News

POST TYPE

OPINION

မူးယစ်အန္တရာယ် စက်ကွင်းအတွင်းမှ သားကောင်များ
19-Dec-2018


မူးယစ်ဆေးသဘာဝကို လေ့လာထားတဲ့ ကမ္ဘာ့ပညာရှိကြီးတွေက မူးယစ်ဆေးဝါးသုံးစွဲတဲ့လူငယ်တွေကို “မူးယစ်ဆေးရဲ့ သားကောင်” “...Victim of Drug addiction” လို့ သုံးနှုန်းခဲ့ကြပါတယ်။ ဒီစကားလုံးရဲ့ သုံးတဲ့ရည်ရွယ်ချက်ဟာ အင်မတန်ကြီးမားသလို သုံးတဲ့လူတွေဟာ ဉာဏ်ကောင်းတဲ့လူငယ်တွေသာဖြစ်ကြပြီး စူးစမ်းလိုစိတ်တွေနဲ့ စူးစမ်းရင်း သူတို့သားကောင်အဖြစ် ကျရောက်သွားကြတယ်လို့ဆိုပါတယ်။ “သားကောင်” ဆိုတာက သားရဲလက်အောက်ကို အစားခံဖို့ ကျရောက်နေရတဲ့ သတ္တဝါတစ်ကောင် သို့မဟုတ် တစ်ခုခုကြောင့် မလွှဲသာ မရှောင်သာ အန္တရာယ်ကြားထဲကျရောက်ပြီး မလူးသာမလွန့်သာ အခြေအနေမျိုးဖြစ် နေရတာကို ဆိုလိုရင်းဖြစ်ပါတယ်။ ဒါနဲ့ဆက်စပ်လို့လည်း ယခုရက်ပိုင်း ပေါ်ထွက်လာတဲ့ သတင်းတွေအထဲက သရုပ်ဆောင် မိုးအောင်ရင်ကို ဒီဇင်ဘာ ၁၂ရက် နေ့ ခရိုင်တရားရုံးကနေ မူးယစ်ဆေးဝါးရောင်းဝယ်မှု၊ ပုဒ်မ ၁၉ (က) နဲ့ ထောင်ဒဏ် ၁၂ နှစ်၊ ပြီးခဲ့တဲ့ နိုဝင်ဘာ၂၆ ရက်နေ့က မူးယစ်ဆေးဝါး လက်ဝယ်တွေ့ရှိမှုနဲ့ သုံးစွဲမှုအတွက် အလုပ်နဲ့ထောင်ဒဏ် ၅ နှစ် စုစုပေါင်း ထောင်ဒဏ် ၁၇ နှစ်ကျခံဖို့ ပုဇွန်တောင်တရားရုံးကနေ အမိန့်ချမှတ်ခဲ့တဲ့အပေါ် အနုပညာရှင်တွေနဲ့ လူထုအကြားမှာ အတော်စိတ်ဝင်စားမှု မြှင့်တက်နေခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်ပြီး အနုပညာအသိုင်းအဝိုင်းက မိတ်ဆွေ အပေါင်းအသင်းတွေအားလုံးအနေနဲ့လည်း စိတ်မကောင်းဖြစ်နေပြီး သူ့ မွေးစားမိဘတစ်ယောက်ဖြစ်တဲ့ မင်းသမီးကြီးဒေါ်မို့မို့မြင့်အောင်က “အရမ်းကို ခံစားခဲ့ရတယ်။ သူ့အဖေ အမေ မရောက်သေးတော့ သူတို့ကလည်း မြန်မာနိုင်ငံမှာ မရှိသေးတဲ့အချိန်မှာ ကိုယ့်မှာပိုပြီး ခေါင်းကြီးရတာပေါ့။ ကလေးအတွက်လည်း ပူပင်ရတယ်။ ကိုယ်သွားတွေ့ပြန်တော့လည်း မီဒီယာတွေကလည်းမေးရင် ပိုပွသွားမှာစိုးတော့ မမေးခဲ့ပဲနေခဲ့ရတယ်။ နောက်ကွယ်ကနေပဲ ကလေးစားဝတ်နေရေးအတွက် လုပ်ပေးတယ်။ တစ်ပတ်တစ်ခါ ရုံးထွက်တဲ့အခါမှာ သူစားဖို့ မုန့်တွေပို့ပေးတယ်။ နောက် သူ့မိဘတွေ ရောက်လာတော့ ကိုယ်စိတ်အေးသွားရတယ်”လို့ ဒီဇင်ဘာ ၁၄ ရက်နေ့က ပြုလုပ်ခဲ့တဲ့ Shwe FM ပွဲတက်ရင်း Duwun Media ကို ပြောကြားခဲ့တာလည်း ဖတ်မိပါတယ်။

