News

POST TYPE

OPINION

၇၅ ရာခိုင်နှုန်းအရေး မလို၏သို့ လို၏သို့
19-Dec-2018


တစ်လောက သူငယ်ချင်းရေးဖော်တစ်ဦးက အခြေခံပညာကျောင်း တွေမှာ ကျောင်းတက်ရာခိုင်နှုန်း ၇၅ ပြည့်ဖို့ အကြောင်းနဲ့ပတ် သက်ပြီး ရေးထားတာတွေ့ရတယ်။ အထူးသဖြင့် အစိုးရကျောင်းတွေနဲ့ ကိုယ်ပိုင်ကျောင်းတွေရဲ့ အခြေအနေတွေကို ရေးထားတာ တွေ့ရပါတယ်။

ခြုံပြီးကြည့်လိုက်ရင်တော့ အစိုးရကျောင်းတွေမှာတော့ ကျောင်းသား ကျောင်းသူတိုင်းဟာ ၇၅ ရာခိုင်နှုန်းကျောင်းတက်ဖို့ လိုအပ်ပါတယ်။ ၇၅ ရာခိုင်နှုန်းမပြည့်ရင် စာမေးပွဲဖြေခွင့်မှာ အခက်အခဲရှိနေပါတယ်။ ဒီတော့ အခြေခံပညာကျောင်းတွေမှာ ၇၅ ရာခိုင်နှုန်းနဲ့ ကျောင်းသားကျောင်းသူတွေကို ထိန်းထားပါတယ်။ ကိုယ်ပိုင်ကျောင်းတွေမှာတော့ ၇၅ ရာခိုင်နှုန်း ပြည့်ဖို့ လိုခြင်း မလိုခြင်းဆိုတာ အခက်အခဲတစ်ခုမဟုတ်တာ သေချာတယ်။ ပြဿနာကြီးကြီးမားမား ဖြေရှင်းရတာ မကြားဖူးဘူး။ ပြည့်မီသူရော မပြည့်မီသူရော အခက်အခဲမရှိ ဖြေခွင့်ရကြတာပဲ။ အကြောင်းကတော့ကိုယ်ပိုင်ကျောင်းတွေမှာလည်း ကျောင်းတက်ပျက်ကွက်သူတွေရှိတာပါပဲ။

ဒါပေမဲ့ နားလည်မှုပေါ့။ ကလေးမှာလည်း လိုအပ်ချက်က ရှိကောင်းရှိနေနိုင်တာပဲလေ။ သူလည်း အပြင်မှာ ထပ်ဖြည့်ဖို့ လိုချင်လိုမှာပေါ့။ ဘာပြောပြော သူ့ကျောင်းဂုဏ်တက်ဖို့ဆိုတော့ ဘယ်မှာပြဿနာဖြစ်ပါတော့မလဲ။ နောက်တစ်ချက်က ကိုယ်ပိုင်ကျောင်းတွေကို မိဘတွေကိုယ်တိုင်ရွေးချယ်ထားတာမို့ ရုပ်ပျက်ဆင်းပျက် ကျောင်းပျက်တာမတွေ့ရဘူး။ ထိုက်သင့်တဲ့ငွေကြေးကို အပြည့်အဝလည်း ပေးသွင်းထားရတယ်လေ။ ဒီလိုပဲ ကိုယ်ပိုင်ကျောင်းတွေဘက်ကလည်း ထိုက်သင့်တဲ့ဝန်ဆောင်မှုကို အပြည့်ပေးနိုင်တယ်။

