News

POST TYPE

OPINION

စက်သုံးဆီ ရှော့ခ်
10-Oct-2018
ဒေါ်လာဈေး ရုတ်တရက် ထိုးတက်သွားရခြင်း၏ အကျိုးဆက်အဖြစ် အခြင်းအရာနှစ်ရပ်ကို ထင်ထင်ရှားရှား မြင်လာရသည်။ စားနပ်ရိက္ခာဈေးနှုန်းများ မြင့်တက်လာခြင်းနှင့် စက်သုံးဆီဈေးနှုန်းများ မြင့်တက်လာခြင်းဖြစ်သည်။

နိုင်ငံတကာရေးရာ လေ့လာသုံးသပ်သူများက နိုင်ငံတစ်နိုင်ငံ၌ အထက်ပါ အခြင်းအရာနှစ်ရပ် ကြုံလာရပြီဆိုလျှင် အလွန်အင်မတန် ထိတ်လန့်ဖွယ်ကောင်း၍ သတိကြီးကြီးလည်းထားကြဖို့ အကြံပေးသည်။ အဘယ်ကြောင့်ဆိုသော် ယင်းအခြင်းအရာနှစ်ရပ်သည် နိုင်ငံတို့၌ အပြောင်းအလဲကြီးကြီးမားမားဖြစ်လာရန်အတွက် ဓာတ်ကူပစ္စည်းအဖြစ် လှုံ့ဆော်ပေးတတ်သောကြောင့် ဖြစ်သည်။ ထို့ကြောင့် ယင်းအခြင်းအရာတို့ ပေါ်လာသည်နှင့်တစ်ပြိုင်နက် ဖြေရှင်းရန် အချိန်မဆိုင်းဘဲ ကြိုးစားကြပါဟု တိုက်တွန်းထားကြသည်။

အချို့သော ပညာရှင်တို့ကမူ ယင်းအခြင်းအရာနှစ်ရပ်ကို ရှော့ခ်ဟူသောစကားလုံးနှင့် ခိုင်းနှိုင်းသုံးစွဲကြသည်။ ရှော့ခ်တွင်မှ ခပ်သေးသေး၊ ခပ်တိမ်တိမ် အမျိုးအစားမဟုတ်။ အကြီးစားရှော့ခ်နှင့်တူသည်။ ဆူပါရှော့ခ်ဟူ၍ပင် တင်စားကြသည်။

တစ်ဆက်တည်းဆိုသလို ရှော့ခ်တို့၏ သဘောသဘာဝမှာ မမျှော်လင့်သောအချိန်တွင် ပေါ်လာတတ်သည်။ ပေါ်လာသည်နှင့် ဆက်တိုက်ဆိုသလို ဖြစ်ရပ်ကြီးကြီးတွေကို မွေးထုတ်ပေးတတ်သည်။ သက်ရောက်မှုခပ်ပြင်းပြင်းတွေကိုလည်း ဖြစ်စေတတ်သည်။ ထို့ကြောင့် နိုင်ငံတစ်နိုင်ငံ၏ ခေါင်းဆောင်များအဖို့ ဆူပါရှော့ခ်တို့ကို အထူးသတိပြုပါဟု သတိပေးကြသည်။

ယခု ဒီမိုကရေစီ အသွင်ကူးပြောင်းနေသော မြန်မာတွင်လည်း အထက်ပါနှစ်ခု ပေါ်လေပြီ။ ဒေါ်လာနှင့် ငွေလဲလှယ်နှုန်းကို အခြေပြု၍ ပေါ်ထွန်းလာခဲ့ခြင်းဖြစ်သည်။ လတ်တလောကာလ၌ ဒေါ်လာဈေး အနည်းငယ်အေးသွားသည့်တိုင် စားနပ်ရိက္ခာနှင့် ဆေးဝါးဈေးနှုန်းများ တင်းမာနေဆဲဖြစ်သလို လောင်စာဆီဈေးမှာလည်း ကျရိပ်စိုးစဉ်းမျှမသန်းသေးပေ။ ဤအနေအထားတွင် စားသုံးသူများဘက်မှ ဝေဖန်သံများ ဆူညံစွာ ထွက်ပေါ်လာသည်။ အထူးသဖြင့် လောင်စာဆီဈေးနှုန်းနှင့်ပတ်သက်၍ ဖြစ်သည်။ ဝေဖန်ကြသည်မှာ ဒေါ်လာဈေးတက်စဉ်က စက်သုံးဆီဈေးသည် တစ်ပါတည်း တက်ရိပ်ပြခဲ့သည်။ ယခု ဒေါ်လာဈေး အနည်းငယ်အေးသွားချိန်၌လည်း စက်သုံးဆီဈေးသည် ဒေါ်လာဈေးနှင့်အတူ နိမ့်ဆင်းသွားခြင်းမရှိဟု ထောက်ပြကြသည်။ အချို့သောပြည်သူများက ထိုသို့လောင်စာဆီဈေးများ ကျဆင်းခြင်းမရှိရခြင်းသည် စက်သုံးဆီရောင်းချဖြန့်ဖြူးသူများ၏ လောဘကြောင့်ဟု စွပ်စွဲကြသည်။ တစ်ပါတည်းဆိုသလို နိုင်ငံခြားစက်သုံးဆီဆိုင်များ ဖွင့်လှစ်ခွင့်ပေးသင့်သည်ဟု တောင်းဆိုသူများလည်း ရှိလာသည်။

