News

POST TYPE

OPINION

အလဲဗင်း အမှုကိစ္စ
29-Oct-2018


ပုဒ်မ (၅၀၅) (ခ) နဲ့ တရားစွဲဆို ချုပ်နှောင်ခံထားရတဲ့ ဒေးလီးအလဲဗင်းသတင်းစာက အယ်ဒီတာချုပ်အပါအဝင် သုံးဦးကို တာမွေမြို့နယ်တရားရုံးက အောက်တိုဘာလ ၂၆ ရက် (သောကြာနေ့) မှာ အာမခံနဲ့ ပြန်လွှတ်ပေးလိုက်ပါတယ်။ အာမခံဖြစ်တဲ့အတွက် အမှုက လွတ်မြောက်တာမဟုတ်ဘဲ၊ ချုပ်နှောင်ထိန်းသိမ်းခံရခြင်းကသာ လွတ်ကင်းသွားပြီး အမှုကို ပုံမှန်အတိုင်း ဆက်လက်ရင်ဆိုင်ရမှာဖြစ်ပါတယ်။ အယ်ဒီတာချုပ်၊ တာဝန်ခံအယ်ဒီတာ၊ သတင်းထောက်ချုပ် အစရှိတဲ့ သတင်းမီဒီယာသမားသုံးဦးဟာ အောက်တိုဘာလ ၁၀ ရက်က နေ ၂၆ ရက်နေ့အထိ ၁၆ ရက်ကြာ အင်းစိန်အကျဉ်းထောင်မှာ ဖမ်းဆီးချုပ်နှောင်ခံထားရပြီးမှ အာမခံနဲ့ ပြန်လွတ်လာခဲ့ကြတာပါ။ မြို့နယ်တရားရုံးက အာမခံပေးစဉ်မှာ တရားလို ရန်ကုန်တိုင်းအစိုးရအဖွဲ့ ညွှန်ကြားရေးမှူး ဦးအောင်ကျော်ခိုင် သွေးတိုးနေလို့ တရားရုံးကို လာရောက်ခြင်းမရှိခဲ့ဘူးလို့ သိရပါတယ်။

ဒီဖြစ်စဉ်ဟာ ထူးခြားမှုတွေ ရှိနေပါတယ်။ ပုဒ်မ ၅၀၅ (ခ) လို နိုင်ငံတော်အစိုးရအပေါ် အကြည်ညိုပျက်စေရန် လှုံ့ဆော်မှုဆိုတဲ့ ရာဇဝတ်ပုဒ်မတွေကို များသောအားဖြင့် အာမခံပေးလေ့မရှိဘဲ ကာလတာရှည် ချုပ်နှောင်ထားပြီး  မှုရင်ဆိုင်ရတဲ့ဖြစ်စဉ် အများကြီးရှိပါတယ်။ သတင်းမီဒီယာ သမားသုံးဦးကို စတင်ပုဒ်မတပ် တရားစွဲဆိုစဉ်ကတည်းက ကြီးလေးတဲ့ ပြစ်မှုကျူးလွန်သူများအဖြစ် အစိုးရဘက်က သတ်မှတ်ထားခဲ့ပုံ ရပါတယ်။ ဒီအချက်ဟာ နိုင်ငံသားတစ်ဦး၊ အထူးသဖြင့် စတုတ္ထမဏ္ဍိုင်ရယ်လို့ ကမ္ဘာ့နိုင်ငံများက အသိအမှတ်ပြု လေးစားရတဲ့ မီဒီယာတာဝန်ကို ထမ်းဆောင်နေသူကြသူတွေအပေါ် အစိုးရရဲ့သဘောထား ထင်ဟပ်ပြနေသလိုပါပဲ။ မီဒီယာတစ်ခုရဲ့ ရေးသားဖော်ပြချက်အပေါ် အစိုးရဘက်က စွပ်စွဲလိုက်တဲ့ ဥပဒေပုဒ်မက လိုသည်ထက် ပိုပြင်းထန်လွန်းနေသလို သတင်းမီဒီယာတစ်ခုရဲ့ အယ်ဒီတာချုပ်၊ တာဝန်ခံအယ်ဒီတာ၊ သတင်းထောက်ချုပ်တို့ကို ဖမ်းဆီးချုပ်နှောင်လိုက်တာဟာလည်း (ဒီမိုကရေစီစနစ်ကို ချီတက်နေပါတယ်ဆိုတဲ့ ရွေးကောက်ခံအစိုးရတစ်ရပ်အတွက်) အင်မတန် အရုပ်ဆိုး အကျည်းတန်လှတဲ့ လုပ်ရပ်တစ်ခု ဖြစ်ခဲ့ပါတယ်။

