News

POST TYPE

OPINION

စာဖတ်အရှိန်မြှင့်မှာလား လျော့ကျနေသလား
31-Oct-2018


ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဦးသန့်ပြောခဲ့တဲ့စကား။ လူတိုင်းနားမှာ စွဲနေလောက်ပါတယ်။ “စာဖတ်တဲ့လူမျိုးတိုင်း တိုးတက်ပြီး တိုးတက်တဲ့လူမျိုးတိုင်းလည်း စာဖတ်ကြပါ” သတဲ့။ ဆရာကြီးဦးအောင်သင်းကတော့ တစ်မျိုး၊ “စာမဖတ်ရင် နှစ်၂၀ လောက် အသာလေးအုပ်ချုပ်နိုင်တယ်။ စာမဖတ်နိုင်အောင်လုပ်ထားရင် နှစ် ၄၀ လောက်အုပ်ချုပ်နိုင်ပြီး အကျင့်စာရိတ္တပျက်စီးအောင် လုပ်လိုက်ရင်တော့ တစ်သက်လုံး အုပ်ချုပ်လို့ရတယ်”လို့ ပြောသွားဖူးပါတယ်။

ပညာရှိအတော်များများကတော့ စာဖတ်ဖို့ ပြောကြပါတယ်။ စာဖတ်နည်း ၃ မျိုးဖြစ်တဲ့ မျက်စိနဲ့စာဖတ်တာ၊ နားနဲ့စာဖတ်တာ၊ ခြေထောက်နဲ့ စာဖတ်တာကိုလည်း ရည်ညွှန်းပြောဆိုလေ့ရှိကြပါတယ်။ ဒီနေ့လို နည်းပညာ ထွန်းကားတဲ့ကာလမှာတော့ လိုချင်တဲ့ပညာကို ထိုင်ရာမထ သင်ယူလေ့လာဆည်းပူးနိုင်တဲ့ခေတ်ကြီး ဖြစ်နေပါပြီ။

ဒီဘက်ခေတ်မှာ စာပေလှုပ်ရှားမှုနဲ့ပတ်သက်ပြီး အတော်ကလေး ထဲထဲဝင်ဝင် လုပ်လာတာတွေ့ရပါတယ်။ စာတမ်းဖတ်ပွဲ၊ ဆွေးနွေးပွဲ၊ စာပေစကားဝိုင်းနဲ့ စာအုပ်စာပေရောင်းချတဲ့ စာအုပ်လမ်းတွေအပြင် စာပေပွဲတော်တွေ စီစဉ်ကျင်းပနေကြတယ်။ ဒါ့အပြင် ပညာရေးဝန်ကြီးဌာနနဲ့ သက်ဆိုင်ရာ ပြည်နယ်/တိုင်းဒေသကြီး အစိုးရအဖွဲ့တွေ၊ စေတနာရှင်၊ အလှူရှင်တွေ ပူးပေါင်းပြီး စာပေပွဲတော်တွေ စဉ်ဆက်မပြတ် ကျင်းပလျက်ရှိတာလည်း တွေ့ကြရပါတယ်။ နောက် တက္ကသိုလ်ကျောင်းသား၊ ကျောင်းသူများအတွက် ရန်ကုန်နဲ့ မန္တလေးတက္ကသိုလ်တွေမှာ လူငယ်ဘက်စုံပွဲတော်တွေ ကျင်းပပေးနိုင်ခဲ့တယ်။ ဒါတွေဟာ ကလေးလူငယ်တွေ စာအုပ်စာပေနဲ့ ထိတွေ့စေဖို့ စာဖတ်ဝါသနာကို ပျိုးထောင်ပေးခြင်းအပြင် တီထွင်ဖန်တီးမှုတွေကိုပါ အားပေးဆောင်ရွက်ခဲ့တာ တွေ့ရပါတယ်။ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်း အနေနဲ့ကလည်း ပြန်ကြားရေးနဲ့ ပြည်သူ့ဆက်ဆံရေးရုံးနဲ့ စာကြည့်တိုက်၊ လူငယ်အခြေပြုဗဟိုဌာနတွေမှာ ကွန်ပျူတာသင်ကြားတာ၊ ရွေ့လျားစာကြည့်တိုက်တွေ ပူးပေါင်းဆောင်ရွက်ခဲ့တာ တွေ့ရပါတယ်။

