News

POST TYPE

OPINION

ပြည်သူတွေကြောက်တဲ့ကျပ် ကျပ်ငါးထောင်နဲ့တစ်သောင်း
20-Dec-2018
၂၀၁၈ ခုနှစ် နိုဝင်ဘာလ ၂၈ ရက်နေ့က ရွှေတိဂုံစေတီတော် တောင်ဘက်မုခ်တွင် စင်ကာပူနိုင်ငံသား လင်မယားနှစ်ဦးထံမှ ကျပ်တစ်သောင်းတန် ငွေစက္ကူအတု ၄၅ ရွက်ကို သိမ်းဆည်းရမိခဲ့ပြီး ယင်းငွေစက္ကူအတုများသည် စင်ကာပူနိုင်ငံတွင် လဲလှယ်လာသည့် ငွေစက္ကူများဖြစ်သည်ဟု သိရှိရပါသည်။ အလားတူပင် ဒီဇင်ဘာလ ၆ ရက်နေ့က ဒိုက်ဦးမြို့နယ်၊ လယ်ကြားမြောင်ကျေးရွာနေ နော်သောသွဲ့ထူး၏ နေအိမ်မှ ကျပ်တစ်သောင်းတန် ငွေစက္ကူအတု ၁၅၄ ရွက်အား ဖမ်းဆီးရမိခဲ့သဖြင့် စစ်ဆေးရာ ၎င်းသည် စင်ကာပူနိုင်ငံတွင် အိမ်အကူအဖြစ် သွားရောက်လုပ်ကိုင်ခဲ့ပြီး မြန်မာနိုင်ငံသို့ပြန်ရန်အတွက် လုပ်အားခများတောင်းခံရာ အိမ်ရှင်အမျိုးသမီးက ယင်းနိုင်ငံရှိ ငွေလဲကောင်တာတစ်ခုမှ စင်ကာပူဒေါ်လာ ၃၁၂၃ ဒသမ ၃၉ အား သွားရောက်လဲလှယ်ရာမှ ရရှိသောမြန်မာငွေကျပ် ၂,၉၆၀,၀၀၀ အား ၎င်းကိုပေးခဲ့ရာမှ ပါလာသည့်ငွေများဖြစ်ကြောင်း သတင်းထုတ်ပြန်ချက်များအရ သိရှိရပါသည်။

အစစ်နှစ်မျိုးမှသည် အတုသို့

လောကတွင် အစစ်ဆိုသည်မှာ တစ်မျိုးတည်းသာရှိသည်ဟု ကြားဖူးသည်။ အတုဆိုသည်ကတော့ အမျိုးမျိုးရှိနိုင်ပါသည်။ သို့သော် ကျွန်တော်တို့ မြန်မာနိုင်ငံ၏ငွေစက္ကူများမှာမူ တစ်ကျပ်တန်၊ ငါးကျပ်တန်၊ တစ်ဆယ်တန်အစ၊ ကျပ်နှစ်ရာတန်၊ ကျပ်တစ်ထောင်တန်အလယ်၊ ကျပ်ငါးထောင်တန်နှင့် ကျပ်တစ်သောင်းတန်အဆုံး တန်ဖိုးတစ်ခုလျှင် ငွေစက္ကူအစစ် နှစ်မျိုးထုတ်ဝေခဲ့ကြပါသည်။ (နိုင်ငံခြားငွေကြေးကိုတော့ မကိုင်ဖူး၍မသိပါ)။ မကြာသေးသည့်နှစ်ကာလများက ကျပ်ငါးထောင်တန်နှင့် ကျပ်တစ်သောင်းတန်အတု မှားပေါ်ပေါ်လာသဖြင့် ၂၀၁၇ ခုနှစ်၊ နိုဝင်ဘာလ ၉ ရက်နေ့ထုတ် ဒီမိုကရေစီတူဒေးသတင်းစာတွင် ကျွန်တော်ဆောင်းပါးတစ်ပုဒ် ရေးသားခဲ့ပါသည်။

