News

POST TYPE

OPINION

လက်ငင်းစိတ်ချမ်းသာနည်းများ
21-Oct-2016

ယခုအခါ လူအများသည် စိတ်ဆင်းရဲစရာ အမျိုးမျိုးကို နေ့စဉ် တွေ့ကြုံကြားသိနေကြရလေသည်။ ထိုစိတ်ဆင်းရဲမှုများမှ လက်ငင်းကင်းလွတ်သက်သာစေမည့် နည်းလမ်းအချို့ကို တင်ပြလိုက်ရပါသည်။ 

Count Your Blessings

မိမိတို့ ခံစားနေရသော ကောင်းချီးမင်္ဂလာများကို ပြန်တွေးကြည့်ပါ။ ‘ငါ ခြေလက်အင်္ဂါ စုံတယ်။ မကျိုးဘူး၊ မကန်းဘူး၊ နားမပင်းဘူး၊ ပုံမှန်လုပ်ကိုင် သွားလာလှုပ်ရှားနိုင်တယ်၊ နေစရာအိမ် ရှိတယ်၊ ထမင်းမငတ်ဘူး၊ ဝဝလင်လင် စားနိုင်တယ်၊ (ပညာတတ်လျှင်) ပညာတတ်တယ်၊ (အလုပ်ရှိလျှင်) အလုပ်ရှိတယ်’ စသည်ဖြင့် ကျေနပ်စရာတွေ အများကြီး ရှိပါသည်။

မိမိလောက် အခြေအနေ မကောင်းသူများကို တွေးကြည့်ပါ

‘လူတော်တော်များများဟာ စားဝတ်နေရေး မပြေလည်ကြဘူး။ အိမ်မရှိဘူး။ အိမ်ငှားနဲ့။ ဒါမှမဟုတ် ကျူးကျော်တဲကလေးတွေမှာ နေကြရတယ်။ တချို့က လမ်းဘေးမှာ နေကြရတယ်။ မဝရေစာ စားသောက်နေကြရတယ်။ လူခပ်များများဟာ မလုပ်သင့်တာတွေ လုပ်နေကြရတယ်။ ရာဇဝတ်မှု အမျိုးမျိုး ကျူးလွန်နေကြရတယ်။ တချို့မိန်းမတွေဟာ သူတို့ကိုယ် သူတို့ ရောင်းစားနေကြရတယ်။ ပင်ပန်းတဲ့ အလုပ်တွေကို နေပူမိုးရွာမရှောင် လုပ်ကိုင်နေကြရတယ်။ တချို့က မကျန်းမာဘူး။ ဆေးရုံဆေးခန်း မသွားနိုင်ဘူး၊ ဆေးဝယ်မသောက်နိုင်ဘူး။ ဖြစ်သလိုပဲ ပေပေရေရေ နေကြရတယ်။ အဝတ်အစား၊ ထီး၊ ဖိနပ် မပြည့်စုံဘူး’ ဤသို့ မိမိအောက်နိမ့်ကျနေသူများ၏ ဘဝကို ရှုမြင်ဆင်ခြင်မိလျှင် ‘သူတို့နဲ့စာရင် ငါ့ဘဝက အများကြီး ကျေနပ်စရာ ရှိနေတာပဲ’ ဟု တွေးမိကာ စိတ်ချမ်းသာလာပေလိမ့်မည်။ ကိုယ့်ထက်သာသူများကို မော့ကြည့်ပြီး အားကျနှိုင်းယှဉ်မိလျှင်ကား ကိုယ့်ဘဝကိုယ် မကျေမနပ် ဖြစ်လာကာ စိတ်ဆင်းရဲ ရပေလိမ့်မည်။ 

