News

POST TYPE

OPINION

မိန့်ခွန်းသုံးခု၏ ဆုံချက်
29-Oct-2018
ယခုအခါ မြန်မာငြိမ်းချမ်းရေးဖြစ်စဉ်အတွက် အရေးကြီးလှသော အမေးပုစ္ဆာနှစ်ပုဒ် ထွက်ပေါ်လာသည်။

ပထမပုစ္ဆာမှာ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခတ်မှု ရပ်စဲရေး သဘောတူစာချုပ် NCA ၏ ခိုင်မာမှုဖြစ်သည်။ မြန်မာငြိမ်းချမ်းရေးခရီးကို လျှောက်လှမ်းကြရာဝယ် NCA အပြင် အခြားသောနည်းလမ်းများ ရှိနိုင်သေးသလားဟူသော မေးခွန်းဖြစ်သည်။ လက်ရှိအခြေအနေအရပ်ရပ်အရ အစွဲလမ်းကင်းကင်းနှင့်ကြည့်ပါက အစိုးရ၊ တပ်မတော်နှင့် တိုင်းရင်းသား လက်နက်ကိုင်အချို့ သဘောတူထားသည့် NCA ထက် အဆီအငေါ်တည့် သောလမ်းကြောင်းတစ်ခု ပေါ်ထွန်းလာမည်ဟု ယူဆနေခြင်းသည် စိတ်ကူးယဉ်နေခြင်းပင်ဖြစ်သည်။ လက်တွေ့နှင့် ခြားနားလွန်းနေသည်။ လတ်တလောကာလ၌ NCA နှင့်စင်ပြိုင်စရာ အစီအစဉ်တစ်ခု လောက်လောက်လားလား ဖြစ်ထွန်းလာစရာအကြောင်းလည်း မရှိသေးပေ။ 

NCA သည် ငြိမ်းချမ်းရေး၏ ဗဟိုအူတိုင်သဖွယ် ဖြစ်လာသည်။ တစ်ဖက်တွင်လည်း မြန်မာနိုင်ငံ ပြည်သူ၊ ပြည်သူအားလုံး၏ ပကတိလိုအပ်ချက်တွင်လည်း အပြောင်းအလဲများနှင့် ချိုးကွေ့လာနေသည်။

လူထုသည် အိုင်ဒီယော်လော်ဂျီများ၊ သဘောတရားရေးရာများကို ငြီးငွေ့နေသည်။ နားနှင့်မဆံ့၍ လျှံကျထွက်နေပြီ။ လူထုမှာ အိုင်ဒီယော်လော်ဂျီ အလွန်နှင့် သဘောတရားရေးရာအလွန်ကို ရောက်ရှိနေပြီ ဖြစ်သည်။ အိုင်ဒီ ယော်လော်ဂျီများထက် နိစ္စဓူဝ စားဝတ်နေရေးအခြေအနေများကိုသာ အာရုံပြုလာသည်။ နားလည်လွယ်အောင်ပြောရရင် လူထုက လက်တွေ့ကျလာသည်။ သို့သော် ခေါင်းဆောင်များက အိုင်ဒီယော်လော်ဂျီထောင် ချောက်များကြား ပိတ်မိနေဆဲဖြစ်သည်။

ဆိုရလျှင် မြန်မာငြိမ်းချမ်းရေးတွင် NCA နှင့် စင်ပြိုင် အော်တာနေးတစ် ပေါ်လာစရာ မရှိနိုင်ပေ။ အကယ်၍ ပေါ်လာလျှင်လည်း အားကောင်းစရာအကြောင်းမရှိပေ။ ထိုအခြေအနေနှင့် လူထု၏ လက်တွေ့ကျမှု ပေါင်းစုံလာသောအခါ NCA ၏ တည်ရှိမှုသည် ပြဿနာမဟုတ်တော့။ တကယ့် ပြဿနာအစစ်မှာ Speed ပြဿနာဖြစ်သည်။ NCA ကို ခပ်မြန်မြန် အကောင်အထည်ဖြစ်လာအောင် ကြိုးစားကြရန်ပင်ဖြစ်သည်။