ထိုစွပ်စွဲချက်များကို စက်သုံးဆီလုပ်ငန်းရှင်များဘက်မှလည်း ချေပကြသည်။ သူတို့လုပ်ငန်းသဘာဝ၏ အခက်အခဲများကို အများသိအောင် လူမှုကွန်ရက်၌ ရေးသားတင်ပြကြသည်။ ထို့အပြင် နိုင်ငံခြားစက်သုံးဆီဆိုင်များ လာရောက်ဖွင့်လှစ်ခြင်းမရှိသေးခြင်းသည် ပိတ်ပင်ထား၍မဟုတ်။ အမြတ်အစွန်းနှင့် လုပ်ထုံးလုပ်နည်များ ရှုပ်ထွေးလွန်း၍ မလာခြင်းဖြစ်သည်ဟု ပြန်လည်ထောက်ပြကြသည်။

ထိုသို့ အပြန်အလှန် စွပ်စွဲနေချိန်တွင်မှ စက်သုံးဆီအရေးနှင့် ပတ်သက်ပြီး အစိုးရဘက်မှ သတင်းထုတ်ပြန်မှုကို မီဒီယာများမှတစ်ဆင့် ကြားလိုက်ရသည်။ နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက စက်သုံးဆီဈေးနှုန်းကြီးမြင့်နေမှုကို အစိုးရမှ ဝင်ရောက်ဖြေရှင်းဖို့ လုပ်ဆောင်နေသည်ဟု ပြောသွားကြောင်း သိလိုက်ရသည်။

ဤတွင် အစိုးရ၏ စက်သုံးဆီကိစ္စအပေါ် ဝင်ရောက်လာမှုသည် အနည်းငယ် နောက်ကျနေသည်။ ဒီထက် ခပ်မြန်မြန် အချိန်စော၍ ဝင်ရောက်သင့်သည်ဟု ဝေဖန်သူတို့က အပြစ်တင်ကြသည်။ စက်သုံးဆီဈေးနှုန်းကြီးမြင့်မှုသည် နိုင်ငံတစ်နိုင်ငံအတွက် အကဲဆတ်လှသော အရေးတစ်ခုဖြစ်ရာ အစိုးရအနေနှင့် လက်ဦးမှုရယူဖို့ အရေးကြီးသည်ဟု သူတို့က ဆိုကြသည်။

စက်သုံးဆီအရေးမှာ နိုင်ငံတကာအရေး စောင့်ကြည့်သုံးသပ်သူတို့ အဆိုအရဆူပါရှော့ခ်ကြီးဖြစ်ရာ အသွင်ကူးပြောင်းနေဆဲ နိုင်ငံတစ်နိုင်ငံအဖို့ ဤအရေးကို မျက်စိတစ်ဆုံး လေ့လာထားသင့်ပါသည်။ လက်တွေ့သာဓကအနေနှင့် ရွှေဝါရောင်တော်လှန်ရေးကြီး၏ အဓိကကျသော ရေခံမြေခံမှာ စက်သုံးဆီဈေးနှုန်း မြင့်တက်ခြင်းတည်းဟူသော ဆူပါရှော့ခ် ကြောင့်ဖြစ်ရသည်ဟု တပ်အပ်ဆိုနိုင်ခြင်းပင် ဖြစ်သည်။ ယခု ဤစာစုတွင် လောင်စာဆီတို့ သဘောသဘာဝ၊ လောင်စာဆီတို့ ဈေးနှုန်းအခြေအနေ၊ စွမ်းအင်ဆိုင်ရာ မူဝါဒများကို လေ့လာမိသလောက် ဖော်ပြလိုက်ရခြင်း ဖြစ်ပါသည်။

