေးလိုက်တယ်။ ဓာတ်ငွေ့တွေကိုမီးရှို့ပြီး လိုသလို မှိုင်းပေးနေနိုင်တယ်။ လေကို ပူအောင်လုပ်လိုက်တယ်ဆိုလားပဲ။ ပြီးတော့ ပြန်နိမ့်ဆင်းချင်ရင်လည်း ပြန်လျှော့ပေးလို့ရတယ်။ ဒီတော့ သူ့မှာ ဘယ်အချိန်များ နိမ့်လျှောကျသွားဦးမှာလဲဆိုတဲ့ စိုးရိမ်မှုမျိုး ဖြစ်စရာမလိုတော့ဘူး။ အဲ့သလိုမဟုတ်ဘဲ လွှတ်တင်ခါစက သွင်းထားတဲ့မှိုင်းကလေးတစ်ခုတည်းကိုသာ အားကိုးနေမယ်ဆိုရင်တော့ ဘယ်အချိန်များ မီးစာကုန်၊ မှိုင်းပြတ်ပြီးတော့ အောက်ဘက်ကို ပြန်ကျလာပါလေလိမ့်မလဲဆိုတဲ့ စိုးရိမ်စိတ်က တထိတ်ထိတ်နဲ့ ခံစားနေရမှာပါ။ ပြိုင်ဘက်မရှိ တစ်ဦးတည်းသော အောင်မြင်သူတွေအတွက် မှိုင်းကုန်တဲ့မီးပုံးပျံ ပြန်ကျလာတဲ့အဖြစ်မျိုးမကြုံရအောင် ရှောင်ရှားရမှာပါ။

ကိုယ်က ကျရှုံးနေသူလား။ ဒါဆိုရင် ဟိုတုန်းကလုပ်ရပ်တွေကြောင့် ကျရှုံးနေရတာလို့ချည်း ကိုယ့်ကိုယ်ကိုယ် အပြစ်ဖို့မနေပါနဲ့။ လက်ရှိ အခြေအနေကို ဒီ့ထက်ပိုကောင်းအောင် ဘာတွေလုပ်နိုင်မလဲဆိုတာကို စဉ်းစားပြီးတော့ စဉ်းစားလို့ရသမျှတွေကို ရိုးသားဖြောင့်မတ်တဲ့နည်းလမ်းတွေနဲ့ စွမ်းနိုင်သမျှ အကောင်အထည်ဖော် ဆောင်ရွက်ရမှာပါ။

ကိုယ်က အောင်မြင်နေသူလား။ ဒါဆိုရင်လည်း အတိတ်ကကောင်းတာတွေ လုပ်ခဲ့တာကြောင့် အခုလို အောင်မြင်နေတယ်ဆိုတာကို အသိအမှတ်ပြုပါ။ ပြီးရင်လည်း ဒီအပေါ်မှာချည်း သာယာနေလို့မရပါဘူး။ ဒီနေရာမှာတင် ရပ်နေလို့ မဖြစ်ပါဘူး။ ရှေ့ကိုဆက်ပြီး ဒီ့ထက်ပိုကောင်းအောင် ဘာတွေလုပ်နိုင်ဦးမလဲဆိုတာကို ရှာဖွေကြံဆပြီးတော့ စွမ်းနိုင်သမျှ ကြိုးစားကြရဦးမှာပါ။

