News

POST TYPE

OPINION

လူငယ်နှင့် ဆက်ဆံရေး
08-Oct-2018
ဒီနေ့ခေတ် လူငယ်တွေရဲ့အခြေအနေဟာ တော်တော်လေးကို ကောင်းမွန်လာပြီလို့ ပြောရမယ်။ အရာရာမှာ ရှေ့တန်းကနေ ဦးဆောင်ဦးရွက်ပြုနိုင်လာကြပြီ။ နေရာတွေလည်း ရလာကြပြီ။ လူငယ်တွေရဲ့အရေးကို မားမားမတ်မတ်ဆောင်ရွက်ပေးမယ့် အဖွဲ့အစည်းတွေလည်း အလျှိုအလျှို ပေါ်ပေါက်လာကြပြီ။ ဝါသနာတူရာတူရာ၊ ရည်ရွယ် ချက်တူရာတူရာ လူငယ်တွေအချင်းချင်း စုစည်းထားတဲ့ကွန်ရက်တွေ၊ သမဂ္ဂတွေ၊ အဖွဲ့အစည်းအမျိုးမျိုးတွေလည်း ပေါ်ပေါက်နေကြပြီ။ ပြောရရင်တော့ လူငယ်တွေ ရှေ့တန်းကိုရောက်တဲ့ခေတ်ပါ။

တာဝန်ရှိတဲ့ လူကြီးတွေကလည်း လူငယ်တွေရဲ့အခန်းကဏ္ဍကို အလေးထားတယ်။ လူငယ်တွေရဲ့အသံကို နားထောင်တယ်။ လူငယ်တွေနဲ့ တလေးတစား တွေ့ဆုံဆွေးနွေးမှုတွေလုပ်တယ်။ အထူးသဖြင့် လူငယ်မူဝါဒရေးဆွဲရေးလုပ်ငန်းစဉ်ကြီးမှာ လူငယ်တွေရဲ့အသံတွေကို အများကြီး ထင်ဟပ်အောင်လုပ်ပေးတယ်။ လူငယ်ထုရဲ့အသံကို အမြဲမပြတ်နားထောင်တယ်။ လူငယ်တွေ တင်သွင်းဖတ်ကြားတဲ့စာတမ်းကို နိုင်ငံပိုင်သတင်းစာကြီးတွေမှာ တလေးတစားဖော်ပြပေးတယ်။ ဒီလိုဒီလိုခေတ်ကို ရောက်နေပါပြီ။

ဒီလိုအချိန်အခါမျိုးမှာ လူငယ်တွေအနေနဲ့ ကိုယ်ပြောချင်တာတွေကို လွတ်လပ်ပွင့်လင်းစွာ ပြောဆိုနိုင်ပါတယ်။ တင်ပြချင်တာတွေကို ရဲရဲဝံ့ဝံ့တင်ပြနိုင်ပါတယ်။ ကိုယ့်ရဲ့ကာယအား၊ ဉာဏအားတွေကို တိုင်းပြည်အတွက် ထိထိရောက်ရောက် အသုံးချနိုင်တဲ့အချိန်ဖြစ်ပါတယ်။ တကယ်လက်တွေ့ ရှေ့တန်းကနေ လူငယ်ထုရဲ့အကျိုးအတွက်၊ နိုင်ငံ့အကျိုးအတွက် ထိထိရောက်ရောက် ဆောင်ရွက်နေတဲ့လူငယ်တွေလည်း အများကြီးပေါ်ထွက်လာပြီဖြစ်ပါတယ်။ ဒါပေမဲ့လည်းပဲ တချို့လူငယ်လေးတွေရဲ့ ပြောပုံဆိုပုံ ဆက်ဆံပုံတွေကတော့ဖြင့် လက်ရှိရောက်နေတဲ့အခြေအနေ၊ အချိန်အခါကောင်းကြီးကို အရုပ်ဆိုး အကျည်းတန်စေသလိုမျိုး ဖြစ်နေပြန်ပါတယ်။

လူငယ်ဆိုတဲ့အသက်အရွယ်က တည်ဆဲဥပဒေတွေအရတော့ ၁၆ နှစ်ကနေ ၁၈ နှစ်ကြားကို ဆိုလိုတာပါ။ လူငယ်မူဝါဒရေးတဲ့နေရာမှာတော့ အသက် ၃၅ နှစ်အထိကို လူငယ်လို့ ရည်ညွှန်းထားပါတယ်။ ထားပါတော့။ အများအားဖြင့်တော့ လူငယ်လို့ ရည်ညွှန်းရမယ့်အရွယ်က တက္ကသိုလ်၊ ကောလိပ်တက်နေဆဲအရွယ်တွေပေါ့။ ကျောင်းသားအရွယ်တွေမို့ လုပ်တဲ့ကိုင်တဲ့ ပြောတဲ့ဆိုတဲ့နေရာမှာ လျင်မြန်သွက်လက်ပေါ့ပါးကြတယ်။ စိတ်မြန်ကိုယ်မြန်ရှိကြတယ်။

