News

POST TYPE

OPINION

ငြိမ်းချမ်းရေးခရီး ယခုထက်ပိုနီးစေချင် (Vol-6/No-172)
29-Oct-2018
လတ်တလော ကျင်းပမည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲများ တက်ရောက် ပါဝင်မှုကို ကရင်အမျိုးသားအစည်းအရုံး (ကေအင်ယူ) က ယာယီရပ်ဆိုင်းထားကြောင်း ကြေညာချက်ထွက်ပေါ်လာခြင်းမှာ လိပ်ခဲတည်းလည်း မြန်မာ့ငြိမ်းချမ်းရေးခရီးအတွက် ကောင်းသည့် လက္ခဏာမဟုတ်ပေ။

အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာနအနေနှင့် ယင်းကြေညာချက်နှင့်ပတ်သက်ပြီး တစ်စုံတစ်ရာ တုံ့ပြန်ပြောဆိုခြင်းမျိုး၊ ထုတ်ပြန်ကြေညာခြင်းမျိုး မရှိသေးသည့်အတွက် အခြေအနေကို အဖြူ၊အမည်း ယတိပြတ်ပြောဆိုရန် ခက်ခဲသော်လည်း ယင်းသတင်းမှန်ကန်ပါက မြန်မာ့ငြိမ်းချမ်းရေး ရှေ့ခရီးအတွက် ရတက်မအေးစရာဖြစ်သည်။

ငြိမ်းချမ်းမှုတည်ဆောက်ရေးလုပ်ငန်းသည် အပြောလွယ်သလောက် အလုပ်ခက်လှသည့်အတွက် ယခုကဲ့သို့ ကိစ္စရပ်များအပေါ် ဘေးမှ ဝေဖန်ထောက်ပြခြင်းမှာ မမျှတသော်လည်း အပြုသဘောဆောင်သည့် ဝေဖန်ထောက်ပြမှုများ မရှိလျှင်လည်း သဘာဝမကျလှပေ။

နှစ်ပေါင်းခြောက်ဆယ်ခန့် ကြာမြင့်လာခဲ့သော ပြည်တွင်းစစ်ကို ရပ်စဲရန်၊ ယင်းနှစ်ပိုင်းအတွင်း တစ်ဖက်နှင့်တစ်ဖက်၊ တစ်ဖွဲ့နှင့်တစ်ဖွဲ့ အပြန်အလှန် နားလည်မှု၊ ယုံကြည်မှု၊ လေးစားမှု ပျက်ယွင်းလာခဲ့ခြင်းကို မည်သည့် အစိုးရမျှ နေ့ချင်းညချင်း အစစအရာရာ အဆင်ပြေချောမွေ့သွားရန် မစွမ်းဆောင်နိုင်ကြောင်း အများလက်ခံနားလည်ထားကြပြီးဖြစ်သည်။

အချိန် ၇ နှစ်ခန့် ကြိုးစားပန်းစား တည်ဆောက်လာခဲ့သောကြောင့် မည်သည့်အစိုးရ၊ တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းမဆို ပိုကောင်းသော အခြေအနေမျိုး မဖန်တီး၊ မစွမ်းဆောင်နိုင်လျှင်ပင် ယနေ့ရောက်ရှိနေသော အဆင့်တစ်ခုမှ နောက်ပြန်ဆုတ်သွားသော အခြေအနေမျိုး မဖြစ်သင့်ပေ။

စင်စစ်အားဖြင့် မြန်မာနိုင်ငံတွင် ဝါအရင့်ဆုံး၊ ယခင်က အင်အားအကြီးဆုံး တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ဖြစ်ခဲ့သည့် ကေအင်ယူသည် အစိုးရနှင့်ရော၊ တပ်မတော်နှင့်ပါ ပထမဦးဆုံး အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးခဲ့သည့်အပြင် ငြိမ်းချမ်းမှုတည်ဆောက်ရေး လုပ်ငန်းစဉ်တစ်ရပ်လုံးတွင် ရှေ့တန်းမှ ပါဝင်ခဲ့သည့် အဖွဲ့ဖြစ်သောကြောင့် လက်ရှိကြေညာချက်ကို ပေါ့ပေါ့တန်တန် သဘောထားရန် မသင့်ဘဲ သေချာစွာပြန်လည် ညှိနှိုင်းဆွေးနွေး၊ အဖြေရှာကြည့်ရန် လိုပေမည်။

အထူးသဖြင့် ငြိမ်းချမ်းရေးတွင် အခရာကျဆုံး လက်နက်ကိုင်ထားသူများ အချင်းချင်းအကြား ရှေ့တန်းစစ်မျက်နှာတွင်ရော၊ သီးခြားပိုင်းခြားသတ် မှတ်ပေးထားသော သက်ဆိုင်ရာ နယ်မြေဒေသများတွင်ပါ ထိပ်တိုက်မတွေ့စေရေး၊ အပြန်အလှန် စည်းကမ်းချိုးဖောက်မှု မရှိစေရေးကို အထူးအားဖြင့် ထိန်းသိမ်းသင့်လှသည်။

ထပ်မံအရေးကြီးသည်မှာ အစိုးရ၏ စီမံခန့်ခွဲမှုအောက်တွင် ရှိနေပြီး အစိုးရ၏ သဘောထားအမြင်ကို တိုက်ရိုက်ထင်ဟပ်နေသော အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာန၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ၊ ငြိမ်းချမ်ရေးဆွေးနွေးပွဲများကို ကမကထပြု စီစဉ်ကျင်းပခြင်းများ၊ အဓိက တာဝန်ရှိသက်ဆိုင်သူ အဖွဲ့အစည်းများအပေါ် ဆက်ဆံရေး၊ သဘောထားများက ဘက်မျှ၊ ချိန်ခွင်ရှာညီနေစေရေးဖြစ်သည်။ 

မည်သို့ပင်ဖြစ်စေ ငြိမ်းချမ်းမှုတည်ဆောက်ရေးလုပ်ငန်းသည် အစဉ်သဖြင့် အဆင်ပြေချောမွေ့နေရမည်ဟု မဆိုနိုင်သည့်အတွက် တစ်ခါတစ်ရံ နားလည်မှု လွဲချော်ခြင်းကြောင့် အဆင်မပြေမှုများရှိတတ်သဖြင့် လက်ရှိ ကေအင်ယူ ပြဿနာကိုလည်း မူလက အားလုံးညီ သတ်မှတ်ထားခဲ့သော မူဘောင်များနှင့် မသွေဖည်ဘဲ ရှေ့ခရီးကို ဆက်လက်ချီတက်နိုင်မည့် နည်းလမ်းကောင်းများ မကြာမီ ရှာဖွေတွေ့ရှိနိုင်မည်ဟု ယုံကြည်မျှော်လင့်အပ်ပေသည်။

 အယ်ဒီတာ (၂၈-၁၀ -၂၀၁၈)



  • VIA