News

POST TYPE

OPINION

ဖုယွင်အလုပ်သမားနှင့် အငြင်းပွားမှု ဖြေရှင်းရေးဥပဒေ၏ အခန်းကဏ္ဍ
31-Oct-2018


အောက်တိုဘာလ ၂၉ ရက်နေ့တွင် ဖုယွင်အလုပ်သမားအရေး ဖြေရှင်းပေးရန်အတွက် မဟာဗန္ဓုလပန်းခြံမှ အစိုးရရုံးသို့ လမ်းလျှောက်ချီတက် ဆန္ဒပြခဲ့ကြသည်ကို တွေ့ရသည်။ ယခင်သီတင်းပတ်ကမူ ထို ဖုယွင်အလုပ်သမားအရေးနှင့် ပတ်သက်ပြီး နောက်ဆုံးအဆင့်တွင် ဖြေရှင်းမှုမရသောကြောင့် ရန်ကုန်တိုင်းအစိုးရက တိုက်ရိုက်ကိုင်တွယ်ဖြေရှင်းတော့မည်ဟု သတင်းများတွင် ဖတ်ရသည်။ ထိုသပိတ်မှာ အလုပ်ရှင်နှင့်အလုပ်သမားများအကြားနှစ်ဖက် ညှိနှိုင်းနေသည်မှာ လနဲ့ချီကြာနေပြီး ထွက်ပေါ်လာသည့် သတင်းများအရဆိုလျှင် အလုပ်သမားတွေဘက်ကရော အလုပ်ရှင်ဘက်ကပါ ဥပဒေပါပြဋ္ဌာန်းချက်များကို မလိုက်နာကြကြောင်း၊ ယခုနောက်ဆုံးအဆင့်တွင် စက်ရုံပိုင်ရှင်ကို တရားစွဲပါက နာမည်ခံထားသည့် ကိုယ့်နိုင်ငံသားပင် ထောင်ဒဏ် ၃ လ ကျခံရမည်ဖြစ်ကြောင်း၊ သို့အတွက် နှစ်ဖက်စလုံး အဆင်ပြေအောင် အသက်ညာဆုံးနည်းလမ်းနှင့် ဖြေရှင်းသွားမည်ဖြစ်ကြောင်း တာဝန်ရှိသူတစ်ဦးက ပြောထားသည်ကို သတင်းများတွင်ဖတ်ရသည်။

ထိုဖုယွင်အလုပ်သမားသပိတ်ကိစ္စမှာ အလုပ်ရှင် အလုပ်သမား ညှိနှိုင်းမှုကို မြို့နယ်တိုင်း ခရိုင်အဆင့်ဆင့် ညှိနှိုင်းခဲ့သော်လည်း ပြေလည်မှုမရှိသဖြင့် ဆက်လက်ဆန္ဒပြစဉ် အောက်တိုဘာ ၁၅ တွင် လူတစ်စုက ဆန္ဒပြနေသူအုပ်စုထဲသို့ မင်းမဲ့ဆန်ဆန် ဝင်ရောက်ရိုက်နှက်မှုများကြောင့် ဒဏ်ရာရသူ ၂၅ ဦးရှိခဲ့ပြီး အောက်တိုဘာ ၁၆ ရက်တွင် ဒဂုံဆိပ်ကမ်းမြို့နယ် လွှတ်တော်ကိုယ်စားလှယ်ဦးဆောင်၍ အလုပ်သမားညှိနှိုင်းဖျန်ဖြေရေးအဖွဲ့၊ ဒုမြို့နယ်အုပ်ချုပ်ရေးမှူး၊ ဖုယွင်စက်ရုံပိုင်ရှင်နှင့် အလုပ်သမားသမဂ္ဂမှ ခုနစ်ဦးတို့ ဖြေရှင်းကြသော်လည်း ပြေလည်မှုမရသေးကြောင်း သိရသည်။ အထက်ပါသတင်းများဖတ်ရသည့်အခါ ထိုသို့သော အလုပ်ရှင်နှင့် အလုပ်သမားများ ယခုလိုဖြစ်ပွားကြသည့်အခါ ဆိုင်ရာပုဂ္ဂိုလ်၊ အစိုးရဌာနများအနေနှင့် မည်သို့အဆင့်ဆင့် ဖွဲ့စည်းဆောင်ရွက်ကြရမည်၊ မည်သို့မလုပ်ရဟု တားမြစ်ထားသည်၊ မလိုက်နာကြလျှင် ပြစ်ဒဏ်မည်ရွေ့မည်မျှခံကြမည်ကို ဥပဒေတစ်ရပ်ဖြင့် အသေးစိတ် တိတိကျကျ ပြဋ္ဌာန်းသတ်မှတ်ထားရှိပြီး ဖြစ်သော်လည်း မည်သည့်အတွက် ယခုကဲ့သို့ ပုဆိန်နှင့်ထွင်းရသည့် အခြေအနေအထိ ဖြစ်ကြရသနည်း၊ သက်ဆိုင်ရာ တာဝန်ရှိသူများကိုယ်တိုင်ကရော အဆိုပါဥပဒေပါပြဋ္ဌာန်းချက်များကို သိရှိကြပါသလား၊ ဤသို့ဆိုလျှင် မည်သည့်အတွက် ဥပဒေပါပြဋ္ဌာန်းချက်များအတိုင်း မဆောင်ရွက်ကြသနည်း ဟူသည့်အမေးများလည်း ထွက်ပေါ်နေခဲ့သည်။