စိတ်မြန်ကိုယ်မြန်ဆိုတဲ့အတိုင်းပဲ စိတ်ကတွေးပြီးတာနဲ့ ကိုယ်နဲ့နှုတ်က အလိုလိုကပ်ပါလာပြီးသား ဖြစ်နေတတ်ကြတယ်။ တစ်ခုခု ထစ်ခနဲရှိတာနဲ့ ပြောပြီးဆိုပြီးနေပြီ။ ဘာတဲ့ဟေ့ဆိုတာနဲ့ တစ်ခုခုက တုံ့ပြန်ပြီးသား ဖြစ်နေပြီ။ စိတ်မြန်ကိုယ်မြန်ဖြစ်တာက မကောင်းဘူးလားဆိုရင်တော့ ကောင်းပါတယ်လို့ပဲ သာမန်အားဖြင့် ပြောရမှာပါ။ လေးတိလေးကန်မဖြစ်ဘူး၊ ပေါ့ပေါ့ပါးပါးရှိတယ်လို့ ပြောရမှာပေါ့။

ဒါပေမဲ့ တချို့ကိစ္စတွေမှာ စိတ်မြန်ကိုယ်မြန်ဖြစ်လွန်းတာမျိုးကျတော့ ရှူးရှူးဒိုင်းဒိုင်းနဲ့လုပ်လိုက်မိလို့ ပြဿနာတွေ ပိုကြီးသွားတာမျိုး၊ နောင်တစ်ချိန်မှာ ပြန်လည်ဖြေရှင်းဖို့ ခက်တဲ့အခြေအနေအထိ ရောက်သွားတတ်တာမျိုးတွေ ကြုံရနိုင်ပါတယ်။

အများအားဖြင့် လူငယ်အရွယ်တွေက တက္ကသိုလ်ပရိဝုဏ်ထဲမှာမို့ သူတို့နဲ့ ထိတွေ့ဆက်ဆံနေရတာက တက္ကသိုလ်ဆရာအသိုင်းအဝိုင်းပါ။ ဆရာ၊ ဆရာမတွေနဲ့ပတ်သက်လို့ သူတို့အပေါ်မှာ လူငယ်တွေ ဘယ်လို ပြောဆိုဆက်ဆံနေတယ်ဆိုတာတွေကို ကြည့်ရတာက တစ်ခါတစ်ခါကျတော့ တကယ့်ကို ရင်မောစရာတွေ ဖြစ်နေပါတယ်။

တက်ကြွတယ်၊ လျင်မြန်တယ်၊ ဖျတ်လတ်တယ်။ ဒါတွေကကောင်းပါတယ်။ မကောင်းတာကတော့ ထစ်ခနဲရှိ ဆတ်ဆတ်ထိမခံဖြစ်နေကြတဲ့ ကိစ္စလေးတွေပါ။ ဆရာက တစ်ခုခုပြောလိုက်တယ်၊ ပြောပြီးတာနဲ့ တစ်ပြိုင်နက် ဆရာ့စကားကို နာခံရမယ့်အစား ဒီဆရာကို ကတ်ကတ်လန် ပြန်ရန်တွေ့တာမျိုး၊ ကိုးလိုးကန့်လန့်တိုက်ပြီး လူမှုကွန်ရက်ပေါ် စာတွေတင်လိုက်၊ ကြေညာချက်တွေထုတ်လိုက် လုပ်နေတာမျိုးတွေ မကြာမကြာ တွေ့နေရပြန်တယ်။

သူတို့တွေရဲ့နေရာကနေ ကိုယ်ချင်းစာစိတ်နဲ့ဝင်ပြီး ခံစားကြည့်မိတယ်။ အဲ့ဒီအရွယ်လောက်တုန်းက ဖြတ်သန်းခဲ့တဲ့ ကိုယ့်စိတ်ခံစားချက်တွေနဲ့လည်း နှိုင်းယှဉ်ခံစားကြည့်မိတယ်။ တကယ်တော့ လူငယ်အရွယ်၊ အထူးသဖြင့် ၁၇၊ ၁၈၊ ၁၉၊ ၂၀ ဒီအရွယ်တွေဟာ တော်တော့်ကို တက်တက်ကြွကြွရှိကြတယ်။ ဘဝရည်မှန်းချက်တွေ ဘာတွေကလည်း ဒီအချိန်မှာ တော်တော်လေး ခိုင်ခိုင်မာမာရှိကြတယ်။ ဘာဖြစ်ရမယ်၊ ညာဖြစ်ရမယ် ဆိုတာမျိုး။ ပြီးတော့ ကြိုးလည်းကြိုးစားကြတယ်။ ကြိုးစားမှုရဲ့နောက်မှာ အထိုက်အလျောက် အောင်မြင်မှုလေးတွေရလာတတ်တယ်။ ဒီအောင်မြင်မှုက သေးတာကြီးတာ အသာထားလို့ သူ့အတွက်ကတော့ တကယ့်ကို ဂုဏ်ယူဝင့်ကြွားစရာကြီးတွေ ဖြစ်နေတော့တယ်။