ငါ မာန်ကို လျှော့ပါ

‘ငါတော်တယ်၊ ငါတတ်တယ်၊ ငါသိတယ်။ ငါ့ကို လာမစမ်းနဲ့’ စသည့် အတ္တစွဲ ကြီးမားလာသည့်အခါ အများသူငါနှင့် ဆက်ဆံရေးသည် မချောမောနိုင်တော့ချေ။ လူအများသည် ကိုယ့်ကိုယ်ကိုယ် အထင်ကြီးကြ၏။ အတော်ဆုံး၊ အတတ်ဆုံးထင်ကြ၏။ ‘ငါ သိပ်မတတ်သေးပါဘူး၊ ငါ့ထက်တော်တဲ့ တတ်တဲ့သူတွေ အများကြီးရှိတယ်’ ဟု သဘောပေါက် လက်ခံတတ်သူ အလွန်ရှား၏။ ဤသို့ ကိုယ်အတတ်ဆုံး ထင်နေသည့်အခါ မိမိနှင့် ဆက်ဆံရသူများကို အထင်သေးလာ၏၊ ဝေဖန်ချင်လာ၏၊ ဆရာလုပ်ချင်လာ၏။ ကိုယ့်ကို ဝေဖန်သူများ၊ ကိုယ့်စကားကို လက်မခံသူများကို မကြိုက် ဖြစ်လာ၏။ ဤတွင် ဆက်ဆံရေး ပျက်ပြားလာတော့၏။ မိမိ၏ အိမ်သားများ အပါအဝင် ပတ်ဝန်းကျင်နှင့် ဆက်ဆံရေး ယိုယွင်းလာခြင်းသည် စိတ်ညစ်ရခြင်း၏ အကြောင်းရင်းကြီးတစ်ရပ် ဖြစ်လေသည်။ များသောအားဖြင့် ပုဂ္ဂိုလ်ရေး ဝေဖန်မှုသည် ကောင်းကျိုးမပြုချေ။ ပဋိပက္ခသာ ဖြစ်စေသည်။ နိုင်ငံကောင်းကျိုးအတွက် ဝေဖန်ထောက်ပြမှုများကိုကား လက်ကမ်းကြိုဆိုအပ်ပေသည်။ ဆက်ဆံရေး တိုးတက်ကောင်းမွန်လာစေရန် ချိုချိုသာသာ ပြောဆိုတတ်ခြင်းနှင့် ပေးကမ်းကျွေးမွေးတတ်ခြင်းတို့ လိုအပ်လေသည်။ 