အမှန်ဆိုလျှင် အလုပ်ရှင် အလုပ်သမားများနှင့် ပတ်သက်၍ ယခုကဲ့သို့သော အငြင်းပွားမှုပြဿနာများရှိလာပါက စနစ်တကျ အဆင့်ဆင့် ဖြေရှင်းနိုင်ရေးအတွက် အလုပ်သမားရေးရာ အငြင်းပွားမှုဖြေရှင်းရေးဥပဒေ (The Settlement of Labour Dispute Law) ကို ၂၀၁၂ ခုနှစ်၊ မတ်လ ၂၈ ရက်တွင် ပြဋ္ဌာန်းထားရှိသည်။ ထိုဥပဒေကို အလုပ်သမားများ၏ အခွင့်အရေးကို ကာကွယ်စောင့်ရှောက်ရန်၊ အလုပ်ရှင်နှင့် အလုပ်သမားများအကြား ဆက်ဆံရေးကောင်းမွန်ပြီး လုပ်ငန်းခွင်အေးချမ်းသာယာစေရန်နှင့် အငြင်းပွားမှုအား တရားမျှတစွာ ဖြေရှင်းဆောင်ရွက်ပေးခြင်းဖြင့် ရပိုင်ခွင့်များကို မျှတမှန်ကန်စွာနှင့် မြန်ဆန်စွာ ရရှိခံစားနိုင်စေရန် ပြဋ္ဌာန်းပေးထားခဲ့သည်ကို တွေ့ရသည်။

ဥပဒေ၏ပုဒ်မ (၂) တွင် သပိတ်မှောက်ခြင်း၊ အလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူညီချက်၊ စုပေါင်းတောင်းဆိုမှု၊ စုပေါင်းသဘောတူညီချက်၊ အငြင်းပွားမှုများအပြင် ညှိနှိုင်းရေးကော်မတီ၊ ညှိနှိုင်းဖျန်ဖြေရေးအဖွဲ့၊ ခုံသမာဓိအဖွဲ့၊ ခုံသမာဓိကောင်စီနှင့် ခုံအဖွဲ့တို့ကို အသီးသီးအဓိပ္ပာယ် ဖွင့်ဆိုထားပြီးနောက် ပုဒ်မများတွင် ဥပဒေအရ မည်သို့ဖွဲ့စည်းကြရမည်ကို အသေးစိတ်ဖော်ပြထားသည်။ ကနဦးအနေနှင့် အလုပ်သမားရေးရာ လုပ်ငန်းညှိနှိုင်းရေးကော်မတီကို အလုပ်ရှင်အနေနှင့် အလုပ်သမား ၃၀ ဦးနှင့်အထက် ရှိသည့်လုပ်ငန်းတစ်ခုခုတွင် စုပေါင်းသဘောတူညီချက်ကို ဆွေးနွေးရရှိနိုင်ရန် အလုပ်သမားကိုယ်စားလှယ်နှစ်ဦးစီနှင့် အလုပ်သမား ကိုယ်စားလှယ်ဦးရေနှင့် အရေအတွက်တူညီသည့် အလုပ်ရှင်ကိုယ်စား လှယ်များဖြင့် စတင်ဖွဲ့စည်းကြရသည်။ ထိုဖွဲ့စည်းထားသည့် ညှိနှိုင်းရေး ကော်မတီအနေနှင့် အလုပ်ရှင်နှင့်အလုပ်သမား သို့မဟုတ် အလုပ်သမား အဖွဲ့အစည်းများအကြားတွင် ဆက်ဆံမှု၊ အလုပ်လုပ်ကိုင်မှုစည်းကမ်းချက်များ လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေး၊ ကျန်းမာရေး၊ သက်သာချောင်ချိရေးနှင့် ကုန်ထုတ်လုပ်မှုတိုးတက်ရေးတို့ကို မြှင့်တင်ဆောင်ရွက်ရမည်ဟု ပုဒ်မ ၅ တွင် ထည့်သွင်းပြဋ္ဌာန်းထားသည်။