မကြာသေးခင် သတင်းတစ်ခုကြားရတယ်။ မြို့နယ်တစ်ခုမှာရှိ ဘော်ဒါဆောင်တစ်ဆောင်။ တက္ကသိုလ်ဝင်တန်းဖြေမယ့် ကျောင်းသားကျောင်း သူ ၃၆ ယောက်ကို အဆောင်မှာပဲ စာသင်ပြီး ပြင်ပဖြေလျှောက်တယ်။ စာစစ်ဦးစီးကလည်း ဆုံးဖြတ်ဖို့ခက်ခဲနေတယ်။ ဒီတော့ အခြေခံကိုပဲ ဆုံးဖြတ်ဖို့ ပြန်ပို့လိုက်တယ်လို့ ကြားတယ်။ အဓိကက ကိုယ်ပိုင်ကျောင်း မဟုတ်ရင် အစိုးရကျောင်းမှာ ၇၅ ရာခိုင်နှုန်းတက်ဖို့ လိုတဲ့အချက်ပဲ။ ဒီ သတင်း သေချာတာ မသေချာတာထက် အဲဒီအဖြစ်အပျက်မျိုး အညာဘက် မှာ ဟိုးလေးတစ်ကျော် ဖြစ်ခဲ့ဖူးတယ်။ အဓိက အကြောင်းရင်းက အခြေခံ ကထုတ်ထားတဲ့ ညွှန်ကြားချက်တစ်ခုပဲ။ အဲဒီညွှန်ကြားချက်တစ်ခုမှာ တော့ ၉ တန်းနဲ့ ၁၀ တန်းတွေကို အပြင်ဖြေလျှောက်ထားနိုင်တယ်ဆိုတဲ့ အချက်။ အဲဒီ့ညွှန်ကြားချက်ကြောင့် ဖော်ပြပါ နယ်မြို့လေးမှာ အပြင် ဘော်ဒါတွေ၊ ကိုယ်ပိုင်ကျောင်းတွေကို အပ်လိုက်ကြတာ အစိုးရကျောင်းတွေ မှာ ကျောင်းသားတွေတောင် မရှိတော့ဘူး။ အဲဒီကျမှ သက်ဆိုင်ရာတွေ မျက်လုံးပြူးကုန်ကြသတဲ့။ နောက်ဆက်တွဲပြဿနာကို ဘယ်လိုဖြေရှင်းလိုက်လဲ ဆိုတာတောင် မသိလိုက်ဘူး။ ဒါပေမဲ့ အဲဒီအခြေခံက ထုတ်ပြန်ထားတဲ့ ညွှန်ကြားချက်ကို ဘာ့ကြောင့်မပယ်ဖျက် သေးတာလဲ ဆိုတာမသိဘူး။ အဲဒီရဲ့ နောက်ဆက်တွဲက ခုလိုကျောင်းမအပ်ပဲ ပြင်ပပြောင်းဖြေမယ့် ပြဿနာတွေ တိုးပွားလာနိုင်စေတာပဲ။

တကယ်တော့ အဲဒီလိုသာ ပြင်ပက ဖြေခွင့်ပြုမယ်ဆိုရင် အခုပြောနေကြတဲ့ ၇၅ ရာခိုင်နှုန်းက ဘယ်မှာလိုတော့မှာလဲ။ တကယ်တော့ ၇၅ ရာခိုင်နှုန်း သတ်မှတ်နေတာဟာ အစိုးရကျောင်းတွေမှာ ကျောင်းသားမရှိမှာ စိုးရိမ်သွားလို့ပါပဲ။ ဒါဆိုလဲ ဘာ့ကြောင့် အစိုးရကျောင်းတွေမှာ ကျောင်းမတက်ကြတာလဲဆိုတာ အဖြေရှာဖို့လိုတာပေါ့။ အဓိကအချက်ကတော့ အားမနာတမ်းပြောရရင် အစိုးရကျောင်းတွေမှာ စာတတ်အောင် မသင်လို့ပဲ။ ဆရာ ဆရာမတွေ အရည်အချင်းညံ့လို့မဟုတ်ဘူး။ မသင်ကြတာ။ အဲဒီကျောင်းက ဆရာ ဆရာမတွေပဲ အပြင်ဝိုင်းတွေမှာသင်နေတာ ကျောင်းသား ကျောင်းသူအပြည့်လေ။ ဒီတော့ အပြင်ဝိုင်းတွေ ကျူရှင်တွေဆီ သွားကြတာပေါ့။ ဒါကြောင့် ကျောင်းတက်ပျက်ကွက်ကြတာပေါ့။ အစိုးရကျောင်းတွေကသာ တတ်အောင်သင်ကြရင် အပြင်မှာ ဘယ်သူသွားချင်ကြမှာလဲ။ အပြင်ဆိုတာ ငွေကြေးနဲ့ စက်ကြရတာလေ။

