News

POST TYPE

OPINION

အိန္ဒိယ၏ အမြင့်ဆုံး တရားလွှတ်တော်
09-Oct-2018
(၁)

သတင်းစာကို ဖတ်လိုက်လျှင် အိန္ဒိယ၏ အမြင့်ဆုံးတရားလွှတ်တော်သည် အချိန်တိုင်းမှာ နေရာတိုင်းကို ရောက်ရှိနေသည်ဟူသောအမြင်ကို မြင်မိရပါသည်။

လွန်ခဲ့သော ရက်သတ္တပတ်အတွင်း ကိုလိုနီခေတ်က ဥပဒေဖြစ်သည့် “အိမ်ထောင်ရေးဖောက်ပြန်မှုတိုင်းသည် ပြစ်မှုမြောက်သည်” ဟူသော စနစ်ကို ပယ်ဖျက်လိုက်ပါသည်။ ထိုရက်မတိုင်မီတစ်နေ့က တိုင်းပြည်၏ အိုင်ဒီ (ID) စနစ်ဖြစ်သော အက်ဒဟာစီမံကိန်း (Aadhaar) ကို သူတို့၏တစ်ကိုယ်ရေလွတ်လပ်မှုကို ထိခိုက်နေသည်ဟု ဆုံးဖြတ်လိုက်ပါသည်။ ယခုလစောစောပိုင်းက လိင်တူဆက်ဆံမှု (Gay Sex) နှင့် ပတ်သက်၍ နှစ်ပေါင်း ၁၅၀ ကျော်ရှိနေခဲ့ပြီဖြစ်သော ဥပဒေကို ပြင်ဆင်လိုက်ပါသည်။

(၂)

ဤတရားရုံးသည် လူပေါင်း ၁ ဒသမ ၃ ဘီလီယံအတွက် ကြီးမားကျယ်ပြန့်သော ဒီမိုကရေစီ၏ အရေးကြီးသောအဖွဲ့အစည်း (Institution) ကြီးဖြစ်ပါသည်။ လူတို့၏ဘဝများတွင် ခွေးရူးများ၊ လူသားစားကျားများ၊ လူအုပ်စုဝိုင်းဖွဲ့ရိုက်သတ်ခြင်းများ၊ အမှိုက်ပစ်ခြင်းနှင့် မွတ်ဆလင်တို့်၏ လင်မယားကွဲခြင်းများကအစ အိန္ဒိယနိုင်ငံရေးသမားများအတွက် အရေးကြီးလှသဖြင့် မထိမကိုင်ရဲသောကိစ္စများကို ဆုံးဖြတ်နေကြခြင်းဖြစ်ပါသည်။

၎င်းသည် လူအုပ်စုအတွင်း ရေပန်းစားနေသောအငြင်းပွားမှုများ၊ လူအများစိတ်ဝင်စားမှုရအောင် သေချာစကားလုံးစီ၍ထားသော စီရင်ချက်များနှင့် ရေပန်းစားနေပါသည်။ အမှုတစ်ခုတွင် မိန်းကလေးငယ်တစ်ဦး မိမိကိုယ်ကိုယ် သေကြောင်းကြံသတ်သေသွားအောင်လုပ်သော အမှုတစ်ခု ပေါ်ပေါက်ခဲ့ပါသည်။ ထိုအမှုတွင် “ဘယ်သူမှ မိန်းကလေးတစ်ဦးကို ချစ်ခင်လာအောင် ဖိအားပေး၍မရ” ဟူ၍ ဆုံးဖြတ်ခဲ့ပါသည်။

အမေရိကန်၏အမြင့်ဆုံး တရားရုံးသည် တစ်နှစ်တွင် အမှုပေါင်း ၇၀ လောက်ကိုသာ ကြားနာစစ်ဆေးပါသည်။ အိန္ဒိယတရားရုံးချုပ်ကမူ အမှုပေါင်း ၇၀၀ ကျော်ကို တစ်နေ့တည်း အပြီးကြားနာပါသည်။ တိုင်းသူ ပြည်သားတစ်ယောက်သည် အနည်းဆုံးသူ့အမှုကို အမြင့်ဆုံးတရားရုံးက ကြားနာခွင့်ကို အလွယ်တကူရနိုင်ပါသည်။ ဤရုံးကအမှုများကို အဘယ်သို့ ကြားနာပါသနည်းဟု မေးရန်ရှိပါသည်။