ယင်းဆောင်းပါးတွင် ကျွန်တော်က “အောက်တိုဘာလ ၂၅ ရက် နေ့က မရမ်းကုန်းမြို့နယ်၊ ကိုးမိုင်အနီးရှိ ကမ္ဘောဇဘဏ်ခွဲတွင် ငွေကျပ် ၃၅ သိန်း လာရောက်အပ်နှံသူတစ်ဦးထံမှ တစ်သောင်းကျပ်တန် ငွေစက္ကူ အတု စုစုပေါင်း ကျပ်သိန်း ၂၀ ကျော်ကို တွေ့ရှိခဲ့ခြင်း၊ အောက်တိုဘာလ ၂၈ ရက်နေ့က မြောက်ဥက္ကလာပမြို့နယ်၊ (ဌ) ရပ်ကွက်ရှိ ဘုံကထိန်အလှူခံတစ်ခုတွင် လာရောက်လှူဒါန်းသော အမျိုးသားတစ်ဦးထံမှ တစ်သောင်းကျပ်နှင့် ငါးထောင်ကျပ်တန် ငွေစက္ကူအတုများ ၁၇ သိန်းနီးပါး ဖမ်းဆီးရမိခြင်း” စသည့်သတင်းများအပြင် ...“ထိုမတိုင်မီကလည်း ဗိုလ်တထောင်မြို့နယ်၊ ကမ်းနားလမ်းရှိ ရိုးမဘဏ်ခွဲသို့ လာရောက်အပ်နှံသည့်ငွေများအနက်မှ ကျပ်တစ်သောင်းတန် ငွေစက္ကူအတုနှစ်ရွက် တွေ့ရှိခဲ့သည့်သတင်း၊ ကျောက်တန်းမြို့နယ်၊ မြန်မာ့စီးပွားရေးဘဏ်ခွဲသို့ လာရောက်အပ်နှံသည့် ငွေများအနက်မှ ကျပ်တစ်သောင်းတန် ငွေစက္ကူအတုတစ်ရွက်အား တွေ့ရှိခဲ့သည့်သတင်းနှင့် ဒဂုံမြောက်ပိုင်းမြို့နယ်ရှိ ဧရာဝတီဘဏ်ခွဲသို့ လာရောက် အပ်နှံသည့်ငွေများအနက်မှ ကျပ်တစ်သောင်းတန် ငွေစက္ကူအတု ၂၁ ရွက်နှင့် ကျပ်ငါးထောင်တန် ငွေစက္ကူအတု ၁၂ ရွက်တို့အား တွေ့ရှိခဲ့ရသည့် သတင်းများကိုလည်း ဖတ်ရှုခဲ့ရပါသည်”ဟူ၍ ဖော်ပြခဲ့ပါသည်။

ထို့အပြင် “ကျပ်တစ်သောင်းတန်နှင့် ကျပ်ငါးထောင်တန်ငွေစက္ကူ အတုများ ပေါ်ပေါက်နေကြောင်း သတင်းများ ထွက်ပေါ်လာသည့်အချိန်မှစ၍ ပြည်သူများအကြား စိုးရိမ်စိတ်များဖြစ်ပေါ်ကာ အဆိုပါငွေစက္ကူများကို လက်မခံရဲကြသလို မိမိကိုယ်တိုင်လည်း မှားယွင်းသုံးစွဲမိမည်ကို စိုးရိမ်လျက်ရှိကြပါသည်။ အကယ်၍ အတုအစစ်ခွဲခြားမသိဘဲ သုံးစွဲမိခြင်း၊ ဘဏ်သို့ အပ်နှံခြင်းများပြုမိပါကလည်း သက်ဆိုင်ရာတာဝန်ရှိ အဖွဲ့အစည်းများ၏ ခေါ်ယူစစ်မေးခြင်းကို ခံကြရမည်ဖြစ်ပါသည်။ ယခုဖမ်းဆီးရမိသော ငွေစက္ကူ အတုအရေအတွက်မှာ ယခင်အခါများက ဖမ်းဆီးရမိသည်ထက် ပိုမိုများပြားသဖြင့် မြန်မာနိုင်ငံတွင်းတစ်နေရာ သို့မဟုတ် ပြည်ပနယ်စပ်တစ်နေရာတွင် အခြေပြု၍ အကြီးအကျယ် လုပ်ကိုင်နေကြောင်း သုံးသပ်ရပါသည်”ဟူ၍ ဆက်လက်ရေးသားခဲ့ပါသည်။

ယခုသိရှိရသော သတင်းအရလည်း စင်ကာပူနိုင်ငံရဲတပ်ဖွဲ့က မြန်မာငွေအတုပိုင်ဆိုင်မှုနှင့် ဆက်နွှယ်နေသူများဟု ယုံကြည်ရသည့် ငွေလဲလုပ်ငန်းလုပ်ကိုင်သူ ၁၈ ဦးကို စုံစမ်းစစ်ဆေးရာ မြန်မာငွေစက္ကူအတုဟု ယူဆရသည့် ငွေစက္ကူအချို့ကို သိမ်းဆည်းရမိခဲ့ကြောင်း သိရှိရပါသည်။