အံ့အားသင့်စရာဖြစ်စဉ်တွေဟာ ဒီအမှုမှာ ဖြစ်ခဲ့ပါတယ်။ အောက်တိုဘာလ ၁၇ ရက် နေ့စွဲနဲ့ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးက ရန်ကုန်တိုင်းအစိုးရ အဖွဲ့ရုံးထံကို ညွှန်ကြားချက်တစ်စောင် ပေးပို့ခဲ့ပါတယ်။ ဒီစာအရ နိုင်ငံတော်သမ္မတရဲ့ လမ်းညွှန်မှုနဲ့ အခုတရားစွဲဆိုမှုကို မြန်မာနိုင်ငံသတင်းမီဒီယာ ကောင်စီကို ပထမတိုင်ကြားဖို့ အပါအဝင် လမ်းညွှန်ချက်သုံးခု ဖော်ပြထားတာတွေ့ရတယ်။

(က) သတင်းမီဒီယာကောင်စီရဲ့ ဥပဒေပုဒ်မ ၂၁။ အရ နစ်နာသော ဌာန၊ အဖွဲ့အစည်း သို့မဟုတ် ပုဂ္ဂိုလ်သည် ရှေးဦးစွာ သတင်းမီဒီယာကောင်စီသို့ တိုင်ကြားရန်။ (ခ) သတင်းမီဒီယာ ဥပဒေပုဒ်မ ၂၂။ အရ မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီသည် နှစ်ဖက်တွေ့ဆုံညှိနှိုင်းဖြေရှင်းပေးရန်။ (ဂ) သတင်းမီဒီယာ ဥပဒေပုဒ်မ ၂၃။ အရ ညှိနှိုင်းဖြေရှင်းရာ၌ ပြေလည်မှုမရှိပါက တိုင်ကြားသူ (သို့မဟုတ်) ကျေနပ်မှုမရှိသူသည် သက်ဆိုင်ရာတရားရုံးတွင် ဥပဒေနှင့်အညီ တရားစွဲဆိုရန် ... ဆိုပြီး ပါဝင်ပါတယ်။

အောက်တိုဘာလ ၁၈ ရက်မှာတော့ ရန်ကုန်တိုင်းအစိုးရကိုယ်စားလှယ်ဟာ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီကို သွားရောက်ပြီး အမှုနဲ့ပတ်သက်ပြီး တင်ပြခဲ့တယ်လို့သိရတယ်။