ဒီအရွယ်၊ ဒီအချိန်မှာဖြစ်တဲ့စိတ်နေစိတ်ထားနဲ့၊ ဒီအချိန်မှာရလာတဲ့ အောင်မြင်မှုအချို့၊ အောင်မြင်မှုဆိုရာမှာ သူ့အရွယ်နဲ့သူ လိုက်လျောညီထွေဖြစ်တဲ့အောင်မြင်မှုပေါ့။ ဒီလိုအောင်မြင်မှုလေးတွေရလာတော့ စိတ်ကနည်းနည်းမြင့်လာတယ်။ ဘဝင်က နည်းနည်းလေးကြွချင်လာတယ်။ ငါနဲ့ငါသာ နှိုင်းစရာဆိုတာမျိုးလေးတွေ ခံစားမိလာတယ်။

တကယ်တော့ ဒီအချိန်မှာ နံပါတ်တစ်ဖြစ်နေတဲ့သူသာလျှင် ကိုယ့်ကိုယ်ကိုယ် အတော်ဆုံးလို့ တွေးမိတာမဟုတ်ဘူး။ မျဉ်းအထက်က လူကလည်းပဲ သူ့ကိုယ်သူတော့ တစ်နေရာရာမှာ ဆရာတစ်ဆူဖြစ်နေတယ်လို့ ထင်နေတာပါပဲ။ မျဉ်းအထက်ဆိုတာကတော့ အောင်စာရင်းတွေကို တစ်ယောက်ချင်းစီရတဲ့ရမှတ် အနည်းအများအလိုက် တန်းစီပြီးထုတ်တဲ့ အခါ သူ့အောက်မှာ ဘယ်သူမှမကျန်တော့ဘဲ မျဉ်းပိတ်ထားတာခံရတဲ့သူ၊ အောက်ဆုံးကလူကို ပြောတာပါ။ အဲ့သလိုအောက်ဆုံးကနေ မျဉ်းစီးတဲ့သူကလည်းပဲ ငါက စာသာမတော်တာ၊ အားကစားဘက်မှာတော့ ငါ့ကို ယှဉ်နိုင်တဲ့သူ ရှိရိုးလား၊ ဂီတဘက်မှာတော့ ဘယ်ကောင့်မှဆရာမတင်ဘူးဆိုတာမျိုးနဲ့ သူလည်းပဲ သူ့မာန်နဲ့သူ ရှိနေတာ။ ဘဝကို ရုပ်ရှင်ဇာတ်ကားတစ်ကားနဲ့တင်စားရင် လူငယ်တွေတော်တော်များများကတော့ ဒီအချိန်မှာ တော်တော်များများက ကိုယ့်ကိုယ်ကိုယ် ဇာတ်လိုက်မင်းသားလို့သာ ထင်နေတတ်တာ၊ ဇာတ်လိုက်မင်းသမီးလို့သာ ထင်နေတတ်တာပါ။ ကိုယ့်ကိုယ်ကိုယ် ဇာတ်လိုက်မင်းသားလို့ထင်တော့ တခြားသူတွေကို ဇာတ်ပို့ဇာတ်ရံအဆင့်လောက်သာ တွေးမိတတ်တာမျိုးလည်းရှိမှာပေါ့။ ဒီတော့ သိပ်ပြီးအလေးမထားချင်တော့ဘူးပေါ့။ 

ဒီနေရာမှာ ပြောချင်တာကတော့ ဆက်ဆံရေးအကြောင်းပါ။ ဒီအရွယ်မှာ အနီးကပ်ရှိနေတာက ကိုယ်နဲ့ သက်တူရွယ်တူလူငယ်တွေအပြင် တခြားရှိနေတာက ကျောင်းက ဆရာ၊ ဆရာမတွေ။ ဒီဆရာ၊ ဆရာမတွေကို သူတို့ဆက်ဆံပုံကလည်း သိပ်တော့ ထောင့်မကျိုးချင်တဲ့ပုံတွေ။ အထူးသဖြင့် ဒီဘက်ပိုင်းမှာ ထောင့်မကျိုးတဲ့လုပ်ရပ်လေးတွေ တော်တော်များများတွေ့နေရပြီ။ 