အတုနှင့်အစစ် ခွဲခြားရခက်

မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် ငွေစက္ကူအမျိုးအစားသစ် ထုတ်ဝေသည့်အခါတိုင်း သို့မဟုတ် ငွေစက္ကူအတု ပေါ်ပေါက်သည့်အခါတိုင်း ငွေစက္ကူတွင်ပါဝင်သည့် အဓိကအမှတ်အသားများ၊ အတုနှင့် အစစ်ကွာခြားချက်များနှင့် ခွဲခြားရန်နည်းလမ်းများကို သတင်းကြေညာချက်များထုတ် ပြန်ခဲ့ပါသည်။ သို့ရာတွင် သာမန်ပြည်သူများမှာ ထုတ်ပြန်သည့်အချိန်တွင်သာ ဖတ်ရှုလိုက်ကြပြီး အချိန်ကြာသည်နှင့်အမျှ မေ့မေ့ပျောက်ပျောက် ဖြစ်သွားကြကာ အတုနှင့်အစစ်ကို ခွဲခြားနိုင်ခြင်းမရှိကြပါ။ နေ့စဉ်နှင့်အမျှ ငွေကြေးကိုင်တွယ်သုံးစွဲနေကြသော ဘဏ်ဝန်ထမ်းများကသာ အတုနှင့် အစစ်ကို ခွဲခြားနိုင်ကြမည်ဖြစ်ပါသည်။ ကျပ်တစ်သောင်းတန်ငွေစက္ကူအသစ် ဒုတိယအကြိမ် ထပ်မံထုတ်ဝေစဉ်က ပုဂ္ဂလိကဘဏ်တစ်ခုမှ ဝန်ထမ်းများကပင် ငွေစက္ကူအတုထင်မှတ်ပြီး အပေါက်များဖောက်လိုက်ရာ ငွေလာသွင်းသူနှင့် အပြန်အလှန်ငြင်းခုံကာ အချေအတင် စကားများရသည့်ဖြစ်ရပ်တစ်ခုကိုလည်း ကြားလိုက်ရပါသည်။

ထို့အပြင် မြန်မာနိုင်ငံတော် ဗဟိုဘဏ်အနေနှင့် ငွေစက္ကူအတု ပေါ်ပေါက်သည့်အခါတိုင်း အတုပြုလုပ်ရန်မလွယ်ကူသော(လုံခြုံရေးအဆင့် မြင့်မားသော) ငွေစက္ကူအမျိုးအစားကို ထပ်မံထုတ်လုပ်လေ့ရှိကြသော်လည်း မူလငွေစက္ကူကို အပြည့်အဝ ပြန်လည်သိမ်းဆည်းနိုင်ခြင်းမရှိဘဲ ဆက်လက်၍ လည်ပတ်သုံးစွဲစေပါသည်။ ထိုအခါ ပြည်သူတို့အကြား အသွင်သဏ္ဌာန် အနည်းငယ်ကွဲပြားသော တန်ဖိုးတူငွေစက္ကူနှစ်မျိုးကို ကိုင်တွယ်သုံးစွဲနေရသဖြင့် ပိုမိုရှုပ်ထွေးနေရပါသည်။ ငွေစက္ကူအသစ် ထုတ်ဝေပြီးခါစတွင် အထိုက်အလျောက် ခွဲခြားနိုင်သော်လည်း အချိန်ကြာလာသည့်အခါ မည်သည်ကအသစ်၊ မည်သည်ကအဟောင်းဆိုသည်ကို မမှတ်မိနိုင်ကြတော့ပါ။ ထိုအခြေအနေမျိုးကို အခွင့်ကောင်းယူ၍ ငွေစက္ကူအတု ပြုလုပ်သူများက အတုများ ထုတ်လုပ်လာကြသောအခါ ပြည်သူများအနေနှင့် ပိုမိုခွဲခြားရခက်ခဲလာကြပြီး အဟောင်းရယ်၊ အသစ်ရယ်၊ အတုရယ် ငွေစက္ကူသုံးမျိုးအကြား ဗျာများနေကြရပါတော့သည်။ ထိုအခါ ရိုးသားသော သာမန်ပြည်သူများအနေဖြင့် မိမိတို့ထံ တစ်ရွက်တလေ ရောညှပ်ပါလာသော ငွေစက္ကူအတုကို အတုမှန်းမသိဘဲ ရောနှောသုံးစွဲမိသောအခါ ခေါ်ယူစစ်ဆေးမေးမြန်းခံရခြင်း၊ အရေးယူခံရခြင်းများ ဖြစ်လေ့ရှိပါသည်။

