News

POST TYPE

OPINION

သက်ကြီးရွယ်အိုဘဝ သာယာလှပဖို့ဆိုလျှင် . . .
09-Oct-2018
အသက်ကြီးတယ်ဆိုတာ မိမိမွေးဖွားလာတဲ့ရက်နဲ့ တဖြည်းဖြည်းဝေးကွာလာတာကို ဆိုလိုတာလို့ ထင်မြင်ယူဆပါတယ်။ ဒါကြောင့် အသက်ကြီးတယ်ဆိုတဲ့စကားကို အသက်အရွယ်မရွေး ပြောဆိုခံရတတ်ပါတယ်။ “အသက်ကြီးလာပြီနော် ငယ်တော့တာမဟုတ်ဘူး ကလေးဆန်မနေနဲ့တော့ ဆိုတာမျိုး၊ အသက်ကြီးလာပြီနော် ကျန်းမာရေးဂရုစိုက် ဆိုတာမျိုး၊ အသက်ကြီးလာပြီ အပျော်အပါးတွေ မလိုက်စားနဲ့တော့ ဘုရားတရားလည်းလုပ်ဦး” စတဲ့ စကားမျိုးတွေဟာ အသက်လေးဆယ်၊ ငါးဆယ်၊ ခြောက်ဆယ် စတဲ့ အသက်အရွယ်ရောက်လာရင် အပြောခံရတာများပါတယ်။ ဒါကြောင့် အသက်ကြီးတယ်ဆိုတာကို အတိအကျသတ်မှတ်ဖို့ ခဲယဉ်းပါတယ်။ ပြောသူရဲ့ အသက်အရွယ်နဲ့ အပြောခံရသူရဲ့ အသက်အရွယ်ကိုလိုက်ပြီး ကွာခြားသွားမယ်လို့ထင်ပါတယ်။ ဥပမာ - အသက် ၂၀ အရွယ် ရှိသူက အသက် ၄၀ အရွယ်ရှိသူကို ခင်ဗျားအသက်ကြီးပြီလို့ ပြောနိုင်သလို၊ အသက် ၄၀ အရွယ်ရှိသူကလည်း အသက် ၆၀ အရွယ်ရှိသူကို ခင်ဗျားအသက်ကြီးပြီနော်လို့ ပြောကြတာမျိုးတွေ တွေ့ဖူးပါတယ်။

