News

POST TYPE

OPINION

ဗြောက် လော်စပီကာနှင့် တာဝန်သိမှု
19-Oct-2016

သီတင်းကျွတ်မတိုင်မီ တစ်လအလိုကပင် နားကွဲမတတ် ဆူညံနေသည့် ဗြောက်အိုးကွဲသံများက အစိုးရသစ်၏ ပြောင်းလဲချိန် တန်ပြီဆောင်ပုဒ်ကို လှောင်ပြောင်နေရော့လား။ သည်နှယ်ခေတ် ဗြောက်များကလည်း အသံအောင်ပါဘိ။ ကျွန်တော်တို့ငယ်တုန်းက ဗြောက်တွေနှင့်များ လားလားမဆိုင်။ သြော် ... တရုတ်ဗြောက်တွေ။

ဆေးလိပ်ဘူး ဝယ်နေကျဆိုင်ကို ရောက်ခဲ့တော့လည်း ဗြောက်တွေ ခင်းကျင်းထားသည်က ဆိုင်ရှေ့ လူမြင်ကွင်းဝယ် ပြောင်ပြောင်တင်းတင်း။ ထိုစဉ်မှာပဲ “ဗြောက် မရောင်းချရ၊ မဖောက်ရ၊ အရေးယူမည်”တဲ့ ... ကြေညာသံ ကြားနေရသည်။ ဖြစ်မှ ဖြစ်ရလေခြင်း။ ဆိုင်ရှင် ကောင်မလေးကို ကြည့်လိုက်ပြန်တော့လည်း ကြေညာချက်က သူမနှင့် မဆိုင်သလို။ “ဗြောက်တွေ အားပေးသွားပါဦးလား... အစ်ကို”တဲ့လေ။

ကျွန်တော့်အိမ်နား ရောက်တော့လည်း ဗြောက်သံတွေက တိုက်ပွဲဖြစ်သည့်အလား ဆူညံပွက်လော ရိုက်နေပြီ။ ညနေချိန် မှောင်နှင့်မည်းမည်း ကျွန်တော့် ဆိုင်ကယ်ရှေ့သာ ရုတ်တရက် ဗြောက်ကွဲခဲ့သော် ကျွန်တော် မတွေးဝံ့ပြီ။ အများစုက ကျောင်းသား လူငယ်လူရွယ်တွေ။ သူတို့အတွက်ကတော့ ပျော်စရာ ဖြစ်ကောင်း ဖြစ်ပါမည်။ သို့သော် တစ်ပါးသူတို့အတွက် ကြီးစွာသော အနှောင့်အယှက် ဆိုသည်ကား သူတို့ ခံစား နားလည်နိုင်ဦးမည် မဟုတ်။

အကယ်၍များ နှလုံးရောဂါရှိသူအနား ရုတ်တရက် ဗြောက်ကွဲခဲ့သော် ဘာဖြစ်နိုင်သနည်း။ ညကြီး အချိန်မတော် ဗြောက်သံကျယ်ကြီးများကြောင့် သက်ကြီးရွယ်အိုများ၊ လူမမာများ၊ ကိုယ်ဝန်ဆောင် အမျိုးသမီးများနှင့် မွေးကင်းစ ကလေးများအတွက် စိတ်အနှောင့်အယှက် မဖြစ်ပေဘူးလား။ ဗြောက်သံများ ဆူညံပေါက်ကွဲနေရာ လမ်းမထက်မှာ လမ်းသွား လမ်းလာများအတွက် အနှောင့်အယှက် မဖြစ်ပေဘူးလား။ မီးရှူးမီးပန်းများကြောင့် မီးဘေးအန္တရာယ် မဖြစ်နိုင်ပြီလား။ အမျိုးသား အကျိုးစီးပွား အနေနှင့် တွက်ပြန်သော်လည်း လွန်ခဲ့သည့် ဆယ်စုနှစ်များကပင် ကျွန်တော်တို့နိုင်ငံ၏ သယံဇာတများကို တရုတ်နိုင်ငံက တရားဝင်နီးပါး ရယူသွားသည်။ ကျွန်တော်တို့ထံ အခွန်မဲ့ ဗြောက်အိုးတွေ၊ ဆိုင်ကယ်တွေ တရားမဝင် ဝင်လာသည်။ ကျွန်တော်တို့ ရှုံးပါသည်။