မြန်မာ့ငွေစက္ကူကို အယုံအကြည် ကင်းမဲ့လာခြင်း

ယခုအခါ မြန်မာကျပ်ငွေတန်ဖိုးသည် များစွာ ကျဆင်းလျက်ရှိပါသည်။ ထိုကဲ့သို့ကျဆင်းရသည့် အကြောင်းရင်းများစွာထဲတွင် မြန်မာပြည်သူများက မြန်မာ့ငွေစက္ကူအပေါ် မယုံကြည်ကြခြင်းသည်လည်း အကြောင်းတစ်ခုဖြစ်ပါသည်။ ထို့ကြောင့်လည်း မြန်မာကျပ်ငွေကို ဒေါ်လာနှင့်လဲလှယ်ထားရှိခြင်း၊ ရွှေနှင့်အိမ်၊ ခြံ၊ မြေများကို ဝယ်ယူစုဆောင်းခြင်း စသည်တို့ကြောင့် ယင်းပစ္စည်းများဈေးတက်ပြီး ကျပ်ငွေတန်ဖိုးကျဆင်းနေရခြင်းသည်လည်း အကြောင်းတစ်ပါးဖြစ်ပါသည်။

ထိုကဲ့သို့ မြန်မာကျပ်ငွေအပေါ် မယုံကြည်ကြခြင်းမှာလည်း တစ်ချိန်ကခံစားခဲ့ရသည့် မကြာခဏ တရားမဝင်ငွေအဖြစ် ကြေညာခဲ့ခြင်းသည်လည်း အကြောင်းရင်းတစ်ခုဖြစ်ပါသည်။ (ဒီဇင်ဘာလ ၇ ရက်နေ့က ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ငွေစက္ကူများကို တရားမဝင် ကြေညာတာမျိုးလုပ်မည်မဟုတ်ကြောင်း ပြောကြားခဲ့သည်)။

၁၉၆၂ ခုနှစ်တွင် တော်လှန်ရေးကောင်စီက နိုင်ငံတော်အာဏာကို ရယူပြီးနောက် ပထမဆုံးအနေနှင့် မြန်မာနိုင်ငံအတွင်း လှည့်ပတ်သုံးစွဲနေသော ငွေစက္ကူများအနက် တန်ဖိုးအကြီးမားဆုံးဖြစ်သည့် ကျပ်တစ်ရာတန်နှင့် ကျပ် ငါးဆယ်တန်ငွေစက္ကူတို့ကို ၁၉၆၄ ခုနှစ် မေလ ၁၇ ရက်နေ့တွင် တရားမဝင် ငွေစက္ကူမျာအဖြစ် ကြေညာလိုက်သည်။ ထို့နောက် ပြည်သူ့ဘဏ်က ၁၉၆၅ ခုနှစ်၊ ဧပြီလ ၃၀ ရက်နေ့တွင် တစ်ကျပ်တန်၊ ငါးကျပ်တန်၊ တစ်ဆယ်ကျပ်တန်နှင့် ကျပ်နှစ်ဆယ်တန်တို့ကို (ဗိုလ်ချုပ်အောင်ဆန်း၏ တော်လှန်ရေးကာလစစ်ဝတ်စုံ ဝတ်ဆင်ထားသောပုံဖြင့်) ထုတ်ဝေခဲ့သည်။

၁၉၇၂ ခုနှစ် စက်တင်ဘာလ ၃၀ ရက်နေ့တွင် ပြည်သူ့ဘဏ်အမည်မှ ပြည်ထောင်စုမြန်မာနိုင်ငံဘဏ်ဟူ၍ အမည်ပြောင်းလဲသတ်မှတ်လိုက်ပြီး ၂၅ ကျပ်တန် ငွေစက္ကူအသစ်ကို ထုတ်ဝေခဲ့သည်။ ထို့နောက် လက်ရှိလှည့်လည်သုံးစွဲနေသော တစ်ကျပ်တန်ငွေစက္ကူ၊ တစ်ဆယ်ကျပ်တန်ငွေစက္ကူနှင့် ငါးကျပ်တန်ငွေစက္ကူတို့ကို ပုံသဏ္ဌာန်ကွဲပြားသော ငွေစက္ကူများအဖြစ် ဆက်လက်ထုတ်ဝေခဲ့သည်။ လည်ပတ်သုံးစွဲနေသော ငွေစက္ကူအဟောင်းရှိလျက်နှင့် ပုံသဏ္ဌာန်ကွဲပြားခြားနားသော တန်ဖိုးနည်းငွေစက္ကူများ ထွက်ပေါ်လာခြင်းဖြစ်ပါသည်။ နောက်ကျောဘက်တွင် “ပြည်သူ့ဘဏ်နှင့် ပြည်ထောင်စုမြန်မာနိုင်ငံဘဏ်”ဟူသောစာသားများလည်း ကွဲပြားကြပါသည်။