ယနေ့အချိန်ကာလမှာ ကြားသိနေကြရတဲ့ ဒီမူးယစ်ဆေးတွေရဲ့ သတင်းတွေအကြားမှာ အခုဆိုရင် နိုင်ငံအတွင်းကမိဘတွေ၊ သားရှင်သမီးရှင်တွေဟာ သူတို့ရဲ့ကလေးတွေအနာဂတ်အတွက် စိတ်ပူနေကြရပါပြီ။ အစိုးရသစ်ရဲ့ ပြောင်းလဲချိန်တန်ပြီလို့ဆိုတဲ့ ဆောင်ပုဒ်နဲ့အညီ အနာဂတ်ကောင်းတစ်ခုကို ပိုင်ဆိုင်ကြဖို့ ဝိုင်းဝန်းပုံဖော်နေကြတဲ့နေရာမှာ ဒီမူးယစ်ဆေးဝါးကိစ္စကြီးဟာ အနာဂတ်ကလေးတွေအတွက် ကြီးမားတဲ့အန္တရာယ်ကြီးဖြစ်လာနေတာပါ။ ဒီကနေ့မှာဆိုရင် လူငယ်အများစုဟာ မူးယစ်သားကောင်ဘဝ ကျရောက်နေရတယ်။ အစိုးရအဆက်ဆက် ဒီမူးယစ်ဆေးဝါးပပျောက်ရေးလုပ်ငန်းတွေ အသီးသီးလုပ်နေခဲ့ကြသလို အဖွဲ့တွေ ဖွဲ့၊ သင်တန်းတွေပို့ချ၊ ဖမ်းဆီးထောင်ချခဲ့ကြတာတွေ အများကြီးရှိခဲ့ပေမယ့်လည်း ဘာကြောင့် ယနေ့ထိ အမြစ်မပြတ်ဘဲ တိုးသထက်တိုးလို့ ဆိုးသထက်ဆိုးနေကြရတာလဲဆိုတဲ့ မေးခွန်းတစ်ရပ်လည်း အမှန်ထွက်ပေါ်လာနေပါပြီ။

နယ်စပ်ကနေ ဂိတ်တွေအလီလီဖြတ်ပြီး ရန်ကုန်လို၊ မန္တလေးလို ပြည်မအတွင်းက မြို့ကြီးတွေနဲ့ အခြားမြန်မာပြည်အလယ်ပိုင်းကမြို့ငယ်တွေ၊ အခုဆို ကျေးရွာလိုနေရာမျိုးကိုတောင် ဝင်ရောက်အခြေချပြီး တစ်ပါးနိုင်ငံတွေအထိကို ပို့ကုန်တစ်ရပ်အသွင်အဖြစ် ကျယ်ကျယ်ပြန့်ပြန့်နေရာယူလာပြီဆိုရင် နိုင်ငံတစ်နံတစ်လျားက နယ်မြို့တွေမှာလည်း ဘယ်လောက်အထိ ပျံ့နှံ့စိမ့်ဝင် ပျံ့နှံ့နေပြီလဲဆိုတာ မတွေးဝံ့စရာပါပဲ။ လူငယ်တွေ၊ လူကြီးတွေ၊ မိန်းမပျိုတွေအကြားမှာ ဘယ်လောက် တွင်တွင်ကျယ်ကျယ် အသုံးပြုနေကြပြီဆိုတာလည်း မစဉ်းစားတတ်လောက်အောင်ပါပဲ။ အမှန်တော့ ဒီမူးယစ်ဆေးဆိုတာ အသံတိတ်လူသတ်သမားဖြစ်ပြီး တစ်မျိုးသားလုံး လူညွန့်တုံးစေတယ်ဆိုတာ အားလုံးလည်း သိပြီးသားတွေဖြစ်နေတာတောင် ဒီနေ့အချိန်အထိ ဘာဖြစ်လို့ အမျိုးသားရေးရန်သူအဖြစ် စစ်ဆင်ရေးတစ်ရပ်သဖွယ် အမြစ်ပြတ်အောင် မကိုင်တွယ် မဆောင်ရွက်နိုင်ကြသေးတာလဲဆိုတာလည်း မတွေးတောတတ်အောင် ဖြစ်ခဲ့ရပါတယ်။