ကိုယ့်ကျောင်းမှာ အကြီးဆုံးပုဂ္ဂိုလ်ဖြစ်တဲ့ ပါမောက္ခချုပ်တို့လို၊ ကျောင်းအုပ်ကြီးတို့လို ပုဂ္ဂိုလ်မျိုးကြီးတွေကိုတောင်မှ သိပ်ပြီးတော့ မလေးစားချင်ကြတော့တဲ့သဘောတွေ တွေ့နေရတယ်။ ပါမောက္ခချုပ်က ဝန်ထမ်းစည်းမျဉ်းကို မလိုက်နာပါဘူးဆိုပြီး သတင်းစာရှင်းလင်းပွဲလုပ်တဲ့သူတွေ ရှိတယ်။ ကျောင်းအုပ်ကြီးက သိပ်ကို အာဏာရှင်ဆန်ပါတယ်ဆိုပြီးတော့ ကျောင်းသားကနေ ဆရာကို သတိပေးတာမျိုးတွေလည်း ရှိလာတယ်။ ဒီပါမောက္ခချုပ်ကို ဘယ်နေ့ဘယ်ရက်အတွင်းမှာ အရေးမယူရင်တော့ ဘယ်လိုဘယ်ပုံတွေ ပြင်းထန်စွာ တုံ့ပြန်လိုက်မယ်ဆိုပြီး ပညာရေးဝန်ကြီးဆီအထိ စာတွေဘာတွေပို့တဲ့သူတွေရှိတယ်။ စာမေးပွဲခန်းမှာ ဆရာဖုန်းပြောတဲ့ကိစ္စကို မကျေနပ်လို့ လူမှုကွန်ရက်ပေါ်တင်လိုက်ရာက ဆရာကတောင်မှ ကျောင်းသားကို ပြန်ပြီးတောင်းပန်နေရတဲ့အဖြစ်တွေရှိနေပြန်တယ်။ ကြေညာချက်တွေ၊ သဘောထားတွေ၊ ထုတ်ပြန်ချက်တွေကို ကြည့်လိုက်ရရင် တကယ့်ကို မြင်မကောင်း၊ ရှုမကောင်းလောက်အောင် တင်းမာနေတာမျိုးတွေ ဖြစ်နေတယ်။

တကယ်တော့ ဒါက ကျောင်းသားထုအားလုံး၊ လူငယ်ထုအားလုံးကို ကိုယ်စားပြုတဲ့လုပ်ရပ်တွေတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ ဒီလိုလုပ်ရပ်လေးတွေက တဖြည်းဖြည်း များလွန်းမကများပြားလာရင် ကျန်တဲ့လူငယ်တွေကပါ ဒီလူတွေလုပ်တာကိုင်တာကို မှန်ကန်ပါတယ်လို့ထင်ပြီးတော့ လိုက်လံတုပတာတွေ ဖြစ်လာနိုင်စရာရှိပါတယ်။ ဒီလိုအခြေအနေမျိုးကို အချိန်မီဝိုင်းဝန်းထိန်းသိမ်းနိုင်ဖို့လည်း လိုအပ်နေပါတယ်။

ဟုတ်ပြီ။ ဆရာသမားတွေ၊ လူကြီးတွေကို ကိုးလိုးကန့်လန့်လျှောက်ပြောနေတာက လူငယ်ထုရဲ့ မပြောပလောက်တဲ့အရေအတွက်ကလေးပါ၊ ကျန်တဲ့လူငယ်တွေအားလုံးက လိမ္မာယဉ်ကျေးကြပါတယ်၊ သိမ်မွေ့ကြပါတယ်လို့တော့ ပြောချင်ပြောမှာပေါ့။ ဒါလည်းမှန်တော့မှန်ပါတယ်။ တစ်ခုခု ပြဿနာတက်လာတိုင်း ဆိုးတဲ့သူတစ်ယောက်ယောက်ကြောင့်သာ ပြဿနာက တက်လာတာပါ။ ကောင်းတဲ့သူတွေကျတော့ သူ့ဘာသာ သူ့အလုပ်သူလုပ်နေတာနဲ့ ဘယ်သူမှ သိပ်သိမှာလည်း မဟုတ်ဘူးပေါ့။ ဒါပေမဲ့ အနည်းငယ်မျှသော ဆိုးသွမ်းသူလေးတွေကလည်း တဖြည်းဖြည်း အရေအတွက်တွေများများလာတော့ ပြန်လည်သုံးသပ်ကြဖို့တော့ အချိန်တန်ပြီလို့ လူငယ်ထုကို သတိပေးလိုခြင်းဖြစ်ပါတယ်။