နောက်တစ်ချက်က ၇၅ ရာခိုင်နှုန်းလိုမလိုပေါ့။ လိုရင် ဘာအတွက်လိုတာလဲ။ ၇၅ ရာခိုင်နှုန်းအပြည့်တက်ရင် ဘာအကျိုးကျေးဇူးခံစားရမှာလဲ။ ဆိုပါစို့ အောင်မှတ် ၂ မှတ် ၃ မှတ်လိုနေရင် ဖြည့်ပေးမှာလား။ ဘယ်နေရာမှာမှ အကျိုးမရှိဘူး။ ဖြေခွင့်ရဖို့ တစ်ခုတည်းနဲ့ ထိန်းချုပ်ထားတာ။ ဒါလည်း အစိုးရကျောင်းတက်နေသူတွေအပေါ်မှာ ဖိနှိပ်ထားသလို ဖြစ်မနေဘူးလား။ ကိုယ်ပိုင်ကျောင်းနဲ့ တခြားကျောင်းတွေအပေါ်မှာ ဖိအားတစ်စုံတစ်ရာမရှိဘူး။ ဒါကြောင့်လည်း တတ်နိုင်သူတွေဟာ ကိုယ်ပိုင်ကျောင်းတွေ ပြောင်းကုန်ကြတာပေါ့။ မတတ်နိုင်သူအများစုပဲ အစိုးရ ကျောင်းမှာ ကျန်ခဲ့တာဆိုတော့ နူရာဝဲစွဲ၊ လဲရာသူခိုးထောင်းမဖြစ်ဖို့တော့ လိုတာပေါ့။

ဒါဖြင့်ရင်... ဘယ်အခါမှာ ၇၅ ရာခိုင်နှုန်းဟာ လိုအပ်လာမှာပဲ။ အခုအကောင်အထည်ဖော်နေတဲ့ အမျိုးသားပညာရေး မဟာဗျူဟာ စီမံကိန်း (NESP) အကောင်အထည်ပေါ်လာချိန်ပေါ့။ NESP ကို ၂၀၁၆ က KG စပြီး ၂၀၁၇ မှာ Grade One စပြီး ခု ၂၀၁၈ ခု Grade Two ၂၀၁၉ ကစပြီး Grade 3, Grade 6 နောက်ဆက်တိုက် ပြောင်းလဲလာမှာ။ အဲဒီကျရင် အခုလိုအတန်းတွေမှာ ကျင့်သုံးနေတဲ့ စာမေးပွဲစနစ်မဟုတ်တော့ဘူး။ စစ်ဆေးအကဲဖြတ်ချက်တွေ ပြောင်းသွားပြီ။ ခုဆို KG, Grade One, Grade Two တွေမှာ စာမေးပွဲမရှိတော့ဘူး။ စစ်ဆေးအမှတ်ပေး စနစ်တွေ ကလေးတွေ ကိုယ်ပိုင်ပါဝင်မှု တီထွင်ဖန်တီးမှု တွေးခေါ်မှုတွေကို အလေးထားပြီး အကဲဖြတ်နေကြပြီ။ အဲဒီအတွက်လည်း နွေရာသီမှာ မွမ်းမံ သင်တန်းတွေပေး စပြီး အကောင်အထည်ဖော်နေပြီလေ။