ထိုအဖွဲ့အနေနှင့် ကနဦး အလုပ်သမား သို့မဟုတ် အလုပ်ရှင် တစ်ဖက်ဖက်က ၎င်းတို့၏နစ်နာချက်ကို တောင်းဆိုတိုင်ကြားလာပါက တရားဝင် ရုံးပိတ်ရက်များမပါ ငါးရက်အတွင်း ဆွေးနွေးညှိနှိုင်းဖြေရှင်းပေးရသည်။ ထို့နောက် ဆောင်ရွက်မှုအခြေအနေကို ဖြေရှင်းမှုမှတ်တမ်းရေးသားထားရှိ၍ သက်ဆိုင်ရာ ညှိနှိုင်းဖျန်ဖြေရေးအဖွဲ့သို့ သတ်မှတ်ချက်နှင့်အညီ အစီရင်ခံစာပေးပို့ကြရသည်။ ထို့အပြင် ဆွေးနွေးညှိနှိုင်းရာတွင် ပြေငြိမ်းမှု မရရှိသည့် အငြင်းပွားမှုနှင့်စပ်လျဉ်း၍ ဆက်လက်၍ညှိနှိုင်းဖျန်ဖြေရေး အဖွဲ့သို့ တိုင်ကြားရသည်။ တစ်ဖန် ထိုအငြင်းပွားမှုညှိနှိုင်းဖျန်ဖြေရေးအဖွဲ့ကိုမူ တိုင်းဒေသကြီးအစိုးရအဖွဲ့က တာဝန်ပေးအပ်သူတစ်ဦးက ဥက္ကဋ္ဌ၊ အလုပ်သမား၊ အလုပ်ရှင်များမှ ကိုယ်စားလှယ်များအပါအဝင် သက်ဆိုင်ရာ ဝန်ကြီးဌာနက တာဝန်ပေးအပ်သူတစ်ဦးက အတွင်းရေးမှူးအဖြစ် တာဝန်ယူကာ ဖွဲ့စည်းထားရှိကြရမည်ဖြစ်ကြောင်း ပုဒ်မ ၁၁ တွင် တွေ့ရသည်။