အရေးကြီးတဲ့အချက်တစ်ခုကတော့ ကိုယ့်နိုင်ငံရဲ့ယဉ်ကျေးမှုဓလေ့ ထုံးတမ်းတွေပါ။ ပြီးတော့ ဘာသာရေး။ ဒီနိုင်ငံမှာက သမိုင်းတစ်လျှောက်လုံး ဆရာတွေကို အာစရိယဂုဏောအနန္တောဆိုပြီးတော့ ဘုရားနဲ့နှိုင်း တစ်ဂိုဏ်းတည်းထားပြီး အလေးအမြတ်ပြုခဲ့ကြတာပါ။ တစ်ရက်၊ တစ်မနက်ပဲ သင်ဖူးသင်ဖူး၊ တစ်လုံးတစ်ဂါထာ၊ တစ်ဝါကျလောက်လေးပဲ သင်ဖူးသင်ဖူး၊ အဲ့ဒီပုဂ္ဂိုလ်ကို ကိုယ့်ရဲ့ဘဝတစ်လျှောက်လုံးမှာ ဆရာသမားအဖြစ် မှတ်ယူပြီးတော့ တရိုတသေဆက်ဆံခဲ့ကြတာပါ။ ဒီနေ့ဒီအချိန်မှာတော့ ဆရာကို ဆရာလိုမမြင်နိုင်တော့တဲ့ လူငယ်အရွယ် ကျောင်းသားလေးတွေ တော်တော်များလာနေပြီလို့ ဆိုနိုင်မယ်ထင်ပါတယ်။

အထူးသဖြင့် ကျောင်းသားထုရဲ့မဲဆန္ဒတွေနဲ့ ဖွဲ့စည်းထားတဲ့အဖွဲ့ အစည်းတွေအနေနဲ့ဆိုရင် ကိုယ့်အဖွဲ့အစည်းရဲ့ပုံရိပ်ကို မထိခိုက်အောင်၊ ကိုယ့်အဖွဲ့အစည်းရဲ့ ဂုဏ်ရောင်တွေ ထွန်းပြောင်နိုင်သမျှ ထွန်းပြောင်နိုင်အောင် ဂရုတစိုက်နဲ့ ကြိုးစားကြဖို့လိုအပ်ပါတယ်။ ဒီအချိန်မျိုးမှာ ကိုယ်အလေးအမြတ်ထားရမယ့် ဆရာသမားတွေကို ကန့်လန့်တိုက်နေရုံနဲ့တော့ ဂုဏ်တက်လာမှာမဟုတ်ဘူးဆိုတာကို စဉ်းစားဆင်ခြင်သင့်ပါတယ်။ ကိုယ်လုပ်လိုက်တဲ့လုပ်ရပ်လေးတစ်ခုကြောင့် ကိုယ့်ရဲ့အဖွဲ့အစည်း ဂုဏ်ပျက်ရတယ်ဆိုရင် သိပ်တော့ မသင့်လျော်ပါဘူး။

ကာလံ၊ ဒေသံ၊ အဂ္ဂံ၊ ဓနံဆိုတဲ့ ရှေးသူဟောင်းတို့ရဲ့ဆိုထုံးကိုလည်း မေ့မထားသင့်ပါဘူး။ ဘာဖြစ်လို့ ဒီလိုပြောရတာလဲဆိုတော့ ကျောင်းသားအရွယ် လူငယ်တော်တော်များများက သမဂ္ဂလို့ပြောလိုက်တာနဲ့ သမဂ္ဂတွေ စတင်ပေါက်ဖွားခဲ့တဲ့ကာလကို ရည်ညွှန်းလေ့ရှိကြတယ်။ အဲ့ဒီ အချိန်တုန်းက ရှေ့က နောင်တော်ကြီးတွေလုပ်ခဲ့ကြတဲ့ လုပ်ရပ်တွေကိုပဲ စံအနေနဲ့ထားပြီးတော့ လုပ်ကိုင်ဆောင်ရွက်လေ့ရှိကြတယ်။ တကယ်တမ်းကျတော့ ကိုလိုနီခေတ်က တက္ကသိုလ်နယ်မြေနဲ့ ဒီနေ့ ဒီမိုကရေစီခေတ်ရဲ့ တက္ကသိုလ်နယ်မြေကို တန်းတူထားဖို့မသင့်ပါဘူး။ 