အရွယ်အိုတယ်ဆိုတာကတော့ လှုပ်ရှားမှုတွေ နှေးကွေးလေးလံလာတာ၊ သွက်သွက်လက်လက်မသွားလာနိုင်တာ၊ မျက်စိမှုန်ပြီး နားလေးလာတာ စတဲ့ ရုပ်ပိုင်းဆိုင်ရာစွမ်းဆောင်မှုတွေ ကျဆင်းလာတာအပြင် စိတ်ပိုင်းဆိုင်ရာအနေနဲ့လည်း မှတ်ဉာဏ်တွေ ချို့ယွင်းအားနည်းလာတာ၊ သတိမေ့လျော့လာတာ စတဲ့လက္ခဏာတွေ ပြလာတာပဲဖြစ်ပါတယ်။ အိုလာရင် စွမ်းဆောင်မှုတွေကျဆင်းလာတဲ့အတွက် အိုမင်းမစွမ်းလို့တောင် ခေါ်ဆိုကြတာဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ အသက် ၆၀ ပြည့်ရင် အသက်ကြီးပြီး စွမ်းဆောင်နိုင်မှု ကျဆင်းတယ်လို့ယူဆတဲ့အတွက် နိုင်ငံ့ဝန်ထမ်းအဖြစ်ကနေ အငြိမ်းစားပေးပါတယ်။ ဒါပေမဲ့ ဒီနေ့ ဒီအခါမှာတော့ ကျန်းမာရေးအသိ တရားတွေ မြင့်မားလာကြတဲ့အတွက် အသက်ကြီးပေမယ့် စွမ်းဆောင်ရည်တွေ မကျဆင်းသေးဘဲ နိုင်ငံ့ဝန်ထမ်းအငြိမ်းစားတွေဟာ ပုဂ္ဂလိကကုမ္ပဏီတွေမှာ ဝင်ရောက်လုပ်ကိုင်နေကြသလို၊ နိုင်ငံရေးပါတီတွေမှာ ဝင်ရောက်လုပ်ကိုင်နေကြတာကိုလည်း တွေ့ရပါတယ်။ အဲဒါအပြင် လွှတ်တော်ကိုယ်စားလှယ်အဖြစ် ဝင်ရောက်အရွေးခံကြပြီး ပြည်သူ့ကိုယ်စားလှယ်များ ဖြစ်လာကြသလို တချို့ဆိုရင်လည်း ပြည်ထောင်စုအစိုးရအဖွဲ့ဝင်၊ တိုင်းဒေသကြီးနဲ့ ပြည်နယ်ဝန်ကြီးချုပ်တွေ စသည်ဖြင့် နိုင်ငံနဲ့ ပြည်သူအကျိုးကို သယ်ပိုးထမ်းရွက်နေကြတာကို တွေ့မြင်ရပါတယ်။ နိုင်ငံတော်ရဲ့အတိုင် ပင်ခံပုဂ္ဂိုလ်နဲ့ နိုင်ငံတော်သမ္မတ/ဒုတိယသမ္မတတွေအားလုံးဟာလည်း ခုနစ်ဆယ်ကျော်သူနဲ့ ခုနစ်ဆယ်တန်းတွေပဲ ဖြစ်ကြပါတယ်။ ကျွန်တော်လည်း အသက် ၆၅ နှစ်လောက်အထိ ပုဂ္ဂလိကကုမ္ပဏီတွေမှာ ဆက်လက်လုပ်ကိုင်ခဲ့ပြီး ယနေ့တိုင် ခရီးများသွားလာနေနိုင်သေးသလို ဆောင်းပါးများလည်း ရေးသားနေနိုင်သေးတဲ့အတွက် ကိုယ့်ကိုယ်ကိုယ် အသက်ကြီးပေမယ့် မအိုသေးဘူးလို့ မှတ်ယူထားသူဖြစ်ပါတယ်။ အဲဒါကို အားဖြည့်စေတဲ့အဖြစ်တစ်ခုကိုလည်း မကြာမီရက်ပိုင်းအတွင်းကပဲ ကြုံတွေ့လိုက်ရပါတယ်။

တစ်နေ့ ဆိုက်ကားစီးသွားရင်းနဲ့ ဆိုက်ကားဆရာကြီးရဲ့အသက်ဟာ ၆၀ ကျော်လောက်ရှိပြီထင်လို့ မေးလိုက်မိတာ၊ သူဖြေလိုက်တော့မှ အံ့အားသင့်ခဲ့ရပါတယ်။ သူ့အသက်က ၈၆ နှစ်ရှိပြီတဲ့။ အံ့ဩခြင်းကြီးစွာနဲ့ ဆက်ပြီးမေးလိုက်မိတာက “ဘယ်လိုအစားအသောက်များစားပြီး ဘယ်ဆေးဝါးများမှီဝဲသလဲ”ပေါ့။ သူပြန်ဖြေတာက “ဘာမှ ထွေထွေထူးထူး မစားပါဘူး၊ အိမ်ကချက်ပေးတဲ့ဟင်းပဲ စားပါတယ်၊ ဘာဆေးဝါးမှလည်း မမှီဝဲပါဘူး”တဲ့။ တကယ်တော့ သူဟာ အနှစ်ငါးဆယ်လောက် ဆိုက်ကားနင်းခဲ့ပြီး အဲဒီလှုပ်ရှားမှုကြောင့်ပဲ သူဟာ ကျန်းမာပြီး အသက်ရှည်နေ တာဖြစ်ပါလိမ့်မယ်။ အသက် ခုနစ်ဆယ်လောက်ပဲရှိသေးပြီး နေ့စဉ် အစားအသောက်ကို ဂရုစိုက်စား၊ ဆေးဝါးတွေမှီဝဲနေရသူ ကျွန်တော့်အတွက်တော့ သူ့ကိုကြည့်ပြီး အံ့ဩခဲ့ရသလို အားလည်းကျမိပါတယ်။ ဒါကြောင့် အသက်ကြီးတိုင်းလည်း အရွယ်မအိုသေးပါဘူး၊ အသက်ကြီးတိုင်းလည်း အိုမင်းမစွမ်းမဖြစ်သေးပါဘူးဆိုတဲ့ ကျွန်တော့်အယူအဆကို ပိုပြီးခိုင်မာစေခဲ့ပါတယ်။

