News

POST TYPE

OPINION

စာမလိုက်နိုင်တဲ့၊ စိုးရိမ်စိတ်လွန်ကဲတဲ့၊ စာမေးပွဲမှာ စာမေ့သွားတတ်တဲ့ ဘယ်သန်ကလေးတွေ
31-Oct-2018


စာမလိုက်နိုင်တဲ့ ကလေးတွေများ စိတ်ဓာတ်ကျစိုးရိမ်စိတ်လွန်ကဲတဲ့ ကလေးတွေ တွေ့ရနိုင်ပါတယ်။ မိတ်ဆွေက ကိုယ့်ကလေးကို ဘယ်လိုဖြစ်နေသလဲ မစဉ်းစားဘဲ သူတို့ဖြစ်ချင်တဲ့ အဆင့်ထိ မရောက်ရောက်အောင် “ဂိုက်” တွေ ကျူရှင်တွေ စာကျက်ဝိုင်းတွေနဲ့ ကျက်မှတ်စေတယ်။ အတန်းကျောင်းမလုပ်ဘဲ ဘော်ဒါဆောင်ထားတယ်။ ခြောက်ဘာသာဂုဏ်ထူးမှန်းတယ်။ ကိုယ့်ကလေး စာကျက်နိုင်ပါ့မလား။ စာရပါ့မလား။ ကိုယ့်သားသမီး မလိုက်နိုင်တာကို အတင်းလုပ်ခိုင်းရင်း မိဘအလွန်ဖြစ်သွားနိုင်တယ်။ ကလေးကတော့ စိတ်ဓာတ်ကျခြင်း၊ စိုးရိမ်စိတ်လွန်ကဲခြင်းနဲ့ စာတွေမေ့ကုန်တယ်။ 

လူတစ်ယောက် စိတ်ဓာတ်ကျခြင်းလက္ခဏာတွေက စိတ်ပျော်ရွှင်မှုမရှိခြင်း၊ စိတ်အားငယ်ကာ ဝမ်းနည်းခြင်း၊ စိတ်ရောဂါ ထိုင်းမှိုင်းနှေးကွေးခြင်း၊ ညစဉ်ရက်ဆက် အိပ်မပျော်ခြင်း၊ နံနက်စောစောနိုးခြင်း၊ အစားအသောက်ပျက်ကာ ခန္ဓာကိုယ် အလေးချိန်ကျဆင်းခြင်း၊ သာယာမှုဆိတ်သုဉ်းခြင်း၊ အရာရာကို စိတ်ဝင်စားမှု မရှိတော့ခြင်း၊ အာရုံစူးစိုက်မရခြင်း၊ ပင်ပန်းနွမ်းနယ်ပြီး အားမရှိသလို ခံစားရခြင်း၊ ကိုယ့်ကိုယ်ကိုယ် အပြစ်ရှိတယ်လို့ ယုံမှားခြင်း၊ ယုံကြည်မှုမရှိခြင်း၊ သေကြောင်းကြံစည်ဖို့ စိတ်ကူးရှိနေခြင်းတို့ ရှိနေနိုင်ပါတယ်။ 

စိတ်ဓာတ်ကျခြင်းရဲ့ အရေးကြီးလက္ခဏာ နှစ်ခုရှိတယ်။ တစ်နေကုန် နုံးချိပြီး အိပ်မပျော်ခြင်းနဲ့ အရင်က စိတ်ဝင်စားခဲ့တာ စိတ်မဝင်စားတော့ခြင်း၊ အရင်ပျော်ရွှင်ခဲ့တာမျိုး၊ မပျော်ရွှင်တော့ဘဲ မောပန်းနွမ်းနယ်ခြင်းတို့ ဖြစ်တယ်။ ဒုတိယအချက်က အိပ်တာ စားတာ မမှန်ခြင်း၊ အရမ်းအိပ်၊ အရမ်းစားဖြစ်ခြင်း၊ ကိုယ့်ကိုယ်ကိုယ် ဘာမှမသိဘဲ အပြစ်ရှိသလို ခံစားနေရခြင်း၊ ယုံကြည်မှု ကျဆင်းနေခြင်း၊ စိတ်ပိုင်းဆိုင်ရာ ရုပ်ပိုင်းဆိုင်ရာ နှေးကွေးလေးလံလာခြင်း၊ သတ်သေချင်စိတ်များလာခြင်းတို့ နှစ်ပတ်လောက်ရှိပြီး၊ အလုပ်ပျက်အကိုင်ပျက်လာတယ်။ 