၁၉၄၇ ခုနှစ် လွတ်လပ်ရေးရပြီးကတည်းက (Supreme Court) သည် အိန္ဒိယနိုင်ငံ၏ အရေးကြီးဆုံးအဖွဲ့ကြီး ဖြစ်ခဲ့ပါသည်။ တိုင်းပြည်နေရာအနှံ့ရှိနေကြသော အမှုကြားနာစစ်ဆေးတရာရုံးများ၏ ပိရမစ်သဖွယ် အဆောက်အအုံတွင် ထိပ်ဆုံးကရှိနေသော အဖွဲ့အစည်းတစ်ခုဖြစ်ပါသည်။ ယခုအခါ ဤတရားရုံးတွင် တရားသူကြီး ၂၅ ဦးရှိနေပြီး တရားစစ်ဆေးရာ ရုံးခန်း ၁၂ ခန်းခန့်ရှိရာတွင် အမှုတစ်ခုလျှင် တရားသူကြီး ၂ ဦးမှ ၃ ဦး ကြားနာကြပါသည်။ ဤအဖွဲ့အစည်းသည် သီးသန့်မြေနေရာတွင်ရှိပြီး နယူးဒေလီမြို့တွင် နီညိုရောင်အဆောက်အအုံနှင့် လိုက်လျောညီထွေရှိသော ဥယျာဉ်ပန်းခြံ၏အလယ်တွင် တည်ရှိပါသည်။

သို့ပါသော်လည်း ၎င်းသည် အလုပ်ရှုပ်ချိန်၌ရှိနေသော မီးရထားဘူတာရုံကြီးနှင့်လည်း တူပါသည်။ ထောင်ပေါင်းများစွာသော လူအုပ်ကြီးက ၎င်း၏ဂိတ်များတွင် ဖြတ်သန်းနေကြပါသည်။ လက်ဆွဲအိတ်များ၊ ဖိုင်တွဲများ ရှည်လျားသောဝတ်ရုံများနှင့်လူများကို ကာလာစုံတွေ့ကြရပါသည်။ အိုလံပစ်ပွဲတော်တွင်တွေ့ရသလို နေရာတိုင်း၌ကျင်းပနေကြသော တရားစစ်ဆေးနေပုံများကို တီဗီမော်နီတာများတွင် တွေ့နိုင်ပါသည်။ တရားစစ်ဆေးနေပုံများကို တွေ့ရသည်မှာ ပွဲတော်ကြီးကျင်းပနေသလို ဖြစ်နေပါသည်။ လူတွေဖြင့် ပြည့်သိပ်နေသောအခန်းထဲတွင် ဝတ်ရုံရှည်ကြီးတွေဝတ်ထားသော ရှေ့နေများမှာ လက်ကိုင်ပဝါထုတ်၍ မျက်နှာကိုသုတ်နေကြပါသည်။

အိန္ဒိယအစိုးရများသည် တိုင်းပြည်၏ ကြီးမားကျယ်ပြန့်လှသော ဧရိယာကြောင့် ဦးနှောက်ခြောက်စရာ ဖြစ်နေပါသည်။ ဒီမိုကရေစီမှာ နှစ်ပေါင်းမကြာသေးသဖြင့် နယ် ၂၉ နယ်နှင့် ယူနီယံ ၇ ခုဖြင့်ခွဲ၍ ဖက်ဒရယ်မူအရ အုပ်ချုပ်ရသောကြောင့် မကြာခဏ ဥပဒေ၏ ချို့ယွင်းလစ်ဟာချက်များကို တွေ့နေရပါသည်။

အိန္ဒိယပါလီမန်မှာ တိုင်းပြည်၏ လူတန်းစားခွဲခြားသောစနစ် (Caste System) ဘာသာရေးကွဲပြားမှုနှင့် နယ်နိမိတ်လိုင်းမျာကွဲပြားနေမှုတို့ကြောင့် အချင်းချင်း ရန်ဖြစ်ကြရသည်ကများပြီး လုပ်နိုင်ကိုင်နိုင်မှု လျော့နည်းခြင်းပြဿနာများ ရှိပါသည်။ ထိုလုပ်ငန်းများထဲတွင် ပြည်သူပြည်သားများထံမှ ကောက်ခံရရှိသော ရူပီးငွေ သန်းချီ၍ဆုံးရှုံးနေရပါသည်။