သက်ကြီးရွယ်အိုများဆိုင်ရာ ဥပဒေ

၂၀၁၆ ခုနှစ် ဒီဇင်ဘာလ ၃၀ ရက်နေ့က ပြဋ္ဌာန်းခဲ့တဲ့ သက်ကြီးရွယ်အိုများဆိုင်ရာ ဥပဒေ ပုဒ်မ ၂ (က) မှာ သက်ကြီးရွယ်အိုဆိုတာနဲ့ပတ်သက်ပြီး ဖွင့်ဆိုထားတာကတော့ “သက်ကြီးရွယ်အိုဆိုသည်မှာ အသက် ၆၀ နှစ် နှင့် အထက်ရှိသော မြန်မာနိုင်ငံသားအားလုံးကိုဆိုလိုသည်” လို့ ဖြစ်ပါတယ်။ ဒီတော့ ဘယ်လိုပဲ ကိုယ့်ကိုယ်ကိုယ် အသက်ကြီးပေမယ့် အရွယ်မအိုသေးဘူးလို့ သတ်မှတ်ချင်ပေမယ့် ဥပဒေအရ/ဥပဒေကိုလေးစား လိုက်နာသောအားဖြင့် သက်ကြီးရွယ်အိုလို့ပဲ သတ်မှတ်လိုက်ပါတယ်။

ဥပဒေအရ သက်ကြီးရွယ်အိုတစ်ယောက် ဖြစ်သွားတဲ့အတွက် သက်ကြီးရွယ်အိုဥပဒေကိုတော့ သိထားဖို့လိုမယ်လို့ ယူဆတဲ့အတွက် ဥပဒေကို လေ့လာမိပါတယ်။ အကြမ်းဖျင်းပြောရရင်တော့ ဥပဒေမှာ ရေးသားထားချက်တွေဟာ ရွှန်းရွှန်းဝေနေပြီး လက်တွေ့သာအကောင်အထည်ဖော်နိုင်ရင်တော့ မြန်မာနိုင်ငံရဲ့ သက်ကြီးရွယ်အိုတွေရဲ့ဘဝဟာ သာယာစိုပြည်နေမှာဖြစ်ပါတယ်။ လက်တွေ့မှာတော့ မြန်မာနိုင်ငံမှာ အသက် ၆၀ ကို သက်ကြီးရွယ်အိုအဖြစ် သတ်မှတ်ထားပေမယ့် အသက် ၉၀ အရွယ် သက်ကြီးရွယ်အိုတွေကိုသာ တစ်လကို ကျပ်ငွေတစ်သောင်းသာ ထောက်ပံ့နိုင်ပါသေးတယ်။ (လာမယ့်ဘဏ္ဍာရေးနှစ်ကစပြီးတော့ အသက် ၈၅ နှစ် ကစပြီး ပေးမယ်လို့တော့ သိရပါတယ်)။