ဟိုတုန်းကအချိန်အခါက သူ့အချိန်သူ့အခါ ကာလအရ ဆောင်ရွက်ခဲ့ကြတာတွေက သူ့ခေတ်နဲ့သူမှန်ပါတယ်။ အခြေအနေ အချိန်အခါအရ အကောင်းဆုံးဖြစ်မယ်ထင်တာတွေကို လုပ်ဆောင်ခဲ့ကြတာပါ။ ကိုလိုနီဆိုတဲ့အတိုင်း၊ ကျွန်ပညာရေးကိုတော်လှန်မယ်၊ ဘာဖြစ်မယ်ညာဖြစ်မယ်နဲ့ တက္ကသိုလ်က အကြီးအကဲတွေကို ကန့်လန့်တိုက်၊ သပိတ်မှောက်။ ဒါက သူ့အချိန်အခါနဲ့သူမှန်ပါတယ်။ ဒီကနေ့ခေတ်က အဲ့သလိုမဟုတ်တော့ဘူး။ ကိုယ့်နိုင်ငံ၊ ကိုယ့်ပညာရေးမှာ၊ ကိုယ့်တက္ကသိုလ်နယ်မြေမှာ အားလုံးကိုယ့်ဆရာတွေချည်းပဲ ပညာသင်ပေးနေကြတဲ့အချိန်ပါ။ ပညာရေးနဲ့ ပတ်သက်လို့ ဘယ်သူ့ကိုမှ တော်လှန်နေရမယ့်အချိန် မဟုတ်တော့ပါဘူး။ ကိုယ့်ပညာကို ကြိုးကြိုးကုတ်ကုတ် သင်ယူရမယ့်အချိန်ဖြစ်ပါတယ်။ အရာရာကို တိုက်ရိုက်ကူးချဖို့မသင့်ပါဘူး။ ဟိုတုန်းက ဒီလိုလုပ်ခဲ့တာမို့ ဒီနေ့ဒီအချိန်မှာလည်း ဒီလိုပဲဆက်လုပ်ကြတာပလို့ ဆုံးဖြတ်လို့မဖြစ်ပါဘူး။

ဒီကနေ့ ဒီလိုသင်ကြားပေးနေတယ်၊ သင်ယူနေတယ်။ ဒါကို မှန်ကန်တဲ့နည်းလမ်းနဲ့ သင်ယူပြီးတော့ ကိုယ့်ကိုယ်ကိုယ် အရည်အသွေးတွေ တောက်ပလာအောင် သွေးနေသင့်တယ်။ လက်ရှိအခြေအနေကို မကြိုက်ဘူးလား။ ဒါဆိုရင်လည်း ဘယ်လိုလေးဆိုရင်တော့ ပိုကောင်းမယ်ထင်တယ်ဆိုတာမျိုးကို ပြောခွင့်ဆိုခွင့် ဆွေးနွေးခွင့်တွေရှိနေပါတယ်။ အဲ့ဒီအတိုင်း ဆွေးနွေးလိုက်ရုံပါပဲ။ အရာအားလုံးက ကိုယ့်အမြင်အတိုင်းချည်းပဲတော့ ပြောင်းချင်မှပြောင်းပေးနိုင်မှာပေါ့။ ပညာရှင်တွေလက်ခံတဲ့ စံချိန်စံညွှန်းတွေနဲ့ ကိုက်ညီအောင်တော့ အားလုံးက ကြိုးစားနေကြတာပါပဲ။ လက်ရှိအခြေအနေကို အကောင်းဆုံးလို့ လက်မခံနိုင်ရင်တောင်မှ တော်တော်လေးတော့ ကောင်းမွန်သင့်တင့်တဲ့အခြေအနေတစ်ရပ်လို့ မှတ်ယူထားပြီးတော့ ကိုယ်သင်ယူစရာရှိတာကို သေသေချာချာ သင်ယူလေ့လာသင့်ပါတယ်။

တကယ်တော့ လေ့လာသင်ယူစရာတွေက မကုန်နိုင်ဘူး။ တကယ့်ကို များပြားကျယ်ပြန့်လွန်းနေတယ်။ ဒါကိုပဲ သေသေချာချာမလေ့လာဘဲနဲ့  ဟိုထောက်သည်ထောက်လောက်နဲ့ အချိန်ကုန်သွားရင်တော့ မြကျွန်း ညိုညိုတက္ကသိုလ်မှာ ကွန်းခိုရကျိုးနပ်မှာ မဟုတ်ဘူးပေါ့။ တစ်နေ့ထက်တစ်နေ့ ယဉ်ကျေးလာရမယ်၊ သိမ်မွေ့လာရမယ်၊ ထူးချွန်ထက်မြက်လာရမယ်။ ဒီလိုသွားနေမှသာ အဆင်ပြေမှာဖြစ်ပါတယ်။ 

လွတ်လပ်စွာ ပြောဆိုခွင့်ဆိုပြီးတော့ ဘယ်သူ့ကိုပဲဖြစ်ဖြစ် ကိုယ်ဆက်ဆံချင်သလို ဆက်ဆံလိုက်မဟဲ့ ဆိုတာမျိုးတော့ မလုပ်သင့်ပါဘူး။ ကြီးသူကိုရိုသေ၊ ရွယ်တူကိုလေးစား၊ ငယ်သူကိုသနားဆိုတဲ့ မြန်မာတို့ ရှေးကတည်းက ကျင့်သုံးခဲ့တဲ့မူတွေကိုလည်း အမြဲတမ်း ပြန်သတိရနေသင့်ပါတယ်။ ရိုသေသင့်တဲ့သူကို မရိုမသေဆက်ဆံရင်တော့ လူရိုင်းကလေးတွေ ဖြစ်ကုန်မှာပါပဲ။