မကောင်းမှု အမျိုးမျိုးကို ရှောင်ပါ

ကောင်းတာလုပ်လျှင် ကောင်းတာဖြစ်မည်၊ မကောင်းတာလုပ်လျှင် မကောင်းတာဖြစ်မည် ဟူသော အမှန်တရားကို လူအများသိကြ၏။ သို့သော် လူခပ်များများက ထိုအမှန်တရားအတိုင်း လိုက်နာကျင့်သုံးခြင်း မပြုနိုင်ကြချေ။ အရက်သောက်ခြင်းသည် မကောင်းဟု လူအများဆုံး ကြားဖူးကြ၏။ ဗုဒ္ဓဘာသာဝင်တိုင်း စောင့်ထိန်းရမည့် ငါးပါးသီလထဲတွင် ထည့်သွင်း၍ အရက်သောက်ခြင်းကို ပိတ်ပင်ထား၏။ သို့သော် ထိုပိတ်ပင်မှုကို မလိုက်နာသူတွေ အများကြီး ရှိသည်။ အရက်အနည်းငယ် နေ့စဉ်သောက်ခြင်းသည် ကျန်းမာရေးကို ကောင်းမွန်စေသည် ဟူသော အရက်ထုတ်လုပ်သူတို့၏ ဝါဒဖြန့်စကားကို ပညာတတ် အရက်သောက်သူ အချို့က ကိုးကားတတ်ကြသည်။ ဟုတ်ချင်လည်း ဟုတ်ပါလိမ့်မည်။ ခက်သည်က နည်းနည်းသောက်ခြင်းကနေ တစ်စတစ်စ တိုး၍တိုး၍ သောက်မိလာကြပြီး နောက်ဆုံးတွင် မသောက်ရ မနေနိုင်သည့် အရက်သမားဘဝသို့ ရောက်လာတတ်ကြခြင်း ဖြစ်လေသည်။ အကြောင်းအမျိုးမျိုးနှင့် အရက်သောက် ဖြစ်ကြ၏။ အချို့က စိတ်ညစ်၍ အရက်သောက်ကြသည် ဆို၏။ အရက်သောက်၍တော့ စိတ်ညစ်မပျောက်ပါ။ ပိုသာဆိုးလာစမြဲ ဖြစ်၏။ အချို့က အပေါင်းအသင်းများဆွယ်၍ သောက်ကြ၏။ သောက်ဖော်သောက်ဖက်များနှင့် ဝိုင်းဖွဲ့သောက်စားရခြင်းကို သာယာကြ၏။ အတော်များများက ယခုအခါ အထူးခေတ်စားနေသော ကိုရီးယားရုပ်သံ ဇာတ်လမ်းတွဲများမှ သရုပ်ဆောင်များ မကြာခဏ ‘ဆိုဂျူ’ သောက်ကြသည်ကို အားကျတုပ၍ သောက်ကြ၏။ အချို့က ပိုက်ဆံပေါ၍ သောက်ကြ၏။ ဘာ့ကြောင့်ပဲသောက်သောက်၊ အရက်သောက်သူ အများဆုံးသည် တစ်စတစ်စ ပို၍ပို၍ သောက်မိလာကြကာ အရက်၏ ကျေးကျွန်များ ဖြစ်လာလေ့ ရှိလေသည်။ ထိုအခါ အရက်ဖိုး ငွေကုန်ကြေးကျ များလွန်း၍ စီးပွားရေးထိခိုက်၏။ အလုပ်အကိုင်လျော့ရဲလာ၏။ အရက်သမားအဖြစ် နာမည်ဆိုးရ၊ သိက္ခာကျ၏။ လူ မလေးစားတော့။ အစားပျက်၊ အသည်းခြောက်၊ ရောဂါအမျိုးမျိုးဝင်ကာ အသက်တိုရတော့၏။ အရက်သမား ဘယ်လိုလုပ်ပြီး စိတ်ချမ်းသာနိုင်ပါ့မလဲ။ 

ဘိန်းဖြူ၊ ဆေးခြောက်၊ ယာဘ အစရှိသော မူးယစ်ဆေးဝါး အမျိုးမျိုးကိုလည်း စမ်းကြည့်ချင်၍ဖြစ်စေ၊ အပျော်သဘောဖြစ်စေ၊ အပေါင်းအသင်းများက ဆွဲဆောင်၍ဖြစ်စေ၊ လူကြီးမိဘကို အာခံချင်၍ဖြစ်စေ စတင်သုံးစွဲမိပါက တစ်စတစ်စ အရှိန်ရလာပြီး အနှေးနှင့်အမြန် ဆေးသမားဘဝ ရောက်ရှိကြရသည်က များလေသည်။ ဆေးစွဲပြီဆိုလျှင် ပြဿနာအမျိုးမျိုး လိုက်လာရန် သေချာပေသည်။ ပထမဆုံး ဆေးဖိုးရှာရမည်။ ဆေးစွဲသူက အိမ်ထောင်ဦးစီးဖြစ်လျှင် မိသားစုအတွက် သုံးရမည့်ငွေ တော်တော်များများသည် ဆေးဖိုးဖြစ်ကုန်ကြပြီး မိသားစုအဖို့ ရှားပါးပြတ်လပ်၊ စိတ်ညစ်ရ၊ ဒုက္ခရောက်ကြရတော့၏။ ကိုယ်ပိုင်ဝင်ငွေ မရှိဘဲ ဆေးစွဲမိလျှင်မူ ဆေးဖိုးရဖို့ အမျိုးမျိုး အကြံအဖန် လုပ်ရတော့၏။ ရာဇဝတ်မှုများပင် ကျူးလွန်ကြရ၏။ မိသားစု ဆက်ဆံရေး ပျက်ရ၏။ ကျန်းမာရေး ထိခိုက်၏။ အဖမ်းအဆီး အချုပ်အနှောင် ခံရ၏။ တစ်ခုမှကောင်းကွက် မရှိ။ ရှောင်လေဝေးဝေး မူးယစ်ဆေး။ အခြားမကောင်းမှု အမျိုးမျိုးနှင့် ဥပဒေကို ဖောက်ဖျက်ကျူးလွန်ခြင်းတို့သည်လည်း မကောင်းသော အကျိုးကို ပေးမည်ဖြစ်၍ ဝေးစွာ ရှောင်ရှားရမည် ဖြစ်လေသည်။ ကောင်းတာလုပ်လျှင် ကောင်းတာဖြစ်မည်၊ မကောင်းတာလုပ်လျှင် မကောင်းတာဖြစ်မည် ဟူသော ထာဝရသစ္စာကို စွဲကိုင်ထား၍ မကောင်းမှု အမျိုးမျိုးကို ရှောင်ရှားနိုင်လျှင် စိတ်ညစ်ခြင်းမှ ကင်းဝေးပေလိမ့်မည်။ 