သက်ကြီးရွယ်အို ဥပဒေမှာပါတဲ့ ခံစားခွင့်တွေ၊ ရပိုင်ခွင့်တွေကတော့ အများကြီးပါ။ အဲဒီအထဲကနေ တချို့ကိုကောက်နုတ်တင်ပြရမယ်ဆိုရင် အခန်း (၅)၊ သက်ကြီးရွယ်အိုများ၏ ခံစားခွင့် အခွင့်အရေးများ၊ ပုဒ်မ ၁၅ မှာ အထောက်အပံ့ရပိုင်ခွင့်၊ ကျန်းမာရေးနဲ့လူမှုရေးစောင့်ရှောက်မှု စတဲ့ ခံစားခွင့်တွေအပြင် ပုဒ်မခွဲ (ဇ) မှာ နိုင်ငံတော်ပိုင်နှင့် ပုဂ္ဂလိကပိုင် သယ်ယူပို့ဆောင် ရေးယာဉ်များတွင် အဆင်ပြေလွယ်ကူစွာသွားလာနိုင်ခွင့်နှင့် သင့်လျော်သော ယာဉ်စီးခလျှော့ပေါ့ခွင့် သို့မဟုတ် ကင်းလွတ်ခွင့်ဆိုတဲ့အချက်ကတော့ နားရှိလို့သာကြားရ မျက်စိရှိလို့သာ မြင်ရတာပါ။ တကယ်တမ်းသာ ဒီအချက်ကို အကောင်အထည်ဖော်မယ်ဆိုရင် ပုဂ္ဂလိကယာဉ်လိုင်းတွေအနေနဲ့ လက်မှတ်အရောင်းဌာနတွေမှာ “သက်ကြီးရွယ်အိုများအတွက် အန္တရာယ်ရှိသည်၊ ကားလက်မှတ်မရောင်းပါ” ဆိုတဲ့ စာတန်းတွေများ ကပ်ထားကြမလားမသိပါ။

နောက်ထပ် ကျွန်တော်စိတ်ဝင်စားတဲ့ ပြဋ္ဌာန်းချက်တစ်ခုကတော့ အခန်း (၁၂) မှာပြဋ္ဌာန်းထားတဲ့ “သက်ကြီးရွယ်အိုသက်သေခံကတ်ပြား ထုတ်ပေးခြင်းနှင့် ကိုင်ဆောင်အသုံးပြုခြင်း” ဆိုတဲ့ အချက်များပဲ ဖြစ်ပါတယ်။ အဲဒီအခန်းရဲ့ ပုဒ်မ ၃၆၊ ၃၇၊ ၃၈ တို့မှာ ပြဋ္ဌာန်းထားတာတွေကတော့ လူမှုဝန်ထမ်းဝန်ကြီးဌာနဟာ သက်ကြီးရွယ်အိုသက်သေခံကတ်ပြားတွေ ထုတ်ပေးဖို့အတွက် စီမံချက်တွေ ချမှတ်ဆောင်ရွက်ရမှာဖြစ်ပြီးတော့ ခရိုင်နဲ့မြို့နယ် လူမှုဝန်ထမ်းအရာရှိတွေက စာရင်းဇယားတွေကောက်ယူပြီး “သက်ကြီးရွယ်အို သက်သေခံကတ် သေခံကတ်ပြား” တွေကို အခမဲ့ထုတ်ပေးရမှာဖြစ်ပါတယ်။ နောက်ပြီးတော့ သက်ကြီးရွယ်အိုတွေဟာ အဲဒီ သက်သေခံကတ်ပြားကို သက်ဆိုင်ရာ ပုဂ္ဂိုလ်/အဖွဲ့အစည်းထံ ပြသပြီး အဲဒီဥပဒေပါ သက်ကြီးရွယ်အိုတွေရဲ့ အခွင့်အရေးတွေကို ခံစားခွင့်ပြုဖို့် တောင်းဆိုခွင့်ရှိမှာ ဖြစ်ပါတယ်။ အဲဒီတောင်းဆိုချက်ကို သက်ဆိုင်ရာပုဂ္ဂိုလ်/ အဖွဲ့အစည်းက ငြင်းပယ်ခြင်းမပြုရပါဘူး။ တကယ်လို့ ငြင်းပယ်မယ်ဆိုရင် ငြင်းပယ်သူကို ထောင်ဒဏ်နှစ်နှစ် ဖြစ်စေ၊ ငွေဒဏ် တစ်သိန်းမှ ဆယ်သိန်းအထိဖြစ်စေ၊ ဒဏ်နှစ်ရပ်စလုံးဖြစ်စေ ချမှတ်ရမှာ ဖြစ်ပါတယ်။