ပြည်ထောင်စုမြန်မာနိုင်ငံဘဏ်သည် ၁၉၇၆ ခုနှစ်၊ ဧပြီလ ၁၇ ရက် နေ့တွင် ကျပ်တစ်ရာတန်ငွေစက္ကူနှင့် ဧပြီလ ၃၀ ရက်နေ့တွင် ကျပ်ငါးဆယ် တန်ငွေစက္ကူတို့ကို ထုတ်ဝေခဲ့သော်လည်း လက်နက်ကိုင်အဖွဲ့များ၏လက်တွင် ထိုငွေစက္ကူများရှိနေသည်ဟုဆိုကာ ယင်းငွေစက္ကူတို့ကို ၁၉၈၅ ခုနှစ် နိုဝင်ဘာလ ၃ ရက်နေ့တွင် တရားမဝင် ငွေစက္ကူများအဖြစ် ကြေညာခဲ့ပြန်သည်။ ထိုစဉ်က ကျွန်တော်သည် နမ့်ခမ်းမြို့နယ်တွင် တာဝန်ထမ်းဆောင်လျက်ရှိရာ ငွေလာရောက်အပ်နှံသူများကို တစ်ဦးလျှင် ငွေငါးထောင်ကျပ် ပြန်လည်ထုတ်ပေးခဲ့သဖြင့် လက်နက်ကိုင်အဖွဲ့များရှိသည့် ကျေးရွာများမှ ရွာလုံးကျွတ် လာရောက်လဲလှယ်ထုတ်ယူကြသည်ကို မှတ်မိနေပါသေးသည်။ (ထိုစဉ်က ငွေတန်ဖိုးအရ ကျေးရွာအိမ်ထောင်စုတိုင်းတွင် ငွေကျပ်ငါးထောင် မကိုင်နိုင်ကြသဖြင့် လက်နက်ကိုင်အဖွဲ့များ၏ ငွေများကို လာရောက်လဲလှယ်ပေးကြသည်ဟု ဆိုကြပါသည်)။ ထိုစဉ်က ငွေပြန်အမ်းရာတွင် ကျပ်တစ်ရာတန်နှင့် ၅၀ တန်တို့အစား၊ အသစ်ရိုက်နှိပ်ထုတ်ဝေလိုက်သော ၇၅ ကျပ်တန်၊ ၃၅ ကျပ်တန်နှင့် ၂၅ ကျပ်တန် ငွေစက္ကူတို့ကို ပြန်လည်အမ်းပေးသဖြင့် ငွေကြေးတွက်ချက်မှုတွင် များစွာ အခက်အခဲဖြစ်ခဲ့ရသည်ကို ကိုယ်တွေ့ကြုံခဲ့ရပါသည်။

