News

POST TYPE

OPINION

မှားလည်းခံ မှန်လည်းခံ သည်းခံ
28-Oct-2018


သို့

ဦးကြီးနဲ့တကွ အညာကဆွေမျိုးများခင်ဗျာ။

ပွင့်လင်းရာသီရောက်ပြီဖြစ်လို့ ရန်ကုန်ကို အလည်အပတ်ခရီးထွက်လာချင်တယ်။ ရန်ကုန်နဲ့ အနီးဝန်းကျင်က ဘုရားတွေဖူးချင်တယ်ဆိုတဲ့ ဦးကြီးတို့ထံကစာကို လက်ခံရရှိချိန်မှာပဲ ဒီစာကိုရေးလိုက်ပါတယ်။

ဦးကြီးက ဘုရား၊ တရား၊ သံဃာရတနာသုံးပါးအပေါ် ယုံကြည်သက်ဝင်သူတစ်ယောက်ဆိုတာ တစ်ဆွေလုံးတစ်မျိုးလုံးအသိပါ။ ဒီလိုပဲ ဘုရား၊ စေတီ၊ ပုထိုးတွေနဲ့ပတ်သက်ပြီး ရောက်ရာအရပ်မှာ လှည့်လည်ကြည်ညိုဖူးမြော်လိုက်ရမှ နေသာထိုင်သာရှိတဲ့ ဦးကြီးအကြောင်းကိုလည်း တူတော်မောင်ကောင်းကောင်းသိထားပြီး ဖြစ်ပါတယ်။ ရန်ကုန်မှာကတော့ ဦးကြီးဖူးမြော်ရမယ့် ဘုရား၊ စေတီများစွာရှိပါတယ်။ တန်ခိုးကြီး၊ အထင်ကရ၊ သမိုင်းဝင်စတဲ့ဘုရား၊ စေတီများစွာ နေရာစုံမှာရှိပါတယ်။

ရန်ကုန်ရွှေမြို့တော်ကြီးရောက်ခိုက် ဦးကြီးတည်းမယ့် တူမောင်တို့နေတဲ့ ဗဟန်းမြို့နယ်ထဲမှာတင် မြန်မာကျော်၊ ကမ္ဘာကျော်၊ သမိုင်းဝင် အထင်ကရစေတီတော်ကြီးဖြစ်တဲ့ လေးဆူဓာတ်ပုံရွှေတိဂုံစေတီတော်ကြီး ရှိပါတယ်။ အဲဒီစေတီတော်ကြီးရဲ့ ကြာမှောက်၊ ကြာလန်ဧရိယာနားတစ်ဝိုက်က ရွှေပြားတွေ သတ်မှတ်ကာလမတိုင်မီ အရောင်မှိန်လာတာနဲ့ပတ်သက်ပြီး ပြီးခဲ့တဲ့ရက်ပိုင်းကပဲ အများပြည်သူကြား ဟိုးလေးတကျော်တောင် ဖြစ်ခဲ့ရပါသေးတယ်။

ဒီလိုပဲ တခြားသောမြို့နယ်တွေမှာလည်း ဦးကြီးတို့ ဖူးမြော်နိုင်မယ့် တန်ခိုးကြီး၊ နာမည်ကြီးဘုရား၊ စေတီများစွာရှိပါတယ်။ ဆူးလေစေတီ၊ ဗိုလ်တထောင် ကျိုက်ဒေးအပ်ဆံတော်ရှင်စေတီ၊ ရွှေဘုန်းပွင့်၊ ငါးထပ်ကြီး၊ ခြောက်ထပ်ကြီး၊ မယ်လမု၊ စွယ်တော်၊ ကျောက်တော်ကြီး စတဲ့ဘုရား၊ စေတီတွေလည်းနေရာစုံမှာရှိပါတယ် ဦးကြီးရေ။ အဲဒီနေရာစုံကိုလည်း အရောက်ဖူးမြော်ခွင့်ကြုံဖို့ တူမောင်စီမံဆောင်ရွက်ပေးပါမယ်။