ဒီပြဋ္ဌာန်းချက်ဟာ အင်မတန်မှ ကောင်းမွန်တဲ့ပြဋ္ဌာန်းချက်ဖြစ်ပေမယ့် ကျွန်တော်သိရသလောက်တော့ ခရိုင်တချို့မှာ လူမှုဝန်ထမ်းဦးစီးဌာန ဖွဲ့စည်းပြီးဖြစ်ပေမယ့် မြို့နယ်တော်တော်များများမှာ မဖွဲ့စည်းရသေးပါဘူး။ ဒီတော့ ခရိုင်နဲ့မြို့နယ်တွေ အကုန်ဖွဲ့စည်းပြီးမှဆိုရင် လက်ရှိအသက်ခြောက်ဆယ်၊ ခုနစ်ဆယ်၊ ရှစ်ဆယ်တန်းရောက်နေတဲ့လူတွေအဖို့ ရွှေပြည်တော် မျှော်တိုင်းဝေးတဲ့အဖြစ်လို့ပဲ ဆိုရမှာပါ။

နောက်ထပ် သက်ကြီးရွယ်အို ပြည်သူတွေ အဓိကထားမျှော်လင့်တဲ့ ဝန်ဆောင်မှုကတော့ ကျန်းမာရေးဆိုင်ရာဝန်ဆောင်မှုပဲဖြစ်ပါတယ်။ ဒီအကြောင်းနဲ့ပတ်သက်လို့ အခန်း (၉) မှာ သက်ကြီးရွယ်အိုများအား ကျန်းမာရေးစောင့်ရှောက်မှုနှင့် လူမှုရေးစောင့်ရှောက်မှုဆိုတဲ့ခေါင်းစဉ်နဲ့ ဖော်ပြထားတဲ့ ပုဒ်မ ၂၆ ကနေ ၂၉ အထိ ဖော်ပြထားပါတယ်။ သက်ကြီးရွယ်အိုများ ဝမ်းသာအားရ မျှော်လင့်စောင့်စားကြဖို့အတွက် ဥပဒေရဲ့မူရင်း ပြဋ္ဌာန်းချက်များကို ကောက်နုတ်ဖော်ပြလိုက်ပါတယ်။

- မြန်မာနိုင်ငံ သက်ကြီးရွယ်အိုများဆိုင်ရာကော်မတီသည် သက်ကြီးရွယ်အိုများ သက်ရှည်ကျန်းမာ၍ သင့်လျော်သောနေရာတွင် နေထိုင်နိုင်ရေးအတွက် သက်ဆိုင်ရာပြည်ထောင်စုဝန်ကြီးများ၊ အစိုးရဌာနများ၊ အစိုးရအဖွဲ့အစည်းများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ အစိုးရမဟုတ်သော လူမှုရေးအဖွဲ့အစည်းများနှင့်ညှိနှိုင်း၍ ကျန်းမာရေးစောင့်ရှောက်မှုနှင့် လူမှုရေးစောင့်ရှောက်မှုများအား လက်လှမ်းမီသမျှဖြည့်ဆည်းနိုင်ရေး ချိတ်ဆက်ပေးရမည်။

- မြန်မာနိုင်ငံ သက်ကြီးရွယ်အိုများဆိုင်ရာကော်မတီသည် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အားလုံးလွှမ်းခြုံသော ကျန်းမာရေးစောင့်ရှောက်မှုကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနနှင့်ညှိနှိုင်းပြီး ဆောင်ရွက်ပေးရမည်။ ထိုသို့ဆောင်ရွက်ရာတွင်...

(က) ဆေးဘက်ဆိုင်ရာဌာနများသည် အရည်အသွေးပြည့်ဝသော၊ သင့်လျော်သောဆေးဝါးကုသမှုများအား သက်ကြီးရွယ်အိုများ အလွယ်တကူ လက်လှမ်းမီနိုင်ရေးအတွက် အခမဲ့သော်လည်းကောင်း၊ သက်သာသည့်နှုန်းထားဖြင့်သော်လည်းကောင်း စီစဉ်ဆောင်ရွက်ရမည်။

(ခ) သက်ကြီးရွယ်အိုများအတွက် လိုအပ်မည့်ဆေးဝါးနှင့် အထောက်အကူပြုပစ္စည်းများကို အခမဲ့သော်လည်းကောင်း၊ သက်သာသည့်နှုန်းထားဖြင့်သော်လည်းကောင်း ဖြည့်ဆည်းပေးရမည်။

