News

POST TYPE

OPINION

ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်က နှစ်၃၀ အတွင်း သစ္စာရှိသူ၊ အနစ်နာခံသူ ၄၃ ဦးကို ဆုချီးမြှင့်
26-Oct-2018
ရန်ကုန်၊ အောက်တိုဘာ ၂၅

ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် (SNLD) စတည်ထောင်စဉ်က ပါတီတွင် တက်တက်ကြွကြွပါဝင်သူများ၊ ပါတီခေါင်းဆောင်ပိုင်းတွင် သစ္စာရှိမှု၊ အနစ်နာခံသူများ ၄၃ ဦးကို ဂုဏ်ပြုဆုပေးခဲ့ကြောင်း ပါတီအထွေထွေအတွင်းရေးမှူး ဦးစိုင်းညွှန့်လွင်က ပြောကြားသည်။

“ပါတီမှာ နှစ် ၃၀ လုံး တောက်လျှောက်အလုပ်လုပ်ကြတယ်။ တချို့ဆို ပါတီရုံးခန်းကို အလကားပေးထားတယ်။ ပါတီထဲ အနစ်နာခံလုပ်ကြသူတွေလည်း ပါတယ်။ ခေါင်းဆောင်ပိုင်းလုပ်တဲ့သူတွေ၊ ဒုခေါင်းဆောင်တွေကို ပေးတာပါ”ဟု ၎င်းက ဆိုသည်။

ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်တည်ထောင်ခြင်း နှစ်သုံးဆယ် ပြည့်အခမ်းအနားကို တောင်ကြီးမြို့ ရှမ်းစာပေနှင့်ယဉ်ကျေးမှုခန်းမ၌ အောက်တိုဘာလ ၂၅ ရက်နှင့်၂၆ ရက်များတွင် ကျင်းပသွားမည်ဖြစ်သည်။

အခမ်းအနားတွင် အဖွင့်အမှာစကားကို အဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးခွန်ထွန်းဦးက ပြောကြားခဲ့ပြီး ပါတီအပေါ် စွန့်လွှတ်သစ္စာရှိသူ၊ အနစ်နာခံသူ ၄၃ ဦးကို အထူးဆုတံဆိပ်၊ သူရဲကောင်းဆုတံဆိပ်နှင့်သစ္စာရှင်ဆု တံဆိပ်တို့ဖြင့် ဂုဏ်ပြုခဲ့သည်။

ဂုဏ်ပြုဆုတံဆိပ်ကို ပါတီအမှတ်အသားဖြစ်သည့် ထောင့်ရှစ်ခုပါငွေဖြင့် ပြုလုပ်ထားသည့် ကျားခေါင်းတံဆိပ်ကို ဆုချီးမြှင့်ခဲ့ကြောင်း သူရဲကောင်းဆုရရှိသူ ပါတီဌာနချုပ်၏ ရုံးအဖွဲ့မှူး ဦးရွှေခြူးက ပြောကြားသည်။

“ပါတီ နှစ် ၃၀ ပြည့်အခမ်းအနားမှာ ဒါက ပထမဆုံးပေးတာပါ။ ဆုသုံးဆုလုံး ငွေနဲ့လုပ်ထားတဲ့ ပါတီအမှတ်အသား ကျားခေါင်းပါ၊ သူရဲကောင်းဆုကတော့ ငွေကို ရွှေရည်စိမ်ထားတာပါ။ ဒါပါတီရဲ့ အမှတ်တရ အသိအမှတ်ပြုတာပါ”ဟု ၎င်းက ဆိုသည်။

ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် ၂၅ နှစ်ပြည့်အခမ်းအနားကို လားရှိုးမြို့၌ ကျင်းပခဲ့သည်။

SNLD ပါတီတွင် ပါတီဝင်အင်အား ငါးသောင်းကျော်ရှိသည်။ 

J-18


  • VIA