News

POST TYPE

OPINION

မိစန္ဒီနဲ့ တွေ့ဆုံခြင်း
10-Oct-2018
“ကိုယ့်အကြောင်းရေးတဲ့ Comment တွေကို ကြောက်ပြီး ဖတ်ကို မဖတ်တော့ဘူး”



လူငယ်ပရိသတ်ကြိုက် တေးသံရှင်တစ်ဦးဖြစ်တဲ့ မိစန္ဒီနဲ့ တွေ့ဆုံပြီး အွန်လိုင်းမှာ ဖြန့်ချိပေးခဲ့တဲ့ “လပြည့်ဝန်း” သီချင်း MTV အကြောင်း၊ Body Shaming လုပ်ကြတဲ့သူတွေအပေါ် အမြင်နဲ့ Cyber Bullying လုပ်ခံရဖူးတဲ့အကြောင်းတွေကို The Voice က မေးမြန်းဖော်ပြထားပါတယ်။ 

Voice : ခန္ဓာကိုယ်ဝတဲ့ မိန်းကလေးတွေကို အားပေးထားတဲ့ “လပြည့်ဝန်း” သီချင်းကို MTV ရိုက်ထားတဲ့ ပုံစံလေးက ထူးခြားတယ်နော်။ MTV ထဲမှာ အပြင်က ခပ်ဝဝ၊ ခပ်ပိန်ပိန် အရပ်သူမိန်းကလေးတွေကို ဘယ်လိုကြောင့် ထည့်ရိုက်ဖြစ်ခဲ့တာလဲ။
MSD : အဲဒါကတော့ ညီမသီချင်းစရေးကတည်းက MTV ရိုက်ရင်ဒီလိုမျိုးလေး ရိုက်မယ်ဆိုတာ စဉ်းစားပြီး ရေးဖြစ်ခဲ့တာပါ။ တကယ်တမ်းရိုက်ဖြစ်တော့လည်း အပြင်က နည်းနည်းဝတဲ့မိန်းကလေးတွေ၊ ပိန်တဲ့ မိန်းကလေးတွေကို ရှာပြီးရိုက်ဖြစ်တယ်။ လူစုရတာတော့ နည်းနည်းကြာတယ်။ ရိုက်မယ့်ပုံစံလေးကိုတော့ ညီမစဉ်းစားထားတာကို ဒါရိုက်တာ ကိုဝင်းလွင်ထက်ကို ပြောပြတယ်။ သူကလည်း ညီမစိတ်ကူးထားတဲ့အတိုင်း အကောင်းဆုံးဖြစ်အောင်ပုံဖော်ရိုက်ကူးပေးပါတယ်။

Voice : ဒီသီချင်းကနေ Body Shaming လုပ်ခံရတဲ့ မိန်းကလေးတွေကို ဘယ်လိုစိတ်ဓာတ်ခွန်အားမျိုး ရသွားစေချင်တာလဲ။
MSD : အဓိကကတော့ Body Shaming လုပ်ခံရ တယ်ဆိုတာ ဘယ်လောက်အထိ လူတစ်ယောက်ရဲ့စိတ်ကို ထိခိုက်သွားစေလဲဆိုတာကို သိစေချင်တယ်။ လူတစ်ယောက်ကို မြင်တာနဲ့ ပိန်လိုက်တာ၊ ရုပ်ဆိုးလိုက်တာ၊ ဝလိုက်တာဆိုတာမျိုး မပြောသင့်ဘူး ဆိုတာမျိုးကို Message ပေးချင်တာပါ။ MTV မှာပါတဲ့ မိန်းကလေးတွေက သူတို့ကြုံခဲ့ရတဲ့ အတွေ့အကြုံလေးတွေကိုလည်း မျှဝေပေးထားပါတယ်။ ဒါကိုကြည့်လိုက်ရင် စာနာနားလည်ပေးနိုင်ကြလိမ့်မယ်လို့ ယုံကြည်ပါတယ်။ ကိုယ်တောင်ကိုယ့် MTV ကို ပြန်ကြည့်ပြီး မျက်ရည်ကျခဲ့ရပါတယ်။

Voice : ကိုယ်တိုင်လည်း Body Shaming လုပ်ခံရဖူးတယ်လို့ ပြောခဲ့ဖူးတယ်နော်။ အဲဒီအချိန်တုန်းကရော ဘယ်လောက်အထိခံစားခဲ့ရလဲ။
MSD : တချို့လူတွေက Body Shaming လုပ်မယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ပြောလိုက်တာတော့ မဟုတ်ဘူး။ ဒါပေမဲ့ သူကလူကြားထဲမှာ နင်ဝလာတယ်၊ ဝတုတ်နေတာပဲလို့ ပြောလိုက်တာမျိုးကျတော့ မကောင်းဘူးပေါ့နော်။ ညီမဆိုလည်းငယ်ငယ်ကတည်းက Body Shaming လုပ်ခံရဖူးတယ်။ လပြည့်ဝန်းသီချင်းကလည်း ကိုယ်တိုင်ကြုံတွေ့ခဲ့တဲ့ အတွေ့အကြုံတွေကနေ ရေးဖြစ်ခဲ့တာပါ။ ညီမရေးတဲ့သီချင်းတော်တော်များများက ကိုယ်ပိုင်ခံစားချက်တွေများပါတယ်။