(ဂ) သက်ကြီးရွယ်အိုဆိုင်ရာ သုတေသနလုပ်ငန်းများအား တိုးမြှင့်ခြင်းနှင့် သက်ကြီးအထူးကုဘာသာရပ်အတွက် ကျွမ်းကျင်သူများအား လေ့ကျင့်သင်ကြားပေးခြင်းများ ဆောင်ရွက်ပေးရမည်။

- သက်ကြီးရွယ်အိုများဆိုင်ရာ ကော်မတီသည် အထူးစောင့်ရှောက်ရန်လိုအပ်သော သက်ကြီးရွယ်အိုများအား မိမိကိုယ်ကိုယ် ပြုစုစောင့်ရှောက်မှု၊ မိသားစုပြုစုစောင့်ရှောက်မှု၊ ရပ်ရွာမှစောင့်ရှောက်မှုပေးနေသည့် အထူးကိစ္စရပ်များတွင် ပိုမိုပြည့်စုံလုံလောက်သော စောင့်ရှောက်မှုပေးနိုင်ရန်အတွက် စီစဉ်ဆောင်ရွက်ပေးရမည်။ ထိုသို့ စီစဉ်ဆောင်ရွက်ရာ တွင် ...

(က) မိသားစုဝင်ဖြစ်စေ၊ စေတနာ့ဝန်ထမ်းဖြစ်စေ ပြုစုစောင့်ရှောက် မှုပေးသူအား သင့်လျော်သောထောက်ပံ့မှု ပေးရမည်။

(ခ) အိမ်အခြေပြု၊ ရပ်ရွာအခြေပြု စောင့်ရှောက်မှုပေးသူများအား အားပေးခြင်းနှင့် ဖြည့်စွက်ထောက်ပံ့ခြင်းများ ဆောင်ရွက်ပေးရမည်ဆိုတဲ့အချက်များပဲ ဖြစ်ပါတယ်။

အထက်မှာဖော်ပြချက်တွေကတော့ ကျန်းမာရေးဆိုင်ရာ စောင့်ရှောက်မှုပေးခြင်းနဲ့ပတ်သက်တဲ့ ပြဋ္ဌာန်းချက်တွေပဲဖြစ်ပါတယ်။ တခြားအချက်တွေကိုတော့ ဆောင်းပါးရှည်မှာစိုးလို့ မဖော်ပြတော့ပါဘူး။

သက်ကြီးရွယ်အိုတွေအနေနဲ့ ဒီလောက်ခံစားရရင်ကိုပဲ အစိုးရကို ကျေးဇူးတင်လို့ဆုံးမှာ မဟုတ်ပါဘူး။

နိဂုံးမချုပ်မီ ပြောလိုတာကတော့ မြန်မာနိုင်ငံမှာ လက်လှမ်းမမီသေးတဲ့ သက်ကြီးရွယ်အို စောင့်ရှောက်မှုဆိုင်ရာလုပ်ငန်းတွေကို စကားလုံးလှလှလေးတွေနဲ့ရေးထားတဲ့ဥပဒေကို စတင်ပြုစုသူနဲ့ သက်ဆိုင်ရာဝန်ကြီးဌာနကိုလည်းကောင်း၊ နောက်ပြီးတော့ လက်တွေ့ဖြစ်နိုင် မဖြစ်နိုင် မစဉ်းစား၊ အသေအချာမဖတ်ရှုဘဲနဲ့ ဆွေးနွေးဆုံးဖြတ်အတည်ပြုခဲ့တဲ့ လွှတ်တော်ကိုယ်စားလှယ်များကိုလည်းကောင်း၊ သက်ကြီးရွယ်အိုတွေအတွက် ကုသိုလ်ကောင်းမှုတစ်ခု ပြုလိုက်ရလေခြင်းရယ်လို့ အတွေးပေါက်ပြီး ဝမ်းသာအားရ လက်မှတ်ရေးထိုးပေးခဲ့တဲ့ အနားယူသွားသူ နိုင်ငံတော်သမ္မတကြီး ဦးထင်ကျော်ကိုလည်းကောင်း အထူးပဲကျေးဇူးတင်ရှိပါတယ်လို့ သက်ကြီးရွယ်အိုများကိုယ်စား ကျေးဇူးတင်စကား ပြောကြားလိုက်ပါတယ်။