ဒီဖြစ်စဉ်မှာ လွဲချော်မှုတွေရှိနေပါတယ်။ မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီက ရေးဆွဲပြီး ပြည်ထောင်စုလွှတ်တော်က ၂၀၁၄ ခုနှစ် မတ်လ ၁၄ ရက်နေ့မှာ ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ် (၁၂) နဲ့ပြဋ္ဌာန်းခဲ့တဲ့ သတင်းမီဒီယာဥပဒေ အခန်း (၈)။ အရေးယူခြင်း ခေါင်းစဉ်အောက်က ဥပဒေပုဒ်မ ၂၁။ မှာ ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ညွှန်ကြားချက်ထဲမှာ ပါဝင်တဲ့အတိုင်း (နစ်နာသောဌာန၊ အဖွဲ့အစည်း သို့မဟုတ် ပုဂ္ဂိုလ်သည် သတင်းမီဒီယာသမားတစ်ဦးက ပုဒ်မ ၉ တွင်ပြဋ္ဌာန်းထားသည့် တာဝန်နှင့် ကျင့်ဝတ်သိက္ခာတစ်ရပ်ရပ်ကို ချိုးဖောက်ကြောင်းယူဆလျှင် ရှေးဦးစွာကောင်စီသို့ တိုင်ကြားနိုင်သည်) ဆိုပြီး ဖော်ပြထားပါတယ်။ ဒီ ဥပဒေပုဒ်မအရ နစ်နာသောဌာန၊ အဖွဲ့အစည်း သို့မဟုတ် လူပုဂ္ဂိုလ်ဟာ ပထမဦးဆုံး သတင်းမီဒီယာကောင်စီကို တိုင်ကြားဖို့လိုပါတယ်။ ဥပဒေမှာတော့ “တိုင်ကြားနိုင်သည်” လို့ ရေးထားတော့ မတိုင်ရင်လည်းရတဲ့ အဓိပ္ပာယ်တော့ ဆောင်နေပါတယ်။ သို့သော် အခုဖြစ်တဲ့ကိစ္စမှာတော့ တရားရုံးမှာ ပုဒ်မ ၅၀၅ (ခ) နဲ့ တရားစွဲဆိုပြီးမှ သတင်းမီဒီယာကောင်စီကို ရောက်ရှိလာတာဖြစ်ပါတယ်။ ကောင်စီအနေနဲ့ တရားရုံးတစ်ခုခုမှာ တရားစွဲဆိုထားဆဲ အမှုအခင်းတစ်ရပ်ရပ်အပေါ်မှာ ဝင်ရောက်စွက်ဖက်ခွင့် မရှိပါဘူး။ ဥပဒေမှာလည်း ပြဋ္ဌာန်းထားခြင်း မရှိပါဘူး။ (ဒီနေရာမှာ သတင်းမီဒီယာများနဲ့ အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များ၊ ဌာနများ ပွတ်တိုက်မှုဆိုတာ ကမ္ဘာအရပ်ရပ်မှာလည်း ရှိပါတယ်။ ဘော့စနီးယား၊ ဟာဇီဂိုဗီးနားအပါအဝင် ဘောလ်ကန်နိုင်ငံအချို့မှာတော့ သတင်းမီဒီယာကောင်စီရဲ့ အဆုံးအဖြတ်ဟာ တရားစီရင်ရေးတစ်ခုလို အဆုံးအဖြတ်ဖြစ်တာ လေ့လာတွေ့ရှိရပါတယ်။ ဒါကြောင့်လည်း အိန္ဒိယလို နိုင်ငံမျိုးက သတင်းမီဒီယာကောင်စီမှာ တရားသူကြီးချုပ်ဟောင်းတွေ၊ အငြိမ်းစားတရားရေးဝန်ထမ်းတွေ ပါဝင်တာတွေ့ရတယ်။ (စကားချပ်)။ 

အခု ဒီမှာဖြစ်နေတဲ့ အခြေအနေက အလွဲလွဲအချော်ချော် ဖြစ်နေတယ်။ အစိုးရအဖွဲ့ဟာ ဒီဖြစ်စဉ်မှာ သတင်းမီဒီယာကောင်စီကို ဦးဆုံးတိုင်ကြားရမှာဖြစ်ပေမယ့် တရားရုံးမှာ ပုဒ်မ ၅၀၅ (ခ) နဲ့ တိုက်ရိုက်တရားစွဲဆို ဖမ်းဆီးခဲ့တယ်။ တရားရုံးမှာ စွဲဆိုထားပြီးသားအမှုတစ်ခုကို တစ်ပြိုင်နက်တည်းမှာ အခြားအဖွဲ့အစည်းတစ်ခုကို ဖြေရှင်းပေးဖို့ တောင်းဆိုလာတယ်။ သတင်းမီဒီယာကောင်စီအနေနဲ့ တရားရုံးရောက်ပြီးသားအမှု၊ တရားစီရင်နေဆဲ အမှုတစ်ခုကို ကိုင်တွယ်ဖြေရှင်းလို့မရပါဘူး။ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့အနေနဲ့ လက်ရှိစွဲဆိုထားတဲ့အမှုကို ရုပ်သိမ်းပြီးမှသာ သတင်းမီဒီယာကောင်စီက ကြားဝင်စေ့စပ်ညှိနှိုင်းပေးလို့ ရမှာဖြစ်ပါတယ်။ 