Voice : ကိုယ်ဝနေပေမယ့်၊ လပြည့်ဝန်းဖြစ်နေပေမယ့် ချစ်သူကတော့ ချစ်နေတာပဲမဟုတ်လား။ 
MSD : ချစ်သူကတော့ လပြည့်ဝန်း ဖြစ်လည်းချစ်မယ်တို့၊ ဘာတို့မပြောပါဘူး။ ညီမက အစကတည်းက လုံးလုံးလေးပဲလေ။ သူလည်း ဒါကို လက်ခံနိုင်လို့ ချစ်ခဲ့တာလို့ထင်တာပါပဲ။ အသက်ကြီးလာရင်တော့ မသိဘူး။ အခုလောလောဆယ်ပေါ့။ တစ်ခါတလေတော့လည်း သူကဝိတ်ချဖို့ တိုက်တွန်းတာမျိုးရှိတယ်။ ဒါကလည်း ညီမရဲ့ ကျန်းမာရေးအတွက်သူပြောတာပါ။ ညီမကျတော့ အဆိုတော်ဖြစ်တဲ့အတွက် ကိုယ်ကဝနေရင် ကပြီးဆိုရတဲ့ သီချင်းမျိုးတွေမှာ အဆင်မပြေဘူး။ သူကအားကစားလုပ်ဖို့ကိုတော့ တိုက်တွန်းပါတယ်။ 

Voice : အခုနောက်ပိုင်း အွန်လိုင်းမှာ Cyber Bullying လုပ်ကြတာတွေများလာတယ်။ ဒီအပေါ်မှာရော ဘယ်လိုမြင်မိလဲ။
MSD : ညီမကိုယ်တိုင်လည်း Cyber Bulying လုပ်ခံရဖူးပါတယ်။ ဟိုးအရင်ကတည်းကနေ အခုချိန်အထိ အများကြီးကို ကြုံဖူးပါတယ်။ ဒါပေမဲ့လည်း ဒါတွေက လူတော်တော်များများလည်း ကြုံနေရတာဆိုတော့ ကိုယ့်ဘာသာကိုယ် နေတတ်အောင်ပဲလုပ်ရတာပေါ့။ ဒါတွေကမလုပ်သင့်ဘူးလို့ ညီမမြင်ပါတယ်။ လုံးဝကို မလုပ်သင့်ပါဘူး။ လူလူချင်းကိုယ်ချင်းစာစိတ်လေးနဲ့ စဉ်းစားပေးသင့်ပါတယ်။ ငါသာသူ့နေရာမှာ ဆိုရင်လို့ တွေးပေးတတ်ရင် လုပ်ကြမှာမဟုတ်ပါဘူး။

Voice : ကိုယ်တိုင်ကြုံခဲ့ရတုန်းကရော ဘယ်လောက်အထိ ခံစားခဲ့ရလဲ။
MSD : အဲဒီအချိန်တုန်းကတော့ စိတ်ညစ်တာပေါ့နော်။ ဖေ့စ်ဘွတ်ခ်လည်း မသုံးချင်ဘူး။ ဘာမှလည်း မလုပ်ချင်တော့ဘူး။ ကိုယ့်ကို ပြောနေတာတွေလည်း မခံနိုင်ဘူး။ အဲဒီတုန်းကဆို ဘယ်လောက်ဆိုးဆိုးဝါးဝါး ပြောကြလဲဆိုရင် ဒီမိန်းမကို များများပြော၊ အဲဒါမှ သူသီချင်းမဆိုတော့မှာ၊ အဲ့ဒါမှ သူ့ကိုယ်သူ သတ်သေသွားမှာ၊ အဲဒါမှ ငါတို့နားအေးသက်သာမှာလို့ ရေးကြတယ်။ ကိုယ့်ကို Cyber Bullying လုပ်တဲ့သူကို ကိုယ်က မတွေ့ရပေမယ့် ဒီလူက ငါ့ကိုသေလောက်အောင် မုန်းနေပါလားဆိုပြီး တော်တော်ခံစားရပါတယ်။

Voice : အွန်လိုင်းမှာ Cyber Bullying လုပ်ကြတဲ့ သူတွေကိုရော ဘာပြောချင်လဲ။
MSD : ကိုယ့်ကို Cyber Bullying လုပ်တာကို ဘယ်လောက်ပဲ ဂရုမစိုက်ပါဘူးလို့ ပြောနေပေမယ့်၊ ကိုယ့်ကိုစိတ်အနှောင့်အယှက်ဖြစ်စေတယ်။ စိတ်ဓာတ်ကျစေတယ်။ ညီမကတော့ မလုပ်သင့်ဘူးလို့မြင်လာတယ်။ ကြာလာတော့လည်း ကိုယ့်အကြောင်းရေးတဲ့ Comment တွေကို ကြောက်ပြီး ဖတ်ကိုမဖတ်တော့ဘူး။ ကိုယ့် Page က ဟာတွေဆိုရင်ဖတ်တယ်။ ကိုယ့်အကြောင်း အင်တာဗျူးတင်ထားတဲ့ Post အောက်မှာရေးထားတဲ့ Comment တွေဆို ဝင်ကိုမဖတ်တော့ဘူး။

သန့်ဇင်ဦး