သို့ဆိုလျှင် ဗြောက်အိုး ပြဿနာက မည်သူတို့တွင် တာဝန်ရှိသလဲ စဉ်းစားမိသည်။ အနီးဆုံး တာဝန်ရှိသူများမှာ ဗြောက်အိုး ဖောက်သူများနှင့် ရောင်းချသူများ ဖြစ်သည်။ သူတို့ လူမှုတာဝန်မဲ့သည်။ ဗြောက်ဖောက်သူကလည်း မိမိတို့ပျော်ဖို့ တစ်ခုသာ ကြည့်သည်။ ဗြောက်ရောင်းချသူများကလည်း မိမိတို့ ငွေကြေး အကျိုးအမြတ် တစ်ခုတည်းသာ ကြည့်သည်။

မိမိတို့ တပည့် သားသမီးများအပေါ် ပြောဆို ဆုံးမမှု မရှိသည့် လူကြီး မိဘ ဆရာသမားများတွင်လည်း တာဝန်ရှိပေသည်။ ကျွန်တော် ကြုံဖူးပါသည်။ ဘော်ဒါဆောင် ဖွင့်ထားသည့် အသိကျူရှင်ဆရာ တစ်ဦးက သီတင်းကျွတ်ချိန်ခါများတွင် မိမိတပည့်များ လွတ်လွတ်လပ်လပ် ပျော်ပါစေဟု လွှတ်ပေးထားသတဲ့။ ကျွန်တော့်ဘေးအိမ်များက မိဘများကလည်း မိမိတို့ သားသမီးများ ဗြောက်ဖောက် ဆူညံနေသည်ကို ကန့်ကွက် ဆုံးမသည် မတွေ့မိ။ အချို့မိဘများ ဒီအချိန်လေးပဲ သူတို့ ပျော်ခွင့်ရတာဆိုပြီး ဗြောက်ဖိုးပင် ပေးလိုက်သေးသည်။ “ကလေးတွေ လွတ်လွတ်လပ်လပ် ပျော်ပါစေ... ကိုငြိမ်းမောင်ရယ်”ဆိုတဲ့ ဇာတ်ဝင်စကားလေးသာ ကြားယောင်မိတော့သည်။ စာသင်ကျောင်းများမှာလည်း ဆရာ၊ ဆရာမများက မိမိတို့ တပည့်များကို ဗြောက် မဖောက်သင့်ကြောင်း ထည့်သွင်း ဆုံးမသည်ဟု မသိမကြားမိသေး။ ကျွန်တော်တို့ လူ့အဖွဲ့အစည်းသည် လူမှုတာဝန်သိမှု ကင်းမဲ့နေသည်မှာ ကြာပြီပဲလေ။

ဗြောက်ရောင်းချပါက အရေးယူမည်ဟု ကြေညာသည်ကတော့ နှစ်စဉ်နှစ်တိုင်း အစဉ်အလာ မပျက်သည်ကား အရပ်သား အစိုးရသစ်၏  ပထမဆုံး သီတင်းကျွတ်ချိန်ခါအထိပင်။ ကြေညာချက်အတိုင်း အရေးမယူသည်ကလည်း အရင်အတိုင်း။ ခေါက်ရိုးကျိုး စနစ်ထဲက ဖောက်မထွက်နိုင်သေးလို့ဟုဘဲ မှတ်ရတော့မည်။ ဗြောက်ရောင်းချသူတိုင်း အရေးမယူဦးတော့၊ အချို့တစ်ဝက်လောက် စံနမူနာအဖြစ် အရေးယူဖြစ်လျှင်၊ ဗြောက်ဖောက်သူ အချို့လောက် ခေါ်ယူ ဆုံးမနိုင်လျှင်ပင် ခုလောက် ဆိုးမည်မထင်။ ဒီလောက်ကတော့ ရဲအင်အား မလုံလောက်ဟု အကြောင်းပြစရာ လိုအံ့မထင်။