အစိုးရ၏စီမံခန့်ခွဲမှုဖြင့် လူတို့၏အခြေခံလိုအပ်ချက်ဖြစ်သော အလုပ်ဖြစ်နေသောဆေးရုံ၊ သောက်သုံးနိုင်သောရေနှင့် ရေဆိုးနှင့်မိလ္လာစွန့်ထုတ်ခြင်း ပြဿနာမျိုးစုံ ဤရုံးကိုပင် အကူအညီတောင်းကြရပါသည်။

ကာလရှည်ကြာ ဤတရားရုံး၏ တရားမျှတသောစီရင်ချက်များကို ပြည်သူတို့ကြားခဲ့ရပါသည်။ ဝန်ကြီးချုပ်မိုဒီ (Mr Nerendra Modi) ၏ အစိုးရလက်ထက်တွင်မူ တိုင်းပြည်၏အာဏာရှိလှသော အစိုးရ၏ အုပ်ချုပ်ပုံနှင့် တရားရုံးချုပ်၏ ဆုံးဖြတ်ချက်များ တူညီမှုမရှိသည်ကို တွေ့ကြရပါသည်။ မိုဒီက တိုင်းသူပြည်သားများ၏ နေ့စဉ်ဘဝကို ကိုယ်စားပြုသည် ဟုပြောလေ့ရှိသည်။ သူ၏ မုတ်ဆိတ်အဖြူများနှင့်ဓာတ်ပုံမှာ နေရာအနှံ့တွင် တွေ့နေရပါသည်။ သူ၏ပါတီ၏အုပ်ချုပ်ပုံမှာ ပါတီတွင်း ညီညွတ်မှုတော့ရှိပါ၏။ သို့သော် တိုင်းပြည်နေရာအနှံ့ အကွဲအပြဲများမှာ သိသာပေါ်လွင်နေပါသည်။ သူ၏အာဏာရလာပုံမှာ ဟိန္ဒူမျိုးချစ်ဝါဒကို အခြေခံပြီး အိန္ဒိယတွင် သက်တမ်းတာရှည်ကွဲပြားနေခဲ့သော မွတ်ဆလင်များနှင့် ပဋိပက္ခကို ပို၍ပေါ်လွင်စေပါသည်။ အမြင့်ဆုံးတရားရုံးမှာ မိုဒီအစိုးရဘက်က လိုက်သည်ဟူသော စွပ်စွဲချက်များကို မကြာမကြာ ကြားကြရပါသည်။

တရားရုံးမှာ အချက်အလက်ရှာဖွေရေးအဖွဲ့ဖြင့် ပြဿနာများကို အခြေအမြစ်အထိ လိုက်တတ်သော ဥပမာများကိုလည်း တွေ့နေရပါသည်။ ဥပမာ - အခိုးအငွေ့ထုတ်၍ ပြည်သူလူထုကို ဒုက္ခပေးသော ကျောက်မီးသွေးစက်ရုံများ၊ မြေအသုံးချမှု၊ ဘတ်စ်ကား၊ တက္ကစီနှင့် အနှေးယာဉ်များကို ဂက်စ် (Compressed Natural Gas) ဖြင့် မောင်းနှင်စေ၍ ပတ်ဝန်းကျင်သန့်ရှင်းရေးကို ဂရုစိုက်ပုံတို့ကို အခြေအမြစ်အထိ လိုက်လံကြည့်ရှုလေ့ရှိပါသည်။ သို့ပါသော်လည်း ဒေလီမြို့၏လေထုမှာ ညစ်ညမ်းတုန်းပင် ဖြစ်ပါသည်။