အဆိုပါအဖွဲ့အနေနှင့် ညှိနှိုင်းဖျန်ဖြေရေးအဖွဲ့မှ တိုင်ကြားလာသည့် အငြင်းပွားမှုများအား ပြေငြိမ်းစေရေးအတွက် သတ်မှတ်ချက်များနှင့်အညီ သတ်မှတ်ကာလအတွင်း ဖျန်ဖြေဆောင်ရွက်ရမည်ဖြစ်ပြီး ထိုအဖွဲ့ မဖြေရှင်းနိုင်သည့်ကိစ္စများကိုမူ အငြင်းပွားမှုဖြေရှင်းရေး ခုံသမာဓိအဖွဲ့ထံ တင်ပြကြရမည်ဖြစ်သည်။ ထိုခုံသမာဓိအဖွဲ့ကိုလည်း အထက်ပါအဖွဲ့နည်းတူ ပြည်ထောင်စုအစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် ဖွဲ့စည်းထားရမည်ဟု ပုဒ်မ ၁၆ တွင်ပါရှိသည်။ အဆိုပါခုံသမာဓိအဖွဲ့သည် ခုံသမာဓိကောင်စီက သတ်မှတ်သော လုပ်ငန်းနည်းလမ်းများ၊ လုပ်ထုံးလုပ်နည်းများ၊ လုပ်ငန်း အစီအစဉ်များနှင့်အညီ ဆောင်ရွက်ရမည်ဖြစ်ပြီး အငြင်းပွားမှုဖြေရှင်းရေး ခုံသမာဓိကောင်စီကိုမူ သက်ဆိုင်ရာဝန်ကြီးဌာနမှ ဥပဒေရေးရာ ကျွမ်းကျင်သူများနှင့် အလုပ်သမားရေးရာကျွမ်းကျင်သူများထဲမှ ကိုယ်ကျင့်တရား ကောင်းမွန်သည့်ပုဂ္ဂိုလ် ၁၅ ဦးကိုရွေးချယ်ပြီး ပြည်ထောင်စုအစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် ပုဒ်မ၂၀ အရ ဖွဲ့စည်းထားရမည်ဖြစ်ပြီး ထိုအဖွဲ့၏ လုပ်ငန်းတာဝန်များကိုလည်း၂၁၊၂၂ တို့ဖြင့် အသီးသီးပြဋ္ဌာန်းထားရှိသည်ကို တွေ့ရှိရမည်ဖြစ်သည်။

ယခုကဲ့သို့ အငြင်းပွားမှုများကိုဖြေရှင်းနိုင်ရေးအတွက်လည်း ပုဒ်မ ၂၃ မှ ၃၃ အထိ အထက်ပါဖွဲ့စည်းထားသည့်အဖွဲ့များက အဆင့်ဆင့်ဖြေရှင်းပေးကြရမည်ကို ပြဋ္ဌာန်းထားကြောင်း တွေ့ရသည်။ ထို့အပြင် တားမြစ်ချက်များအနေဖြင့် ပုဒ်မ ၃၈ တွင် မည်သည့်အလုပ်ရှင်မျှ တောင်းဆိုတိုင်ကြားချက်နှင့်စပ်လျဉ်း၍ သတ်မှတ်ကာလအတွင်း ဆွေးနွေးညှိနှိုင်းဖြေရှင်းရန် ခိုင်လုံသောအကြောင်းမရှိဘဲ ပျက်ကွက်ခြင်း မရှိစေရဟုလည်းကောင်း၊ ပုဒ်မ ၃၉ တွင် မည်သည့်အလုပ်ရှင်မျှ ခုံသမာဓိအဖွဲ့ သို့မဟုတ် ခုံအဖွဲ့က အငြင်းပွားမှုစစ်ဆေးနေစဉ် ထိုအငြင်းပွားမှုမစမီ ချမှတ်ထားသော ဝန်ထမ်းစည်းကမ်းများကို ယင်းအလုပ်သမားများ၏အကျိုး ထိခိုက်စေရန် ရုတ်တရက် ပြောင်းလဲခြင်းမပြုရဟု လည်းကောင်း၊ ပုဒ်မ ၄၀ တွင် မည်သူမျှ အငြင်းပွားမှုတစ်ခုနှင့်စပ်လျဉ်း၍ ဤဥပဒေနှင့်အညီ ဆွေးနွေးညှိနှိုင်းခြင်း၊ ဖျန်ဖြေခြင်းနှင့် ခုံသမာဓိအဖွဲ့ဖြင့် ဆုံးဖြတ်ခြင်းတို့ကို ခံယူခြင်းမပြုဘဲ အလုပ်ပိတ်ခြင်း သို့မဟုတ် သပိတ်မှောက်ခြင်းမပြုရဟု လည်းကောင်း၊ ပုဒ်မ ၄၁ တွင် မည်သူမျှ ခုံသမာဓိအဖွဲ့ သို့မဟုတ် ခုံသမာဓိကောင်စီ၏ ဆုံးဖြတ်ချက် သို့မဟုတ် စုပေါင်းသဘောတူညီချက်တစ်ခုခု အကျိုးသက်ရောက်မှုရှိစဉ်ကာလအတွင်း အဆိုပါဆုံးဖြတ်ချက် သို့မဟုတ် သဘောတူညီချက်ကို ပြန်လည်ပြင်ဆင်ရန် အလုပ်ပိတ်ခြင်း သို့မဟုတ် သပိတ်မှောက် ခြင်းမပြုရဟုလည်းကောင်း၊ ပုဒ်မ ၄၂ တွင် မည်သူမျှ သပိတ်မှောက်ခြင်းတွင် ပါဝင်ဆောင်ရွက်လိုခြင်းမရှိသည့် အလုပ်သမားများ၏ လွတ်လပ်စွာ အလုပ်လုပ်ကိုင်ခွင့်ကို တားမြစ်ခြင်းသော်လည်းကောင်း၊ အလုပ်သမား၏ သပိတ်မှောက်ခြင်းပြုနိုင်သည့် အခွင့်အရေးကို နှောင့်ယှက်ဟန့်တားခြင်း သော်လည်းကောင်း မပြုရဟုလည်းကောင်း၊ ပုဒ်မ ၄၃ တွင် မည်သူမျှ တစ်ဦးချင်း အငြင်းပွားမှု သို့မဟုတ် စုပေါင်းအငြင်းပွားမှုနှင့် စပ်လျဉ်း၍ ညှိနှိုင်းဖျန်ဖြေရေးအဖွဲ့ရှေ့မှောက်တွင် ချုပ်ဆိုခဲ့သည့် သဘောတူစာချုပ်ပါ စည်းကမ်းချက်တစ်ခုခုကို လိုက်နာရန် သို့မဟုတ် ဆောင်ရွက်ရန် ပျက်ကွက်ခြင်းမရှိစေရဟု လည်းကောင်း အသေးစိတ်ပြဋ္ဌာန်းထားရှိသည်ကို တွေ့ရသည်။

