News

POST TYPE

OPINION

တိုင်းပြည်အတွက် စိုးရိမ်မိလို့ပါ
21-Oct-2016

ဖိုးသောကြာ တစ်ယောက် ၆၃ နှစ်ကြာ ခိုင်းစားလာတဲ့ ဘော်ဒီကြီးက အမောဖောက်လာလို့ ၂၆ နှစ်ကြာ ခံစားလာနေရတဲ့ ဆီးချိုရောဂါနဲ့ ဆက်စပ် ရောဂါတွေ ဖြစ်ကြတဲ့ နှလုံး၊ အဆုတ်၊ သွေးတိုး အသည်း စတာတွေကို စိုးရိမ်ပူပန်ပြီး တကယ်လည်း “မော”နေမိပါတယ်။ ရောဂါကို ကြောက်တာက ငွေများများနဲ့မှ ဆေးမကုသနိုင်ရင် ရောဂါ မပျောက်တဲ့ ခေတ်ဖြစ်နေလို့ပါပဲ။ ပြည်တွင်းမှာလည်း အခမဲ့ စေတနာနဲ့ ကုပေးနိုင်တဲ့ ဆေးရုံဆိုလို့ “စရိတ်မျှပေး-ကျန်းမာရေး” စီမံချက်ပဲ ကြားဖူးခဲ့ပါတယ်။ အခုတော့ ရှိသေးရဲ့လားဆိုတာ သတိ မထားမိပါဘူး။ စရိတ်ကျ မျှစံစားဖို့ကလည်း ဆေးရုံပေါ် ရောက်မှ “ရယက” ထောက်ခံချက် ယူရတာ။ လူနာက လျှောစရာရှိရင် အရင် လျှောမှာဆိုတော့ ရှိတာ ရောင်း၊ ပေါင် ကုရတာပါပဲ။ အဲဒီတော့ ကိုယ့် “ဘော်ဒီ ခန္ဓာကိုယ်ကြီး”ကို ဈေး အသက်သာဆုံးနဲ့ ဝပ်ရှော့သွင်းဖို့ “ငွေ” စီမံချက် ဆွဲရပါတယ်။ ကိုယ့်စာမူခတွေကို လိုက်လံ စုဆောင်းရပါတယ်။ ဖိုးသောကြာကို ကျန်းမာရေးအတွက် ဘော်ဒီကို ဝပ်ရှောပို့ဖို့ (ဆေးဝါးစပွန်ဆာ ပေးနေတာက အစ်ကိုကြီး ဦးပွင့်ကောင်းနဲ့ ဒေါ်ခင်နွဲ့ရီတို့ရဲ့ သားသမီး (ရွှေပုစွန်)က၊ သေသည်အထိ မပျောက်နိုင်တော့တဲ့ ဆီးချိုရောဂါကို ကုသပေးဖို့ စပွန်ဆာပေးသူက ဆရာကြီး ဦးအောင်သွင် (ဆီးချို အထူးကု)၊ မျက်စိအတွက်ကတော့ ဆရာ ဦးကံညွန့် (မျက်စိ အထူးကု) တို့ဆီ “ဘော်ဒီခန္ဓာကိုယ်ကြီး”ကို ဝပ်ရှော့ သွင်းလိုက်ရပါတယ်။

