News

POST TYPE

OPINION

လူပြောမသန်၊ လူသန်မပြောနှင့် အစိုးရအဖွဲ့ တစ်ခုလုံး၏ ဂုဏ်သိက္ခာ (Daily,Vol-6/No-217)
20-Dec-2018
မြန်မာလူမှုပတ်ဝန်းကျင်တွင် ရှေးပညာရှိများက လူ့လောကတွင် ရှိတတ်သော၊ ကြုံတတ်သော လက်တွေ့အဖြစ်အပျက်များကို အကြောင်းပြုကာ သင်ခန်းစာထုတ် မိန့်ဆိုထားခဲ့သော ဆိုရိုးစကားများအနက် “လူပြောမသန်၊ လူသန်မပြော”ဆိုသည့် စကားကို အများသိရှိပြီးဖြစ်ပေမည်။

ပြောချင်သည့်အနက်မှာ အလုပ်ကောင်းကောင်း မလုပ်တတ်သူများက အပြောဖြင့်အချိန်ကုန်သွားတတ်ပြီး အလုပ်ကို အမှန်တကယ် ကျွမ်းကျင်ပိုင်နိုင်သူများမှာမူ စကားများများ မပြောဘဲ အလုပ်ကိုသာ အာရုံစူးစိုက်လေ့ရှိခြင်းကို ဆိုလိုသည်။

လူ့အဖွဲ့အစည်းတစ်ရပ်တွင် သာမန်မိသားစုငယ်လေးတစ်ခု၊ ရပ်ကွက်သာရေး၊ နာရေးအသင်းမှသည် နယ်ပယ်အသီးသီးရှိ နိုင်ငံတော်အဆင့် အဖွဲ့အစည်း၊ အသင်းအပင်းများ၊ လွှတ်တော်နှင့် အုပ်ချုပ်ရေးမဏ္ဍိုင်များအထိ အပြောများသူထက် အလုပ်လုပ်သူများ ပို၍လိုအပ်သည်။

လက်ရှိ မြန်မာ့နိုင်ငံရေးနယ်ပယ်နှင့် မကြာသေးခင် ဆယ်စုနှစ်တစ်ခုအတွင်း နိုင်ငံတော်ကို စီမံခန့်ခွဲအုပ်ချုပ်ခဲ့သော အစိုးရအဖွဲ့ကိုကြည့်လျှင် အလုပ်ကြောင့် ဂုဏ်ပြုချီးကျူးဖွယ်ရာ အောင်မြင်မှုထက် အပြုအမူအပြောအဆိုကြောင့် တစ်ဦးချင်းအနေနှင့်ရော ကိုယ်စားပြုအဖွဲ့အစည်း၊ ပါတီအတွက်ပါ သိက္ခာကျ၊ အရှက်ရစေခဲ့သော သာဓကများရှိခဲ့သည်။

ယခင်က အာဏာရှင်နှင့် အာဏာရှင်တစ်ပိုင်း အစိုးရများဖြစ်သည့်အတွက် သက်ဆိုင်ရာအုပ်ချုပ်ရေး ရာထူးများတွင် အရည်အချင်းထက် တပည့်တပန်းကို ချီးမြှင့်မြှောက်စားသည့်အနေနှင့် တာဝန်ပေးခန့်ထားခဲ့ခြင်းကြောင့်သော်လည်းကောင်း၊ ပြည်သူ့ရေးရာ စီမံခန့်ခွဲအုပ်ချုပ်မှုနှင့် မနီးစပ်သော အမိန့်ပေး၊ အမိန့်ခံစနစ်ဖြင့်သာ တစ်လျှောက်လုံးလေ့ကျင့်၊ သင်ကြား၊ ယဉ်ပါးလာခဲ့သူများဖြစ်ခြင်းကြောင့် သော်လည်းကောင်း မနှစ်မြို့ဖွယ်၊ မဆီမလျော်၊ မထော်မနမ်း စကားလုံးများဖြင့် ပြောဆိုမှုကို သဘောမတူလင့်ကစား နားလည်ပေးနိုင်ပေသည်။

ပြည်သူအများစုက ဒီမိုကရေစီနည်းကျ သွယ်ဝိုက်ရွေးချယ်တင်မြှောက်သော အရပ်သားအများစု အထူးသဖြင့် ဒီမိုကရေစီအရေး တောင်းဆို လှုပ်ရှားမှုများတွင် ကိုယ်တိုင်ပါဝင်ခဲ့သူများ၊ အောက်ခြေပြည်သူလူထုနှင့် နီးစပ်မှုရှိသည်ဟု ယူဆရသူများဖြင့် ဖွဲ့စည်းထားသည့် ယခုအစိုးရလက်ထက်တွင်မူ ယခင်အစိုးရလက်ထက်ကဲ့သို့ အခြေအနေများ ကြုံရနိုင်ဖွယ်မရှိဟု တွက်ဆထားခဲ့ကြသော်လည်း မယုံကြည်နိုင်ဖွယ်ရာ အပြောအဆိုများ ထွက်ပေါ်လာခဲ့သည်။