အဓိကအားဖြင့် ကိုယ်က ယှဉ်ပြိုင်မှုနယ်ပယ်မှာ နေထိုင်နေသူဆိုရင် အဟောင်းစားနယ်ထဲကနေ လွတ်အောင်ရုန်းထွက်နိုင်ဖို့ ပိုပြီးတော့ လိုအပ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ပြိုင်ဘက်အားလုံးက ရှေ့ကို ဒုန်းစိုင်း ပြေးလွှားပြီး ချီတက်နေကြတာပါ။ ပုံမှန်လမ်းလျှောက်ပြီး သွားနေလာနေကြတာမဟုတ်ပါဘူး။ ပြေးနိုင်သမျှ မြန်မြန်ပြေးနေကြတာပါ။ ဒီအချိန်မှာ ကိုယ်က နှာတစ်ဖျားသာနေသေးလား။ ဒါမှမဟုတ် အပြတ်အသတ်ကို သာနေပြီလား။ ဒါပေမဲ့ ဒီအချိန်မှာ ကိုယ်က ရှေ့ကရောက်နေတာပဲလေ ဆိုပြီးတော့ အရှိန်လျှော့လိုက်လို့မဖြစ်ပါဘူး။ ဆက်ပြေးနေရဦးမှာပဲ။ အခုပြေးနေသလို နောက်လည်းပြေးနေရဦးမှာပါပဲ။ နည်းနည်းလောက်လျှော့ လိုက်တာနဲ့ နောက်က လိုက်လာတဲ့သူနဲ့ ကိုယ်နဲ့အကွာအဝေးက ပိုပိုကျုံ့သွားမှာ။ ဒီ့ထက် ပိုလျှော့လိုက်တာနဲ့ ဒီ့ထက်ပိုကပ်သွားမှာ။ ကြာလာရင် ကိုယ့်ကိုယ်တောင်ကျော်တက်သွားဦးမှာ။ ဒီတော့ ရှေ့ကရောက်နေတယ်ဆိုပြီးတော့လည်း ခပ်အေးအေး၊ ခပ်တွေတွေနဲ့ နေလို့မရပြန်ပါဘူး။

တစ်ခါတစ်ခါကျတော့ ကိုယ်လည်း ဘာအမှားမှမလုပ်လိုက်ရပါဘဲနဲ့ ထိပ်ဆုံးကနေ ပြန်လျှောကျသွားတဲ့အဖြစ်မျိုး တွေ့ဖူးကြုံဖူးကြပါလိမ့်မယ်။ တကယ်တော့ အမှားလုပ်မှ မလုပ်မှရယ်လို့မဟုတ်ဘူး။ ကိုယ်က အောင်မြင်မှုတစ်ခု ရပြီးတဲ့အချိန်မှာ အေးအေးလူလူ သာသာယာယာနဲ့ နေနေပေမယ့် တစ်ဖက်က အရိုးကြေကြေ အရေခန်းခန်း ကြိုးစားနေတာ။ သူ့ကြိုးစားမှုက ကိုယ့်ထက်သာသွားရင် တစ်ချိန်ချိန်မှာ သူကကိုယ့်ရှေ့ကို အလိုလိုရောက်သွားမှာ။ ဒီအချိန်ကျမှ အလန့်တကြားဖြစ်ပြီးတော့ ချက်ချင်း ထလိုက်ဖို့ကလည်း သိပ်တော့မလွယ်ပါဘူး။ အရှိန်ပြန်ယူရလိမ့်ဦးမယ်။ ဒါ့ကြောင့် ကိုယ်က ရှေ့ကရောက်နေနှင့်တဲ့သူဆိုရင်လည်း နှုန်းမလျှော့ဘဲ ဆက်ပြေးနေဖို့ လိုပြန်ပါသေးတယ်။ လျှော့လိုက်တာနဲ့ ကျော်တက်ချင်တဲ့သူတွေက အဆင်သင့်ကပ်ပါလာနေတယ်ဆိုတာကို သတိထားရပါမယ်။