စိတ်ဓာတ်ကျရောဂါဟာ ကျောင်းသူတွေက ကျောင်းသားတွေထက် နှစ်ဆပိုများတယ်။ စိတ်ကြွ၊ စိတ်ကျပ်ရောဂါတွဲပြီး ဖြစ်နိုင်တယ်။ မျိုးရိုးမရှိသူက လွဲရင် ဇီဝကမ္မဖြစ်စဉ်ကြောင့် ဖြစ်နိုင်တယ်။ ကျောင်းသူတွေ ရာသီမမှန်တာ၊ ရာသီကျော်သွားတာ၊ များတာ၊ နည်းတာတွေက စိတ်ဓာတ်ကျမှုဆိုးဝါးစေတယ်။ အချို့မိဘက ကိုယ့်သားသမီးကို ဂရုမစိုက်ဘူး၊ အချို့က အရမ်းဂရုစိုက်လွန်းတယ်။ နှစ်ခုစလုံးမကောင်းဘူး။ ငယ်ငယ်က ကျောင်းမှာ အနိုင်ကျင့်ခံရတဲ့ မိသားစုမှာ ရိုက်နှက်နှိပ်စက်ခံရတဲ့ ကလေး၊ ကလေးဘဝမှာ လိင်ပိုင်းဆိုင်ရာ ဖိနှိပ်ခံရ စော်ကားခံရတဲ့ ကလေးဟာ စိတ်ကျရောဂါ သူများထက် ပိုဖြစ်လာနိုင်တယ်။ စိတ်ကျရောဂါဟာ စာမေးပွဲကျကာ ဆုံးရှုံးမှုတစ်ခုကြုံရတာနဲ့တင် ဖြစ်နိုင်ပါတယ်။ 

စိတ်ဓာတ်ကျချိန်မှာ အကောင်းမမြင်တော့ဘူး။ အဆိုးမြင်စိတ်များလာတယ်။ အဆိုးမြင်နဲ့ ကြည့်တတ်တယ်။ ဒီအချိန် မိဘ၊ ဆရာတွေက ရိပ်စားမိဖို့ လိုတယ်။ တွေးတောစဉ်းစားမှု ပြောင်းလဲဖို့လိုတယ်။ နေရာတကာမှာ ဆိုးတာရှိသလို ကောင်းတာလည်းရှိတယ်။ ဘဝမှာ ၇၅ ရာခိုင်နှုန်း အောင်မြင်ရင်တောင် ၂၅ ရာခိုင်နှုန်း မအောင်မြင်တဲ့အပေါ် စိတ်ဓာတ်ကျရင် ယင်း ၁၀ ရာခိုင်နှုန်းကို အပြစ်မြင်တယ်။ ဒါကြောင့် သူအောင်မြင်ခဲ့တာ ပြောပြနှစ်သိမ့်ပေးရမယ်။ စိတ်ဓာတ်ကျခြင်း၊ စိတ်ဖိစီးမှုတွေအပေါ် နွေးထွေးမှုပေးမယ့် မိသားစု၊ ဆရာ၊ ဆရာမတွေနဲ့ သူငယ်ချင်းတွေရဲ့ ဝန်းရံပေးမှု အရေးကြီးပါတယ်။ ယောကျာ်းလေးဆိုရင် ကျောင်းပြေးတာ၊ စာလိုက်မလုပ်တာ ရှိလာနိုင်ပါတယ်။ စာမေးပွဲတစ်ခုသာမက လူ့ဘဝမှာ လုပ်စရာ အများကြီးရှိကြောင်း နားလည်အောင် ပြောထားရမယ်။ 