အဲ... ဒီနေရာမှာ ဦးကြီးတို့ကို အဓိကထားမေတ္တာရပ်ခံချင်တာတစ်ခုပဲ ရှိပါတယ်။ အဲဒါက ဦးကြီး ဖူးမြော်ကြည်ညိုချင်တဲ့ ဘုရား၊ စေတီ၊ ပုထိုးများအပြင် ဒီရန်ကုန်မှာ ဦးကြီးတို့ မဖြစ်မနေကြည်ညိုပေးရမယ့် အရာများလည်း ရှိနေသေးတယ်ဆိုတာ ဦးစွာအသိပေးလိုပါတယ်။ ဘုရား၊ တရား၊ သံဃာ စတဲ့ရတနာသုံးပါးကို ကြည်ညိုသလို ဒီရန်ကုန်မှာ မဖြစ်မနေကြည်ညိုဖို့ လိုအပ်သူတွေရှိပါတယ်။ သူတို့ကို ကြည်ညိုတတ်မှသာ ရန်ကုန်ကိုလာပါလို့ ဦးကြီးတို့ကို အထူးမှာကြားလိုတာပါပဲ။

ဦးကြီးရေ။ 

ဦးကြီးတို့ ရန်ကုန်နယ်မြေကို စတင်ဝင်ရောက်မိပြီဆိုရင်ဖြင့် လမ်းပေါ်မှာ ယာဉ်ကြောကျပ်တည်းမှု၊ အလုအယက်မောင်းနှင်မှု၊ စည်းမဲ့ကမ်းမဲ့မောင်းနှင်မှုတို့နဲ့ မလွဲမသွေကြုံတွေ့ရပါလိမ့်မယ်။ ဒီအတွက် ခန္တီတရားလက်ကိုင်ထားဖို့ပဲ မှာချင်ပါတယ်။ သည်းခံနိုင် စွမ်းအားအမြင့်ဆုံးကို ပို့ထားပေးဖို့လိုပါမယ်။ ဒီလိုကြုံတွေ့လာရမယ့် ကိစ္စရပ်တွေအပေါ် အစိုးရရဲ့ စီမံခန့်ခွဲမှုညံ့ဖျင်းလို့ ဒီလိုဖြစ်နေရတာပါဆိုတာမျိုး တစ်လုံးတလေမှ ဦးကြီးတို့ နှုတ်ကထွက်မသွားမိအောင် စောင့်ထိန်းရပါလိမ့်မယ်။ သို့မဟုတ်ပါက ဦးကြီးတို့ထိုက်နဲ့ ဦးကြီးတို့ကံလို့သာ ဆိုရပါလိမ့်မယ်။

ပြီးခဲ့တဲ့ရက်ပိုင်းကပဲ သတင်းတွေ ဦးကြီးတို့ ကြားပါလိမ့်မယ်။ သတင်းဆောင်းပါးတစ်ပုဒ်ရေးသားပြီး အစိုးရကို ဝေဖန်ထောက်ပြခဲ့သမို့ Weekly Eleven က သတင်းသမားသုံးဦးကို နိုင်ငံတော်အကြည်ညိုပျက်စေမှုပုဒ်မနဲ့ ရန်ကုန်တိုင်းအစိုးရက အမှုဖွင့်ခဲ့လို့ အချုပ်ထဲ နှစ်ပတ်ကျော်နေခဲ့ပြီးမှ ငွေအသပြာ သိန်းတစ်ရာနဲ့ အာမခံရလို မနေ့ကမှ အပြင်လောကကို ပြန်ရောက်လာကြတာပါ။ 

ဒီလို နိုင်ငံတော်အကြည်ညိုပျက်စေမှုပုဒ်မကြီး တပ်လိုက်ပြီဆိုတာနဲ့ အတိုင်ခံရသူတွေဟာ မှားတာမှန်တာ တရားရုံးရောက်မှရှင်း အရင်ဆုံး ကျောင်းတော်ကြီးလို့ သတင်းကြီးတဲ့ အင်းစိန်ထောင်ကို အချုပ်သားအဖြစ်နဲ့ရောက်မှာပါ။ အဲဒီတော့ ကြည်ညိုဖို့လိုအပ်သူတွေကို ကျွန်တော်တို့ မဖြစ်မနေ ကြည်ညိုရပါလိမ့်မယ်။ အကြည်ညိုပျက်စေမှာတွေ ရှောင်ရှားကြရပါလိမ့်မယ်။ သို့မဟုတ်ပါက မှားလည်းခံ၊ မှန်လည်းခံလမ်းကို ရွေးရဖို့ရှိပါတယ်။