ကုသိုလ်ကောင်းမှု ပြုလုပ်ပါ

ချက်ချင်း စိတ်ချမ်းသာနည်းတစ်ခုမှာ ကုသိုလ်ကောင်းမှု ပြုလုပ်ခြင်း ဖြစ်သည်။ မိမိတို့ ယုံကြည်ကိုးကွယ်ရာ ဘာသာအလိုက် ဘုရား၊ ဘုရားရှိခိုးကျောင်း၊ ဗလီ စသည့် ကိုးကွယ်ဝတ်ပြုရာ ဌာနများသို့ သွား၍ ဝတ်ပြုဆုတောင်းပါ။ လှူဒါန်းပါ၊ သီလရှင်များကို ပိုက်ဆံလှူပါ၊ သူတောင်းစားများကို စွန့်ကြဲပါ၊ ငါးလွှတ်ပါ၊ ငှက်လွှတ်ပါ၊ ငှက်များကို အစာကျွေးပါ။ အနည်းဆုံး အိမ်တွင် ဘုရားရှိခိုးပြီး မေတ္တာပို့ အမျှဝေပါ။ စိတ်ချမ်းသာလာမည် ဧကန်ဖြစ်ပါသည်။ 

အကောင်းမြင်တတ်ပါစေ

လောကတွင် အကောင်းနှင့် အဆိုးသည် ဒွန်တွဲနေသည်။ အဆိုးကိုပဲ ကြည့်နေမြင်နေလျှင် စိတ်ဆင်းရဲကြမည်၊ အကောင်းကို မြင်အောင် ရှုတတ်လျှင် စိတ်ချမ်းသာမည်။ တိမ်တိုက်တိုင်းတွင် ငွေရောင်အနားကွပ် ရှိသည် (Every Cloud has a Silver Lining) ဟူသော အနောက်တိုင်း ဆိုရိုးစကား ရှိသည်။ တိမ်တိုက်သည် ညိုမှောင်နေသော်လည်း (အခြေအနေ ဆိုးနေသော်လည်း) နေရောင်၊ လရောင်၊ ကြယ်ရောင်များကြောင့် ငွေရောင်အနားကွပ်ကလေး (မျှော်လင့်ချက်၊ ကောင်းကွက်) ရှိနေစမြဲ ဖြစ်သည်။ နေမကောင်း၍ ရောဂါကို တွေးနေလျှင် စိတ်ညစ်မည်၊ ရောဂါကြောင့် အိပ်ရာထဲ လဲနေလျှင် ‘ငါ အခုမှ အနားရတော့တယ်၊ အေးအေးဆေးဆေး တီဗီကြည့်နိုင်၊ စာဖတ်နိုင်တော့တယ်’ ဟု တွေးမိလျှင် စိတ်ချမ်းသာသွားပေမည်။ ဝလာလျှင် ‘ဒါမှ ရောဂါဒဏ် ခံနိုင်ရည်ရှိမှာ’ ဟု တွေးပါ။ ပိန်သွားလျှင် ‘အဆီတွေ ကျသွားပြီ၊ သွေးတိုးတို့၊ လေဖြတ်တာတို့နဲ့ ဝေးသွားပြီ’ ဟု တွေးပါ။ ဘာဖြစ်ဖြစ် အကောင်းရှာကြည့်လျှင် တွေ့စမြဲ ဖြစ်ပါသည်။ အကောင်းမြင်တတ်လျှင် စိတ်ချမ်းသာပါလိမ့်မည်။ 