ခုခါမှာတော့ စာဖတ်သူတိုင်း စာဖတ်ရေးခေါင်းစဉ်နဲ့ စာဖတ်ရှိန်မြှင့်တင်ရေး လှုပ်ရှားမှုအစီအစဉ်ကို နေပြည်တော်အခြေပြုပြီး နိုင်ငံတစ်ဝန်းလုံးမှာ ပြည်သူလူထုတစ်ရပ်လုံး ပူးပေါင်းပါဝင်လာဖို့ စတင်လှုပ်ရှားလာတာ တွေ့ရပါတယ်။ ပညာရေးဌာနအနေနဲ့ကလည်း စာဖတ်တဲ့ယဉ်ကျေးမှုဓလေ့ ထွန်းကားမှသာ နိုင်ငံနဲ့လူမျိုး အောင်မြင်တိုးတက်မှာဖြစ်တဲ့အတွက် လူငယ်ဘက်စုံဖွံ့ဖြိုးရေးပွဲတော်တွေ ကျင်းပခဲ့သလို စာသင်ကျောင်း ၂၀ မှာလည်း ရှေ့ပြေးစီမံချက်အနေနဲ့ ကျောင်းစာကြည့်တိုက်တွေ ဖွင့်လှစ်ပြီး စာဖတ်ရှိန်မြှင့်တင်ရေးဆောင်ရွက်နေတာကို တွေ့ရပါတယ်။ ဆိုရရင်တော့ စာဖတ်ရှိန်မြှင့်တင်ရေးအတွက် စီမံဆောင်ရွက်နေမှုတွေက အားရစရာကောင်းပါတယ်။ အင်နဲ့အားနဲ့ ပါဝင်လာကြဖို့လည်း လိုပါတယ်။

ပစ္စက္ခစာပေနဲ့ စာနယ်ဇင်းတွေရဲ့ လက်ငင်းအခြေအနေကို ပြောပါဆိုရင်တော့ အခြေအနေမကောင်းလှဘူးလို့ပဲ ဆိုရမှာပါ။ စာပေလောကမှာ စာအုပ်ဈေးတန်းတွေ ပျောက်ကုန်တာ၊ စာအုပ်အဟောင်းတန်းတွေ လျော့နည်းလာတာ၊ စာနယ်ဇင်းတွေ တဖြုတ်ဖြုတ် ကြွေကျနေတာကတော့ အထင်အရှားပါပဲ။ အကြောင်းရင်းက အများကြီးရှိနိုင်ပေမယ့် အဓိကကျတဲ့အချက်က အထွေထွေကုန်ဈေးနှုန်းကြီးမြင့်မှုနဲ့ စာပေလွတ်လပ်ခွင့်လို့ပဲ သုံးသပ်မိတယ်။ အထူးသဖြင့် ကိုယ်ပိုင်ငွေစိုက်ထုတ်ပြီး လုပ်ငန်းလည် ပတ်နေရတဲ့မီဒီယာတွေဟာ ကြီးမြင့်လာတဲ့ အထွေထွေဈေးနှုန်းတွေကြောင့် အရှိုက်ကို အထိုးခံနေရပါတယ်။ တောင့်ခံနိုင်သူတွေရှိသလို အလဲလဲအပြိုပြိုနဲ့ ဆုတ်ခွာသွားရသူတွေလည်း ရှိတယ်။ ဖြစ်နိုင်သမျှ နည်းဗျူဟာတွေသုံးပြီး ကျားကန်နေရသူတွေလည်း ရှိတယ်။

