News

POST TYPE

OPINION

ပေးထားချက် စုံအောင်ကြည့်ရမည့် စီးပွားရေးပုစ္ဆာ (Daily, Vol-6/No-155)
09-Oct-2018
မြန်မာ့စီးပွားရေးနှင့်ပတ်သက်၍ ကျွမ်းကျင်သူများက အမျိုးမျိုးသုံးသပ်ကြရာတွင် ပညာရှင်အမြင်ဖြင့် သုံးသပ်ကြသည်များရှိသလို စီးပွားရေးသဘောကို သာမန်နားလည်မှုမျိုးဖြင့် သုံးသပ်ကြသည်များလည်းရှိသည်။

ကျွမ်းကျင်သူတို့ကမူ ထုံးစံအတိုင်း စီးပွားရေးမူဝါဒကို အခြေခံ၍ ဘဏ်လုပ်ငန်းအပါအဝင် အစိုးရ၏ဘဏ္ဍာရေးနှင့် ငွေကြေးပေါ်လစီများ၊ ဗဟိုဘဏ်၏ အခန်းကဏ္ဍ၊ အခြေခံအဆောက်အဦများ၊ စီးပွားရေးနယ်ပယ်နှင့် ဆက်စပ်နေသော ရင်းနှီးမြှုပ်နှံမှုဆိုင်ရာဥပဒေများ၊ အခွန်ဥပဒေများစသည့် အချက်အလက်များ၊ ကိန်းဂဏန်းများကို အခြေခံ၍ သုံးသပ်အဖြေရှာပေးတတ်ကြသည်။

သာမန် အမြင်ရှိသူများကမူ ပြည်တွင်းရှိ မြင့်မားနေသော ဒေါ်လာဈေးနှင့် ချိတ်ဆက်နေသည်ဟုဆိုကာ ဒေါ်လာဈေးငွေလဲနှုန်း၊ ဆန်အပါအဝင် ကုန်ဈေးနှုန်းများ လျှော့ချပေးရေးကို အဓိကဇောင်းပေးပြောဆိုကြသည်။

အထက်ဆိုခဲ့ပါ အမြင်သုံးသပ်ချက်နှစ်ခုစလုံးမှာ သီအိုရီအရရော လက်တွေ့ ဈေးကွက်အခြေအနေအရပါ မှန်ကန်သော်ငြား မြန်မာ့စီးပွားရေး ဦးမော့လာစေရေးမှာ ထိုနှစ်ချက်ဖြင့် မလုံလောက်ပေ။

ဈေးကွက်အတွင်း နိုင်ငံသားတို့၏ ပကတိအခြေအနေနှင့် များစွာခြားနားကွဲပြားစွာ ဖြစ်ပေါ်နေသည့် ပုံမှန်မဟုတ်သော အခြေအနေ၊ ပြဿနာရပ်များကိုလည်း ထည့်သွင်းစဉ်းစားကြည့်မှသာ နည်းလမ်းမှန်သော သို့မဟုတ် အနီးစပ်ဆုံး ဖြေရှင်းနည်းတစ်ရပ် ထွက်ပေါ်လာနိုင်သည်။

မြန်မာနိုင်ငံ၏ အခြေခံအဆောက်အဦကဏ္ဍတွင် ပါဝင်သော အိမ်၊ ခြံ၊ မြေ အများစုမှာ နိုင်ငံတော်အဆင့်မှ မြို့နယ်၊ ကျေးလက်အဆင့်အထိ ခရိုနီခေါ် ယခင် အာဏာရှင်အစိုးရနှင့် အလွန်းသင့်ခဲ့သော လုပ်ငန်းရှင် အကြီး၊ အလတ်၊ အသေးများထံတွင် စုပြုံရောက်ရှိနေခြင်းမှာ ကိုင်တွယ်ရခက်သည့် ပြဿနာတစ်ရပ်ဖြစ်သည်။