အခုရက်ပိုင်းအတွင်းမှာကို ဖမ်းဆီးရမိတာတွေ ခပ်စိပ်စိပ်တွေ့နေရတဲ့အခါ ယခင့်ယခင်ကတည်းက ဆိုင်ရာဌာနတွေက အသေအချာတားဆီး ကာကွယ်ခဲ့ရင် ဒီလိုဖမ်းမိတာတွေ၊ သုံးစွဲကြတာတွေဖြစ်ပေါ် ဖော်ပြလာ နိုင်စရာမရှိပါဘူးလို့လည်း တွေးမိကြမှာပါ။ ဒီမူးယစ်ဆေးတွေဆိုတာ အခုရေတွင်းတူး အခုရေကြည်သောက်ဆိုသလို အားချင်းထလုပ်ယူလို့ရတဲ့ အရာမဟုတ်မှန်း လူတိုင်းသိကြပါတယ်။ ဘိန်းပင်တွေ၊ ဆေးခြောက် ပင်တွေကို တစ်ရာသီတော့ အနည်းဆုံးအချိန်ယူစိုက်ပျိုးရပါတယ်။ နောက် ခူးဆွတ်လို့ အဆီထုတ်ပြီးမှ ဓာတုဆေးတွေနဲ့ပေါင်းစပ်ပြီး စက်တွေနဲ့ချက် ကြ၊ ထုတ်လုပ်ကြတာပါ။ ဒါနဲ့မပြီးသေးပါဘူး။ ပြီးတဲ့အခါ အရောင်းအဝယ်တွေလုပ်ကြ၊ သယ်ဆောင်ကြလုပ်ကြတဲ့အခါ ကားလမ်း၊ ရထားလမ်းကနေ ပြည်တွင်းကမြို့တွေကို ပုံစံအမျိုးမျိုးနဲ့ ခိုးဝှက်သယ်ယူ တင်သွင်းနေကြတာပါ။ ဒီလိုခိုးဝှက်သယ်ဆောင်နေကြတာတွေကို စစ်ဆေးနိုင်မယ့် ခေတ်မီ ICT စက်ပစ္စည်းကိရိယာတွေလည်း ပေါများလာနေတဲ့ကာလပါ။

ဒီမူးယစ်ဆေးဝါးတွေအတွက် ထုတ်လုပ်တာ၊ သယ်ဆောင်တာ၊ ဖြန့်ဖြူးသုံးစွဲတာတွေ စတဲ့အလုပ်တွေဟာ လွယ်ကူတဲ့အလုပ်မဟုတ်ပါဘူး။ ဒါပေမဲ့လည်း အခြားတစ်ဖက်ကလည်း ဒီလိုမလွယ်ကူတဲ့အလုပ်ကို ဒီနေ့အချိန်အခါမှာ လွယ်လွယ်ကူကူဖြစ်နေတာကိုက မှားနေတာပါလို့ ပြောလို့ရနိုင်ပါတယ်။ ဘယ်သူသေသေ ငတေမာရင် ပြီးရောဆိုတဲ့ မသမာသူတွေရဲ့ ဝိသမလောဘ စီးပွားရှာသူတွေရဲ့စနက်အတွင်း ကျွန်တော်တို့လူငယ်တွေဟာ မူးယစ်သားကောင်ဘဝကို သက်ဆင်းကျရောက်နေကြရပါပြီ။ တစ်မျိုးသားလုံး အန္တရာယ်ကြီးဖြစ်နေပါပြီ။ အနာဂတ်နိုင်ငံတော်အတွက် ရင်လေးစရာဖြစ်လာနေပါပြီ။ ယခင်နှစ်က တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်ကြတဲ့ ထောင်အတွင်းက လူငယ်တွေရဲ့စာရင်းကို ကြည့်တဲ့အခါ မူးယစ်ဆေးဝါးသုံးစွဲလို့ အပြစ်ခံနေကြရတဲ့ လူငယ်စာတော်သူလေးတွေ၊ မူးယစ်ဆေးသားကောင်ဘဝရောက်ပြီး ဒီစာရင်းထဲပါနေတာကိုလည်း ရင်နာဖွယ်ရာ မြင်ခဲ့ရပါသေးတယ်။