ဒီတော့ အဲဒီလို Assessment တွေနဲ့ အကဲဖြတ်ဆုံးဖြတ်တဲ့နေရာမှာ ကျောင်းသားကျောင်းသူတိုင်းဟာ ကျောင်းတက်မှန်ဖို့ လိုလာပါပြီ။ ကျောင်းသား၊ ကျောင်းသူတိုင်းဟာ ကျောင်းတက် ၇၅ ရာခိုင်နှုန်းပြည့်မီ တဲ့အတွက် ဖြည့်ဆည်းနိုင်မယ့် အမှတ်ကလည်း ရှိနေရမှာဖြစ်ပါတယ်။ အဲဒီရမှတ်ဟာ အမှန်တကယ်အထောက်အကူပြုနိုင်မှန်း သိလာတာနဲ့ ၇၅ ရာခိုင်နှုန်းပြည့်မီအောင် ကျောင်းတက်ဖို့ဆိုတာ ဥပဒေတစ်ရပ် ကျောင်းစည်းကမ်းတစ်ခုလို သတ်မှတ်ဖို့ လိုမယ်မထင်တော့ပါဘူး

ဒီတော့ မမျှမတဖြစ်နေတဲ့ ၇၅ ရာခိုင်နှုန်းကိစ္စ သိပ်ပြီးအတင်း အကြပ် လုပ်စရာလိုတော့လို့လား။ ဆိုရရင် စာမေးပွဲ စနစ်ရှိပြီး ရမှတ်နဲ့ ဆုံးဖြတ်နေတဲ့နေရာမှာ ၇၅ ရာခိုင်နှုန်းပြည့်မီဖို့ဆိုတာ ပိုလို့တောင် မလိုအပ်ဘူးဆိုတာ သိသာပါတယ်။ ၇၅ ရာခိုင်နှုန်းက ဘာမှအထောက်အကူ မပြုနိုင်ဘူးလေ။ ပြီးတော့ ၇၅ ရာခိုင်နှုန်းဆိုတာ ကျောင်းသား၊ သူတွေရဲ့ အကျိုးစစ်စစ်ဟုတ် လို့လား။ စဉ်းစားကြည့်ဖို့လိုတယ်။ ပြီးတော့ ထုတ် ပြန်ထားတဲ့ ညွှန်ကြားချက်တစ်ခုဟာ ပညာရေးရပ်ဝန်းကြီးတစ်ခုလုံးနဲ့ မှ အံမဝင်ဘူးဆိုရင် အခြားဥပဒေတစ်ခုနဲ့ လွှမ်းမိုးပျက်ပြယ်စေသင့်တယ်။ နို့မဟုတ်ရင် မလိုလားအပ်တဲ့ ဆင့်ပွားပြဿ နာတွေဖြေရှင်းနေရဦးမှာပဲ။ တကယ်ဆိုရင် NESP အရ သင်ရိုးသစ်စနေပြီ။ သင်ရိုးဟောင်းကို ဘာမှ ထွင်လုပ်နေစရာမရှိဘူး။ သင်ရိုးဟောင်းအတိုင်း အဆင်ပြေအောင်သွားရမှာ။