ဒုတိယအမေးပုစ္ဆာမှာ လက်ရှိငြိမ်းချမ်းရေးဖြစ်စဉ်အပေါ် မည်သို့သောအတွေးများနှင့် ချဉ်းကပ်ကြမလဲ မေးခွန်းဖြစ်သည်။

ငြိမ်းချမ်းရေးဖြစ်စဉ်၏ အားနည်းချက်များကို ထောက်ပြ၍ ဘေးထွက်နေကြမည်လား၊ ကောင်းကွက်များကိုရှာဖွေ၍ ရှေ့သို့ ခရီးဆက်ကြမည်လား အတွေးပုံစံဖြစ်သည်။ ပြည်တွင်းငြိမ်းချမ်းရေး ဖော်ဆောင်မှု နှစ်အတန်ကြာ အချိန်ရသောအခါ ငြိမ်းချမ်းရေးအတွက် အသက်အသွေးတမျှ လိုအပ်သောအရာသည် တဖြည်းဖြည်းနှင့် ရုပ်လုံးပေါ်လာခဲ့ပြီဖြစ်သည်။ ယင်းအရာမှာ ကောင်းချီး ကောင်းကျိုးများကို ရေတွက်ရသောအလုပ် (Counting the Blessings) ပင် ဖြစ်ပါသည်။

မကြာခင်သေးခင်ရက်များဆီက နေပြည်တော်၌ ကျင်းပပြီးစီးသွားသည့် ထိပ်သီးများ သီးသန့်ဆွေးနွေးပွဲများအပြီးတွင် ယင်းအရာ၏လိုအပ်ချက်ကို ပို၍ပင် ထင်ထင်ရှားရှား မြင်တွေ့လိုက်ရသည်။ ထိုအကြောင်းများကို မပြောမီ နေပြည်တော်ထိပ်သီးဆွေးနွေးပွဲ အကြောင်းကို ပြန်လည်ပြောပြလိုပါသည်။ ငြိမ်းချမ်းရေးဖြစ်စဉ်တွင် တစ်ဆို့နေသော ပြဿနာများကိုဖြေရှင်းရန် ရည်ရွယ်ကျင်းပသည့် ထိုဆွေးနွေးပွဲအား အများပြည်သူက စိတ်ဝင်တစားရှိခဲ့ကြသည်။ မျှော်လင့်ချက်များလည်း အထိုက်အလျောက် ထားခဲ့ကြသည်။ သို့တိုင် ငြိမ်းချမ်းရေးဖြစ်စဉ်၏ အတွင်းပိုင်းသတင်းများအား သာမန်ပြည်သူများအနေနှင့် ရရှိနိုင်ဖို့ခက်ခဲလှသည်။ သို့ဖြစ်ရာ အားလုံးမှာ အများကြားသိခွင့်ရသော ထိပ်သီးခေါင်းဆောင်သုံးဦး၏ မိန့်ခွန်းသုံးခုနှင့်သာ ခရီးအနီးအဝေးကို ချိန်ထိုးကြရသည်။ ပြဿနာများ ပြေလည်၊ မပြေလည်သည်ကို ယင်းမိန့်ခွန်းများ အကွာအဟနှင့် အကဲဖြတ်ကြရသည်။

အမှန်တကယ် ဆွေးနွေးပွဲစ၍ ထိပ်သီးသုံးဦး၏ မိန့်ခွန်းများကို ကြားလိုက်ရသောအခါတွင်မူ မျှော်လင့်သလောက်မဖြစ်ဟု အားမလို အားမရအသံများ ကြားလာရသည်။ နိုင်ငံရေးဝေဖန်သုံးသပ်သူများဆီက ဝေဖန်သံများလည်း ကျယ်ကျယ်လောင်လောင် ထွက်ပေါ်လာခဲ့သည်။ သူတို့က“ခွဲမထွက်ရ”နှင့်ပတ်သက်ပြီး ခေါင်းဆောင်သုံးဦး၏ သဘောထားအဟများကို ထောက်ပြကြသည်။ သဘောထားအဟများကို ယခုလို တွေ့ရသည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ကတော့ “ခွဲမထွက်ရ” ဆိုသော ကိစ္စမှာ ပြည်ထောင်စု၏ ပကတိတည်ရှိမှုကို လက်ခံထားလျှင် အထူးအဆန်း မဟုတ်ကြောင်း၊ ခွဲမထွက်ရေးကိစ္စ အရေးကြီးသလို ခွဲမထွက်ချင်တဲ့၊ ခွဲထွက်စရာမလိုတဲ့ ပြည်ထောင်စုကြီး တည်ဆောက်နိုင်ရေးက ပိုအရေးကြီးကြောင်းပြောသည်။ 