ဒီမူးယစ်ဆေးနှင့်ပတ်သက်ပြီး “မဖမ်းသည့်နေ့ တစ်နေ့မှမရှိ၊ ထောင်များအတွင်း ထားစရာနေရာမရှိအောင် မူးယစ်အကျဉ်းသားများပြည့်နှက်နေတယ်”ဆိုတဲ့ ပြည်နယ်ဝန်ကြီးချုပ်တစ်ဦးရဲ့ စကားအတိုင်း နိုင်ငံအတွင်း ရှိမြို့များမှာလည်း မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိမှုသတင်းများကို ယခုရက်ပိုင်း လပိုင်းအတွင်း အဆက်မပြတ်ဆိုသလိုကြားနေရပြီး မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိမှုများလာတာနဲ့အမျှ ဖမ်းဆီးရမိမှုပမာဏကလည်း များပြားသထက်များပြားလာနေတာ တွေ့ရှိကြရမှာပါ။ ယခုရက်ပိုင်းမှာကိုပဲ နိုင်ငံတော်သမ္မတရုံးကို လျှို့ဝှက်သတင်းပို့တိုင်ကြားခဲ့တဲ့အပေါ် ဖမ်းဆီးရမိခဲ့တဲ့အမှုတွေကို ဖော်ထုတ်ပြီးကြေညာခဲ့တာလည်း တွေ့ရမှာပါပဲ။ ဒါ့အပြင် အခုနောက်ပိုင်းဖြစ်ပေါ်နေတဲ့ ရာဇဝတ်မှုအတော်များများကို လေ့လာကြည့်ကြတဲ့အခါ ယခင်ကာလများဆီက မကြားဖူး မတွေ့ဖူးတဲ့ပုံစံတွေနဲ့ ရူးရူးမိုက်မိုက် ကျူးလွန်ကြတဲ့ပုံစံမျိုးတွေ တွေ့နေကြရခြင်းရဲ့ အဓိကလက်သည်တရားခံက ဘယ်သူလဲဆိုတာကိုလည်း ဆက်စပ်စဉ်းစားကြည့်ရင် အဖြေထွက်နိုင်မယ်ထင်ပါတယ်။

ဒီမူးယစ်ဆေးဝါးနဲ့ပတ်သက်လို့လည်း အာဆီယံနိုင်ငံတစ်ခုဖြစ်တဲ့ ဖိလစ်ပိုင်နိုင်ငံကသတင်းကိုလည်း အားလုံးသိကြပြီးဖြစ်ကြမှာပါပဲ။ အစကတည်းက အပ်နဲ့ထွင်းရမယ့်ကိစ္စတွေကို နောက်ဆုံးကျမှ ပုဆိန်နဲ့ပေါက်ကြရသလိုဖြစ်ခဲ့ရတာ ပြည်သူတွေ၊ အနာဂတ်ကလေးငယ်တွေအတွက် ရင်နာစရာဖြစ်ခဲ့ရပါတယ်။ ဒီဖြစ်စဉ်ရဲ့ အဓိကတာဝန်အရှိဆုံးသူကို ဖော်ထုတ်ပါဆိုရင် ယခင်အစကတည်းက ဒီမူးယစ်ဆေးဝါးတွေကို ပပျောက်အောင် မနှိမ်နင်း မဖမ်းဆီးနိုင်ခဲ့တဲ့တာဝန်ရှိသူတွေကိုသာ လက်ညှိုးထိုးကြရမှာပဲ ဖြစ်ပါတယ်။ “ဖိလစ်ပိုင်နိုင်ငံမှာဆိုရင် အသစ်တက်လာတဲ့ သမ္မတဒူတာတေးအနေနဲ့ သူ သမ္မတ စဖြစ်ဖြစ်ချင်းမှာ သူတို့တစ်နိုင်ငံလုံးနီးပါး ပျံ့နှံ့သုံးစွဲပြီး ရာဇဝတ်မှုကျူးလွန်နေကြတာကို ချေမှုန်းဖို့အမိန့်ပေးခဲ့ပြီးတဲ့နောက်ပိုင်းမှာ လမ်းမတွေအပေါ်မှာ မူးယစ်ဆေးသုံးစွဲနေတဲ့လူငယ်တွေကို ပစ်သတ်ထားတဲ့ဓာတ်ပုံတွေ၊ ဖမ်းဆီးရမိတဲ့သူတွေကို ထောင်တွေအထဲမှာ မဆံ့မပြဲ ထိုးသိပ်ထည့်ထားရတဲ့ဓာတ်ပုံတွေကို မြင်ကြရမှာပါ။ အမှန်တကယ်တော့ ဒီလိုအခြေအနေတွေအထိ ဖြစ်လာအောင် အစိုးရက ထိန်းသိမ်းအရေးယူဖို့ ယခင်ကပျက်ကွက်ခဲ့ပြီး ယခုလိုလုပ်နေရတဲ့ အဖြစ်ဟာလည်း ကမ္ဘာ့မျက်နှာစာမှာ သတင်းကောင်းတစ်ခုမဟုတ်သလို အစိုးရအတွက်ရော၊ ပြည်သူတွေအတွက်ပါ မျက်နှာပျက်စရာကောင်းတဲ့ သတင်းတွေအဖြစ် ရှုမြင်ကြရမှာပါ။