ဦးကြီးတို့ရေ။ ရန်ကုန်မြို့နဲ့ အနီးဝန်းကျင်ကို သွားရင်းလာရင်း ဦးကြီးတို့ ထပ်တွေ့ရမှာက မိုးလုံလေလုံမဟုတ်တဲ့ မိုးထဲလေထဲမှာ အစီအရီရပ်ထားတဲ့ ကားဝါဝါတွေဖြစ်ပါတယ်။ အဲဒါကိုတွေ့ရင်လည်း နှုတ်စောင့်ထိန်းဖို့ပါ။ နှမြောတတ်တဲ့စိတ်အခံရှိတဲ့ ဦးကြီးအတွက် အဲဒီမြင်ကွင်းဟာ ရင်ထုမနာဖြစ်ရပါလိမ့်မယ်။ သို့ပေတဲ့ တူမောင်မှာကြားစကားအတိုင်း အစိုးရမင်းများကို မဝေဖန်မိစေဖို့ မေတ္တာရပ်ခံရပါတယ်။ 

နောက်တစ်ခုကတော့ ဦးကြီးတို့ကို ဘုရားလည်းဖူး လိပ်ဥလည်းတူးဆိုသလိုဖြစ်အောင် ရန်ကုန်မြို့တွင်း ဘုရား၊ စေတီတွေ ဖူးမြော်ကြည်ညိုဖို့ လိုက်လံပို့ဆောင်ပေးပြီး အပြန်ကျရင် ရုပ်ရှင်ကားကောင်းတွေ ပြသပေးဖို့လည်း တူမောင်စီစဉ်ထားပါတယ်။ ဒီနေရာမှာလည်း သတိပြုရမှာက ရှိနေပြန်ပါတယ်။ ဒီလ ၃ ရက် နေ့တုန်းက လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက ရန်ကုန်တိုင်းလွှတ်တော်မှာ မေးခွန်းထုတ်ခဲ့ပါတယ်။ ရုပ်ရှင်ရုံတွေမှာ နိုင်ငံတော်အလံကို အလေးမပြု၊ ဂရုမစိုက် ပြုလုပ်သူတွေကို အစိုးရက ဘယ်လိုစီမံဆောင်ရွက်မလဲ ဆိုတဲ့မေးခွန်းပါ။

ဒီအပေါ် တိုင်းအစိုးရက ဖြေကြားရာမှာ နိုင်ငံတော်အလံကို မလေးမစားလုပ်ရင် ထောင်ဒဏ်အထိ ပြစ်ဒဏ်ကျခံရနိုင်တယ်လို့ ဆိုခဲ့ပါတယ်။ ဒီတော့ ဦးကြီးတို့ကို ရုပ်ရှင်လိုက်ပြတဲ့အခါ နိုင်ငံတော်အလံထွက်အလာကို မျက်ခြည်မပြတ်စောင့်ကြည့်နေပေးပါ။ နိုင်ငံတော်အလံ ထွက်ပေါ်လာပြီဆိုတာနဲ့ အချိန်မဆိုင်း မတ်တတ်ရပ်အလေးပြုပေးဖို့ လိုမှာဖြစ်ပါတယ်။ မဟုတ်ရင် အညာက ဦးကြီးတို့ ရန်ကုန်အင်းစိန်အနံ့တွေ လတ်လတ်ဆတ်ဆတ် ရသွားစေနိုင်တာမို့ ပြောဆိုရခြင်းဖြစ်ပါတယ်။