အထူးခြားဆုံးနှင့် တိုင်းပြည်၏ကံကြမ္မာကို ပြောင်းလဲသည်အထိ ဖြစ်ခဲ့ရသော ငွေစက္ကူဖျက်သိမ်းမှုမှာ အထက်ဖော်ပြပါ အသစ်ထုတ်ဝေထားသော ၇၅ ကျပ်တန်ငွေစက္ကူ၊ ၃၅ ကျပ်တန်ငွေစက္ကူနှင့် ၂၅ ကျပ်တန်ငွေ စက္ကူတို့ကိုထုတ်ဝေပြီး နှစ်နှစ်ခန့်အကြာ ၁၉၈၇ ခုနှစ် စက်တင်ဘာလ ၅ ရက်နေ့တွင် တရားမဝင် ငွေစက္ကူများအဖြစ် ကြေညာခဲ့ခြင်းပင်ဖြစ်သည်။ ကျပ်တစ်ရာတန်နှင့် ကျပ်ငါးဆယ်တန်ငွေစက္ကူများ ဖျက်သိမ်းစဉ်က တစ်ဦးလျှင် ငွေငါးထောင်ကျပ် ပြန်လည်အမ်းပေးခဲ့သော်လည်း ထိုတစ်ကြိမ်တွင်မူ မည်သည့်ငွေကြေးတန်ဖိုး တစ်စုံတစ်ရာမျှ ပြန်လည်အမ်းပေးခြင်းမရှိသဖြင့် ပြည်သူလူထုမှာ များစွာ အထိနာပြီး အစိုးရအပေါ်များစွာ နာကြည်းခဲ့ကြပါသည်။ အထူးသဖြင့် တက္ကသိုလ်ကျောင်းသားများမှာ ဒုက္ခရောက်ကြရပြီး ဆန္ဒပြပွဲများဖြစ်ပေါ်လာသဖြင့် အစိုးရက ကျောင်းများကို ပိတ်လိုက်ရပါသည်။

၁၉၈၈ ခုနှစ်တွင် ဖြစ်ပေါ်ခဲ့ရသော ရန်ကုန်စက်မှုတက္ကသိုလ် ကျောင်းသားများက အစပြုခဲ့သည့်ဆန္ဒပြမှုများ၏ နောက်ဆက်တွဲအဖြစ် အခြားတက္ကသိုလ်ကျောင်းသားများနှင့် ဝန်ထမ်းပါမကျန် ပြည်သူတစ်ရပ်လုံး ပါဝင်လာကြခြင်းမှာ အခြားသော အထွေထွေ မကျေနပ်မှုများအပြင် အထက်ဖော်ပြပါ ၁၉၈၇ ခုနှစ် တရားမဝင် ငွေကြေညာခြင်းသည်လည်း အကြောင်းတစ်ခုဖြစ်သည်ဟုဆိုလျှင် မှားမည်မဟုတ်ပါ။

ပြည်ထောင်စုမြန်မာနိုင်ငံဘဏ်သည် အထက်ဖော်ပြပါ ငွေစက္ကူတို့ တရားမဝင်ငွေစက္ကူများအဖြစ် ကြေညာခဲ့ပြီးနောက် လေးဆယ့်ငါးကျပ်တန်နှင့် ကျပ်ကိုးဆယ်တန်ငွေစက္ကူတို့ကို ၁၉၈၇ ခုနှစ်၊ စက်တင်ဘာလ ၂၂ ရက်နေ့တွင် ထုတ်ဝေခဲ့ပြန်သည်။ (အဆိုပါငွေစက္ကူနှစ်မျိုးကို တရားမဝင်ကြောင်း ကြေညာသည်ဟူ၍ မကြားသိရသော်လည်း ယခုအခါတွင် ငွေကြေးဈေးကွက်၌ ယင်းငွေစက္ကူနှစ်မျိုးကို မတွေ့ရှိရခြင်းမှာ ဗဟိုဘဏ်က ပြန်လည်သိမ်းယူသွားခြင်းကြောင့် ဖြစ်ပါသည်)။

၁၉၈၈ ခုနှစ်တွင် နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့က နိုင်ငံတော်အာဏာကိုရယူခဲ့ပြီးနောက် ဗဟိုဘဏ်ကိုပြန်လည်ဖွဲ့စည်းကာ ဗိုလ်ချုပ်အောင်ဆန်းရုပ်ပုံပါ ငွေစက္ကူများကို တစ်စတစ်စ ပြန်လည်ရုပ်သိမ်း၍ ယင်းတို့၏နေရာတွင် ခြင်္သေ့ပုံပါသောငွေစက္ကူနှင့် အကြွေစေ့များဖြင့် အစားထိုး သုံးစွဲစေခဲ့ပါသည်။ ထိုကဲ့သို့ထုတ်ဝေခဲ့သော ငွေတန်ဖိုးများမှာ တစ်ကျပ်တန်မှ အစပြု၍ ကျပ်တစ်ထောင်တန်အထိ ဖြစ်ပါသည်။ ထို့နောက် ၂၀၀၉ ခုနှစ် အောက်တိုဘာလ ၁ ရက်နေ့တွင် ကျပ် ၅၀၀၀ တန်ကိုလည်းကောင်း၊ ၂၀၁၂ ခုနှစ် ဇွန်လ ၁၅ ရက်နေ့တွင် ကျပ် ၁၀၀၀၀ တန်ကိုလည်းကောင်း ရိုက်နှိပ်ထုတ်ဝေ၍ လှည့်လည်သုံးစွဲစေခဲ့ပါသည်။