အထက်ပါ တားမြစ်ချက်များကို မလိုက်နာပါက မလိုက်နာသူ မည်သည့်အလုပ်ရှင်မဆို ပုဒ်မ ၃၈ နှင့် ပုဒ်မ ၃၉ တို့ပါ တားမြစ်ချက် တစ်ရပ်ရပ်ကို ဖောက်ဖျက်ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူကို ငွေဒဏ်အနည်းဆုံး ကျပ်တစ်သိန်း ချမှတ်ရမည်ဟု လည်းကောင်း၊ အလုပ်ရှင်၊ အလုပ်သမား မည်သူမဆို ပုဒ်မ ၄၁ နှင့် ပုဒ်မ ၄၂ တို့ပါ တားမြစ်ချက်တစ်ရပ်ရပ်ကို ဖောက်ဖျက်ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူကို ငွေဒဏ် ကျပ်သုံးသောင်းထိ ချမှတ်နိုင်သည်ဟုလည်းကောင်း၊ ပုဒ်မ ၄၀၊ ပုဒ်မ ၄၃၊ ပုဒ်မ ၄၄ နှင့် ပုဒ်မ ၄၅ တို့ပါ တားမြစ်ချက် တစ်ရပ်ရပ်ကို ဖောက်ဖျက်ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် မည်သူကိုမဆို ငွေဒဏ် အနည်းဆုံး ကျပ်တစ်သိန်း ချမှတ်ရမည်ဟုလည်း ပုဒ်မ ၄၆၊ ၄၇ နှင့် ၄၈ တို့တွင် ပြဋ္ဌာန်းထားရှိသည်။ ထို့အပြင် အလုပ်ရှင်တစ်ဦးဦးသည် အငြင်းပွားမှုကို ဖြေရှင်းနေစဉ်အတွင်း လုံလောက်သောအကြောင်း မရှိဘဲ ကုန်ထုတ်လုပ်မှုကျဆင်းစေခြင်းဖြင့် အလုပ်သမား၏ အကျိုးခံစားခွင့် လျော့နည်းစေရန်ပြုလုပ်မှု သို့မဟုတ် ပျက်ကွက်မှုတစ်ခုခု ကျူးလွန်လျှင် ခုံသမာဓိအဖွဲ့ သို့မဟုတ် ခုံအဖွဲ့ကဆုံးဖြတ်သည့် လျော်ကြေးငွေကို အပြည့်အဝပေးဆောင်ရမည်။ ယင်းငွေကို မြေခွန်မပြေ ကျန်ငွေကဲ့သို့ အရကောက်ခံရမည်။

