News

POST TYPE

OPINION

တရုတ် - အမေရိကန် ကုန်သွယ်ရေးစစ်ပွဲမှ ရနိုင်သော အခွင့်အလမ်း (Vol,6/No.156)
10-Oct-2018
ဖွံ့ဖြိုးဆဲ သို့မဟုတ် ဖွံ့ဖြိုးမှုနောက်ကျနေဆဲ နိုင်ငံများအတွက် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုမှာ စီးပွားရေးကဏ္ဍ၏ အရေးကြီးသည့်နေရာတွင် ရှိနေဆဲဖြစ်သည်။ 

နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများကြောင့် အနိမ့်ဆုံးအဆင့် အလုပ်အကိုင်အခွင့်အလမ်းများ ရရှိလာနိုင်ပြီး နည်းပညာ၊ စီမံခန့်ခွဲမှုအတွေ့အကြုံနှင့် အခွန်ဘဏ္ဍာ တိုးပွားလာခြင်းကဲ့သို့သော အကျိုးကျေးဇူးများလည်း ရနိုင်ကြောင်း အခြေခံအားဖြင့် အများနားလည်ထားကြသည်။

တရုတ်နိုင်ငံအပါအဝင် ဒေသတွင်းရှိ ထိုင်း၊ မလေးရှား၊ အင်ဒိုနီးရှားနှင့် ဗီယက်နမ်နိုင်ငံတို့ စီးပွားရေးဖွံ့ ဖြိုးလာခြင်းသည်ပင်လျှင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ၏ ပံ့ပိုးမှုနှင့် မကင်းပေ။ လုပ်သားအင်အားပေါများခြင်း၊ လုပ်ခသက်သာခြင်း၊ အခြေခံအဆောက်အဦများ အရန်သင့်ရှိခြင်း၊ အစိုးရ၏ စည်းမျဉ်းစည်းကမ်းများ မရှုပ်ထွေး၊ မြန်ဆန်ခြင်းစသည့် အားသာချက်များက အဓိကနေရာတွင်ရှိသည်။

မြန်မာနိုင်ငံသည် လွန်ခဲ့သည့် အနှစ်သုံးဆယ်ခန့်ကပင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ဖိတ်ခေါ်ရန်မူဝါဒချမှတ် အကောင်အထည်ဖော်ခဲ့သော်ငြား စီးပွားရေးပိတ်ဆို့မှုအပါအဝင် အထွေထွေအားနည်းချက်များကြောင့် မျှော်မှန်းထားသလောက် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဝင်မလာခဲ့ပေ။

၂၀၁၀ ရွေးကောက်ပွဲအပြီး ဒီမိုကရေစီ အသွင်ကူးပြောင်းရေး၊ ပြုပြင်ပြောင်းလဲရေး ခြေလှမ်းသစ်များကြောင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများ၏ စိတ်ဝင်စားမှု အထူးမြင့်တက်သွားခဲ့ပြီး အာရှ၏ ထွန်းသစ်စကြယ်တစ်ပွင့်အဖြစ်ပါ တင်စားပြောဆိုလာသည်အထိ ရေပန်းစားခဲ့သည်။

သို့သော် နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများ လက်တွေ့ဝင်ရောက်လာစေမည့် အခြေခံအဆောက်အဦ အားနည်းချက်၊ လုပ်ထုံးလုပ်ငန်းများ ရှုပ်ထွေးမြားမြောင်ခြင်းကြောင့် ဌာနဆိုင်ရာ လုပ်ငန်းစဉ်အဆင့်ဆင့် ဖြတ်သန်းချိန်ကြာမြင့်ခြင်း၊ ကျွမ်းကျင်ဝန်ထမ်း အလုံအလောက်မရှိခြင်း၊ အစိုးရတို့၏ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ မူဝါဒပြတ်သားရှင်းလင်းမှုမရှိခြင်း၊ ဌာနဆိုင်ရာအဆင့်ဆင့်၏ အရည်အချင်းလိုအပ်ချက်နှင့် ရှေးရိုးစွဲ ခေါက်ရိုးကျိုးမှု သို့မဟုတ် တမင်အချိန်ဆွဲ ကန့်လန့်တိုက်မှုများကြောင့် အချိန်၊ ငွေ၊ လုပ်အား ဆုံးရှုံးလေလွင့်မှု အထူးများပြားခြင်း စသည့်အားနည်းချက်များကြောင့် ရင်းနှီးမြှုပ်နှံသူအများစုမှာ စနည်းနာသည့်အဆင့်ထက် တက်မလာခဲ့ပေ။