အခု ကြားနေရတဲ့ သတင်းတွေအရ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က အမှုကို ရုပ်သိမ်းပေးမယ်လို့ ပြောဆိုတာ မကြားရသေးဘူး။ သက်ဆိုင်ရာမီဒီယာက မှားယွင်းပါတယ်လို့ ဝန်ချတောင်းပန်မှ အမှုကို ရုပ်သိမ်းပေးမယ်လို့လည်း ကြားရတယ်။ အဲဒီလိုဆိုရင် သတင်းမီဒီယာကောင်စီရဲ့ အခန်းကဏ္ဍလည်း မလိုတော့ဘူး။ အခု အခြေအနေက သတင်းမီဒီယာကောင်စီကိုလည်း တိုင်ထားတယ်။ အမှုကိုလည်း တရားရုံးမှာ ဆက်ပြီးစွဲထားတယ်။ 

နိဂုံးချုပ်ရရင် အခု ဒေးလီးအလဲဗင်းသတင်းစာက အယ်ဒီတာချုပ်အပါအဝင်၊ တာဝန်ခံအယ်ဒီတာ၊ သတင်းထောက်ချုပ်တို့ အာမခံရပြီး အချုပ်အနှောင်က လွတ်မြောက်လာတာ အင်မတန်ကံကောင်းတယ်လို့ဆိုရမယ်။ ဒီအာမခံဟာ အောက်တိုဘာ ၁၇ ရက် နေ့စွဲနဲ့ ထုတ်ပြန်လိုက်တဲ့ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးရဲ့ ညွှန်ကြားချက်နဲ့ ဘယ်လိုဆက်စပ်မှုရှိနေသလဲတော့ မသိပါ။ ပထမရုံးချိန်းမှာ အာမခံမရခဲ့ကြပေမယ့် သမ္မတရဲ့ လမ်းညွှန်မှုအရ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးက ညွှန်ကြားချက်စာ ထွက်လာအပြီးမှာ အာမခံရခဲ့ကြပါတယ်။ တရားလို တိုင်းဒေသကြီးအစိုးရအဖွဲ့ကလည်း သတင်းမီဒီယာကောင်စီကို တိုင်ကြားတဲ့အတွက် ဒီအမှုရုပ်သိမ်းတော့မယ်လို့ ထင်ခဲ့ပေမယ့် ခုချိန်ထိတော့ ရုပ်သိမ်းခြင်း မရှိသေးတာ တွေ့ရတယ်။

မနေ့ကတော့ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် ပုသိမ်ကို သွားပါတယ်။ ပုသိမ်မှာ ဌာနဆိုင်ရာတာဝန်ရှိ ပုဂ္ဂိုလ်များနဲ့ တွေ့ဆုံစဉ် ပြောကြားသွားတဲ့ စကားတွေက မှတ်သားစရာတွေပါ။

“ကိုယ်လုပ်ပိုင်ခွင့်ရှိတော့မှ ပြည်သူကို ပြည်သူမှန်းတောင် မမြင်တော့ဘူး။ ကိုယ်ဖြတ်သန်းခဲ့တဲ့အတိတ်က ခက်ခဲကြမ်းတမ်းတဲ့ဘဝ၊ မှန်တယ်ထင်ရင်တော့ ခင်ဗျားတို့ စဉ်းစားဖို့ လိုသွားပြီ။ ခင်ဗျားတို့ရော ဘာထူးလဲ။ အဲဒီတော့ သူက ဒီမိုကရေစီသမားလား၊ အာဏာရှင်သမားလားစဉ်းစား။ ကိုယ်ဒီမိုကရေစီသမားပြောရင် ပြည်သူကို သဘောထားကြီးရမယ်။ သည်းခံရမယ်။ ခွင့်လွှတ်ရမယ်။ ပြည်သူကို လွတ်လပ်ခွင့်ပေးရမယ်။ ပျော်ရွှင်ခွင့်ပေးရမယ်။ အဲဒီလို မပေးဘဲနဲ့ ကိုယ်လုပ်ပိုင်ခွင့်ရှိတုန်း ပြည်သူကို ကျွန်တော်တို့ ခုနလို ပြည်သူကိုမမြင်တော့ဘဲ လုပ်ပိုင်ခွင့်ကိုအာဏာထင်ပြီးတော့ ယစ်မူးမယ်ဆိုရင်တော့ ခင်ဗျားတို့ ဖြတ်သန်းခဲ့တဲ့ဘဝကို ပြန်စဉ်းစား...”

ချစ်ဝင်းမောင် (၂၈-၁၀-၂၀၁၈)