Nokia ကျရှုံးချိန်မှာ ကုမ္ပဏီရဲ့ CEO ဖြစ်တဲ့ Rajeev Suri က ပြောခဲ့ပါသတဲ့။ “We did’t do anything wrong, but somehow we fall. ငါတို့ ဘာအမှားမှ မလုပ်ဘူး၊ ဒါပေမဲ့ ငါတို့ကျရှုံးခဲ့တယ်”တဲ့။ ကိုယ်တော့ ဘာအမှားမှ မလုပ်ဘူးပေါ့။ ဒါပေမဲ့ ကိုယ့်ပြိုင်ဘက်တွေက ကိုယ့်ထက်ကောင်းအောင် စဉ်ဆက်မပြတ် ကြိုးစားအားထုတ်နေချိန်မှာ ကိုယ်က ရပ်နေလိုက်တာပဲဖြစ်ဖြစ်၊ အရှိန်လေး လျှော့လိုက်တာပဲဖြစ်ဖြစ် လုပ်လိုက်မယ်ဆိုရင်တော့ ကျန်တဲ့သူတွေက ကိုယ့်ကို လွှားခနဲလွှားခနဲ ကျော်တက်သွားကြမှာပါပဲ။

ပြေးပွဲပြိုင်ပွဲမှာ ကိုယ်က နောက်ကဖြစ်နေသလား။ ဒါဆိုရင်လည်း မလျှော့နဲ့ပေါ့။ အရှိန်ကို တင်နိုင်သမျှတင်။ တင်ပြီးသမျှ အရှိန်ထက် တင်နိုင်သေးရင် ထပ်ပြီးတင်။ ကိုယ့်အခြေအနေကိုတော့ ပြန်သုံးသပ်ရမှာပေါ့။ ဒီပွဲမှာ ဒီ့ထက် ပိုပြေးနိုင်သေးရဲ့လား။ အရှိန်မြှင့်နိုင်သေးတယ်ဆိုတာ သေချာရဲ့လား။ သေချာတယ်ဆိုရင်တော့ ဒီ့ထက်မြန်မြန်ပိုပြေးပေါ့။ ကိုယ်ပြေးနိုင်သလောက် ပြေးလိုက်ပေါ့။ ကျော်နိုင်တဲ့အချိန် ကျော်တက်ပစ်လိုက်ပေါ့။ ဒီလိုမဟုတ်ဘဲနဲ့ ကိုယ့်ကျမှ နောက်ကောက်ကျန်ခဲ့ရလေခြင်းဆိုပြီး စိတ်ပျက်အားငယ်ရင်းနဲ့ ဝေလေလေဖြစ်နေရင်တော့ အခုလည်း နောက်ကျကျန်ခဲ့သလို နောင်လည်း နောက်ကျနေခဲ့ဦးမှာပါပဲ။

အများအားဖြင့် အောင်မြင်မှုတစ်ခုခု မရခင်တုန်းကတော့ မရမနေ ဆိုတဲ့စိတ်ဇွဲမျိုးနဲ့ အသည်းအသန် ကြိုးစားတတ်ကြပါတယ်။ တကယ့်ကို အရိုးကြေကြေ အရေခန်းခန်းဆိုတဲ့ အစားထဲကပါပဲ။ ဒါပေမဲ့ ရည်ရွယ်ထားတဲ့ အခြေအနေတစ်ခုကိုလည်း ရောက်လာရော၊ ဒီအောင်မြင်မှုလေးမှာ သာယာပျော်မွေ့နေပြီးတော့ ဒီ့ထက်ဒီ့ထက် ပိုတဲ့အောင်မြင်မှုတွေကို ဆက်ယူဖို့ မေ့သွားတတ်ပြန်ရော။ ဒီလိုမေ့တတ်လွန်းလို့လည်း အောင်မြင်မှုတစ်ခုကို ရေရှည်ထိန်းထားနိုင်ဖို့ အလွန်ခက်တယ်ဆိုတဲ့ အဆိုအမိန့်တစ်ခု ထွက်လာတာဖြစ်မှာပါပဲ။