လောင်စာဆီတို့၏ သဘောသဘာဝ

လောင်စာဆီသဘောသဘာဝကို ပြောရမည်ဆိုပါက လောင်စာဆီဈေးနှုန်း တစ်နည်း (ရေနံဈေးနှုန်း) ၏ အကြောင်းက စတင်ရမည် ထင်ပါသည်။ ရေနံဈေးနှုန်းသည် အတော်ပင် ဂဂျီဂဂျောင်နိုင်သည်။ အစဉ်အဆက်အားဖြင့် ကုန်ပစ္စည်းဖြစ်စေ၊ သယံဇာတပင်ဖြစ်စေယင်းတို့၏ ဈေးနှုန်းမှာ ဝယ်လိုအား၊ ရောင်းလိုအားတည်းဟူသော ဈေးကွက်၏တရားကို စီရင်ခြင်းခံရသည်။ ရေနံဈေးနှုန်းမှာကား ဤသို့မဟုတ်။ ဝယ်လိုအားရောင်းလိုအား၏ ပြဋ္ဌာန်းခံရခြင်းမှ လွတ်ကင်းနေတတ်သည်။ အကြောင်းမှာ ရေနံဈေးနှုန်းအား ဖန်ဆင်းရာဝယ် ရောင်းလိုအားနှင့် ဝယ်လိုအားအပြင် နိုင်ငံရေးအဆင်ပြေမှုအပေါ် မူတည်ပြီး ပြောင်းလဲတတ်သလို နိုင်ငံရေးပေါ်လစီတို့ကြောင့်လည်း အနိမ့်အမြင့် ဖြစ်သွားတတ်သည်။

ယေဘုယျအားဖြင့် အမေရိကန်သမ္မတရွေးကောက်ပွဲနီးလာသောအခါမျိုးတွင် ရေနံဈေးကျတတ်သည်။

ဥပမာ - သမ္မတဘုရှ်လက်ထက် ရွေးကောက်ပွဲနီးသောအခါ အရေးပေါ်ပါက အရန်သင့်သုံးစွဲရန် လှောင်ထားသောရေနံများကို ထုတ်ရောင်းလိုက်သည်။ ထိုအခါ ရေနံဈေး ထိုးကျသွားသည်။ ရေနံဈေး၊ ဓာတ်ဆီဈေး ထိုးကျသွားခြင်းသည် တစ်ချက်ခုတ် နှစ်ချက်ပြတ် ဖြစ်သည်။ ပထမတစ်ချက်မှာ ရေနံဈေးကျသွားလျှင် လူထုမဲဆန္ဒရနိုင်သည်။ ဒုတိယအချက်မှာ ပြိုင်ဘက်စိန်ခေါ်သူ သမ္မတလောင်းအနေနှင့် ရေနံဈေးကြီးမြင့်မှုကို တိုက်ကွက်မဖော်နိုင်သည်မှာ သေချာသွားသည်။ ဤသို့ဖြစ်ရသည်မှာ စီးပွားရေးအကြောင်းတရားကြောင့်မဟုတ်။ နိုင်ငံရေးလက်နက်ကြောင့် ကျဆင်းသွားခြင်းဖြစ်သည်။

နောက်ထပ် သက်သေတစ်ခုလည်း ရှိသေးသည်။ နိုင်ဂျီးရီးယားရေနံပြဿနာဖြစ်သည်။ နိုင်ဂျီးနီးယားရေနံသည် အရှေ့အလယ်ပိုင်းနိုင်ငံများကဲ့သို့ ကန္တာရထဲမှ ထုတ်လုပ်သည်မဟုတ်။ မြစ်ဝကျွန်းပေါ် ရွှံ့ဗွက်ရေအိုင်များမှ ထုတ်လုပ်ခြင်းဖြစ်သည်။ ဤမြစ်ဝကျွန်းပေါ်တွင် လူမျိုးစုသုံးစုရှိပြီး သူတို့အချင်းချင်း ရေနံလုနေကြသည်။ ဤလုပွဲ တိုက်ပွဲပြင်းထန်လျှင် ရေနံဈေးထောင်တက်တော့သည်။ ဝယ်လိုအား၊ ရောင်းလိုအားနှင့်မဆိုင်။ နိုင်ငံရေးဖက်တာကြောင့်သာ ဖြစ်ရသည်။