ဒုတိယအချက်ကတော့ စာပေလွတ်လပ်ခွင့်ပါပဲ။ စာပေလွတ်လပ်ခွင့်မရှိရင် မီဒီယာလောကဟာ တဖြည်းဖြည်း ကျဆုံးသွားနိုင်တယ်။ စာပေလောကဟာ လွတ်လပ်စွာရှင်သန်ခွင့်ရမှ ဖွံ့ဖြိုးလာနိုင်မှာပါ။ လွတ်လပ်စွာပေါင်းသင်းမြေဆွခွင့်ရမှ အသီးအပွင့်မြိုင်ဆိုင်လာမှာပါ။ မီဒီယာရဲ့ လွတ်လပ်မှုစံနှုန်းတွေကို အလေးထားရပါလိမ့်မယ်။ မီဒီယာဟာ စတုတ္ထ မဏ္ဍိုင်ပီပီ မီဒီယာကျင့်ဝတ်နဲ့အညီ လွတ်လပ်စွာ ဝေဖန်ထောက်ပြခွင့်ရှိရမှာပါ။ ဝေဖန်ထောက်ပြမှုကြောင့် အရေးယူခံရတာ လူ့အသက်ကိုတောင် သတ်ပစ်ခံရတဲ့ သတင်းစာဆရာ ဂျမဲလ်ခါရှော့ဂီရဲ့ အဖြစ်အပျက်ဟာ ဂုဏ်ယူဖွယ်ရာကောင်းတဲ့ ပြယုဂ်မဟုတ်ဘူးဆိုတာ သိနေကြပါပြီ။ ဆိုတော့ကာ လွတ်လပ်မှုမရှိတဲ့ စာပေလောကဟာ ဖတ်ချင်စရာ မှတ်ချင်စရာကောင်းတဲ့ စာတွေ လျော့ကျစေတာ၊ အတွေးအမြင်ကို တိုးပွားစေမယ့်စာတွေကို ဆိတ်သုဉ်းသွားစေခြင်းပါပဲ။

မြန်မာနိုင်ငံမှာ စာဖတ်တတ်သူတိုင်း စာမဖတ်ကြသေးပါဘူး။ စာဖတ်နိုင်စွမ်းအားနည်းပါတယ်။ သုတေသနစစ်တမ်းတွေမရှိလို့တော့ အတိအကျမပြောနိုင်ပါဘူး။ ဒါပေမဲ့ စာဖတ်အနည်းဆုံးနိုင်ငံစာရင်းမှာတော့ ပါမှာအသေအချာပါပဲ။ ဘာကြောင့်လဲဆိုတော့ နာမည်ရှိပါတယ်ဆိုတဲ့ စာရေးဆရာတွေထုတ်လိုက်တဲ့ စာအုပ်အရေအတွက်ဟာ နှစ်ထောင်၊ သုံးထောင်လောက်ပါပဲ။ အကြိမ်ကြိမ် ပုံနှိပ်ထုတ်ဝေရတယ် ဆိုတာလည်း ရှားပါတယ်။ များသောအားဖြင့် အုပ်ရေ ၅၀၀ နဲ့ ၁၀၀၀ ပါပဲ။ အဲဒီအုပ်ရေတောင် နှစ်ပေါက်အောင် ရောင်းယူရတဲ့ အနေအထားပါ။ နိုင်ငံမှာရှိတဲ့ သန်း ၅၀ ကျော်ပြည်သူလူထုနဲ့နှိုင်းစာလိုက်ရင် ရှက်ဖွယ်လိလိပါပဲ။

ဒီဘက်ပိုင်းမှာ နေ့စဉ်သတင်းစာတွေ ထုတ်ဝေခွင့်ရလာလို့ စာပေလောကမှာ ဖတ်စရာလေးတိုးလာခဲ့တယ်။ ဒါလည်း သိပ်ပြီးသက်ဆိုးရှည် ပါ့မလား တွေးနေရတယ်။ လက်ရှိလည်ပတ်နေတဲ့ သတင်းဂျာနယ်တွေလည်း ဆူးကြားမှာ လိမ့်နေရသလိုပဲ။ မမှားလိုက်နဲ့ မှားလိုက်တာနဲ့ ဝိုင်းသမဖို့ ပြင်ဆင်နေကြတဲ့အနေအထား။ အပြန်အလှန်ထိန်းညှိတဲ့ သဘောထက် လက်ဦးမှုယူနေကြတယ်။ ဆိုရရင် တချို့သတင်းဂျာနယ်တွေရဲ့ စာပေအရည်အသွေးတွေ ကျဆင်းသွားမှာကိုတော့ စိုးရိမ်မိတယ်။ ဒါတွေဟာ လူထုထဲ ဆင်းကြည့်ရင် ပိုသိသာတယ်။ ပိုသိနိုင်ပါတယ်။