ဒီမူးယစ်ဆေးဝါးပြဿနာကို အပ်နဲ့ထွင်းရမယ့်အခြေအနေမျိုးကနေ ပုဆိန်နဲ့ထွင်းမှ ရကြတော့မယ့်အနေအထားမျိုးကို ကျွန်တော်တို့ နိုင်ငံက အစိုးရအနေနဲ့ရော ပြည်သူတွေအနေနဲ့ပါ လူငယ်တွေအားလုံး အနေနဲ့လည်း ဒီလိုအဖြစ်မျိုးကို လိုချင်ကြသလား။ အဖြစ်ခံမလားဆိုတာကို ယနေ့အချိန်အခါမှာ နှိုင်းဆတွေးယူလို့ သင်ခန်းစာယူပြီး ရပ်ချိန်ကရပ်၊ တားချိန်တန်တားပြီး ဒီမူးယစ်ဆေးအန္တရာယ်ကို အထူးစစ်ဆင်ရေး တစ်ရပ်အနေနဲ့ လုပ်ဆောင်ကြဖို့ အချိန်တန်နေပါပြီ။ မူးယစ်ဆေးဝါး နှိမ်နင်းရေးနဲ့ပတ်သက်ပြီး ယခင့်ယခင်အစိုးရတွေက လုပ်ခဲ့ဖူးတဲ့ စစ်ဆင်ရေးအကြောင်းတွေလည်း ဖတ်ခဲ့မှတ်ခဲ့ကြဖူးမယ်ထင်ပါတယ်။

အမှန်ဆိုရင် ယနေ့အချိန်မှာ အခြားမှောင်ခိုပစ္စည်းတွေ၊ အကောက်ခွန်မဲ့ ကား၊ ဆိုင်ကယ်တွေ၊ စားသောက်ကုန်တွေကိုတော့ လှည့်လည် စစ်ဆေးရေးလှုပ်ရှားအဖွဲ့တွေနဲ့ ကာကွယ်တားဆီး ဖမ်းဆီးထိန်းသိမ်းနိုင်ခဲ့ကြသလို အဲ့ဒီလိုကုန်ပစ္စည်းတွေထက် အဆတစ်ရာအန္တရာယ်ကြီးတဲ့ တစ်မျိုးသားလုံး လူညွန့်တုံးစေတဲ့ မူးယစ်ထုံထိုင်းဆေးကိုတော့ ဘာလို့များ ဒီလိုအခြေအနေထိရောက်အောင် မကာကွယ် မတားဆီး မထိန်းချုပ် ကြသလဲဆိုတဲ့အဖြေကိုလည်း အစိုးရတာဝန်ရှိသူတွေ၊ တားဆီးကာကွယ်ပေးကြရမယ့်ဌာနတွေက အဖြေပေးကြရတော့မှာဖြစ်ပါတယ်။