နောက်တစ်ခုက “ကြောက်စိတ်” ဖြစ်တယ်။ စာမေးပွဲခန်းမဝင်မီ ရထားတဲ့ စာတွေ စာမေးပွဲ မေးခွန်းလည်းရတော့ စာအကုန်မေ့သွားတဲ့ ကလေးတွေရှိတတ်ပါတယ်။ ကလေးရဲ့ အာရုံထွေပြားမှု၊ တီဗီ၊ ဗီဒီယိုနဲ့ ဂိမ်းတွေက စာရသလိုရှိလိုက်၊ မရသလိုဖြစ်လိုက်နဲ့ ဖေ့စ်ဘွတ်ခ်၊ အင်တာနက်များပြီး အာရုံထွေပြားနေလို့ စာထဲစိတ်မရောက်လို့ပဲ ဖြစ်တယ်။ ဒီအချိန် မိဘတွေဗျာများပြီး “ဂိုက်” တွေခေါ်ပြီး လုပ်ပါဦး၊ ကျက်ပေးပါဦး၊ တွဲခေါ်ပါဦးနဲ့ပေါ့၊ အချို့ကလေးတွေ အမေက ကျောင်းစာတွေကို လိုက်ကျက်မှတ်ပေးမှ စာလုပ်တော့တယ်။ ဘယ်အထိ ကျက်ပေးရသလဲဆိုရင် တက္ကသိုလ်ဘွဲ့ရအထိပဲ၊ အချို့ တက္ကသိုလ်ကျောင်း သူတွေ စာမေးပွဲနီးရင် ကြောက်လွန်းအားကြီးလို့ အမေလုပ်တဲ့သူက စာဖြေဆောင်နဲ့ နီးတဲ့နေရာမှာ အိမ်ငှားနေ၊ သမီးကို လိုက်ကျက်မှတ်ပေးရင်း သမီးစာမေးပွဲကြိုပို့တာဝန်ပါ လုပ်ကိုင်ရ၊ ထမင်းတစ်ဇွန်း ခွံ့လိုက်၊ စာတစ်ပုဒ်တက်လိုက်နဲ့ သိပ်အမြင်မတော်တာရှိတယ်။ 

နည်းပညာတိုးတက်မှုအရ ကွန်ပျူတာသင် မျက်နှာပြင်လေးကို နာရီပေါင်းများစွာ စူးစိုက်ကြည့်ခဲ့တဲ့ အကျိုးဟာ ကျောင်းစာလည်းဖတ်ရော ခေါင်းမူးသလိုလို၊ အော့အန်သလိုလိုဖြစ်ကာ စိတ်စုစည်းလို့ မရတော့ဘူး။ စာဖတ်ခိုင်းသင့်တယ်။ အီလက်ထရွန်နစ် မျက်နှာပြင်က ရောင်စဉ်တန်းတွေက ဦးနှောက်ကို ရိုက်ခတ်ခံရလို့ ကြာရင် စာမေ့တတ်ရုံသာမက အတိတ်မေ့တတ်လာတယ်။ အတွေ့အကြုံလိုချင်လို့ နိုင်ငံပေါင်း ၂၀၀ ကျော်သွားဖို့ မလိုပါဘူး။ ပထဝီ စာအုပ် သို့မဟုတ် ကမ္ဘာ့မြေပုံလေ့လာရုံ၊ စွယ်စုံကျမ်းဖတ်ရုံနဲ့ အစုံအလင်သိနိုင်ပါတယ်။ အတတ်ပညာ၊ အသိပညာပိုင်းကို အကုန်လုံး တတ်သိဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ တစ်နေကုန် ကွန်ပျူတာလုပ် ဖေ့စ်ဘွတ်ခ်သုံးနေရင် ဘယ်လိုလုပ် ကျောင်းစာအတွက် အချိန်ပေးတော့မလဲ။ စာမေးပွဲနီးမှ စာကျက်ခြင်းက ကြောက်စိတ်ပိုရတယ်။ 