အမေရိကန်နှင့် တရုတ် နှစ်နိုင်ငံအကြား ကုန်သွယ်ရေးစစ်ပွဲကြောင့် အမေရိကန်ဒေါ်လာငွေလဲနှုန်း တက်သွားခြင်း၊ ယင်းနှင့် ချိတ်ဆက်နေသော ရွှေဈေး၊ လောင်စာဆီဈေးနှင့် သွင်းကုန်ပစ္စည်းဈေးနှုန်းများ မြင့်တက်သွားခြင်းဒဏ်ကို နိုင်ငံရော နိုင်ငံသားအများစုပါ ခံစားကြရသော်ငြား ယင်းကြောင့် ပေါ်လာသော အားသာချက်များကိုလည်း အမိအရဖမ်းဆုပ်နိုင်ရန် အရေးကြီးလှသည်။

တစ်ဖက်နှင့်တစ်ဖက် အပြန်အလှန် သွင်းကုန်ခွန်၊ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အခွန်အခများအပြိုင် တိုးမြှင့်ကောက်ခံနေကြခြင်းသည် တရုတ်နိုင်ငံတွင် ရှိနေ သော အမေရိကန်လုပ်ငန်းများအပေါ်ကိုသာမက အခြားသော နိုင်ငံအသီးသီးမှ လာရောက်ရင်းနှီးမြှုပ်နှံထားသော လုပ်ငန်းများအပေါ်တွင်ပါ ထိခိုက်သက်ရောက်မှုရှိသွားခဲ့သည်။

ထို့ကြောင့် တရုတ်နိုင်ငံရှိ ဂျပန် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ၊ စက်ရုံများ၊ ဝန်ဆောင်မှုလုပ်ငန်းများ နေရာရွှေ့ရန် စဉ်းစားလာရာ အရှေ့တောင်အာရှနိုင်ငံများကို မျက်စိကျလာသည်။ ထို့ကြောင့် ထိုင်း၊ မလေးရှား၊ အင်ဒိုနီးရှားနှင့် ဗီယက်နမ်တို့က ယင်းအခွင့်အရေးကို လက်လွှတ်မခံလိုကြသည့်အတွက် အမေရိကန်နှင့် ထိုင်းရင်းနှီးမြှုပ်နှံသူများကို မက်လုံးအမျိုးမျိုးပေး၍ ဆွဲဆောင်ရန် ကြိုးစားလာကြသည်။

အထူးသဖြင့် စက်မှုဇုန်များပါဝင်သည့် အထူးစီးပွားရေးဇုန်များ တည်ဆောက်ပြီး အရန်သင့်၊ အဆင်သင့် လုပ်ငန်းပြောင်းရွှေ့လုပ်ကိုင်နိုင်စေမည့် အခြေအနေကောင်းများ ဖန်တီးကာ အလုအယက် ဖိတ်ခေါ်နေကြချိန်တွင် မြန်မာနိုင်ငံအနေနှင့်လည်း ထိုအခွင့်အရေးကို လက်လွှတ်မခံသင့်ဘဲ ယင်းနိုင်ငံများနှင့်အပြိုင် ကြိုးစားကမ်းလှမ်းသင့်လှသည်။

ယနေ့အချိန်သည် ရန်ကုန်မြို့တော်နှင့် အနီးဆုံးနေရာတွင် တည်ရှိသည့်အပြင် ရေနက်ဆိပ်ကမ်းတွဲလျက်ရှိနေသည့် သီလဝါ အထူးစီးပွားရေးဇုန်အနေနှင့် တရုတ်နိုင်ငံမှ ရွှေ့ပြောင်းရန် ပြင်ဆင်နေသော ဂျပန်လုပ်ငန်းအများအပြားကို ဦးတည်ပစ်မှတ်ထား ဆွဲဆောင်စည်းရုံးရန် အကောင်းဆုံးအချိန်ဖြစ်ကြောင့် မီးမောင်းထိုးဖော်ပြလိုရင်းဖြစ်သည်။

အယ်ဒီတာ (၉ - ၁၀ - ၂၀၁၈)