ဒီနေရာမှာ အထူးအလေးအနက်ထားမှာချင်တာတစ်ခုလည်း ကျန်ရှိပါသေးတယ်။ အဲဒါက ဒီရက်ထဲမှာ ရန်ကုန်တိုင်းစာရင်းစစ်ချုပ်ရဲ့ အစီရင်ခံစာနဲ့ပတ်သက်ပြီး ရန်ကုန်လူထုက စိတ်ဝင်တစားပြောဆို ဆွေးနွေးနေကြတဲ့ကာလ ဖြစ်ပါတယ်။ 

အဲဒီအစီရင်ခံစာနဲ့ပတ်သက်ပြီး ရန်ကုန်တိုင်းအစိုးရအပေါ် လွှတ်တော်တွင်းကနေ ပြင်းပြင်းထန်ထန် ထောက်ပြပြောဆိုထားချက်များလည်း ရှိနေပါတယ်။ လွှတ်တော်ကို အသိမပေးဘဲ ချေးယူခဲ့တဲ့ဘဏ်ချေး ငွေကိစ္စ၊ ပလတ်စတစ်ထိုင်ခုံတစ်လုံး ကျပ်ခုနစ်သောင်းနဲ့ တွက်ချက်ထားတဲ့ကိစ္စ၊ တိုင်းအစိုးရ ရင်းနှီးမြှုပ်နှံထားတဲ့ ဘတ်စ်ကားတွေ အရှုံးပေါ်နေတဲ့ကိစ္စ၊ မြို့သစ်စီမံကိန်းကိစ္စ၊ နိုင်ငံပိုင်မြေနဲ့အဆောက်အအုံတွေ ငှားရမ်းခ နည်းနေတဲ့ကိစ္စ စတဲ့ကိစ္စရပ်တွေပါဝင်ပြီး ဒီကိစ္စတွေအပေါ် ဦးကြီးရဲ့ အမူအကျင့်အတိုင်း စပ်စပ်စုစုလုပ်ပြီး ထောက်ပြဝေဖန်တာမျိုးကို မလုပ်မိဖို့ အထူးမေတ္တာရပ်ခံပါတယ် ဦးကြီးရေ။

တူမောင်ဟာ နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅(ခ) ဆိုတာကြီး ရာဇသတ်ကြီးထဲမှာ တည်ရှိနေသမျှကာလပတ်လုံး မည်သူတစ်ဦးတစ်ယောက်ရဲ့ သွေးထိုးလှုံ့ဆော်မှုမှမပါဘဲ နိုင်ငံတော်ကို အစဉ်ကြည်ညိုနေမယ့် လူသားတစ်ယောက်ဖြစ်တယ်ဆိုတာ ဒီနေရာကနေ အတိအလင်းကြေညာပါတယ်။

ဒီအတွက် ရန်ကုန်မှာ ယာဉ်ကြောတွေ ကျပ်တည်းနေတာကိုလည်း မျက်မြင်တွေ့နေရပေမယ့် မဝေဖန်ပါဘူး။ ရန်ကုန်မှာ ရေမလျှံဖို့ ဘဏ္ဍာငွေများစွာ အသုံးပြုနေပေမယ့် မိုးရာသီရောက်တိုင်း ရေကြီးရေလျှံနေတာကိုလည်း တူမောင်မဝေဖန်ပါဘူး။ လျှပ်စစ်မီးပြတ်တာ သတင်းလုပ်မရေးတော့တဲ့ ဒီကနေ့ကာလ ရန်ကုန်မှာလျှပ်စစ်မီးပြတ်တောက်ရတဲ့အကြောင်းကိုလည်း တူမောင်မဝေဖန်ပါဘူး။ ရန်ကုန်မှာ သုံးရက်နဲ့ အောင်မြင်အောင် အကောင်အထည်ဖော်နိုင်ခဲ့တယ်လို့ ဝန်ကြီးချုပ်ပြောခဲ့တဲ့ ဝိုင်ဘီအက်စ်ယာဉ်လိုင်းတွေရဲ့ ဒီကနေ့အခြေအနေအရပ်ရပ်အကြောင်း၊ Water Bus တွေအကြောင်း၊ ငွေကျပ်သန်းပေါင်းများစွာ သုံးစွဲခဲ့ရတဲ့ ညဈေးတန်းတွေအကြောင်းကိုလည်း မဝေဖန်ပါဘူး။ ရန်ကုန်မှာ တစ်နေ့ထက်တစ်နေ့ ထူပြောလာနေတဲ့ ဒုစရိုက်မှုတွေနဲ့ပတ်သက်ပြီး ထိန်းချုပ်စီမံနေမှုအပိုင်းကိုလည်း မဝေဖန်ရဲပါဘူး။ ဒီလိုပဲ မောင်ဂျေမဝေဖန်ရဲတဲ့ အကြောင်းအရာများစွာ ဒီရန်ကုန်ထဲမှာ ရှိနေပါသေးတယ် ဦးကြီးရေ။