ပေါ်လာလိုက်တဲ့ အတုတွေ

အစပထမတွင် ကျပ် ၂၀၀ တန်၊ ကျပ် ၅၀၀ တန်နှင့် ကျပ် ၁၀၀၀ တန် ငွေစက္ကူများသာ အတုပေါ်ပေါက်ခဲ့ပါသည်။ ယင်းငွေစက္ကူအတုများမှာ ကွန်ပျူတာကိုအသုံးပြု၍ ရောင်စုံပရင်တာဖြင့်သာ ပုံနှိပ်ထားသည့်အတွက် ရေစာနှင့်လုံခြုံရေးကြိုးတို့ မပါရှိသည့်အပြင် မျက်နှာပြင်မှာ ချောမွတ်နေသဖြင့် သုံးစွဲသူပြည်သူတို့က အလွယ်တကူ ခွဲခြားနိုင်ခဲ့ပါသည်။ သို့ရာတွင် ယခုထပ်မံ ပေါ်ပေါက်လာသည့် ကျပ် ၅၀ဝ၀ တန်နှင့် ကျပ် ၁၀ဝဝဝ တန် ငွေစက္ကူအတုများမှာမူ တစ်ရွက်စ၊ နှစ်ရွက်စအဖြစ်သာမကဘဲ အုံနှင့်ကျင်းနှင့်ပေါ်ပေါက်လာသကဲ့သို့ နိုင်ငံခြားပြန်များ၊ ခရီးသွားများမှာပင် ပါရှိလာသည်အထိ အတင့်ရဲလာသည်ကိုတွေ့ရှိရသည်ဖြစ်ရာ ငွေစက္ကူအတုအရေးမှာ စိတ်မအေးစရာဖြစ်လာရပြီး ပေါ့ပေါ့တန်တန် သဘောထား၍မရတော့ဘဲ အလေးအနက်ထား၍ အရေးယူ ဆောင်ရွက်ရတော့မည်ဖြစ်ပါသည်။လွှတ်တော်၏ မေးခွန်းနှင့်အဆို ပျောက်ဆုံးနေသည်။

တစ်ချိန်က ရိုက်နှိပ်ထုတ်ဝေခဲ့သော ငွေစက္ကူများတွင် မြန်မာ့လွတ်လပ်ရေး၏ဖခင်၊ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ ရုပ်ပုံကိုရိုက်နှိပ်၍ အသုံးပြုခဲ့ကြသော်လည်း (သမိုင်းစာမျက်နှာများမှ ကွယ်ဖျောက်ခံခဲ့ရသည့်နည်းတူ) ပြည်သူလူထု၏မြင်ကွင်းမှ ပျောက်ကွယ်သွားစေရန်အလို့ငှာ အထက်တွင်ဖော်ပြခဲ့သည့်အတိုင်း ဗိုလ်ချုပ်ပုံတို့၏နေရာတွင် ခြင်္သေ့နှင်ဆင်ရုပ်ပုံတို့က အစားထိုးနေရာယူ ဝင်ရောက်လာခဲ့ကြပါသည်။ ၂၀၁၆ ခုနှစ် နိုဝင်ဘာလ ၂၂ ရက်ကကျင်းပသည့် ပြည်သူ့ လွှတ်တော်အစည်းအဝေးတွင် မြန်မာ့ငွေစက္ကူတို့၌ ဗိုလ်ချုပ်ရုပ်ပုံကို ရိုက်နှိပ်ဖော်ပြရန်အစီအစဉ် ရှိ-မရှိ မေးခွန်းမေးမြန်းခဲ့ရာ၌ လက်ရှိလှည့်လည်သုံးစွဲနေသည့် ငွေစက္ကူအဟောင်းများကို ဖျက်ဆီးပစ်ရန်နှင့် ငွေစက္ကူအသစ်များကို မှာကြား၊ ရိုက်နှိပ်ရသည့်အတွက် ကုန်ကျငွေများပြားမည်ဖြစ်ကြောင်း ဖြေကြားခဲ့ပါသည်။