ဆိုလိုတာက သင်ရိုးဟောင်းအတိုင်းသွားနေရာက ဖြေဆိုချိန်တွေကို ပြောင်းလဲပစ်တာ မေးခွန်းပုံစံတွေ ချက်ချင်းမပြောင်းပစ်သင့်ဘူး။ ဘာကြောင့်လဲဆိုတော့ ကလေးတွေဟာ သင်ရိုးဟောင်းနဲ့ပဲ အသားကျလာတာလေ။ ပြီးတော့ ပြောင်းလဲမှုက သဟဇာတမဖြစ်ဘူး။ မေးခွန်းတွေကိုတော့ သမားရိုးကျမဟုတ်ဘဲ စဉ်းစားတွေးခေါ်မှုတွေကိုအခြေခံပြီး မေးဖို့ ပြင်ဆင်နေတယ်။ ဒါပေမဲ့ တစ်ဖက်က စစ်ဆေးအကဲဖြတ်ဖို့တော့ အချိန်မပေးပြန်ဘူး။ ဆိုရရင် ၁ နာရီခွဲမေးရမယ့် Mid Term Test မှာ ၄၅ မိနစ်။ ၃ နာရီမေးရမယ့် မေးခွန်မှာလည်း တစ်ချိန်စာ (၄၅ မိနစ်) ပဲ မေးရမယ်၊ တစ်ရက်လည်း ၂ ဘာသာဖြေရမယ်ဆိုတော့ အဆင်မပြေကြဘူး။ မေးခွန်းပုံစံကို အဆင့်မြှင့်မယ်ဆိုရင် လေ့ကျင့်ဖို့လည်း လုံလောက်တဲ့အချိန်ပေးဖို့ လိုတာပေါ့။ သင်ရိုးဟောင်းနဲ့ သင်ရိုးသစ်ကို အဆင်ပြေပြေ ချိတ်ဆက်နိုင်ဖို့ ဖြစ်ထွန်းပေါ်ပေါက်လာမယ့် သင်ရိုးသစ်မှာ လစ်ဟင်းမှု မရှိအောင်၊ အချိတ်အဆက်မိမိ ကူးပြောင်းနိုင်အောင် စွမ်းဆောင်ဖို့ပဲ လိုတာပါ။ မလိုအပ်ဘဲ သင်ရိုးဟောင်းတွေကို စိတ်ကူးတည့်သလို အပြောင်းအလဲတွေလုပ်နေရရင် အသွင်ကူးပြောင်းမှုကာလ မညက်ညောနိုင်ဘူး။ အဆင့်ဆိုတာ Step by Step (တစ်ဆင့်ချင်းမြှင့်တာ) ပဲ ကောင်းတယ်။ ခုန်ပျံပြီးတက်ရင်တော့ အကျနာတတ်တယ်ဆိုတာကို ပညာရေးလောကမှာ နှစ်ပေါင်း ၄၀ နီးပါး ထမ်းပိုးနေခဲ့သူတစ်ဦးအနေနဲ့ ကောင်းစေချင်လို့ ပြောတယ်ပဲမှတ်စေလိုပါတယ်။

(စကားချပ်) ညပြီးခဲ့တဲ့ပညာရေးနှီးနှောဖလှယ်ပွဲမှာ ဖတ်ကြားသွားတဲ့ “အခြေခံပညာပြီးမြောက်ကြောင်း စံသတ်မှတ်ချက်များ သတ်မှတ်ပေးရေးနှင့် အကောင်အထည်ဖော်ဆောင်ရွက်ရေး” စာတမ်းအရ ဆယ်တန်းမအောင်သူများကိုလည်း အခြေခံပညာသင်ယူပြီးမြောက်မှု လက်မှတ် (Completion Certificate)ပေးမည်ဖြစ်ကြောင်း ယင်းလက်မှတ်ဖြင့် အသက်မွေးသင်တန်းကျောင်းများ၊ ဒီပလိုမာသင်တန်းများ တက်ရောက်ခွင့်ရမှာဖြစ်ကြောင်း၊ ယင်းလက်မှတ်ကို ကျောင်းတက်ရာနှုန်းပြည့်မီပြီး ကျောင်းတွင်းအဆင့် အခန်းဆုံးစာမေးပွဲများတွင် ပါဝင်ဖြေဆိုသူများကိုသာ ထုတ်ပေးမည်ဟုဆိုသောအခါ ဥပဒေအရ ပြင်ပဖြေဆိုနိုင်ခွင့်ကိုလည်း ခွင့်ပြုထားရာ မည်သည့်ကျောင်းမှမတက်သည့် ပြင်ပဖြေကျောင်းသားများအတွက်မည်သို့စဉ်းစားမည်ဆိုသည်မှာလည်း စိတ်ဝင်စားစရာကောင်းလှပါသည်။

ခင်မောင်ဌေး (ပညာရေး)