News

POST TYPE

OPINION

မို့မို့မြင့်အောင်နဲ့ တွေ့ဆုံခြင်း
28-Oct-2018
“မို့ သူ့ကိုပစ်ပြီး နောက်အိမ်ထောင်ပြုဖို့လည်း ဘယ်တုံးကမှ မစဉ်းစားခဲ့ဘူး”

ဝါရင့်သရုပ်ဆောင်တစ်ဦးဖြစ်တဲ့ မို့မို့မြင့်အောင်နဲ့တွေ့ဆုံပြီး အိမ်ထောင်ရေးအကြောင်း၊ ခင်ပွန်းဖြစ်သူကို လေးစားအားကျရတဲ့အချက်တွေနဲ့၊ အနုပညာသက်တမ်းအတွင်း အမှတ်တရရှိခဲ့တဲ့ အသုံးအဆောင်ပစ္စည်းတွေအကြောင်းကို The Voice က မေးမြန်းဖော်ပြထားပါတယ်။ 

Voice : လက်ရှိမှာ အနုပညာရှင်တချို့ရဲ့ အိမ်ထောင်ရေးတွေ မတည်မြဲ ကြတာတွေရှိတယ်လေ။ မမို့ကတော့ ခင်ပွန်းဖြစ်သူကို ဒီနေ့အချိန်အထိ သစ္စာရှိရှိ ပေါင်းနိုင်တာက ဘာကြောင့်ဖြစ်မလဲ။
MMMA : မမို့ခင်ပွန်း ဦးမောင်မောင်ကျော် Accident ဖြစ်ခဲ့တယ်။ ပြီးတော့ ၈၈ အရေးအခင်း ဖြစ်လိုက်တယ်။ မမို့ခင်ပွန်းက နာလန်မထူနိုင်တော့ဘူးဆိုတော့ သူ့ပိုက်ဆံတွေကို ဘတ်သွားကြတယ်။ မမို့တို့စီးပွားရေးတွေ ပြိုလဲခဲ့တယ်။ ဘယ်လိုပဲ အခက်အခဲတွေ ကြုံလာပါစေ။ ကိုယ်ရွေးချယ်ခဲ့တဲ့ အိမ်ထောင်ဖက်အပေါ် လူသားဆန်ရမယ်ဆိုတဲ့ စိတ်မျိုးရှိတယ်။ မမို့တို့ပေါင်းပြီး ခြောက်လလောက်မှာ သူဒီလို ဖြစ်တာဆိုတော့ တချို့မိန်းမတွေဆို ထွက်ပြေးမှာပေါ့နော်။ မမို့ မပစ်ရက်ဘူး။ သူ့ကိုချစ်လို့ ယူခဲ့တာလေ။ ချစ်တာအပြင် သူ့ရဲ့အရည်အချင်းကိုလည်း မမို့လေးစားတယ်။ 

Voice : မမို့ခင်ပွန်းကို လေးစားရတဲ့ အချက်တွေဆိုရင်ရော ဘယ်အချက်တွေဖြစ်မလဲ။ 
MMMA : မို့အမျိုးသားက သိပ်ကို ယောကျာ်းပီသတဲ့ သူတစ်ယောက်ပါ။ မို့ပြောရင် လွန်တယ်ဖြစ်မယ်။ မို့အမျိုးသားကို ယှဉ်နိုင်တဲ့သူ ဘယ်သူမှမရှိဘူး။ သူကလည်း မို့အပေါ်ကို သစ္စာရှိစွာနဲ့နေပြတယ်။ အဲဒါကြောင့် ကိုယ့်ဘက်ကလည်း သူ့အပေါ်ပြန်ပြီး သစ္စာစောင့်သိရမယ်။ မို့သူ့ကို ပစ်ပြီး နောက်အိမ်ထောင်ပြုဖို့လည်း ဘယ်တုံးကမှ မစဉ်းစားခဲ့ဘူး။ သူများအိမ်ထောင်ကို ဖျက်ဆီးတဲ့သူလည်း ဘယ်တော့မှ အဖြစ်မခံဘူး။ ခုနစ်ရက် သား၊ သမီး ပရိသတ်တွေ ချစ်နေတဲ့သူတစ်ယောက်က သူတို့ မုန်းတာကို မခံနိုင်ဘူး။ အဲဒါကြောင့် မို့ခင်ပွန်းကို ယနေ့အထိသစ္စာရှိရှိနဲ့ ပေါင်းသင်းခဲ့တာပါ။