အိမ်တစ်အိမ်သို့ လူနှစ်ယောက် ရောက်လာ၏။ အိမ်ရှင်မက ရေခဲသေတ္တာထဲမှ အအေးဘူးတစ်ဘူး ထုတ်ပြီး ဖွင့်ကာ ဖန်ခွက်နှစ်ခုထဲတွင် တစ်ဝက်စီထည့်၍ တိုက်၏။ ဧည့်သည်တစ်ယောက်က ‘တစ်ဘူးစီ မတိုက်ဘူး၊ တစ်ဝက်စီပဲ တိုက်တယ်၊ တော်တော်နှမြောတတ်တဲ့ မိန်းမ’ ဟု တွေး၏။ ကျန်တစ်ယောက်က ‘ဘာမှမတိုက်ဘဲ နေရင်လည်း ဖြစ်လျက်သားနဲ့ အအေးတိုက်တယ်။ အအေးတစ်ဘူးဈေးက သိပ်သက်သာတာမ ဟုတ်ဘူး။ တော်တော်သဒ္ဓါတရားကောင်းတဲ့ မိန်းမ’ ဟု မြင်၏။ ထိုသူနှစ်ယောက် ဘယ်သူက စိတ်ချမ်းသာမည် ထင်ပါသလဲ။ 

ရောင့်ရဲတတ်ပါစေ

ပိုက်ဆံတွေ အများကြီးရှိတိုင်း စိတ်မချမ်းသာကြပေ။ သူဌေးအမည်ခံသူ အများသည် မိမိတို့တွင်ရှိသည့် ကြွယ်ဝမှုနှင့် မရောင့်ရဲနိုင်ကြဘဲ ချမ်းသာသည်ထက် ပိုမိုချမ်းသာအောင် ရှိသမျှ ရင်းနှီးမြှုပ်နှံ၊ ဘဏ်များမှချေး၊ ပြည်တွင်းတွင်သာမက နိုင်ငံတကာကိုပင် ခြေလှမ်းလှမ်းကာ လုပ်ငန်းများ တိုးချဲ့၍ နေ့မအား ညမအား လုပ်ကိုင်နေကြ၏။ မိမိတို့၏ လုပ်ငန်းများ တစ်နည်းနည်းဖြင့် ထိခိုက်ပျက်ပြားမည်ကို စိုးရိမ်နေကြရ၏။ အောက်လက်ငယ်သားများ မဟုတ်တာ လုပ်ကြမည်ကို တားဆီးကာကွယ်နေကြရ၏။ ထိုသို့သော သူများသည် ဘယ်လိုစိတ်အေးချမ်းနိုင်ကြပါမည်လဲ။ စိတ်ချမ်းသာအောင် စားဝတ်နေရေး ပြည့်စုံရန် လိုပါသည်။ ထိုအခြေအနေကို ရောက်ရှိအောင် သိပ်အားထုတ်ဖို့ မလိုပါ။ တိုးတက်ကြီးပွားနိုင်မည့်  အလုပ်အကိုင်မျိုးကို ရွေးချယ်ပြီး ရိုးရိုးသားသား၊ ကြိုးကြိုးစားစား၊ သစ္စာရှိရှိ၊ ကတိတည်တည် လုပ်ကိုင်သွားလျှင် ထိုအဆင့်ကို ရောက်သွားမည် ဖြစ်ပါသည်။ စားဝတ်နေရေး ဖူလုံပြီး နောက်ပိုင်းတွင် လောဘသတ်ပြီး ရောင့်ရဲတတ်ဖို့ လိုပါသည်။ မရောင့်ရဲဘဲ လက်ထဲတွင် ငွေတစ်သိန်း ရှိရာကနေ ဆယ်သိန်း၊ ဆယ်သိန်းရှိရာကနေ သိန်းတစ်ရာ၊ ကားတစ်စီး ရှိရာကနေ နှစ်စီး၊ နှစ်စီးရှိရာကနေ သုံးစီး ရချင်လာလျှင်ကား ဘဝအမောတွေ တက်လာပြီး စိတ်ချမ်းသာမှု မရနိုင်တော့ချေ။ စားဝတ်နေရေးဖူလုံ အပြီးတွင် ရှိတာနှင့် ရောင့်ရဲတတ်သူသည် အစစ်အမှန် လူချမ်းသာ ဖြစ်ပေတော့၏။ (Contentment is essential to happiness) စိတ်ချမ်းသာမှုအတွက် ရောင့်ရဲမှုသည် မရှိမဖြစ် လိုအပ်ပေသည်။ 