ဆွေးနွေးပွဲ ဝပ်ရှော့

“ကံ” ကဆိုးချင်တော့ သြဂုတ်လကုန်မှာ တပ်မတော်နဲ့ သတင်းမီဒီ ယာဝပ်ရှော့ (အလုပ်ရုံ ဆွေးနွေးပွဲ)မှာ ၆ နာရီကြာလောက် ထိုင်ရတယ်။ အဲဒီနောက်မှာ တုပ်ကွေးရောဂါဖြစ်ပြီး ပျောက်သွားတော့ “ခါးနာရောဂါ”က ကျန်နေပြန်တယ်။ ဒါပေမဲ့ မြန်မာနိုင်ငံ သတင်းစာ ဆရာအသင်း (MJA) သတင်းမီဒီယာ ကောင်စီ/ သတင်းမီဒီယာ အယ်ဒီတာများ တွေ့ဆုံပွဲ (၂၄/ ၉/ ၂ဝ၁၆) တို့ အပြီးမှာ ဖိုးသောကြာ ခါးနာ ရောဂါက အိပ်ရာထဲ ပို့လိုက်တော့တာပဲ။ မခံနိုင်တဲ့အဆုံး အရိုးအကြော အထူးကုမှာ ဝပ်ရှော့သွင်းဖို့ ပါမောက္ခ ဒေါက်တာ တင်ကိုကိုက သူထိုင်တဲ့ နှင်းဆီကုန်း ဆေးရုံတင်ပြီး တစ်ကိုယ်လုံး စစ်တော့တာပါပဲ။ ၃၂ ကောဋ္ဌာသကို သိပ္ပံနည်းကျ ကိရိယာတွေနဲ့ ၃၃ မျိုးကိုလည်း စစ်ကြည့်ပြန်တော့ “အားလုံး ကောင်းပါသည် ခင်ဗျ”ဆိုတော့ ဖိုးသောကြာ ဘော်ဒီကို ဝပ်ရှော့ဆက် သွင်းဖို့ တစ်လမ်းတည်း ကျန်တော့တယ်။ တစ်ကိုယ်လုံးကို အသေးစိတ် စစ်ခြင်းဆိုတဲ့ တစ်ကိုယ်လုံးကို မှန်ဘီလူးကြီး MRI ထဲ ထည့်ပြီး စစ်ဆေးပြန်ပြီး စကင် (Scan) ဖတ်တာပေါ့။ လူနာ ဖိုးသောကြာကို မေးပါတယ် (၂၉ဝ,ဝဝဝ) နှစ်သိန်း ကိုးသောင်း ပေးရမယ် စစ်မလားပေါ့။ ဘာများ တတ်နိုင်ဦးမလဲ။ ဆက်လျှောက်ရတော့တာပေါ့။ သတင်းစာဆရာ အသင်း (MJA) သတင်းမီဒီယာ ကောင်စီ၊ မှုခင်းသတင်းထောက်များ အသင်းတို့က “ဝိုင်း”ပြီး ထောက်ပံ့လိုက်ကြတာ ရုပ်ရှင်သက်ကြီး ပူဇော်ပွဲနဲ့ သတင်းမီဒီယာလောက လုပ်ဖော်ကိုင်ဖက်များ အပါအဝင် ငွေ ၁၅ သိန်းကျော်လောက် ဖိုးသောကြာဆီ ရောက်လာတော့ အသက်ရှူချောင် သွားပါတယ်။

ဘော်ဒီဝပ်ရှော့

အဲသလိုနဲ့ ဖိုးသောကြာ ဘော်ဒီကို MRI ဆိုတဲ့ ဝပ်ရှော့ သွင်းလိုက်တော့ ဘာရောဂါဖြစ်မှန်း တန်းသိသွားပါတယ်။ ဖိုးသောကြာရဲ့ ကျောရိုး အဆင့်အမှတ် (၃) နဲ့ (၄) ကြားမှာ ချို့ယွင်းချက် နည်းနည်းလေး ရှိနေတာ တွေ့ရတယ်လို့ အဲဒီစက်ကြီးက အဖြေ ထုတ်ပေးလိုက်တော့မှ ရှင်းသွားတော့တယ်။

ရေးမိတဲ့စေတနာ

ဖိုးသောကြာ အခုလို ရေးရတဲ့ အကြောင်းရင်းက ရှိနေပါတယ်။ ဖိုးသောကြာက အသက် ၈၃ နှစ် ၅ လလည်း ရှိနေပါပြီ။ ဒီခန္ဓာကိုယ်ကြီး သတင်းသမားဘဝနဲ့ ပေတေတေနေရင်း ခိုင်းစားလာတာ ၆၃ နှစ် ရှိပါပြီ။ သတင်းသမားဘဝနဲ့ နရသိန် အကျဉ်းတိုက်ထဲအထိ ၃ ကြိမ် ရောက်ခဲ့ပါတယ်။ အဲဒီတုန်းက ပေပေတေခဲ့တဲ့ ဒဏ်ရာဒဏ်ချက်တွေဟာ အခုမှ ပေါ်လာတော့ ဒေါ်အောင်ဆန်းစုကြည်ကို သွားစိုးရိမ်မိပါတယ်။ ဒေါ်စု လန်ဒန် အမေရိကန် ခရီးကအပြန် “ကျီးပေါင်းတက်” ရောဂါ ခံစားလာရတယ်ဆိုတဲ့ သတင်း ကြားလိုက်ရလို့ပါ။