တကယ်တော့ ငယ်တဲ့အရွယ်မှာ သင်ယူလေ့လာစရာတွေက အများကြီး။ အများကြီးမှ တကယ့်ကိုအများကြီးပါ။ အခုလည်း သင်ယူနေရဦးမှာပဲ၊ နောင်လည်း သင်ယူနေရဦးမှာပဲ။ ဘဝတစ်လျှောက်လုံး ဘယ်အချိန်မှာမှ လုံလောက်သွားပြီဆိုတာ မရှိဘူး။ အမြဲတမ်း သင်ယူနေရဦးမှာ။ ဒီတော့ ကိုယ်သင်ယူစရာရှိတာတွေကို တက်တက်ကြွကြွသင်ယူမယ်၊ လူငယ်ပီပီ ပျော်ပျော်ရွှင်ရွှင်နေထိုင်မယ်၊ လွတ်လပ်ပေါ့ပါးတဲ့စိတ်နှလုံးနဲ့ တွေးခေါ်မြှော်မြင်ကြမယ်၊ ယဉ်ကျေးလိမ္မာအောင်၊ ထူးချွန်ထက်မြက်အောင် ကိုယ့်ကိုယ်ကိုယ် လေ့ကျင့်ပျိုးထောင်ကြမယ်ဆိုရင်တော့ အကောင်းဆုံးဖြစ်မှာပါ။

ကိုယ့်ထက်အသက်ဂုဏ်ဝါကြီးတဲ့သူတွေကို ဆတ်ဆတ်ထိမခံပြန်ပြောလိုက်ရလို့ တော်တော့်ကို အရသာရှိသွားမလား။ တစ်ခွန်းမကျန် ခွန်းတုံ့ပြန်လိုက်ရလို့ သိပ်ကိုခံတွင်းတွေ့သွားမလား။ တစ်ဖက်က ကိုယ့်ကို ပညာသင်ပေးနေတဲ့ ဆရာကြီး၊ ဆရာမကြီးတွေအနေနဲ့ရော ကိုယ့်လိုလူတွေကို တပည့်တော်ထားရတဲ့အတွက် စိတ်လက်ချမ်းသာနိုင်ကြပါ့မလား။ ဒီလိုဂုဏ်သတင်းပျံ့လာမှုတွေကို ကြားရမြင်ရတဲ့ ကိုယ့်မိဘတွေကရော ဟာ၊ ငါတို့သားတော့ တက္ကသိုလ်မှာ လူစွာကြီးဖြစ်နေပဟဲ့ဆိုပြီး ဂုဏ်ယူဝင့်ကြွားနေကြမှာတဲ့လား။ ဒါတွေကို အသေးစိတ်ပြန်သုံးသပ်သင့်ပါတယ်။

ဒီနေရာမှာ ချ၊ ချဆိုပြီး အားပေးအားမြှောက်ပြုနေတဲ့သူတွေရဲ့ အန္တရာယ်ကိုလည်း သတိပြုသင့်ပါတယ်။ ကိုယ့်ကို အားပေးနေတာက ကိုယ်နဲ့စိတ်တူကိုယ်တူ သူငယ်ချင်းတွေဖြစ်ချင်ဖြစ်မယ်၊ ကိုယ့်ထက်ကြီးတဲ့သူတွေ ဖြစ်ချင်ဖြစ်မယ်၊ ဘယ်သူပဲဖြစ်ဖြစ်ပေါ့လေ။ တစ်ခုသတိထားရမှာက လက်ခုပ်သံဆိုတိုင်းလည်း ကိုယ့်ကိုချစ်လို့ တီးနေတာလို့ မမှတ်ယူမိဖို့ပါ။ တချို့လက်ခုပ်သံတွေက ကိုယ့်ကို နစ်သထက်နစ်သွားအောင် အဆင်းဘီးတပ်ပေးနေတဲ့သဘောမျိုးနဲ့ တီးပေးတာမျိုးလည်း ရှိတယ်ဆိုတာကို သတိထားစေချင်ပါတယ်။ ဒီတော့ မြှောက်ပေးတိုင်းလည်း ဟိုဒင်းတက်အောင်ကဖို့ ဆန္ဒတွေသိပ်မစောပါနဲ့ဦး။ 