ကံစီမံရာကို လက်ခံလိုက်ပါ

ဘဝတွင် ချမ်းသာသုခနှင့် ဆင်းရဲဒုက္ခတို့ကို သူ့အလှည့်နှင့်သူ ခံစားကြရစမြဲ ဖြစ်၏။ ယခင်ဘဝ အဆက်ဆက်က ပြုခဲ့သမျှသော အတိတ်ကံနှင့် ယခုဘဝတွင် ပြုလုပ်သော ပစ္စုပ္ပန်ကံတို့ စေစားသည့်အတိုင်း ကောင်းလိုက်ဆိုးလိုက် ဖြစ်ကြရ၏။ ကံဆိုးကြုံလျှင် ကံကောင်းလာအောင် ကုသိုလ်ကောင်းမှုများ လုပ်ကာ သက်သာရာ သက်သာကြောင်း ကြိုးစားအားထုတ်ပါက အဆိုးလျော့သွားနိုင်ပါသည်။ သို့သော် လုံးဝတော့ ပပျောက်သွားလေ့ မရှိပေ။ ကံတရား၏ စီမံရာကို ခံကြရစမြဲ ဖြစ်လေသည်။ ထိုအခါမျိုးတွင် ‘ဒါကတော့ ရှောင်လွှဲလို့မရနိုင်တဲ့ ကံတရားပဲ။ ကံဝဋ်ကြွေးကို ပေးဆပ်ရခြင်းပဲ။ အမြဲဆိုးမနေနိုင်ဘူး။ အဆိုးပြီးရင် အကောင်းလာမှာပဲ’ ဟု တွေးကာ လက်ခံလိုက်ပါက စိတ်ညစ် ချက်ချင်းသက်သာသွားမည် ဖြစ်ပါသည်။ 

မည်သည့်ပြဿနာ၊ မည်သည့်အခက်အခဲမျှ အမြဲမတည်ရှိပါ။ အချိန်တန်လျှင် တစ်နည်းနည်းဖြင့် ပြီးပြတ်သွားစမြဲ ဖြစ်သည်ကို တွေးမိပါက စိတ်ဆင်းရဲမှု လျော့နည်းသွားပါလိမ့်မည်။ မကောင်းမှု အမျိုးမျိုးကို ရှောင်ရှားခြင်း၊ ကောင်းမှုများကို တတ်အားသမျှ လုပ်ဆောင်ခြင်း၊ အကောင်းမြင်တတ်ခြင်းနှင့် ရောင့်ရဲတတ်ခြင်းတို့သည် ချက်ချင်းလက်ငင်းရော အစဉ်သဖြင့်ပါ စိတ်ချမ်းသာခြင်းကို ပေးအပ်ကြမည် ဖြစ်ပါသတည်း။ 

မောင်ကြာညို