ဗြောက်ပြဿနာ တစ်ခုတည်းကပင် ကျွန်တော်တို့မှာ ပုံစံအမျိုးမျိုးနှင့် တာဝန်မဲ့တတ်သူတွေ တွေ့ရသည်။ ဗြောက်ရောင်းချသူ၊ ဗြောက်ဖောက်သူ၊ လူကြီး မိဘဆရာများ၊ အရေးယူရန် တာဝန်ရှိသူ အာဏာပိုင်များ ဖြစ်သည်။ ရှေ့ဆက် ပြောရလျှင် ပြည်နယ်နှင့် တိုင်း အသီးသီးရှိ လုံခြုံရေး ဝန်ကြီးများတွင် တိုက်ရိုက် တာဝန်ရှိသလို အစိုးရအဖွဲ့ခေါင်းဆောင်များတွင်လည်း တာဝန် မကင်းပါ။ ကြေညာချက် ထုတ်ပြန်ရုံနှင့် ပြီးစလွယ် ဆောင်ရွက်သွားခြင်းကတော့ ယခင်ခေတ်အတိုင်း ခေါက်ရိုးကျိုး ဗျူရိုကရက် ဆန်လွန်းလှသည်။

လွှတ်တော်ကိုယ်စားလှယ်ခေါ် ဥပဒေပြု အမတ်မင်းတွင်လည်း တာဝန်ရှိပါသည်။ ရဲချုပ်၊ ပြည်ထဲရေးဝန်ကြီး၊ နယ်စပ်ဂိတ်လုံခြုံရေးနှင့်  စစ်ဆေးရေး တာဝန်ရှိသူများနှင့်လည်း သက်ဆိုင်သည်။ သို့ပေမယ့် သူတို့ ခမျာမှာလည်း အလုပ် မအားလပ်ကြရှာသောကြောင့် လူထုအော်သံ ထွက်လာမှ သိရရှာပေမည်။

မီဒီယာ စာမျက်နှာများပေါ်က ဆောင်းပါးများတွင်လည်း သင်္ကြန်တွင် လူငယ်များ သရုပ်ပျက် ပျော်ပါးပုံကို မကြာခဏ ရေးသား ဖော်ပြတတ်ကြသော်လည်း ဗြောက်ကြောင့် ကျွန်တော့် လူမှုပတ်ဝန်းကျင်အပေါ် ထိခိုက်ပုံကို အကျယ်တဝင့် ရေးသား ဖော်ပြသည်ဟု မတွေ့မိသေးချေ။ နိုင်ငံနှင့်အဝန်း လူပြောများနေသည့် လော်စပီကာ အကြောင်းတော့ စတင် ပြောလာကြပြီဖြစ်သည်။

ဗြောက်သံဖြစ်စေ၊ လော်စပီကာသံဖြစ်စေ ပတ်ဝန်းကျင် ဆူပူမှု ဖြစ်စေသည်ကတော့ အတူတူသာ ဖြစ်သည်။ ဘုရားပွဲအကြောင်းပြပြီး နံနက် ၃ နာရီအထိ ဇာတ်ပွဲ ကျင်းပသဖြင့် အိပ်ရေးပျက်သည်လည်း ကြုံခဲ့ဖူးသည်။ ရန်ကုန်မှာရှိစဉ်က ဥပုသ်နေ့ နံနက် ၃ နာရီအချိန်ကြီး ရပ်ကွက် ဓမ္မာရုံက လော်စပီကာသံကြောင့် အိပ်ရာက လန့်နိုးပြီး မိုးလင်းသည်အထိ အိပ်မရတာလည်း ရှိဖူးသည်။ ဤသို့သော လူမှု အလေ့အကျင့်များက ခေတ်ဟောင်းတွင် မှန်ကောင်း မှန်နိုင်ပေမယ့် ယခုမူကား လူတိုင်း ရုန်းကန် လှုပ်ရှားရသည့် လူမှုခေတ်စနစ်သို့ ကူးပြောင်းနေပေပြီ။ အထူးသဖြင့် ရန်ကုန်လို မြို့ကြီးပြကြီးများတွင် အများစုက နံနက် စောစောထ အလုပ် သွားကြရမည်။ လော်စပီကာ ဆူညံသံများကြောင့် သူတို့၏ တစ်နေ့တာ လူမှုစီးပွားဘဝကို မထိခိုက်နိုင်ပေဘူးလား။