အကြံပြုချက်နှင့် နိဂုံး 

ဘယ်လိုပဲဖြစ်ဖြစ် ဥပဒေတစ်ခုရေးဆွဲပြဋ္ဌာန်းပြီးပြီဆိုရင်တော့ အဲဒီဥပဒေဟာ အသက်ဝင်လှုပ်ရှားဖို့လိုအပ်ပါတယ်။ ဥပဒေရဲ့အကျိုးကို ပြည်သူတွေ လက်တွေ့ခံစားရဖို့လိုပါတယ်။ ဒါကြောင့်မို အကြံပြုတင်ပြချင်တာက တော့ မြန်မာနိုင်ငံသက်ကြီးရွယ်အိုများဆိုင်ရာ ကော်မတီအနေနဲ့ ပုဒ်မ ၂၂ ပါ တာဝန်ဝတ္တရားများကို ဆောင်ရွက်ပေးဖို့ လိုအပ်သလို နိုင်ငံတော်အနေနဲ့လည်း ပုဒ်မ ၂၃ ပါ နိုင်ငံတာ်ရဲ့အခန်းကဏ္ဍပြဋ္ဌာန်းချက်များကို အကောင်အထည်ဖော် ဆောင်ရွက်ပေးဖို့လိုအပ်ပါတယ်။

မြန်မာနိုင်ငံ သက်ကြီးရွယ်အိုများဆိုင်ရာကော်မတီနဲ့ တိုင်းဒေသကြီးပြည်နယ်ကော်မတီတွေအနေနဲ့လည်း ပုဒ်မ ၄၇ နဲ့ ပုဒ်မ ၅၀ တို့မှာ ပြဋ္ဌာန်းထားတဲ့အတိုင်း “ပြည်တွင်းပြည်ပရှိ စေတနာရှင်များ၊ လူမှုရေးအဖွဲ့အစည်းများ၊ အစိုးရမဟုတ်သောအဖွဲ့အစည်းများ၊ အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများ၊ ပြည်ပနိုင်ငံများမှ ထောက်ပံ့ငွေများ” ရရှိရေးကို ကြိုးပမ်းဆောင်ရွက်ပြီး သက်ကြီးရွယ်အိုများဆိုင်ရာရန်ပုံငွေတစ်ရပ် ထူထောင်ရေးကို မဖြစ်မနေဆောင်ရွက်သင့်ပါတယ်။ ဒါမှသာလျှင် ယခုဆောင်ရွက်နေတဲ့ အသက် ၉၀ နဲ့အထက် သက်ကြီးရွယ်အိုများကို ထောက်ပံ့နေရာကနေ၊ အသက် ၈၅ နှစ်၊ ထိုမှသည် အသက် ၈၀ နှစ်အထိ တိုးမြှင့်ထောက်ပံ့နိုင်မှာဖြစ်သလို ထောက်ပံ့ငွေပမာဏကိုလည်း တိုးမြှင့်ပေးနိုင်မှာဖြစ်ပါတယ်။ အဲဒါအပြင် အခန်း (၄) ပုဒ်မ ၉ နဲ့ ၁၀ တို့မှာ ပြဋ္ဌာန်းထားတဲ့တိုင်း ဒေသကြီး/ ပြည်နယ်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း/ဒေသ၊ ခရိုင်နဲ့ မြို့နယ် ကော်မတီအဆင့်ဆင့်ကို ဖွဲ့စည်းကြပြီး ဥပဒေပါလုပ်ငန်းရပ်များကို အကောင် အထည်ဖော်ကြဖို့ လိုအပ်နေပါပြီ။ ဒါမှသာလျှင် ၂၀၁၆ ခုနှစ်ကတည်းက ပြဋ္ဌာန်းခဲ့တဲ့ သက်ကြီးရွယ်အိုများဆိုင်ရာဥပဒေဟာ အသက်ဝင်လာမှာဖြစ်ပြီး သက်ကြီးရွယ်အိုတွေရဲ့ ဘဝဟာလည်း လှပသာယာလာမှာဖြစ်ပါကြောင်း တင်ပြလိုက်ရပါတယ်။

သိန်းထက်အောင်