အညာကျေးလက်မှာတော့ ဆိုရိုးစကားလေးတစ်ခုရှိတယ်။ “ရတဲ့ ယုန်လေး ဟိုဟာဖြဲကြည့်နေတယ်”တဲ့။ တောပျော်တို့ရဲ့ဓလေ့အရ တောထဲထွက်ပြီး ယုန်လိုက်ကြတဲ့အခါ တစ်ကောင်လောက်မိတာနဲ့ နောက်ထပ် နောက်ထပ်မိဖို့ ဆက်မကြိုးစားတော့ဘဲ ရပြီးသားယုန်ကလေးကို အမြီးပြန် ခေါင်းပြန် အပြန်ပြန်အလှန်လှန် ကြည့်နေတတ်သူအတွက် ဆိုခဲ့တာပါ။ ဒီစကားလေးက အလုပ်တစ်ခုခုလုပ်တဲ့အခါ၊ စဉ်တိုက်ဆက်တိုက် ဆက်ပြီး ကြိုးစားရမယ့်ကိစ္စတစ်ခုကို ဆောင်ရွက်တဲ့အခါ အဆုံးအစွန်သော ပန်းတိုင်အထိမရောက်သေးဘဲ ရပြီးသား အောင်မြင်မှုလေးတွေအပေါ်မှာ သာယာမိန်းမောနေတတ်သူတွေအတွက် ရည်ညွှန်းခဲ့တာလည်းဖြစ်မှာပါ။

“တို့ဗမာ ခေတ်အစဉ်မညှိုးပြီ ရှစ်ပလ္လင်စိုးခဲ့ပါတဲ့ ဓမ္မရာဇ်ဘုရင်ရိုး ကုန်းဘောင်အနွယ်မှန်သည်”စသည်အားဖြင့် အတိတ်သမိုင်းအပေါ်မှာတော့ တော်တော်လေး ဂုဏ်ယူတတ်ကြပါတယ်။ ကိုယ့်ယဉ်ကျေးမှု၊ ကိုယ့် သမိုင်းအစဉ်အလာတွေကို တန်ဖိုးထား မြတ်နိုးတတ်တဲ့စိတ်ထားက လေးစားနှစ်သက် မြတ်နိုးအပ်တဲ့စိတ်ထားပါ။ တိုင်းပြည်တစ်ပြည် လူမျိုးတစ်မျိုးအတွက် ဇာတိပုည ဂုဏ်မာနတွေမရှိရင်တော့ မဖြစ်ပေဘူးပေါ့။ ဒါပေမဲ့လည်း အဲ့ဒီ ဇာတိပုည ဂုဏ်မာနတွေနဲ့ချည်း သီးသန့်ရပ်တည်နေလို့လည်း မဖြစ်သေးပါဘူး။ ရှင်ပြုတုန်းက ရွှေထီးဆောင်းခဲ့ရတာကို အမြဲတမ်း ပြန်တွေးနေပြီး တစိမ့်စိမ့်သာယာနေဖို့ မသင့်သေးပါဘူး။ လက်ရှိဘာတွေ အောင်မြင်နေသလဲ၊ ဘာတွေဖြစ်နေသလဲ၊ ဘာတွေကြိုးစားဖို့လိုဦးမလဲ၊ ဘယ်အပိုင်းတွေကို ထပ်ပြီးအားဖြည့် အရှိန်မြှင့်ဖို့လိုဦးမလဲဆိုတဲ့ အတွေးမျိုး အကြံမျိုးကို အမြဲတမ်း တွေးခေါ်ကြံဆပြီးတော့ စဉ်ဆက်မပြတ်ကြိုး စားအားထုတ်နေမှသာ တဖြည်းဖြည်း ပိုမိုမြင့်မားတဲ့အခြေအနေတစ်ခုကို ရောက်နိုင်မှာပါ။