စာဖတ်ခြင်းက မှတ်ဉာဏ်ကောင်းစေတယ်။ ဗီဒီယိုဂိမ်းတွေ၊ ဖေ့စ်ဘွတ်ခ်တွေက စိတ်ပျံ့လွင့်လွယ်တယ်။ စာအုပ်ထဲမှာပါတဲ့ အကြောင်းအရာပေါင်းစုံက ဦးနှောက်ထဲ ရောက်သွားပြီး ဆက်စပ်၊ စဉ်းစားတွေးခေါ်ကာ ခံစားမှု ဖြစ်စေတယ်။ ရှေ့နောက်ဆက် စပ်စဉ်းစားရလို့ မှတ်ဉာဏ်ကို အမြဲလေ့ကျင့်ပေးသလိုမျိုး ဖြစ်စေတယ်။ “ပိဋကတ်သုံးပုံ၊ အာဂုံဆောင်” တဲ့ သံဃာတော်တွေဟာ ဖေ့စ်ဘွတ်ခ် မရှိဘူး၊ ဂိမ်းမနှိပ်ဘူး၊ စာအမြဲဖတ်နေပြီး အခေါက်ခေါက်အခါခါ ဦးနှောက်ထဲမှာ လေ့ကျင့်ပေးနေတယ်။ တရားထိုင်ပေးရင်း ဆက်စပ်တွေးခေါ်ဆင်ခြင်မှု ရယူတယ်။ ပညာထူးချွန်သလို ဝိပဿနာအလုပ်ပေးအပိုင်းမှာလည်း ထူးချွန်ကြတယ်။ 

စာမေးပွဲမေးခွန်းလက်ထဲရောက်ရင်ပဲ အကုန်မေ့သွားတယ်ဆိုတာ စိတ်ကို ယောက်ယက်ခတ်နေလို့ ပဲဖြစ်တယ်။ ခြေဖျားလက်ဖျားအေးခြင်း၊ စိုးရိမ်စိတ် လွန်ကဲခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်း၊ ဆူညံသံမခံနိုင်ခြင်း၊ အာရုံစူးစိုက်မှု အားနည်းခြင်း၊ မဖြစ်သေးတဲ့ ကိစ္စရပ်တွေကို ကြိုတင်တွေးကာ ကြောက်လန့်နေခြင်း၊ မဟုတ်မမှန်တဲ့ အတွေးတွေ ထပ်တလဲလဲပေါ်လာခြင်း၊ စုန်းပူးသလို နတ်ပူးသလိုဖြစ်ခြင်း၊ အတွေးတွေများ၊ ညဦးပိုင်းအိပ်မပျော်ခြင်း၊ မိမိကိုယ်ကို ရောဂါရှိတယ် ယူဆပြီး ဆေးရုံကို မကြာခဏ ပြသရခြင်းတို့ ရှိနိုင်ပါတယ်။ လူနာဘဝရောက်သွားတတ်တယ်။ အင်္ဂလိပ် အခေါ် (Neurosis) ဝင်တယ်ခေါ်တယ်။ သူ့ရဲ့ အခက်အခဲကို စိတ်ရှည်စွာ နားထောင်ခြင်း၊ အခက်အခဲတွေ ဝိုင်းဝန်းဖြေရှင်းပေးခြင်း၊ စိတ်ကိုလျော့ကာ ညဘက် အိပ်ချိန်မှန်၊ စားချိန်မှန် ဆောင်ရွက်ပေးရမယ်။ 

လူသားတစ်ယောက် မွေးဖွားလာရာမှာ ဘယ်သန် (သို့) ညာသန်ပြဿနာ ဖြစ်တတ်တယ်။ တစ်ကမ္ဘာလုံးအနေနဲ့ ကြည့်ရင် ညာသန် ၈၉ ရာခိုင်နှုန်း၊ ဘယ်သန် ၁၀ ရာခိုင်နှုန်း၊ ဘယ်သန်ရော ညာသန်ရော ၁ ရာခိုင်နှုန်း ပါဝင်နေတယ်။ တိရစ္ဆာန်တွေမှာလည်း ရှိတယ်။ လူမှာ အမျိုးသားတွေက အမျိုးသမီးတွေထက် ဘယ်သန်ပိုများတယ်။ “ညာ” နဲ့လုပ်ရမယ့် အလုပ်တွေအတွက် “ဘယ်” တွေက အခက်အခဲဖြစ်ရတယ်။ ဂီတတူရိယာတွေ၊ စာရေးကိရိယာတွေ၊ အားကစားပစ္စည်းတွေဟာ “ညာသန်” အတွက်ပဲ တီထွင်ထားတယ်။ “ဘယ်သန်” တွေ အတွက်မပါဘူး။ “ညာသန်” တွေ စကားပြောရာမှာ ဦးနှောက်ရဲ့ ဘယ်ဘက်ခြမ်းအသုံးပြုပြီး၊ ဘယ်သန်တွေ စကားပြောရာမှာ မှတ်သားရာမှာ ဦးနှောက်ရဲ့ ညာဘက်ခြမ်းကို အသုံးပြုကြတယ်။