ကေအင်ယူဥက္ကဋ္ဌ စောမူတူးဆေးဖောကတော့ ဖက်ဒရယ်မူကို ရှာဖွေရာတွင် ခွဲထွက်ရေး၊ ခွဲမထွက်ရေးကို ဆက်စပ်ထားစရာမလိုဟု ပြောသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ခွဲမထွက်ရနှင့်ပတ်သက်၍ ယတိပြတ်ရှင်းလင်းစွာ ပြောသည်။

အသေအချာတွေးကြည့်ပါက ယခုကဲ့သို့ ခေါင်းဆောင်းသုံးဦး သဘောထားအဟများ ရှိနေသည်မှာလည်း ထူးဆန်းလှသည်တော့ မဟုတ်ပါ။ ဖြတ်သန်းခဲ့ရသော အတိတ်သမိုင်း၊ ခံယူထားသောဒဿနနှင့် စိုးရိမ်သောကတို့ တူညီမှုမရှိသည့်အတွက် ဖြစ်သည်။ ထိုသို့သော အခြေအနေမျိုး အောက်တွင် အထက်တွင် ဆိုခဲ့သလို ကောင်းခြင်းများရေတွက်နိုင်ခြင်းက အခရာကျလာသည်။ အထူးသဖြင့် ခေါင်းဆောင်များ၏ မိန့်ခွန်းများထဲမှ ငြိမ်းချမ်းရေးအတွက် လက်တွေ့အလုပ်ဖြစ်နိုင်သော ကောင်းကွက်များကို ရှာဖွေတူးဆွကြည့်ကြဖို့ လိုလာသည်။ အမှန်စစ်စစ်မူ ခေါင်းဆောင်သုံးဦး၏ မိန့်ခွန်းတို့ကိုသာမက ငြိမ်းချမ်းရေးဖြစ်စဉ်တစ်ခုလုံး၏ ကောင်းကွက်များကိုပါ ခြေရာခံဖော်ထုတ်ဖို့ အရေးကြီးပါသည်။ စစ်ပွဲဆိုသည်မှာ ဆိုးဝါးလှသော သင်္ကေတဖြစ်သည့်အတွက် အဆိုးများနှင့်သာ ပြည့်နှက်နေမည်မှာ အသေအချာပင်ဖြစ်သည်။ ကောင်းခြင်းဖြစ်စဉ်ကို ရှာဖွေရသည်မှာ လွယ်ကူမည် မဟုတ်ပါ။ သို့သော် လွယ်လင့်တကူ တွေ့မြင်နေရသော အဆိုးများကြားမှာပင် ကောင်းချီး၊ ကောင်းကျိုးများကို ခက်ခက်ခဲခဲ ရှာဖွေရတော့မည် ဖြစ်ပါသည်။

ဤတွင် ကောင်းခြင်း၊ ကောင်းကျိုးများကို ရေတွက်ရခြင်း အကြောင်းများ မြစ်ဖျားခံရာကို အနုစိတ်ဖော်ပြလိုသည်။ မြန်မာငြိမ်းချမ်းရေးအတွက် အဖြေဖြစ်လာနိုင်သည့် ကောင်းခြင်း၊ ကောင်းကျိုးများအား ရေတွက်ခြင်း ဝေါဟာရသည် မည်သည့်အရပ်မှ စီးဆင်းလာခဲ့ပါသနည်းကို စေ့ငုကြည့်ဖို့ လိုလာသည်။ ယင်းဝေါဟာရကို ထုတ်ဖော်ရေးသားခဲ့သူမှာ ထိုင်းနိုင်ငံ နေရှင်းသတင်းစာ၌ ပင်တိုင်ဆောင်းပါးများ ရေးသားနေသော အမျိုးသမီးတစ်ဦး ဖြစ်သည်။ သူက အမေရိကန်ဝတ္ထုရေးဆရာ အီဂျစ်ဟော့ ဖလာ၏စကားကို ကိုးကားသည်။ ဟော့ဖလာက အပေါင်း၊ အနုတ်၊ အမြှောက်၊ အစားရှိသော ဂဏန်းသင်္ချာတွင် တွက်ရအခက်ဆုံး ပုစ္ဆာတစ်ပုဒ်ရှိသည်။ ယင်းမှာ ကောင်းခြင်း၊ ကောင်းကျိုးများကို ရေတွက်ပြရသော အလုပ်ဖြစ်သည်ဟု ဆိုသည်။