အဓိကကတော့ ကိုယ်စီကိုယ်စီရဲ့ ဘဝတွေအတွက်သာ ရည်ညွှန်းတင်ပြလိုရင်းဖြစ်ပါတယ်။

ကိုယ်က အဟောင်းလေးတွေကြောင့် ရတဲ့အသီးအပွင့်လေးတွေနဲ့သာ ကျေနပ်နေသူလား။ အဟောင်းစား သက်သက်တစ်ယောက်ဖြစ်နေပြီလားဆိုတာကို အကြိမ်ကြိမ် အထပ်ထပ် ပြန်လည်သုံးသပ်သင့်ပါတယ်။ အခုသုံးသပ်သလို မကြာမကြာလည်း ပြန်လည်သုံးသပ်သင့်ပါတယ်။ ကိုယ့်ဘဝရှေ့ခရီးအတွက် ဟိုတုန်းက ကြိုးစားခဲ့သလို အခုရော ကြိုးစားနေဖြစ်ရဲ့လားဆိုတာကို မကြာခဏ ပြန်ပြန်မေးဖို့ လိုအပ်နေမှာဖြစ်ပါတယ်။

အများအားဖြင့် ပျင်းကြတယ်။ အရှိန်လေးကောင်းတုန်းပဲ လိမ့်ချင်ကြတယ်။ ခဏနေတော့ အရှိန်က ပြန်သေသွားရော။ ကောက်ရိုးမီးလေးလို ဟုန်းခနဲထတောက်ပြီး ဟုပ်ခနဲပြန်ငြိမ်းသွားရော။ ဒီလိုဒီလိုသွားနေသရွေ့ကတော့ ဒီပုံဒီနည်းအတိုင်းသာ ဆက်ဖြစ်နေမှာပါပဲ။ “ဟိုတုန်းက ဟိုလို ကြိုးစားခဲ့တာပဲကွာ၊ ဒီလောက်ဆိုတော်ရောပေါ့”ဆိုတာမျိုး ပြောတတ်ကြပါတယ်။ ဒီအယူအဆမျိုးက အမြဲတမ်းရှေ့ကို ဆက်ချင်နေသူတွေအတွက် ဆိုရင်တော့ သိပ်အံဝင်မှာမဟုတ်ပါဘူး။ ဘာပဲဖြစ်ဖြစ် ကိုယ့်အားထုတ်မှုကိုတော့ မလျှော့ဘဲထားမှသာ အဆင်ပြေမှာပါ။

စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုဆိုတဲ့ စကားလုံးက ဒီဘက်ကာလတွေမှာ တော်တော်ကို အရေးပါ အရာရောက်တဲ့စကားလုံးတစ်ခု ဖြစ်ပါတယ်။ စဉ်ဆက်မပြတ် တိုးတက်နေချင်ပါတယ် ဆိုသူများအတွက်ကတော့ အဟောင်းစားဘဝကလွတ်အောင် အလျင်အမြန်ရုန်းထွက်နိုင်ဖို့ အရေးတကြီး လိုအပ်နေပါလိမ့်မယ်။

“ငါတို့လည်း ဘယ်တုန်းက ဘယ်လိုလုပ်ခဲ့ရဲ့သားနဲ့ အခုကျမှ ဘယ်လိုတွေဖြစ်နေတာပါလိမ့်”ဆိုတဲ့ စကားမျိုး ပြောမိကြပါလိမ့်မယ်။ ဒါပေမဲ့ “ဘယ်တုန်းက ဘာလုပ်ခဲ့တယ်”ဆိုတာအရေးကြီးသလို “အခု ဘာတွေ လုပ်နေတယ်”ဆိုတာကလည်း ပိုလို့ပိုလို့ အရေးကြီးတဲ့အတွက် ဖြစ်ရပ်ဟောင်း၊ လုပ်ရပ်ဟောင်းတွေကိုသာ တမ်းတနေတတ်တဲ့ အဟောင်းစားဘဝကနေ မြန်မြန်ရုန်းထွက်နိုင်အောင် ကြိုးစားကြပါစို့လို့ တိုက်တွန်းလိုက်ရပါတယ်။

သိုက်စိုးထွန်း(နတ်ရွာ)