ထို့အပြင် ဝန်ကြီးဌာနသည် အလုပ်သမားရေးရာအငြင်းပွားမှုများကို စစ်ဆေးစီရင်ရန် အလုပ်သမားတရားရုံးများ ဖွဲ့စည်းတည်ထောင်နိုင်ရေးအတွက် ပြည်ထောင်စုတရားလွှတ်တော်ချုပ်နှင့်ညှိနှိုင်းပြီး ဆောင်ရွက်နိုင်သည်ဟု ပုဒ်မ ၅၃ တွင် ပြဋ္ဌာန်းထားရှိသည်။

သို့အတွက် နိဂုံးချုပ်ရလျှင် လက်တွေ့တွင် ဥပဒေပါအတိုင်း ညှိနှိုင်းရေးကော်မတီ၊ ညှိနှိုင်းဖျန်ဖြေရေးအဖွဲ့၊ ခုံသမာဓိအဖွဲ့နှင့် ခုံသမာဓိကောင်စီ တို့အပြင် အလုပ်သမားတရားရုံးတို့ကို ဥပဒေနှင့်အညီဖြေရှင်းပေးနိုင်ရေးအတွက် အဆင့်ဆင့်ဖွဲ့စည်းဆောင်ရွက်ထားရှိပြီးပြီးလား၊ ဥပဒေပါပြဋ္ဌာန်းချက်များအတိုင်း စနစ်တကျ ဖွဲ့စည်းဖြေရှင်းဆောင်ရွက်နေသည်ဆိုလျှင်လည်း ယခုကြားနေရသည့် ပဋိပက္ခဖြစ်စဉ်များသည် တည်ဆဲဥပဒေပါ ပြဋ္ဌာန်းချက်များ၏ အားနည်းချက် ပျော့ကွက်ဟာကွက်များကြောင့်ဖြစ် ပေါ်နေရခြင်းလား၊ ဖြေရှင်းနည်း နည်းလမ်းများ မှားယွင်းနေလို့လား၊ ဤသို့ ဆိုလျှင် မည်သည့်ပုဒ်မကို ပြင်ဆင်ရမည်လဲ။ နောက်တစ်ခုမှာ တာဝန်ရှိသည့် တိုင်းအစိုးရနှင့် ဌာနများက တာဝန်ယူဖွဲ့စည်းဆောင်ရွက်ဖြေရှင်းပေးကြရမည့် ဥပဒေပါပြဋ္ဌာန်းချက်များကို တိတိကျကျအကောင်အထည် မဖော်၊ မဖွဲ့စည်း မဆောင်ရွက်ကြလို့လား၊ တားမြစ်ချက်၊ ပြစ်ဒဏ်များပါ ပြဋ္ဌာန်းချက်များအတိုင်း မလိုက်နာမစီရင်ကြလို့လား၊ သို့တည်းမဟုတ် တစ်စုံတစ်ယောက်ကိုအားနာခြင်း၊ အဂတိလိုက်စားခြင်းများကြောင့် ပေါ်ပေါက်နေရခြင်းလားဆိုသည့် အမေးများ၏အဖြေကို သက်ဆိုင်ရာ တာဝန်ရှိသူများက စဉ်းစားတွေးတောရင်း မိမိတို့ကိုယ်တိုင်က တရားဥပဒေကို လေးစားလိုက်နာကြခြင်း၊ ပြဋ္ဌာန်းထားသည့်ဥပဒေတစ်ရပ်ကို မျက်နှာမလိုက်ဘဲ အလုပ်ရှင်၊ အလုပ်သမားဘက်တို့ကို တိကျစွာ အကောင်အထည်ဖော်ကြခြင်းဖြင့် တရားဥပဒေစိုးမိုးရေး လမ်းကြောင်းမှန်အပေါ် လျှောက်လှမ်းကြစေလိုပါကြောင်း စိတ်ကောင်းစေတနာဖြင့် ရေးသားတင်ပြလိုက်ရပါသည်။

အောင်ဇေယျ


  • VIA