လူ၏ သဘောသဘာဝကိုက မကောင်းသောအရာများကို မြင်လွယ်တတ်သည်။ ဖြစ်ရပ်တစ်ခုကိုဖြစ်စေ၊ အပြုအမူတစ်ခုကိုဖြစ်စေ၊ စကားတစ်ခွန်းကိုဖြစ်စေ ကြားရကြုံရလျှင် မကောင်းသောအရာများကိုသာ ဦးစွာ မြင်လေ့၊ တွေ့လေ့ရှိသည်။ မကောင်းသောအရာများကို ထောက်ပြဖို့ သိပ်မခက်။ ရှင်းခနဲ၊ လင်းခနဲ တန်းမြင်တတ်သည်။ လူ၏သဘာဝက ပါလာသော ဗီဇစိတ်သာ ဖြစ်ဟန်တူသည်။ သို့သော် ထိုအရာနှင့် ဆန့်ကျင်ဘက်ကိစ္စရပ်တိုင်း၌ ငုတ်နေတတ်သည့် ကောင်းခြင်းများကို ရေတွက်ဖို့ကား ခက်လှသည်။ အကောင်းကို မြင်အောင်ရှာဖွေခြင်းသည် လူ့ဗီဇ ဟုတ်ဟန်မတူပေ။ ခက်ခဲစွာ ရှာဖွေကြည့်မှ ကောင်းခြင်းတရားကို တွေ့ရတတ်သည်။ ဆိုရလျှင် မကောင်းသောအရာများကို မြင်လွယ်ခြင်းသည် လူ့သဘာဝဖြစ်ပြီး ကောင်းခြင်းတရားကို ရှာဖွေခြင်းသည် လူ့ သဘာဝကို ဆန်တက်ပြီး ကြိုးစားရသော သဘောရှိသည်။

ယခု ခေါင်းဆောင်သုံးဦး၏ မိန့်ခွန်းကို ထိုသဘောတရားပေါ် တင်ကြည့်လိုလျှင် အများသူငါ ဝေဖန်နေကြသည်မှာ ဘာမှ မထူးဆန်းတော့ပေ။ လူတို့၏ သဘောသဘာဝအရ မိန့်ခွန်းများထဲမှ အားနည်းချက်များကို တန်းခနဲ မြင်ကြလိမ့်မည်။ သို့သော် ပြဿနာပြေလည်ရေး ရှုထောင့်အထိုင်နှင့် ရွှေ့၍ကြည့်လိုပါက မိန့်ခွန်းများထဲက ကောင်းကွက်များကိုရွေး၍ ရှာဖွေရပါလိမ့်မည်။ တိုင်းပြည်အတွက်၊ ပြည်နယ်အတွက် ရရှိနိုင်သော အခွင့်အလမ်းများကို စူးစူးစိုက်စိုက် တူးဆွကြည့်ရပါလိမ့်မည်။

ပထမဦးစွာ ငြိမ်းချမ်းရေးခရီးတွင် အဓိကပလေယာတစ်ဦးအနေနှင့် ပါဝင်ပတ်သက်နေသော တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ မိန့်ခွန်းကို လေ့လာကြလိုပါသည်။ ထိုအခါတွင်လည်း အထက်တွင်ဆိုခဲ့သည့် အတွေးပုံစံနည်းလမ်းနှစ်ခုနှင့် ချဉ်းကပ်နိုင်ပါသည်။ နိုင်ငံရေးလေ့လာသုံးသပ်သူများ အပါအဝင် တော်တော်များများက တပ်ချုပ်မိန့်ခွန်းထဲမှ စိန်ခေါ်ချက်များကို ထောက်ပြ၍ ဝေဖန်ကြသည်သာ အတွေ့ရများနေသည်။ သူတို့ အဓိက ထောက်ပြကြသည့် အဓိကအချက်များမှာ ခွဲမထွက်ခွင့်နှင့် တပ်ချုပ်၏ ယတိပြတ်သဘောထား၊ ၂၀၀၈ အခြေခံဥပဒေအပေါ် ရပ်ခံမှုနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့အား ဝေဖန်မှုတို့တွင်ဖြစ်သည်။