အထူးသဖြင့် ဒေသအုပ်ချုပ်ရေးနှင့် စည်ပင်သာယာရေးလုပ်ငန်း မကွဲမပြား ဒွေးရောယှက်တင် ဆောင်ရွက်မှုများ၊ ပြည်ထောင်စုအဆင့်နှင့် ဒေသအဆင့် မကွဲမပြား ကျော်လွန်လုပ်ဆောင်မှုများ၊ လွှတ်တော်ကို မထေမဲ့မြင်ပြု ပြည်သူတစ်ရပ်လုံးက မုန်းတီးရွံရှာ၊ မကြည်ဖြူသူအချို့နှင့် နီးကပ်စွာ ပူးပေါင်း လုပ်ဆောင်မှုများ၊ ရှေ့နောက် မဆင်မခြင်မှတ်ချက်ပေး ပြောဆိုမှုများ၊ သက်ဆိုင်ရာ နယ်ပယ်အကြောင်း နားမလည်ဘဲ လူပုံအလယ်တွင်ပြောသည့် အလွဲအချော် မှတ်ချက်များ၊ နောက်ကြောင်းရာဇဝင်မသိဘဲ အငြင်းပွားဖွယ် အလှူငွေလက်ခံမှုများ စသည်တို့က ပြည်သူအများကို စိတ်ပျက်စေခဲ့သည်။

ဤနေရာတွင် မိမိအဖွဲ့အစည်း၊ မိမိပါတီ၊ မိမိတို့ထောက်ခံသော အဖွဲ့အစည်းဝင်ဖြစ်နေသောကြောင့် နိုင်ငံတော်အဆင့် လူပုဂ္ဂိုလ်တစ်ဦး၊ ပြည်ထောင်စုအဆင့် ဝန်ကြီးတစ်ဦး၊ လွှတ်တော်ကိုယ်စားလှယ်တစ်ဦး။ ဒေသဆိုင်ရာ အစိုးရအဖွဲ့ဝန်ကြီးချုပ်တစ်ဦး၊ ဒေသအစိုးရအဖွဲ့ဝန်ကြီးတစ်ဦး၊ လွှတ်တော်ကိုယ်စားလှယ်တစ်ဦး အရာရာကို ဖြည့်တွေးထောက်ခံနေခြင်းကြောင့် ၎င်းတို့ကို အားပေးချစ်ခင်ခြင်းထက် ၎င်းတို့နှင့် ၎င်းတို့၏ အဖွဲ့အစည်း အရည်အချင်းမြင့်မားရေးကို အဟန့်အတားဖြစ်စေကြောင်း လူအများစု သတိမပြုမိတတ်ကြပေ။

တစ်ခါတစ်ရံ ဖြစ်တတ်သော အားနည်း၊ ချို့ယွင်း၊ လွဲချော်မှုများ၊ အာဏာ အလွဲသုံးမှုများ၊ မလျော်အခွင့်အရေး အပိုယူမှုများ သာမန်အဆင့်မကတော့ဘဲ မကြာခဏ ဖြစ်လာသော အခြေအနေ၊ သိသာထင်ရှား၊ လူပြောများလာသော အခြေအနေမျိုးကြုံလာသော်ငြား ဆန်ရင်းနာနာဖွပ်ပြရမည့်အစား ဘက်လိုက်၊ သက်ညှာမှုတို့ ရှိလာခြင်းသည် မိမိလူနှင့် မိမိအဖွဲ့အစည်းကို ကာကွယ်သည့် သဘောထက် ဖျက်ဆီးသည့်သဘော သက်ရောက်နေသည်ကို ယနေ့အချိန်အထိ သတိမပြုသေးပုံမရပေ။

အထူးသဖြင့် မြန်မာနိုင်ငံ၏ ခေတ်မမီတော့သော ပညာရေးစနစ်ကြောင့် အတန်းပညာနှင့် မသက်ဆိုင်လှသော ဉာဏ်ပညာ၊ ဆင်ခြင်တုံတရားတို့နှင့် များစွာ အလှမ်းဝေးလှသည့် အဆင့်အတန်းနိမ့်နိမ့် မှတ်ချက်စကားများ မကြာခဏ ထွက်ပေါ်နေပြီး စိတ်ကူးတည့်ရာ လုပ်သကဲ့သို့ဖြစ်ပြီး ဘက်စုံ၊ ထောင့်စုံ ထည့်သွင်း မစဉ်းစား၊ ကြိုတင် သုတေသနမပြု၊ စစ်တမ်းမကောက်၊ စနစ်မကျ၊ နောက်မြှီး မသိမ်းသော စီမံကိန်း၊ လုပ်ငန်းများကြောင့် အများပြည်သူ ထောက်ခံမှု ကြီးစွာ ကျဆင်းနေသူအချို့ကို ယနေ့အချိန်အထိ ပြောချင်ရာ ပြောခွင့်၊ လုပ်ချင်ရာ လုပ်ခွင့်ပေးထားခြင်းသည် တစ်ဦးချင်းအတွက်သာမက ကိုယ်စားပြုနေသော အစိုးရတစ်ဖွဲ့လုံးနှင့် ပါတီ၏ ဂုဏ်သိက္ခာ၊ အဆင့်အတန်း၊ လူကြိုက်များ ထောက်ခံမှု တို့ကို လျော့ပါးကျဆင်းစေသည့်အတွက် သတိပြု အလေးထားသင့်ကြောင်း တိုက်တွန်းလိုရင်းဖြစ်သည်။ 

အယ်ဒီတာ (၁၉-၁၂-၂၀၁၈ )

(၁၈-၇-၂၀၁၈ နေ့ထုတ် The Voice Daily သတင်းစာတွင် ဖော်ပြခဲ့ပြီးသော အယ်ဒီတာ့အာဘော်ကို ပြန်လည်ဖော်ပြခြင်း ဖြစ်ပါသည်။)


  • VIA