ထိုမှတစ်ဖန် ၂၇.၁၀.၂၀၁၇ ရက်နေ့က ကျင်းပသော ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ဆဋ္ဌမအစည်းအဝေး၊ ဆဋ္ဌမနေ့တွင်လည်း မြန်မာ့ငွေ စက္ကူတို့၌ ဗိုလ်ချုပ်ရုပ်ပုံကို ရိုက်နှိပ်ဖော်ပြရန် အဆိုတစ်ရပ်တင်သွင်းခဲ့ရာ ယင်းအဆိုနှင့်ပတ်သက်၍ “မြန်မာနိုင်ငံတော် ဗဟိုဘဏ်အနေဖြင့် ငြင်းဆိုခြင်းမပြုသော်လည်း တန်ဖိုးတူငွေစက္ကူ အမျိုးအစားများပြားပါက ငွေကြေးအပေါ် ပြည်သူတို့က ယုံကြည်မှုနည်းပါးလာနိုင်ကြောင်းနှင့် ရိုက်နှိပ်ထုတ်ဝေမည်ဆိုပါက ကုန်ကျငွေ ၁၀ဝ ဘီလီယံမှ ၃၀ဝ ဘီလီယံ အထိရှိနိုင်ကြောင်း”စသည်ဖြင့်ဖြေဆိုသွားခဲ့သော်လည်း နောင်အခြေအနေပေးပါက ဗိုလ်ချုပ်ပုံပါငွေစက္ကူများကို ရိုက်နှိပ်ထုတ်ဝေ၍ ငွေစက္ကူအဟောင်းများကို လဲလှယ်သိမ်းဆည်းသွားမည်ဟူ၍ ဖြေကြားသွားသည်ကို သိရှိလိုက်ရပါသည်။

သို့ရာတွင် ယခုတိုင် အကောင်အထည်ဖော် မဆောင်ရွက်နိုင်သေးဘဲ ငွေစက္ကူအတုများသာ ထပ်မံပေါ်ပေါက်လာနေသဖြင့် လွှတ်တော်တွင်မေးမြန်းခဲ့သော မေးခွန်းနှင့်အဆိုတို့ကို အကောင်အထည်ဖော်ဆောင်ရွက်ရန် လိုအပ်ပါသည်။ ယခုအခါတွင် ကျပ်တစ်ထောင်တန်နှင့် ကျပ်တစ်သောင်းတန် ငွေစက္ကူအတုပမာဏ များပြားစွာတွေ့ရှိလာခြင်း၊ ယင်းငွေစက္ကူများသည် တန်ဖိုးတူသော်လည်း ပုံသဏ္ဌာန်မသိမသာ ကွာခြားနေခြင်းကြောင့် ပြည်သူများဝေခွဲမရဖြစ်နေပြီး စက္ကူအစစ်များကို ပြည်သူတို့က အယုံအကြည်ကင်းမဲ့ရုံမျှမက ကိုင်တွယ်သုံးစွဲရမည်ကိုပင် ကြောက်လန့်နေကြပြီဖြစ်ပါသည်။

ကျပ်ငါးထောင်တန်နှင့် ကျပ်တစ်သောင်းတန် ငွေစက္ကူအစစ်များမှာ မြန်မာ့စီးပွားရေးဘဏ်များမှတစ်ဆင့် နိုင်ငံ့ဝန်ထမ်းများ၊ နိုင်ငံတော်မှ ပေးချေရသောလုပ်ငန်းများမှနေ၍ ပြင်ပသို့ရောက်ရှိလာကြသည်ဖြစ်ရာ ဝန်ထမ်းများအနေနှင့် ပြင်ပလောကတွင်(မယူချင်သူကများသဖြင့်) ကိုင်တွယ်သုံးစွဲရသည်မှာ အခက်အခဲကြုံတွေ့ရလျက်ရှိပါသည်။ ထို့ကြောင့် နောင်ဆက်လက်ရိုက်နှိပ်ထုတ်ဝေမည့် ငွေစက္ကူများ၌ တန်ဖိုးတူသော်လည်း အဆင်အသွေးနှင့် ပုံသဏ္ဌာန်ကွဲပြားခြားနားစွာဖြင့် မြန်မာ့လွတ်လပ်ရေးကြိုးပမ်းမှုသမိုင်းတွင် ကိုယ်ကျိုးစွန့်အနစ်နာခံခဲ့ကြသော ဗိုလ်ချုပ်အောင်ဆန်းအပါအဝင် အမျိုးသားခေါင်းဆောင်များ၏ ရုပ်ပုံများထည့်သွင်း ဖော်ပြရန် အလေးအနက်ထား၍ စဉ်းစားသင့်ကြပြီဖြစ်ပါသည်။

သိန်းထက်အောင်