သို့သော် တပ်ချုပ်မိန့်ခွန်းကိုပင် ကောင်းခြင်းများကို ရေတွက်ခြင်း သဘောတရားနှင့် ရှုမြင်ကြလျှင်မူ အခွင့်အလမ်းများစွာကို တွေ့မြင်နိုင်ပါသည်။ အထူးသဖြင့် ပြည်နယ်လွှတ်တော်မှ ပြည်နယ်ဝန်ကြီးချုပ် ခန့်အပ်ရေး၊ အခြေခံဥပဒေ၏ဇယားများကို ပြင်ဆင်ရန် စဉ်းစားသင့်သည်ဟူသော ပြောကြားချက်မှာ မနည်းလှသော အခွင့်အရေးများပင် ဖြစ်ပါသည်။ ထိုနည်းတူ နိုင်ငံတော်၏ အတိုင်ပင်ခံမိန့်ခွန်းနှင့် ကရင်တိုင်းရင်းသား ခေါင်းဆောင်၏ မိန့်ခွန်းများတွင်လည်း ကောင်းကျိုးများကို ရေတွက်ခြင်း သဘောတရားနှင့် အကဲဖြတ်ပါက ငြိမ်းချမ်းရေးအတွက် တန်ဖိုးကြီးလှသော အခွင့်အလမ်းများ များစွာပါရှိနေမည်မှာ သေချာလှပါသည်။

ထိုမျှမက အများဝေဖန်နေကြသလို ခေါင်းဆောင်သုံးဦး၏ မိန့်ခွန်းများကြား အကွာအဟများ ရှိနေသော်လည်း ကောင်းကွက်များကို ရှာဖွေခြင်းရှုထောင့်မှကြည့်လျှင် ဆုံချက်များ ရှိနေသည်ကို တွေ့ရပေလိမ့်မည်။အဆိုပါမိန့်ခွန်းများထဲမှ အစိုးရနှင့်တပ်မတော်ဘက်မှ ပြောကြားသွားသော မိန့်ခွန်းများထဲတွင် တိုင်းရင်းသားများအတွက် မနည်းလှသော အခွင့်အရေးများကို လှမ်းမြင်နေရပါသည်။ ဤသည်မှာလည်း အကြောင်းအချက်များ ရှိပါသည်။ အစိုးရနှင့်တပ်မတော် နှစ်ဖွဲ့စလုံးတွင်၂၀၂၀ ခုနှစ်၌ ငြိမ်းချမ်းရေး ရည်မှန်းချက်အချို့ တူညီနေသောကြောင့် ဖြစ်နိုင်သည်။

ချုပ်၍ဆိုရလျှင် မြန်မာငြိမ်းချမ်းရေးဖြစ်စဉ်တွင် NCA နှင့် စင်ပြိုင်နည်းလမ်းတစ်ခု ပေါ်ထွန်းမလာနိုင်ပေ။ ရှိလာမည်ဆိုပါကလည်း အားကောင်းမလာနိုင်ပေ။ ငြိမ်းချမ်းရေးဖြစ်စဉ်၏ အဓိက ပြဿနာမှာ စပိ Speed သာဖြစ်သည်။ ဒုတိယအချက်မှာ ငြိမ်းချမ်းရေး ဖြစ်စဉ်တစ်ခုလုံးအား အကဲခတ်ကြရာ၌ ကောင်းကျိုး၊ ကောင်းချီးများကို ရေတွက်ကြည့်ကြဖို့ လိုအပ်နေခြင်းပင်ဖြစ်သည်။

နိုင်စိုး


  • VIA