ဆိုလိုချင်တာက ဦးကြီးတို့လည်း ရန်ကုန်ကိုလာမယ်ဆို တူမောင့်နည်းနာနဲ့ တူမောင့်လမ်းစဉ်ကို လိုက်ဖို့လိုပါတယ်။ နိုင်ငံတော်ကို အရင်ဆုံးကြည်ညိုရင်းစွဲရှိထားဖို့လိုမှာ ဖြစ်ပါတယ်။ ရန်ကုန်ကို ဦးကြီးတို့လာမယ်ဆိုရင် မှတ်ထားရမှာက ပထမဦးစားပေး ဘာတွေ့တွေ့ ကြည်ညိုပါ။ ဒုတိယဦးစားပေး ဘာတွေ့တွေ့ကြည်ညိုပါ။ တတိယဦးစားပေး ဘာတွေ့တွေ့ ကြည်ညိုပါဆိုတာပါပဲ။ ဒါမှလည်း ဦးကြီးတို့ရော၊ ကျွန်တော်မျိုး တူမောင့်အတွက်ပါ ငါးပိကြော်ရနံ့ကင်းကင်းနဲ့ ဒီရန်ကုန်မှာ နေထိုင်နိုင်မှာဖြစ်ပါတယ်။

အခု တူမောင်မှာကြားတာတွေကို လိုက်နာမယ်လို့ ကတိပြုနိုင်မှသာ ဦးကြီးတို့ အလည်အပတ်လာဖို့ ကျွန်တော့်ဘက်က သဘောတူပေးပါမယ်။ အဲ့လိုမှမဟုတ်ရင်တော့ ဦးကြီးတို့ရဲ့ ရန်ကုန်တိုင်းအတွင်းဝင်ခွင့်ကို တူမောင်ကျွန်တော်မျိုးဘက်က ဗီဒိုအာဏာသုံးပြီး ပိတ်ပင်တားဆီးရပါလိမ့်မယ်။

ဦးကြီးရေ။ စာလည်းရှည်သွားပြီဆိုတော့ နိဂုံးချုပ်ပါတော့မယ်။ နိဂုံးချုပ်အပိုင်းမှာတော့ တူမောင်အရမ်းကြိုက်မိ၊ ရင်ထဲထိမိပြီး အမြဲအာဂုဏ်ဆောင်ထားတဲ့ အဆိုတော်ကျားပေါက်ရဲ့ “သည်းခံ” သီချင်းထဲ ကစာသားတချို့ကို ဦးကြီးတို့အတွက် လက်ဆောင်အဖြစ် ထည့်သွင်းရေးသားပေးလိုက်ပါတယ်။ ရန်ကုန်လာရင် ဦးကြီးရွတ်ဆိုလို့ရအောင်ပါ။

“မှားရင်ခံ...မှန်လည်း...ခံလက်စနဲ့ခံ...

သည်းခံ...

ကိုယ့်ကိုယ်ပေါ်သာအပြစ်ပုံချလို့

သည်းခံ...သည်းခံ...

ဒီနေရာမှာလူဖြစ်လာတော့ ကိုယ့်ရဲ့ကံ

သည်းခံ...

မှားရင်ခံ...မှန်လည်း...ခံလက်စနဲ့ခံ

သည်းခံ...သည်းခံ” 

ဦးကြီးနဲ့ အညာကဆွေမျိုးများ ကျန်းမာချမ်းသာရှိကြပါစေ...။

တူမောင်

မောင်ဂျေ