ရန်ကုန်မြို့တော်တွင် ခေတ်အဆက်ဆက်က ငွေကြေး အချမ်းသာဆုံး လူများသာနေထိုင်သည့် ရပ်ကွက်တစ်ခုတည်းတွင်ပင် တန်ဖိုးကြီး ဇိမ်ခံအိမ်ပေါင်း နှစ်ဆယ်ခန့်ကို တစ်ဦးတည်း အမည်ပေါက်ဖြင့် မကြာသေးခင် နှစ်အပိုင်းအခြားကမှ အလုံးအရင်းဖြင့် ဝယ်ယူထားသည်ဆိုသော သတင်းမျိုး ထွက်ပေါ်လာခဲ့ခြင်းမှာ ကောင်းသည့်လက္ခဏာမဟုတ်ပေ။

ထို့အတူ ရန်ကုန်မြို့တော်အပါအဝင် မြန်မာနိုင်ငံ တစ်နံတစ်လျားရှိ မြို့ကြီး၊ မြို့ငယ်၊ အားလုံး၏ အထင်ကရ မြေနေရာများ၊ မြေလွတ်မြေရိုင်းများ၊ သဘာဝသစ်တောများပါမချန် ဒေသပေါက်ဈေး သို့မဟုတ် ပေါက်ဈေးထက် အဆများစွာ ပိုပေးကာ မြေပုံပေါ်လက်ထောက် ဝယ်ယူထားသည့် နာမည်ကျော် လုပ်ငန်းကြီးအချို့ ရှိနေခြင်းမှာလည်း ဆက်စပ်ပြဿနာတစ်ရပ်ဖြစ်သည်။

ကုန်ခဲ့သည့် အနှစ် ၂၀ကျော်အတွင်း နိုင်ငံ၏ ဂျီဒီပီခေါ် ပြည်တွင်း အသားတင်ထုတ်လုပ်မှုတန်ဖိုးတွင် ထည့်သွင်းတွက်ချက်၍ မရသော နိုင်ငံတော်ဝင်ငွေများစွာ စာရင်းမရှိ အင်းမရှိ၊ အစစ်အဆေး၊ အမေးအမြန်းမရှိ မည်သည့်နေရာတွင် ရောက်ရှိသွားသနည်း၊ မည်သူ့တွင် တာဝန်ရှိသနည်း ဆိုခြင်းတို့မှာလည်း မေးရမည့် မေးခွန်းများဖြစ်သည်။ 

ဆိုလိုသည်မှာ မြန်မာနိုင်ငံ၏ စီးပွားရေးပုစ္ဆာမှာ သမားရိုးကျ သီအိုရီ စံနှုန်းများ၊ သာမန်ကုန်ဈေးနှုန်းကျဆင်းရေး၊ သွင်းကုန်အစားထိုးရေး ပေါ်လစီများ၊ ယေဘုယျဆန်လွန်း၊ ဆောင်ပုဒ်ဆန်လွန်းသော မူဝါဒများစသည့် မြင်လွယ်သော ပေးထားချက်များဖြင့် တွက်ချက်၍မရဘဲ ဖုံးကွယ်ထားသော ပေးထားချက်များကိုသာ ရှာဖွေထည့်သွင်း တွက်ချက်နိုင်မှသာ အဖြေမှန် သို့မဟုတ် စီးပွားရေး ပြန်လည်ဦးမော့လာမည့် နည်းလမ်းကောင်းများ ရှာတွေ့နိုင်မည်ဖြစ်ကြောင်း သိစေလိုရင်းဖြစ်သည်။ 

အယ်ဒီတာ ( ၈ - ၁၀ - ၂၀၁၈ )

(၉-၁-၂၀၁၇ နေ့ထုတ် The Voice Daily သတင်းစာတွင် ဖော်ပြခဲ့ပြီးသော အယ်ဒီတာ့အာဘော်ကို ပြန်လည်ဖော်ပြခြင်း ဖြစ်ပါသည်။)



  • VIA