လူငယ်အရွယ်မှာ လူငယ်ပီပီ ထူးချွန်ထက်မြက်အောင် ကြိုးစားလိုက်စမ်းပါ။ ဒါက တကယ်ကောင်းတဲ့အလုပ်ပါ။ ရှေ့လူတွေထက်ကို ပိုတော်အောင်ကြိုးစားလိုက်စမ်းပါ။ ကိုယ့်ကိုသင်ပေးနေတဲ့ဆရာတွေထက်ကို ပိုသိ၊ ပိုတတ်၊ ပိုနားလည်တဲ့သူတွေဖြစ်အောင် ကြိုးစားကြစမ်းပါ။ ဒါဆိုရင် မနေ့ကမျိုးဆက်ထက် ဒီကနေ့မျိုးဆက်တွေက သာလွန်သွားမယ်။ မနက်ဖြန်မှာရှိလာမယ့်မျိုးဆက်တွေက ဒီကနေ့မျိုးဆက်တွေထက် ကျော်သွားမယ်။ ဒီလိုမှသာ တစ်ဆင့်ပြီးတစ်ဆင့် မြင့်မြင့်သွားကြမှာပါ။ ဒီလိုမဟုတ်ဘဲ မနေ့ကလူငယ်တွေထက် ဒီကနေ့လူငယ်တွေက ပိုမိုက်၊ ဒီကနေ့လူငယ်တွေထက် မနက်ဖြန်လူငယ်တွေက ပိုရိုင်းလာကြရင်တော့ ကြာလေဆိုးလေ၊ ထိန်းမရလေ ဖြစ်ကုန်ကြတော့မှာပါ။

အရေးကြီးတာကတော့ ဆက်ဆံရေးမှာ ကိုယ် ဒီလိုပြောလိုက်ဆိုလိုက်လို့ ကိုယ်စိတ်ချမ်းသာသွားမလား၊ သူရော စိတ်ချမ်းသာသွားမလား၊ ဒီနှစ်ချက်လေးလောက်ကိုပဲ အရင်စဉ်းစားပြီး ပြောလိုက်ဆိုလိုက်ရင် အဆင်ပြေသွားမှာဖြစ်ပါတယ်။ တို့ကတော့ ခပ်ကြမ်းကြမ်းကိုပြောလိုက်ရမှ အရသာရှိသကွဲ့ဆိုရင်လည်း သိပ်တော့ မပြောလိုပါဘူး။

အထူးသဖြင့် လူငယ်ထုကို ကိုယ်စားပြုနေတဲ့သူတွေ၊ ကျောင်းသားထုကို ကိုယ်စားပြုထားတဲ့သူတွေအနေနဲ့ ကိုယ်တစ်ခုခုပြောမယ်ဆိုမယ်၊ ရေးသားထုတ်ပြန်မယ်ကြံတိုင်း ကိုယ်ဒီလိုပြောဆိုရေးသားလိုက်တာက ကိုယ့်ဘဝ၊ ကိုယ့်မိသားစု၊ ကိုယ့်ပတ်ဝန်းကျင်၊ ကိုယ့်အဖွဲ့အစည်းရဲ့ဂုဏ် ကျက်သရေကို ပိုမိုတောက်ပြောင်ဝင့်ထည်လာစေနိုင်မလား၊ သေးဖွဲသိမ် နုပ်သွားစေနိုင်မလားဆိုတာလေးကို လေးလေးနက်နက် စဉ်းစားပြီးတော့မှ ပြောကြဆိုကြ ဆက်ဆံကြဖို့နဲ့ အချိန်မီပြင်နိုင်တဲ့ဟာတွေ၊ ပြင်သင့်တဲ့ဟာတွေကိုလည်း သိပ်နောက်မကျခင်မှာ ထိန်းသိမ်းပြုပြင်ကြစေချင်ပါတယ်။

ဘဝမှာ ဆက်ဆံရေးဟာ သိပ်အရေးကြီးတယ်။ လူငယ်တွေရဲ့ဘဝမှာဆိုရင် ပိုလို့တောင် အရေးကြီးပါတယ်။ ကိုယ်ဘယ်လိုလူဆိုတာကို လက်မှတ်တွေ၊ ဂုဏ်ပုဒ်တွေ၊ ပိုင်ဆိုင်မှုတွေက ဖော်ကျူးနိုင်တာထက် ဟောဒီဆက်ဆံရေးဆိုတဲ့အရာက ပိုပြီးဖော်ကျူးပြသနိုင်ပါတယ်။ အရေးကြီးတဲ့ဆက်ဆံရေးကို ပေါ့ပေါ့လေးတွေးပြီး ပေါ့ပေါ့လေးတော့ မလုပ်လိုက်ကြပါနဲ့။ ကြာရင် ဘဝကြီးပါ ပေါ့ပြက်ပြက်ဖြစ်သွားနိုင်လို့ သတိပေးလိုက်ရတာပါ...လို့။ 

သိုက်စိုးထွန်း (နတ်ရွာ)