လောင်စာဆီဈေးနှုန်း ဘာကြောင့်မြင့်တက်ရသလဲ

ရေနံဈေးနှုန်းများ မြင့်တက်ရခြင်းနှင့် ပတ်သက်ပြီး သုံးသပ်ချက်အမျိုးမျိုးရှိသည်။ အဓိကထောက်ပြကြသည်မှာ တရုတ်ဖက်တာ ဖြစ်သည်။ လက်ရှိအချိန်၌ တရုတ်နိုင်ငံသည် ဆူပါပါဝါ ဖြစ်လာသည်နှင့်အလျောက် စွမ်းအင်လိုအပ်ချက် ကြီးမားလာသည်။ စွမ်းအင်ဆာလောင်မှု ကြီးထွားလာသည်။ ထို့ကြောင့် ဝယ်လိုအားများပြီး ရေနံဈေးများ တန်ဖိုးတက်လာခြင်းဖြစ်သည်။ အချို့သော လေ့လာသူများကမူ အမေရိကန် ကားကုမ္ပဏီတွေကိုပါ လက်ညှိးထိုးကျသည်။ ကားကုမ္ပဏီများသည် လောင်စာဆီအသုံးအဖြုန်းကြီးသော ကားကြီးကြီးများကို ထုတ်လုပ်နေရခြင်းကြောင့်ဖြစ်သည်ဟု စွပ်စွဲကြသည်။

မည်သို့ပင် အမျိုးမျိုးဆိုကြစေကာမူ ရေနံ၌ရင်းနှီးမြှုပ်နှံမှု နည်းလမ်းသုံးခုသာ ရှိပါသည်။ ယင်းသုံးခုမှာ

၁။ ရေနံတွင်း ရှာဖွေခြင်းနှင့် တူးဖော်ခြင်း

၂။ ရေနံကုမ္ပဏီတို့၏ အစုရှယ်ယာတို့ကို ဝယ်ယူခြင်း

၃။ ရေနံဈေးကွက်၌ ကြိုပွင့်ဖြင့် ဈေးကစားခြင်းတို့ ဖြစ်ကြသည်။ ယခုအခါ ရေနံဈေးနှုန်းများ အဆမတန် မြင့်တက်လာရခြင်းမှာ ရေနံရှာဖွေတူးဖော်စရိတ်များ ကြီးမြင့်လာခြင်းကြောင့် ဖြစ်သည်။ ထို့ထက်ပိုသည်မှာ တတိယအမျိုးအစား ရင်းနှီးမြှုပ်နှံမှုဖြစ်သော ကြိုပွင့်ဖြင့် ဈေးကစားကြခြင်းကြောင့်ဖြစ်သည်ဟု ယူဆနေကြသည်။

နိုင်ငံတကာ အခင်းအကျင်းကို ရှင်းပြပြီးသကာလ စာရေးသူတို့ နိုင်ငံ၏ လောင်စာဆီဈေးနှုန်းများတက်ရခြင်းကို ရှာဖွေကြည့်လိုပါသည်။ မြန်မာနိုင်ငံတွင် စွမ်းအင်ကဏ္ဍ၌ ပုံစံသုံးမျိုး ဖြစ်ထွန်းနေဟန် ရှိသည်။ ရေနံတူးသူနှင့် ရေနံချက်သူ၊ ဖြန့်ချိရောင်းချသူများနှင့် ပြည်ပမှ လောင်စာဆီတင်သွင်းသူများဟူ၍ ဖြစ်သည်။ ယခုလတ်တလော စက်သုံးဆီဈေးနှုန်းများ ထောင်တက်လာမှုနှင့်စပ်လျဉ်း၍ တော်တော်များများက စက်သုံးဆီ တင်သွင်းသူများနှင့် အရောင်းဆိုင်များဘက်ကို အပြစ်ဖို့ကြသည်။ သို့သော် အစိုးရ၏ မူဝါဒများကလည်း ဈေးနှုန်းမြင့်တက်ရခြင်း အကြောင်းတစ်ခု ဖြစ်ကောင်းဖြစ်နေနိုင်သည်။ ထို့အပြင် မြန်မာ့စက်သုံးဆီဈေး အတက်အကျ၏ ကံကြမ္မာကို အဆုံးအဖြတ်ပေးနေသော အရာသုံးခုရှိနေပါသေးသည်။ တိုးမြှင့်လာသော ဝယ်လိုအား၊ ဒေါ်လာငွေလဲလှယ်နှုန်းနှင့် ကမ္ဘာ့လောင်စာဆီပေါက်ဈေးတို့ပင် ဖြစ်သည်။