မိဘနှစ်ပါးစလုံးညာသန်ဖြစ်ရင် သားသမီး ညာသန်ဖြစ်ဖို့များတယ်။ မိဘနှစ်ဦးစလုံး ဘယ်သန်ဖြစ်ရင် ကလေးတွေဘယ်သန်ဖြစ်ဖို့ ၂၆ ရာခိုင်နှုန်း ဖြစ်နိုင်ခြေရှိပါတယ်။ သုတေသီတို့ လေ့လာတွေ့ရှိချက်အရ သားအိမ်ထဲမှာ ရှိတဲ့ကလေးဟာ ဘယ်သန် (သို့မဟုတ်) ညာသန်ဖြစ်ကြောင်း အထောက်အထား ခိုင်ခိုင်လုံလုံနဲ့ ပြနိုင်တယ်ဆိုပါတယ်။ သားအိမ်ထဲက ယောကျာ်းလေး သန္ဓေသားကို ဒိုင်အီသိုင်းစတေ ဘီစကြော (မဟိုမုန်း) နဲ့ ထိတွေ့စေတဲ့အခါ ဘယ်သန်ဖြစ်လာဖို့များတယ်လို့ ရောဂါထိန်းချုပ်မှုဌာန (CDC) က ၂၀၁၃ ခုနှစ်ကဆိုတယ်။ ကလေးမမွေးဖွားမီ ဟော်မုန်းအချို့ မညီတာကြောင့်ဖြစ်နိုင်တယ်။ ကိုယ်ဝန်ဆောင် တတိယအဆင့်မှာ ရှိတဲ့သန္ဓေသားရဲ့ မွေးလာမယ့်ပုံစံအရ ညာသန်ဖြစ်မလား၊ ဘယ်သန်ဖြစ်မလား၊ မှန်းဆနိုင်တယ်။ ယင်းရလဒ်က လမစေ့ဘဲ မွေးတဲ့ကလေးတွေမှာ ညာသန်ဖြစ်လာမှုနည်းပါတယ်။ ဟောမုန်းအချိုးမကိုက်ရင် ညာသန်နည်းပါတယ်။ 

ကျောင်းတွေမှာ ဟင်ဒီကတ် Handicup ခေါ် တစ်ပန်းရှုံးမှုတွေမှာ ဘယ်သန်ကို ထည့်ထားတတ်တယ်။ အမှန်က “ဘယ်သန်” တွေဟာ ဟင်ဒီကတ် မဟုတ်သလို အတင်းအကျပ်ညာနဲ့ပြောင်းပြီး စာရေးခိုင်းဖို့မလုပ်ရပါ။ ကလေးကိုရိုက်နှက်ကာ ညာနဲ့စာရေးခိုင်းရင် စာရေးတာညာဖြစ်ပြီး ကျန်တဲ့ပစ္စည်းယူတာ၊ အလုပ်လုပ်တာတွေ ဘယ်သန်ဖြစ်နေမှာပဲ။ ကလေးသန်ရာနဲ့ စာရေးပေးသင့်တယ်။ သူမသန်တဲ့ဘက်ကို အတင်းအကျပ်လုပ်ခဲ့ရင် ကြောက်ရွံ့လာကာ ပညာရေးမှာ နှောင့်နှေးလာနိုင်တယ်။ 