အမြင့်ဆုံးတရားရုံး၏ တရားသူကြီးများကို အောက်ခြေတရားသူ ကြီးများကြားမှ ရွေးချယ်တင်မြှောက်ရပါသည်။ အငြိမ်းစားယူသောနှစ်မှာ ၆၅ နှစ်ဖြစ်ပြီး သူတို့၏အလုပ်လုပ်ရသောနှစ်မှာ ၁၀နှစ်ထက်နည်းကြပါသည်။ အောက်တိုဘာလတွင် ယခုတရားသူကြီးချုပ် မစ်ဆရာ Dipak Misra သက်ပြည့်ပင်စင်ယူရပါမည်။ သူ့ကို အခြားတရားသူကြီးများက အမှုများကိုချပေးရာတွင် ဘက်လိုက်သည်ဟု စွပ်စွဲကြပါသည်။

များသောအားဖြင့် တရားသူကြီးများမှာ ဟိန္ဒူဘာသာကိုးကွယ်သောသူ၊ အမျိုးမြင့်သူများ (Upper Caste) နှင့် ယောကျာ်းများသာဖြစ်ပါသည်။ ယနေ့လက်ရှိဆိုလျှင် ခရစ်ယာန်ဘာသာဝင်တစ်ဦးနှင့် မွတ်ဆလင်တစ်ဦး ရှိပါသည်။ တရားသူကြီး ၂၅ ဦးတွင် ၂၂ ဦးမှာ ယောကျာ်းများ ဖြစ်ပါသည်။

တရားရုံးချုပ်၏ပြဿနာမှာ တစ်ခါတစ်ရံ ၎င်း၏ဆုံးဖြတ်ချက်များကို လူထုက မလိုက်နာဘဲ မသိကျိုးကျွန်ပြုကြခြင်းပင်ဖြစ်သည်။

အိန္ဒိယ၏ အကြီးမားဆုံးပြဿနာမှာ အမှိုက်စွန့်ပစ်ခြင်းပင်ဖြစ်သည်။ ဒေလီမြို့တွင် စုပြုံနေသောအမှိုက်များမှာ ၈၀ ဘီလီယံပေါင်ခန့်ရှိသည်။ သတင်းစာတွင် အမှိုက်များထဲမှ ခြင်ကကိုက်သောကြောင့် ကလေးငယ်သေဆုံးရပုံကို ဖတ်မိရာမှ တရားရုံးပါဝင်ပတ်သက်လာသည်။ တရားရုံးက ဖက်ဒရယ်နှင့် မြူနီစီပယ်အရာရှိများကိုဆင့်ခေါ်သည်။ ရက်သတ်မှတ်သည်။ ကြားနာ၍ အမိန့်ချမှတ်သည်။ ဘာမှမပြောင်းလဲချေ၊ 

အိန္ဒိယအစိုးရရုံးများတွင် ကြီးမားခက်ခဲလှသော ဗျူရိုကရေစီကြောင့် လုပ်ငန်းများ နှောင့်နှေးကြန့်ကြာခြင်းသည် ပြင်မရနိုင်အောင် ကြီးထွားနေသည်။ ဘယ်သူမှ လိုက်မလုပ်သော ဆုံးဖြတ်ချက်များကို ချမှတ်နေရသည်ဟု တရားသူကြီးက ညည်းတွားသည်။ အိန္ဒိယသည် တစ်နေ့တွင် ရှုပ်ထွေးလာသောအမှိုက်ပုံကြီးများအောက်တွင် ပျောက်ကွယ်သွားမည်ဟု ဆိုကြသည်။

(၃)

အိန္ဒိယနိုင်ငံ၏ အမြင့်ဆုံးတရားရုံးက ချမှတ်လိုက်သော စီမံချက်တစ်ခုကို လူတို့က မသိကျိုးကျွန်ပြုနေကြသည်မှာ မယုံနိုင်စရာအံ့ခမန်း ဖြစ်ပါသည်။ အမြင့်ဆုံးရုံးသို့ တက်သင့်သောအရာမှတက်၍ အောက်ရုံးတွင်ပြီးနိုင်သမျှကို အောက်တွင်ပြီးပြတ်စေသင့်သည်။ အိန္ဒိယရုံးများက အသံသာမြည်၍ အလုပ်မဖြစ်သည်မှာ လူပြောများလှပါပြီ၊ အများက ပြောသလို အမှိုက်ပုံကြီးအောက်တွင် ပျောက်မသွားရန်လိုအပ်နေပါသည်။

ကိုသန်းလွင်