ဒုတိယလွတ်လပ်ရေး ကြေညာစာတမ်းနှင့် စွမ်းအင်ချွေတာရေး

ဤနေရာတွင် အလျဉ်းသင့်၍ အမေရိကန် ဂျာနယ်လစ်တစ်ယောက် ကြေညာသော ဒုတိယလွတ်လပ်ရေးစာတမ်းအကြောင်း ပြောပြလိုသည်။ အဆိုပါဂျာနယ်လစ်က အမေရိကသည် ဗြိတိသျှကိုလိုနီလက်အောက်မှ လွတ်မြောက်လာခြင်းသည် ပထမလွတ်လပ်ရေးကြေညာစာတမ်းဖြစ်သည်။

ယခု အမေရိကသည် ဒီမိုကရေစီမဟုတ်သော အရှေ့အလယ်ပိုင်းနိုင်ငံများမှ ရေနံများကို မှီခိုနေရပြန်သည်။ နာကျင်စရာ အင်မတန်ကောင်းလှသည်။ အမေရိကသည် စွမ်းအင်သစ် တီထွင်နိုင်ရမည်။ ဈေးပေါသောစွမ်းအင်ကို မိုးအဆုံး မြေအနှံ့ ရှာဖွေရမည်။ လွတ်လပ်သောနိုင်ငံတို့၏ ဘဝရပ်တည်မှု၊ ကံကြမ္မာနှင့် ဂုဏ်သိက္ခာတို့အလို့ငှာ အမေရိကန် စွမ်းအင်လွတ်လပ်ရေး (သို့မဟုတ်) ဒုတိယ လွတ်လပ်ရေးကြေညာစာတမ်းကို ထုတ်ပြန်လိုက်ခြင်းဖြစ်သည်ဟု ဆိုပါသည်။

ဖွံ့ဖြိုးပြီး ဆူပါပါဝါ အမေရိကကဲ့သို့ နိုင်ငံကြီးတွင်ပင် လောင်စာဆီအရေး ခေါင်းခဲနေရသည်ဆိုလျှင် အသွင်ကူးပြောင်းဆဲ ဖွံ့ဖြိုးစမြန်မာအတွက် ဆိုဖွယ်ရာမရှိတော့ပါ။ လွန်ခဲ့သာရက်ပိုင်းအတွင်းက သတင်းတစ်ခု ဖတ်လိုက်ရပါသည်။ မြန်မာနိုင်ငံတွင် လောင်စာဆီအတွက် တစ်လလျှင် ဒေါ်လာသန်းလေးရာဖိုး တင်သွင်းနေရသည်ဟူ၍ဖြစ်၏ နောက်နောင်များတွင် တိုးပွားလာသော ယာဉ်အစီးအရေနှင့် လုပ်ငန်းလိုအပ်ချက်အရ စက်သုံးဆီလိုအပ်ချက် ပိုမိုများပြားလာမည်မှာ သေချာနေသည်။

ထို့အတွက် နိုင်ငံအတွက် စွမ်းအင်မဟာဗျူဟာတစ်ရပ် ရေးဆွဲကြဖို့ လိုအပ်နေပြီဖြစ်သည်။ စွမ်းအင်မဟာဗျူဟာဆိုသည်မှာ စွမ်းအင်အသုံးပြုပုံဒီဇိုင်း၊ အလုပ်လုပ်ပုံဒီဇိုင်းနှင့် ခရီးသွားပုံဒီဇိုင်းများအထိ ပါဝင်သည်။ ဤနေရာတွင် အများပြည်သူ သယ်ယူပို့ဆောင်ရေး ကောင်းမွန်ဖို့ အင်မတန်အရေးကြီးပါလိမ့်မည်။ သို့မှသာ ကိုယ်ပိုင်ဆိုင်ကယ်နှင့် ကိုယ်ပိုင်ကားများ အသုံးပြုမှုနည်းပါးလာမှာ ဖြစ်သည်။

မည်သို့ပင်ဖြစ်စေ အထက်တွင်ဆိုခဲ့သလို စက်သုံးဆီဈေးကြီးမြင့်လာမှုသည် ဆူပါရှော့ခ် ဖြစ်သည်။ ဆူပါရှော့ခ်သည် အပြောင်းအလဲကြီးကြီးမားမားကို မွေးထုတ်ပေးတတ်သည်။

မြန်မာ့ပေါ်လစီလမိတ်ကာများအနေနှင့် စက်သုံးဆီရှော့ခ်ကို ခပ်မြန်မြန်သတိကြီးကြီးထား၍ ကိုင်တွယ်ဖို့လိုအပ်နေပြီ ဖြစ်ပါသည်။

နိုင်စိုး