အချုပ်အားဖြင့် တင်ပြရရင်တော့ ဒီမူးယစ်ဆေးတွေဟာ ဘယ်သူတွေနဲ့ ပတ်သက်နေတယ်။ ဘာကြောင့် တွင်တွင်ကျယ်ကျယ် ဖမ်းဆီးတားမြစ်ဖို့မလုပ်တာလဲ။ ဘယ်သူတွေက ဘယ်သူ့မျက်နှာတွေကို ထောက်နေရတယ်၊ ဘယ်အဖွဲ့တွေက ဘယ်လိုလိုင်းကြေးတွေ၊ ထောက်ပံ့ကြေးတွေယူပြီး မသိချင်ယောင်ဆောင်နေကြတယ်၊ ဘယ်တာဝန်ရှိတဲ့အဖွဲ့တွေက အဂတိတရားလိုက်စားပြီး ကိုယ့်တစ်မျိုးသားလုံးကို လူညွှန့်တုံးအောင် လုပ်နေကြတယ်၊ လူငယ်တွေကို မူးယစ်သားကောင်ဘဝရောက်အောင် ဘယ်သူတွေလုပ်နေတယ်၊ အခုလက်ရှိအာဏာတည်နေဆဲဖြစ်တဲ့ မူးယစ်ဆေးဝါးဥပဒေတွေထဲမှာပါတဲ့ ပြဋ္ဌာန်းချက်တွေကရော ယခုလက်ရှိအခြေ အနေအချိန်အခါအရ မူးယစ်ဆေးဝါး မှိုလိုပေါနေတဲ့ကာလမှာရော အဆိုပါဥပဒေပြဋ္ဌာန်းချက်တွေဟာ ခေတ်စနစ်နဲ့ညီရဲ့လား၊ တရားစီရင်ရေးကို မှန်ကန်ဖို့ ဥပဒေပါအတိုင်း စီရင်ဆုံးဖြတ်တယ်ဆိုရင်ရော လက်ရှိကာလ အခြေအနေနဲ့ အမှန်တကယ်ကိုက်ညီရဲ့လား၊ တရားသူကြီးတွေရဲ့ဆင်ခြင်တုံတရားဆိုတာကိုရော ဘယ်လိုအဓိပ္ပာယ်ဖွင့်ဆိုရမလဲ ဆိုတာကို ပြည်သူတွေအနေနဲ့လည်း တဖြည်းဖြည်း တစ်စတစ်စသိချင်၊ သိလာနေကြပါပြီ။

ဒီတော့ အနှစ်ချုပ်ကြည့်တဲ့အခါ ဒီလိုမကင်းရာမကင်းကြောင်းဆိုတာတွေ၊ အပေးအယူကိစ္စတွေ၊ သက်သာချောင်ချိရေးတွေ၊ လစာနဲ့ မလုံလောက်တာတွေ စတဲ့အကြောင်းပြမှုမျိုးစုံကို အသာထားဘေးဖယ်ပြီး ပြည်သူ့မျက်နှာကိုသာ ကြည့်တတ်တဲ့၊ လူငယ်တွေရဲ့ရှေ့အနာဂတ်ကိုသာ ဦးစားပေး စဉ်းစားပေးတဲ့ တာဝန်ရှိသူ အစိုးရလူကြီးမင်းများနဲ့ နိုင်ငံ့ဝန်ထမ်းတွေက မူးယစ်ဆေးဥပဒေတွေကိုရော ခေတ်စနစ်နဲ့ကိုက်ညီအောင် ပြန်လည်ပြင်ဆင်ပေးဖို့နဲ့ လူငယ်တွေ မူးယစ်သားကောင်ဘဝ မကျရောက်အောင် အထူးစီမံချက်တွေချမှတ်ပြီး လူထုလှုပ်ရှားမှုအသွင်နဲ့ ဆောင်ရွက်မှသာ တစ်မျိုးသားလုံး လူညွှန့်တုံးစေမယ့် မူးယစ်ဆေးအန္တရာယ် ကြီး လုံးဝပပျောက်သွားမှာ အမှန်ပင်ဖြစ်ပါကြောင်း ရေးသားတင်ပြလိုက်ရပါတယ်။

အောင်ဇေယျ


  • VIA