ထိုင်နေကျ Cool Land မှာ သူငယ်ချင်းတွေဆုံတော့ ဒီနေ့သတင်း မီဒီယာအကြောင်း ပြောဖြစ်တယ်။ ထုံးစံအတိုင်း ကိုမြကတော့ မညှာမတာကို ပြောတာ။ ခင်ဗျားတို့ရဲ့ သတင်းဂျာနယ်လောကကြီးက သိပ်မဟုတ်တော့ဘူးတဲ့။ တချို့သတင်းစာက နာရေးဖတ်ဖို့ပဲ ဖြစ်နေတာပဲတဲ့။ တချို့က စီးပွားရေးလား၊ အားကစားလားမသိ။ ဘာကိုဦးတည်နေတယ်ဆိုတာကိုတောင် မသိတော့ဘူး။ တချို့ရှိသေးတယ် တရားဓမ္မအကြောင်းတွေ ခပ်များများ။ မနေသာတော့ ကိုဇော်ဝင်းက ဝင်ပြောတယ်။ အင်း ဖတ်ရတော့ တရားရသေးတာပေါ့။ ပြီး ရှိသေး ဖန်တစ်ရာတေနေတဲ့ သမိုင်းဖြစ်စဉ်တွေကို မရိုးနိုင် မအီနိုင် ရေးနေကြတယ်။ စာရေးသူလည်း မနေနိုင်တာနဲ့ သမိုင်းဆိုတာ သိဖို့တော့လိုတယ်။ သင်ခန်းစာယူတတ်ဖို့လည်း လိုတယ်။ ဒါပေမဲ့ လွမ်းမောတသ နေဖို့တော့ မလိုဘူးထင်တယ်လို့ ဝင်ပြောမိလိုက်တယ်။

စာရေးသူလည်း ပထမတော့ သတင်းစာဂျာနယ် ၆ စောင်လောက်ယူပါတယ်။ ခုတော့ ၃၊ ၄ စောင်တော့ယူပါသေးတယ်။ ဆိုရရင် ဘတ်ဂျက်အရလည်း ချွေတာရတယ်။ တချို့က ဘာမှ ထူးထူးခြားခြားရနိုင်တာမှ မရှိတာ။ ကိုယ့်ရဲ့အတွေးအမြင်တွေကို နှိုးဆွပေးနိုင်သလား။ သုတ ရသခံစားမှုကို တိုးပွားစေသလား။ ဝေဖန်သုံးသပ် စဉ်းစားချင့်ချိန်နိုင်မှုကို ပေးသလား။ ခေတ်စနစ်အပေါ် ဘယ်လို ဝေဖန်ကောက်ချက်ချသလဲ တစ်မျိုးမဟုတ်တစ်မျိုး ပေးစွမ်းနိုင်သင့်တယ်။ ထူးမခြားနားနဲ့ ဂျာအေးသူ့အမေရိုက်ပြီး ဆွေးမြည့်နေတဲ့ သမိုင်းရေယဉ်ကြောမှာတော့ မျောမနေချင်တာတော့ အမှန်ပါပဲ။

ဆိုလိုချင်တာက စာမတတ်သူပပျောက်ရေး လုပ်ခဲ့ကြပြီးပြီ၊ ကမ္ဘာ့အသိအမှတ်ပြုလည်း ခံခဲ့ကြရပြီးပြီ။ အဲဒီကတစ်ဆင့် စာမတတ်သူ ပပျောက်ရေးကနေ စာမဖတ်သူ ပပျောက်ရေး လုံးပန်းနေကြတယ်။ ခုဆိုရင် စာတတ်သူတိုင်း စာဖတ်ရေးအထိ စာဖတ်ရှိန်မြှင့်တင်ရေးလုပ်လာကြပြီ။ ဘယ်လို ရှုထောင့်ကပဲကြည့်ကြည့် ကောင်းတဲ့အမှု အလုပ်ပါပဲ။ ဒါပေမဲ့ တစ်ခုပဲ စဉ်းစားကြဖို့ပါပဲ။ စာတတ်သူတိုင်း စာဖတ်နိုင်ဖို့ ဘာတွေလိုနေသလဲ၊ ဘယ်လောက်ဖြည့်ဆည်း ဆောင်ရွက်ပေးနိုင်ကြမလဲဆိုတာတော့ ထည့်တွက်ရလိမ့်မယ်။