ယခုနောက်ပိုင်းတွင် လော်ပြဿနာများကို ကျွန်တော်တို့ မကြာခဏ ကြားသိလာရသည်။ မန္တလေးတွင် ဆူညံသံ မခံနိုင်သည့် နိုင်ငံခြားသား တစ်ဦးက ဓမ္မာရုံအတွင်း ဝင်ရောက်၍ လော်စပီကာကြိုး ဖြတ်လိုက်သည့် အမှုမျိုး ဖြစ်သည်။ Facebook စာမျက်နှာတွင်တော့ နိုင်ငံခြားသား မှားသည်ဟု အပြစ်တင်သူများ ရှိသကဲ့သို့ ကိုယ့်နိုင်ငံသားများ၏ စည်းကမ်းမဲ့မှုကို အပြစ်တင်သူများလည်း တွေ့ရသည်။ ဥပဒေကြောင်းအရ မည်သူမှားသည်ကိုတော့ ကျွန်တော် မပိုင်းခြားလို။ နိုင်ငံခြားသား အနေနှင့်လည်း ရောမ ရောက်က ရောမလို ကျင့်သင့်သည်ဟု ထောက်ပြကြသူများလည်း ရှိပါသည်။ မည်သို့ဖြစ်ပါစေ မိမိတို့ နိုင်ငံသားများတွင် လူမှုရေး အသိနှင့် ကျင့်ဝတ် အားနည်းနေသည်ကတော့ ပေါ်လွင်သွားခဲ့သည်။

အဘယ်ကြောင့်များ ကျွန်တော်တို့တွင် လူမှုရေး အသိ အားနည်း နေရပါသနည်း။ ကျွန်တော်တစ်ဦးတည်း အမြင်အရ ပြောရလျှင် ခေတ်အဆက်ဆက်က အာဏာရှင်အောက်တွင် နေခဲ့ရသောကြောင့် ကျွန်တော်တို့ လူ့အဖွဲ့အစည်း၏ လူမှုတာဝန် မသိတတ်ကြခြင်းသာ ဖြစ်သည်။ ကျွန်တော်တို့ မြန်မာနိုင်ငံသားများ ဖြတ်သန်းခဲ့ရသည်က “တာဝန်သိတတ်ရန် မလို၊ တို့တာဝန် အရေး သုံးပါးသာ သိရန် လိုသည်၊ ကျောင်းသားလူငယ်များ အနေနှင့် စည်းကမ်းဥပဒေ နားလည်လိုက်နာရန်ထက် နိုင်ငံရေး ကင်းရှင်းရန် သာလိုသည်” ဆိုသည့် ခေတ်မျိုး ဖြစ်သည်။ ထိုအခါ ကျွန်တော်တို့စိတ်ဓာတ် အရည်အသွေးများ ရိုက်ချိုးခံလိုက်ရသည်။

အစိုးရခေတ်ဆိုးအောက်တွင် အစိုးရ၏ တာဝန်မဲ့မှုတို့ကို မကျေမနပ် အပြစ်တင်ရင်း ကျွန်တော်တို့ ကိုယ်တိုင်က တစ်ဦးချင်း တာဝန် မသိတတ်သူများ၊ တာဝန်မဲ့သူများ ဖြစ်လာသည်။ ခေတ်ဆိုးစနစ်ဆိုးတွင် စိတ်မပါသည့်တိုင် မိမိတို့ ရှင်သန် ရပ်တည်ရေးအတွက် အကျင့် ပျက်ခဲ့ကြသည်။ အစိုးရက တရားဝင် ကြေညာချက် ထုတ်ပြန်စရာ မလိုဘဲ လူတိုင်း နားလည်လက်ခံခဲ့သည်ကား “နိုင်ငံရေး မလုပ်ရင် ပြီးရော၊ ကျန်တာတော့ လည်ရင် လည်သလို ကြည့်လုပ်” မူဝါဒ ဖြစ်သည်။ မိမိတို့ကိုယ်တိုင်က စည်းကမ်း အကျင့်ပျက်နေငြားလည်း အပြစ်တစ်ခုအဖြစ် မမြင်နိုင်တော့။ ဥပမာ - စည်းကမ်းမဲ့ အမှိုက်ပစ်ခြင်း၊ လော်စပီကာ ဖွင့်ခြင်းတို့သည် ကျွန်တော်တို့ လူ့အဖွဲ့အစည်းတွင် အပြစ်ဟု မြင်သူနည်းပါသည်။ ထိုထက်ဆိုရလျှင် အကျင့်ပျက် ခြစားသည်ကိုပင် ရပိုင်ခွင့်တစ်ခုအလား မှတ်ယူခဲ့ကြဖူးသည်။