ဒေါ်စု မရှိရင်

ဒီနေ့ မြန်မာနိုင်ငံရဲ့ နိုင်ငံရေး အခြေအနေမှာ “ဒေါ်စုမရှိခဲ့ရင်”ဆိုတဲ့ အတွေးပေါ်မှာ ထားတဲ့ စေတနာပါ။ ဒီနေ့နိုင်ငံရဲ့ အခြေအနေက “တပ်မတော်” နဲ့ ဒေါ်စုတို့ ခေါင်းဆောင်မှုအပေါ်မှာ တည်နေပါတယ်။ တပ်မတော်က သူ့တပ်ဖွဲ့စည်းပုံနဲ့အညီ ကျစ်ကျစ်လျစ်လျစ်နဲ့ စည်းကမ်းပြည့်ဝတဲ့ တပ်မတော်အဖြစ် အခိုင်အမာ တည်ရှိနေပါတယ်။ မြန်မာတိုင်းရင်းသား ပြည်သူလူထုက လက်ခံသည်ဖြစ်စေ၊ လက်မခံသည်ဖြစ်စေ၊ နိုင်ငံကို စောင့်ရှောက်နိုင်တဲ့ အင်အားရှိပြီးသားမို့ စိုးရိမ်စရာ မရှိပေမယ့် အရပ်ဖက်နိုင်ငံရေးမှာတော့ “ဒီကနေ့ အခြေအနေမှာ ဒေါ်စုမရှိရင်”ဆိုတဲ့ အတွေးက မြန်မာအနာဂတ် နိုင်ငံရေးအတွက် ရင်လေးစရာ ဖြစ်ပါတယ်။ နိုင်ငံရေးမှာ “ငကန်းသေ ငစွေပေါ်” သီအိုရီကို စဉ်းစားလို့ မရပါဘူး။ ပြည်သူလူထု တစ်ရပ်လုံးက လက်ခံတဲ့ နိုင်ငံရေး ခေါင်းဆောင်ဆိုတာ နှစ်ရှည်လများ တည်ဆောက် ယူရတာပါ။ ဒေါ်အောင်ဆန်းစုကြည်လို နိုင်ငံရေးခေါင်းဆောင် တစ်ဦး ပေါ်ထွန်းလာဖို့က ပြည်သူလူထုက သွေးနဲ့ ချွေးနဲ့ တည်ယူခဲ့ရတာပါ။ ရာစုနှစ် တစ်ခုမှာ တစ်ယောက် ပေါ်ပေါက်ဖို့ ဆိုတာ မသေချာပါဘူး။

တိုင်းပြည်အတွက်

ဘာမဟုတ်တဲ့ အကြောင်းအရာ တစ်ခုကြောင့် ဒီအချိန်မှာ ဒေါ်အောင်ဆန်းစုကြည်ကို အဆုံးရှုံး မခံနိုင်တာ တိုင်းပြည်အတွက်ပါပဲ။ နှလုံးသားနဲ့ မစဉ်းစားဘဲ ဦးနှောက်နဲ့ စဉ်းစားစရာ ပေါ်လာလို့ ဖိုးသောကြာလည်း လက်ရှိ ဖိုးသောကြာ ခံစားနေရတဲ့ ကျန်းမာရေး ပြဿနာကြောင့် အတွေး တိမ်သွားတာလည်း ဖြစ်နိုင်ပေမယ့် ဖိုးသောကြာလို “ကောင်” တစ်ကောင် မရှိလို့ မြေကြီးသာ ပေါ့သွားမယ်။ တိုင်းပြည်က သိတောင် သိလိုက်မှာ မဟုတ်ပါဘူး။ ဒါပေမဲ့ “ဒေါ်အောင်ဆန်းစုကြည်”က ရှိမှကို ဖြစ်မှာ။ “မိကျောင်း မင်းကို ရေခင်းပြ”တာ မဟုတ်ပါဘူး။ ဒေါ်အောင်ဆန်းစုကြည်ကို တိုင်းပြည်အတွက် တိုင်းရင်းသား ပြည်သူ အားလုံးအတွက် အသုံးချမှာတွေ အများကြီး ရှိနေတာမို့ မလွဲမရှောင်သာ သင်္ခါရ တရားသဘောကို ဝပ်ရှော့သွင်းဖို့ လွယ်ကူပါတယ်။ ဒါပေမဲ့ ဝပ်ရှော့က ပြင်မရတဲ့ ရောဂါမျိုးလည်း ရှိတတ်တယ်ဆိုတာ နိုင်ငံအတွက် စဉ်းစားစရာ ဖြစ်ပါတယ်။

ဒီအတွက် ဖခင်ဖြစ်သူ ဗိုလ်ချုပ်အောင်ဆန်းလို အဖြစ်ဆိုးမျိုး၊ ဒီပဲယင်းလို အဖြစ်ဆိုးမျိုးတွေ ထပ်မဖြစ်ပွားအောင် ပြည်သူ အားလုံးမှာ တာဝန် ရှိစေချင်ပါတယ်။ မလွန်ဆန်နိုင်တဲ့ အကြောင်းတရားတွေကိုလည်း သတိ မပြတ်စေချင်ပါဘူး။ “သတိတမန်ဉာဏ်မြေကတုတ်၊ ပညာစွန်းကို ချွန်းကဲ့သို့အုပ်”ဆိုတဲ့ ရှေးလူကြီးသူမတို့ရဲ့ ဆိုရိုးစကားအတိုင်းပါပဲ။ နိုင်ငံအတွက် စဉ်းစားပေးကြဖို့ တောင်းပန်ချင်သလို (အာဏာရပါတီ) NLD ပါတီဝင်များကိုလည်း ပြည်သူလူထု အမြင် မကတ်အောင် မြောက်ကြွ မြောက်ကြွ မဖြစ်မိကြဖို့က ပြည်သူလူထု မျက်နှာကို ထောက်ထားပြီး ကြောက်အားနဲ့ တောင်းပန်မိပါသဗျ။

ဖိုးသောကြာ (ခေတ်+မိုး)


  • VIA