ပထမအချက်က အခွင့်အလမ်း။ စာတတ်သူတိုင်း စာဖတ်နိုင်မယ့် အခွင့်အလမ်း ဖန်တီးပေးရမယ်။ ခုဆို အတန်အသင့်သော လှုပ်ရှားဆောင်ရွက်မှုတွေ တွေ့နေရပြီ။ ကျောင်းတွေ၊ တက္ကသိုလ်တွေမှာလည်း ကျောင်းစာကြည့်တိုက်တံခါးတွေ ဖွင့်ကြဖို့ ဆော်ဩကုန်ပြီ။ (တံခါးတွေဖွင့်ထားရုံနဲ့တော့ မရနိုင်သေးပါ) ဒုတိယအချက်က စာအုပ်စာတမ်းတွေ လွယ်လင့်တကူ ဝယ်နိုင်ဖို့နဲ့ ဝယ်နိုင်လောက်တဲ့တန်ဖိုးနဲ့ ရောင်းချနိုင်တဲ့အဆင့်မျိုးကို ကူညီပံ့ပိုးပေးရမယ်။ လိုအပ်တဲ့ဖြေလျှော့မှုမျိုး မလွဲမသွေ လုပ်ဆောင်ပေးသင့်တယ်။ တတိယအချက်က ကလေးတွေအတွက် ကလေးစာပေ၊ လူငယ်တွေအတွက် လူငယ်စာပေတွေ စာစောင်၊ ဂျာနယ်တွေ ပြည့်ပြည့်စုံစုံရှိပြီလား၊ ဖန်တီးပေးနိုင်ကြပြီးလား ဆိုတဲ့အချက်။ နောက်ဆုံးတစ်ချက်ကတော့ အရေးအကြီးဆုံးပဲ။ စာပေလွတ်လပ်ခွင့်ရှိဖို့ပါ။ လွတ်လပ်စွာထုတ်ဝေတဲ့ သတင်း၊ ဂျာနယ်၊ မဂ္ဂဇင်းတွေ တိုးပွားဖို့လိုတယ်။ ပေးရတဲ့တန်ဖိုးနဲ့တကွ ထိုက်တန်တဲ့ စာပေအဆင့်အတန်းရှိတဲ့ အရည်အသွေးရှိတဲ့ စာဖတ်ပြည်သူတွေကို စိတ်ခွန်အားဖြစ်စေမယ့် စာပေမျိုးတွေ ထွက်လာဖို့လိုတယ်။

ဒီတော့ စာတတ်သူတိုင်း စာဖတ်ကြဖို့ဆိုရင် ဖတ်ချင်စရာကောင်း တဲ့စာပေမျိုးတွေ အကန့်အသတ် အချုပ်အချယ်မရှိ လွတ်လပ်စွာ ဖွံ့ထွားလာဖို့ လိုပါတယ်။ နည်းပညာခေတ်က စက္ကန့်နဲ့အမျှ ပြောင်းနေပါတယ်။ အတွေးအခေါ်အယူအဆသစ်တွေ မြင့်မားလာနေတယ်။ ကမ္ဘာကြီးနဲ့ စက္ကန့် မလပ်ချိတ်ဆက်နေတဲ့ ၂၁ ရာစု လူသားတွေအတွက် လိုအပ်နေတဲ့ စိတ်ခွန်အားအတွက် ဘာတွေပေးစွမ်းနိုင်မှ ဖြစ်မလဲဆိုတာ သိကြဖို့လိုပါပြီ။ ဒီကနေ့ ဖတ်လိုက်ရတဲ့စာတွေဟာ မနက်ဖြန်အတွက် အားဖြစ်ဖို့လိုပါတယ်။ ဒီကနေ့ ဖတ်လိုက်ရတဲ့စာတွေဟာ မနက်ဖြန်မှာ သမိုင်းဝင် သမိုင်းတင်နိုင် ဖို့လိုပါတယ်။ ဒီနေ့ဖတ်လိုက်ရတဲ့ အတွေးအမြင်တွေဟာ တရိုတသေ ဖြတ်သိမ်းထားရမယ့် ရတနာတွေဖြစ်သင့်တယ်။ အဲဒီအတွေးအမြင်တွေဟာ ဘဝအတွက် မီးရှူးတန်ဆောင်ဖြစ်သင့်တယ်။ ဒီနေ့ဖတ်နေရတဲ့ စာမျက်နှာတွေက ညနေမှာ အမှိုက်ခြင်းတဲ့ရောက်ပြီး နောက်တစ်နေ့ ငါးခြောက်ထုပ်ဖို့၊ ပဲကြော်ထုပ်ဖို့ အဆင့်လောက်ပဲဆိုရင်တော့ စာဖတ်ရှိန်တွေ လျော့ကျနေဦးမှာပါပဲ။

ခင်မောင်ဌေး (ပညာရေး) 



  • VIA