Voice : ကိုယ့်ရဲ့အိမ်ထောင်ရေး ကံကြမ္မာကိုရော ဘယ်လိုသုံးသပ်မိလဲ။
MMMA : ကံကြမ္မာဆိုတာကတော့ ဒီလိုပါပဲ။ အမြဲတမ်း အကောင်းချည်းပဲမရှိသလို၊ အဆိုးချည်းပဲလည်းမရှိပါဘူး။ ခြောက်လလောက် ပေါင်းပြီးတော့ မို့အမျိုးသားကို မပစ်ရက်ဘူး။ ပြောရရင် မို့တို့နှစ်ယောက်က အသက် ၂၁ နှစ်တောင် ကွာသေးတယ်နော်။ သူ့ကို ယနေ့အထိ ပေါင်းသင်းခဲ့တာက ချစ်တာလည်းပါတယ်။ ဘဝမှာ ဖြစ်ခဲ့ရတဲ့ အတွေ့အကြုံ တစ်ခုရှိခဲ့တယ်။ ငါအဲဒီလိုမျိုး နောက်ထပ်အဖြစ်မခံတော့ဘူး။ အိမ်ထောင် တစ်ခါကွဲတုန်းက နာခဲ့ရပြီးပြီ။ အဲဒီလို ရင်နာမှုမျိုးကို ကိုယ်လည်း အနာမခံနိုင်သလို၊ ကိုယ့်အမျိုးသားကိုလည်း မခံစေချင်ဘူး။ မို့ခင်ပွန်းက လမ်းမလျှောက်နိုင်တာတွေ၊ ဘာတွေ၊ ညာတွေက အဓိကမဟုတ်ပါဘူး။ လင်မယားနှစ်ယောက် ချစ်နေဖို့က အဓိကပါပဲ။

Voice : မမို့ရဲ့ အနုပညာသက်တမ်းတစ်လျှောက် အမှတ်တရရှိခဲ့တဲ့ ပစ္စည်းလေးတွေကို ပွဲလေးတစ်ခုလုပ်ပြီး ပြဖို့ရှိတယ်လို့လည်း ကြားတယ်။ အဲဒီအကြောင်းလည်း ပြောပြပေးပါဦး။
MMMA : မမို့အတွက်ရော၊ ပရိသတ်တွေအတွက်ပါ မှတ်မှတ်ရရရှိခဲ့တဲ့ ပစ္စည်းလေးတွေကို အကုန်သိမ်းထားတယ်။ တချို့နားကပ်တွေဆို ပြုတ်ကုန်လို့တောင် ပြန်တပ်ရဦးမယ်။ မိတ်ကပ်ဆန်နီ လက်ထက်ကတည်းက ထွင်လာခဲ့တဲ့ ဒီဇိုင်းတွေပေါ့နော်။ တချို့အင်္ကျီတွေဆို ဟောင်းတာဟောင်းနေပြီ။ ဘော်ကြယ်တွေဆို ပြုတ်တောင် ပြုတ်ကုန်ပြီ။ ပရိသတ်တွေ အသိအမှတ်ပြုခဲ့တဲ့ ပစ္စည်းတွေကို Record တစ်ခုအနေနဲ့ ပြပေးဖို့ မမို့ရဲ့ဒီဇိုင်နာ မိုးကုတ်ပေါက်ပေါက်က စီစဉ်ပေးနေတယ်။ အစီအစဉ်တွေ အားလုံးလုပ်ပြီးသွားရင်တော့ မို့ပရိသတ်တွေကို အသိပေးမှာပါ။