ကျွန်တော်တို့နိုင်ငံတွင် ဆူညံသံများ ပြုလုပ်ခြင်းဆိုသည်ကလည်း ယဉ်ကျေးမှုသဖွယ် ဖြစ်နေသည်။ သည့်ထက်ဆိုရလျှင် လော်စပီကာသံ၊ ဗြောက်သံများသာ မဟုတ်ပါ။ ညဥ့်နက်သန်းခေါင် ရပ်ကွက်ထဲ ဂီတာတီး အသံအကျယ်ကြီး သီချင်းဆိုတာတွေလည်း ပါသည်။ တစ်ခါတလေ အသံသေး အသံကြောင်ဖြင့် ညစ်ညမ်းစကားလုံးများ ဆိုမည်။ လူမှုပတ်ဝန်းကျင်အတွက် အနှောင့်အယှက် သက်သက်သာ ဖြစ်သည်။ စည်းကမ်းမဲ့ ဆိုင်ကယ်မောင်းသူတို့၏ ဆိုင်ကယ် အိတ်ဇော ဆူညံသံများကြောင့် ပတ်ဝန်းကျင် ဆူညံသည်။ နားမချမ်းသာ ဖြစ်ရသည်။ ထီရောင်းသူများ၊ အလှူခံများကလည်း အသံချဲ့စက်များ ဖွင့်ကာ ရပ်ရွာထဲ လှည့်လည်နေကြသည်။

လူနေရပ်ကွက်တွင်း ဖွင့်လှစ်ထားသည့် ဘော်ဒါဆောင်တွေမှာလည်း လူခြေတိတ်ချိန် ကျောင်းသူ၊ ကျောင်းသားများ၏ စာကျက်သံများကြောင့် ပတ်ဝန်းကျင်တွင် စိတ်ညစ်ရသည်။ အသေးစားစက်မှု လုပ်ငန်းများကြောင့် ရပ်ကွက်နေပြည်သူများ စိတ်ဒုက္ခ ရောက်ကြရသည်။ မီးပျက်ချိန် မီးစက်သံများကြောင့် ပတ်ဝန်းကျင် ဆူညံရသည်။ ညအချိန် ဆောက်လုပ်ရေး လုပ်ငန်းများကြောင့် ဆူညံရသည်။

ကျွန်တော်တို့ ယခုအချိန် လျှောက်လမ်းနေသည်က ရာနှုန်းပြည့် ဒီမိုကရေစီ မဟုတ်ပေမယ့် ပြည့်ဝသည့် ဒီမိုကရေစီစနစ်သို့ ဦးတည် ချီတက်နေခြင်းဖြစ်သည်။ ကျွန်တော်တို့ မျှော်မှန်းသည့် ဒီမိုကရေစီ အပြည့်အဝ ဖွံ့ဖြိုးဖို့ဆိုလျှင်တော့ တစ်နိုင်ငံလုံးတွင် အဖွဲ့လိုက်နှင့် တစ်ဦးချင်း တာဝန်သိမှု၊ တာဝန်ယူမှုတွေ လိုအပ်သည်။ နိုင်ငံသား တစ်ဦးချင်းနှင့် လူ့အဖွဲ့အစည်းလိုက် တာဝန်သိမှု၊ တာဝန်ယူမှု၊ လူမှုပတ်ဝန်းကျင်တွင် အပြန်အလှန် လေးစားနားလည်မှုတို့ ဟန်ချက်ညီညီ တိုးတက်လာမှသာ ဒီမိုကရေစီ အရွေ့သည်လည်း အားပါမည် ဖြစ်သည်။