“ညာသန်” ကို ညာနဲ့ထားသလို၊ “ဘယ်သန်” ကို ဘယ်နဲ့ရေးတာ အကောင်းဆုံးဖြစ်တယ်။ ဘယ်သန်ဖြစ်သူတွေက ဘာသာစကားဖွံ့ဖြိုးတိုးတက်မှုနေရာ အားသာတယ်ဆိုတယ်။ “ဘယ်သန်” တို့ဟာ “ညာသန်” တို့ထက် ဂီတနဲ့ သင်္ချာအားကစားမှာ ပိုပြီးပါရမီထူး ချွန်တယ်ဆိုတယ်။ လူအများစာ “ဘယ်သန်” ဘာလို့ ဖြစ်ကြတာလဲ၊ ရှင်းပြဖို့ စဉ်းစားကြရာမှာ လူ့ခန္ဓာကိုယ်ရဲ့ အဓိကကျတဲ့ အင်္ဂါအစိတ်အပိုင်းတွေ ဥပမာ အသည်းဟာ ညာဘက်မှာရှိပြီး ညာလက်ကို ထိန်းချုပ်တဲ့ ဦးနှောက်ရဲ့ ဘယ်ဘက်ခြမ်းဟာ နှလုံးကလာတဲ့ သွေးကို ပိုရတဲ့အတွက်ကြောင့်ဆိုတယ်။ နှလုံးက ဘယ်ဘက်မှာပါ။ 

“ဘယ်သန်” တွေ စိတ်အနှောင့်အယှက်မလုပ် စေသင့်ဘူး။ “ဘယ်ကျော်ဖင်နှိုက်” ဆိုပြီး နှိမ့်ချမဆက်ဆံသင့်ဘူး။ “ဘယ်လက်နဲ့ စာရေးခြင်းက မကောင်းဘူး” ဆိုပြီး အတင်းအကျပ် ညာနဲ့ရေးခိုင်းရာ စာရေးတဲ့နေရာသာ “ညာသန်” ပြီး အခြားလုပ်ကိုင်တဲ့အခါ “ဘယ်သန်” ပဲဖြစ်တတ်လို့ ပညာရေးချို့တဲ့သွားတတ်တယ်။ ဘယ်သန်မိုလို့ နောက်တစ်ယောက်မွေးရင် “ဘယ်သန်” ပဲ တရားသေတွက်လို့ မရပါဘူး။ မိဘနှစ်ပါး ဘယ်သန်ဖြစ်ရင်တောင် သားသမီးကဘယ်သန်ဖြစ်ဖို့ ၂၆ ရာခိုင်နှုန်းသာ သေချာတာပါ။ အတင်းအကျပ်လုပ်လို့ “ဘယ်သန်”ကလေးတွေ စာညံ့သွားတတ်တယ်။ စာမလိုက်နိုင်တဲ့ စိုးရိမ်စိတ်လွန်ကဲတဲ့ စာမေးပွဲမှာ စာမေ့သွားတတ်တဲ့ ဘယ်သန်ကလေးတွေ စာနာသင့်ပါတယ်။

ဘယ်သန်ညာသန် ပြဿနာမှာ မျက်မှောက်လောကတွင် အရေးမပါလှသော်လည်း ကျောင်းစာသင်ခန်းထဲမှာတော့ ပြောစမှတ်ပြုဆဲဖြစ်တယ်။ ဘယ်သန်သမားကလည်း ဆရာမိဘများကအား ပေးကာစိတ်ဓာတ်မကျဖို့၊ စိုးရိမ်စိတ်မလွန်ကဲဖို့ နှစ်သိမ့်ဆွေးနွေးသင့်တယ်။ ဘယ်သန်က ညာသန်ထက် ပိုပြီး အသက်တိုတတ်တယ်။ နှလုံးသွေးကြော ရောဂါ၊ သွေးတိုး၊ ဆီးချို၊ အဝလွန်ခြင်းရောဂါ။ စိတ်ဓာတ်ကျ ခြင်း၊ စိုးရိမ်စိတ်လွန်ကဲခြင်းတို့မှာ ဘယ်သန်တို့က ပိုများတယ်။  

ဒေါက်တာမင်းသန့်


  • VIA