Voice : မမို့ခေတ်တုန်းက ရုပ်ရှင်တစ်ကားမှာ အင်္ကျီဘယ်နှစ်စုံလဲတယ် ဆိုတာကအစ ပရိသတ်တွေက မှတ်ထားတဲ့အထိ အောင်မြင်ခဲ့တာနော်။
MMMA : ပရိသတ်တွေကြားမှာ ပေါက်ခဲ့တဲ့ အင်္ကျီလေးတွေလည်း မမို့အကုန်သိမ်းထားတယ်။ ဒါက အကယ်ဒမီရတုန်းက ဝတ်တဲ့အင်္ကျီ၊ ဒါက ဘယ်ကားမှာတုံးက ပေါက်ခဲ့တဲ့ အင်္ကျီ၊ ဒါကတော့ ပြက္ခဒိန်မှာတုန်းက ပေါက်ခဲ့တဲ့ အင်္ကျီ၊ စသဖြင့် မမို့အကုန်သိမ်းထားတယ်။ မို့က တစ်တန်းအရွယ်တုန်းက မှုန်ရွှေရည်သီချင်းနဲ့ ကခဲ့တဲ့အင်္ကျီကအစ အကုန်သိမ်းထားတယ်။ မမို့က ငယ်ငယ်ကတည်းက အသက်ကြီးလာရင် ဒီပစ္စည်းလေးတွေကို ဃသူနခအငသည တစ်ခုအနေနဲ့ပြမယ်ဆိုတဲ့ စိတ်ကူး ရှိတယ်။ ပွင့်ပွင့်လင်းလင်းပြောရရင် မမို့ လင်နောက်လိုက်တုန်းက ဝတ်ခဲ့တဲ့ အင်္ကျီလေးကိုတောင် အမှတ်တရသိမ်းထားတယ်။ 

Voice : “မွန်းတည့်ချိန်တွင် နေဝင်သည်” ဇာတ်ကားနဲ့စခဲ့တဲ့ မို့မို့မြင့်အောင်နဲ့ လက်ရှိမို့မို့မြင့်အောင်က ဘာတွေပြောင်းလဲခဲ့ပြီလဲ။ ကိုယ့်ရဲ့ပထမဆုံး ရုပ်ရှင်ဇာတ်ကား ရိုက်ခဲ့တုန်းက အမှတ်တရကိုလည်း ပြောပြပေးပါဦး။
MMMA : အရင်တုန်းက မို့မို့မြင့်အောင်နဲ့ လက်ရှိမို့မို့မြင့်အောင်က ရုပ်ရည်ရဲ့ နုပျိုမှုသာကွာခြားမယ်။ အနုပညာကို ချစ်တဲ့စိတ်ကတော့ ဘယ်တော့မှ မပြောင်းလဲပါဘူး။ “မွန်းတည့်ချိန်တွင် နေဝင်သည်” ဇာတ်ကားနဲ့စပြီး ပရိသတ်တွေရဲ့အသိအမှတ်ပြု အားပေးမှုကိုရခဲ့တယ်။ ဒါကလည်း မမို့ရဲ့ဆရာ ဦးကျော်ဟိန်းရဲ့ ကျေးဇူးကြောင့်ပါ။ သူ့ရဲ့ သင်ကြားပေးမှုကြောင့် ကာရိုက်တာနဲ့ လိုက်ဖက်သွားတာပေါ့နော်။ အက်တင်ပိုင်းကို ကြည့်ရင်တော့ အရမ်းညံ့ပါသေးတယ်။ အဲဒီကားရိုက်တုန်းက မို့ရဲ့ဆရာ ဦးကျော်ဟိန်း ဆူတာကို ခဏခဏခံခဲ့ရတယ်။ အဲဒီ ကားထဲမှာပါတဲ့ အဝတ်လှန်းတဲ့အခန်းလေးရိုက်တာကို ဖလင်ဘူးသေး တစ်ဘူးတောင် ကုန်တယ်။ ဦးကျော်က သူလိုချင်တဲ့ ပုံစံအတိုင်း မရရအောင်သင်ပြီး ရိုက်ခဲ့တာပါ။  

သန့်ဇင်ဦး






  • VIA