ရွေးကောက်ပွဲ ပြီးခါစကာလက လက်ရှိနိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဦးဆောင်၍ စုပေါင်း အမှိုက် ကောက်ကြသည်ကို ကျွန်တော့်စိတ်ထဲ အမှတ်ရနေဆဲဖြစ်သည်။ အပေါ်ယံအားဖြင့်ကြည့်လျှင် နိုင်ငံရေး စတန့်ထွင်သည်၊ ပေါ်ပင်လုပ်သည်ဟု ထင်စရာ ရှိသော်ငြား သူမ၏ သဘောထား အစစ်အမှန်က ထိုသို့မဟုတ်ခဲ့ချေ။ လူတိုင်းတွင် တာဝန်သိမှု လိုအပ်ကြောင်း၊ မြို့ပြ ရပ်ရွာစည်ပင် ဖွံ့ဖြိုးရေးတွင် နိုင်ငံသားတိုင်း ပါဝင်သင့်ကြောင်း ပြသလိုက်ခြင်းသာ ဖြစ်သည်။ သို့သော် ပါဝင်လှုပ်ရှားခဲ့ဖူးသူ အများအပြားက ရည်ရွယ်ချက်အမှန်ကို သဘော မပေါက်ခဲ့ခြင်းကြောင့် ယခုအခါ အမှိုက်ကောက် လှုပ်ရှားမှုမှာလည်း ကောက်ရိုးမီးပမာ။

ဒီမိုကရေစီ၏ အနက်က ကျယ်ဝန်းပါသည်။ အစိုးရ၊ လွှတ်တော်၊ တရားစီရင်ရေးတို့ အပြန်အလှန် ထိန်းကျောင်းနေရသည့်အပြင် ပြည်သူနှင့် အဆိုပါ အဖွဲ့အစည်းတို့အကြားလည်း အပြန်အလှန် ထိန်းကျောင်းမှု ရှိရန် လိုအပ်သည်။ ပြည်သူ အချင်းချင်းလည်း အပြန်အလှန် ထိန်းကျောင်းဖို့လိုသည်။ ထိုအခါ အစိုးရကလည်း အစွမ်းရှိရမည်ဖြစ်သလို ပြည်သူတို့ဘက်ကလည်း စွမ်းဆောင်ရည် မြင့်မားနေရမည် ဖြစ်သည်။ လူ့အဖွဲ့အစည်း အချင်းချင်းသော်လည်းကောင်း၊ နိုင်ငံသား တစ်ဦးချင်းသော်လည်းကောင်း အပြန်အလှန် လေးစားမှု ရှိနေရပေမည်။ ပတ်ဝန်းကျင်တွင် မလိုအပ်သည့် ဆူညံမှုများ ဖြစ်ပေါ်စေခြင်းသည် လူအချင်းချင်း အပြန်အလှန် လေးစားမှု  ကင်းမဲ့နေခြင်းသာ ဖြစ်သည်။

ယခုလည်း ဆူညံသံ အမျိုးမျိုးတို့ကို သည်းမခံနိုင်သည့် ပြည်သူ အချို့တို့၏အသံ ထွက်လာသည်။ ပြည်သူ အချင်းချင်း ထိန်းကျောင်းလာကြသည်။ ဤသို့ဖြင့်ပဲ ကျွန်တော်တို့၏ လူ့အဖွဲ့အစည်းကို တည်ဆောက် သွားရမည် ဖြစ်ပေသည်။

လောလောဆယ်တော့ သည်းခံလက်စနှင့် သည်းခံလိုက်သည်။ လာပါဦးမည်။ ဝါလကင်းလွတ် သီတင်းကျွတ်ပြီ။ ဘုရားပွဲများလည်း စတော့မည်။ တန်ဆောင်တိုင် ကြက်ခိုးပွဲတော်ကလည်း ကြိုလင့်နေပါပြီ။ ဦးငြိမ်းမောင်၊ ကိုငြိမ်းမောင်၊ မောင်ငြိမ်းမောင်တို့လည်း လွှတ်ပျော်တော့မည်။

သြော် ... ကိုငြိမ်းမောင်တို့ရဲ့ တစ်နေ့တစ်မျိုး အပျော် မရိုးတဲ့ နိုင်ငံလေ။

မောင်ရင်နွေး (မြောက်ပိုင်းသား)

  • VIA