News

POST TYPE

OPINION

မိမိဘာသာ သိက္ခာပြန်မချစေလို (Daily, Vol-6/No-154)
08-Oct-2018
လက်ရှိ အစိုးရလက်ထက် စီမံခန့်ခွဲအုပ်ချုပ်မှုများ၊ မူဝါဒ စီမံကိန်းများနှင့် ပတ်သက်၍ ဝေဖန်ထောက်ပြ၊ အကြံပြုသည်များအပေါ် အစိုးရနှင့် အာဏာရ ပါတီအဝန်းအဝိုင်း သို့မဟုတ် ၎င်းတို့ကို ထောက်ခံသူအချို့၏ တုံ့ပြန်ပုံမှာ ကိုယ့်ပုံရိပ်ကို ကိုယ်ပြန်ချသကဲ့သို့ ဖြစ်မနေစေရန် အထူးသတိပြုရမည်ဖြစ်သည်။

အစိုးရအဖွဲ့ဆိုသည်မှာ လွှတ်တော်ကဲ့သို့ ပြည်သူလူထုက တိုက်ရိုက် ရွေးချယ်တင်မြှောက်ထားသူများမဟုတ်သော်ငြား ပြည်သူ့ကိုယ်စားလှယ်များဖြင့် စုဖွဲ့ထားသည့် လွှတ်တော်ကရွေးချယ်ထားသည့် နိုင်ငံတော်သမ္မတက အမည်စာရင်း တင်သွင်းသူများဖြင့် ဖွဲ့စည်းထားသောကြောင့် ပြည်သူက သွယ်ဝိုက်ရွေးချယ်ထားသူများဟု ဆိုနိုင်သည်။

ပြည်သူက တိုက်ရိုက် သို့မဟုတ် သွယ်ဝိုက်ရွေးချယ်တင်မြှောက်ခံရသူများဖြစ်သောကြောင့် အစိုးရက လုပ်ကိုင်ဆောင်ရွက်နေသည်များကို ပြည်သူများအပါအဝင် နိုင်ငံသားတို့၏ သိပိုင်ခွင့်ကို ဖြည့်ဆည်းပေးနေသော သတင်းမီဒီယာများက စောင့်ကြည့်၊ ဝေဖန်၊ ထောက်ပြ၊ အကြံပြုနေခြင်းမှာ များစွာသဘာဝကျသည်။ 

သို့သော် ပြည်ထောင်စုအစိုးရနှင့် ပြည်နယ်နှင့် တိုင်းဒေသကြီးအစိုးရ တစ်ရပ်ရပ်သည် ပြည်သူ့ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းထားသော လွှတ်တော်ကိုပင် ကြိုတင်အသိမပေးဘဲ ငွေကြေးနှင့် ဘဏ္ဍာရေးဆိုင်ရာ ကိစ္စရပ်များ၊ စီမံကိန်း၊ စီမံချက်များ လိုသလိုချေးငှား၊ သုံးစွဲ၊ ရေးဆွဲ၊ အကောင်အထည်ဖော်နေပါမူ မဲဆန္ဒရှင်ပြည်သူများကို မလေးမစားပြုသည့်သဘော သက်ရောက်သည်။

ယင်းအခြေအနေကို မီးမောင်းထိုး၊ ထောက်ပြ၊ ဝေဖန်၊ အကြံပြုကြသူများ အပေါ်တွင်လည်း ပြည်သူက သွယ်ဝိုက်တင်မြှောက်ထားသော အစိုးရအဖွဲ့တစ်ရပ်အနေနှင့် အကဲဆတ်ဆတ်တုံ့ပြန်နေခြင်းမှာ မယဉ်ကျေးသည့်အသွင် ဆောင်လှသည်။

လက်ရှိအခြေအနေမှာ ဒီမိုကရေစီရေခံမြေခံများ တည်ဆောက်ဆဲ ကာလဖြစ်သောကြောင့် ပြည်သူက ရွေးချယ်တင်မြှောက်သော အစိုးရတစ်ရပ်အနေနှင့် ပြဿနာအရပ်ရပ်နှင့် အစိုးရအပေါ် ဝေဖန်ထောက်ပြမှုများကို ယခုထက်ပို၍ လူကြီးလူကောင်းဆန်ဆန်၊ ပညာရှင်ဆန်ဆန်၊ လက်တွေ့ကျကျ၊ ဖြစ်နိုင်ခြေရှိရှိ ယဉ်ယဉ်ကျေးကျေး တုံ့ပြန်သင့်လှသည်။ 

သို့သော် နိုင်ငံပိုင်အစိုးရအာဘော်သတင်းစာများက လက်ရှိနိုင်ငံတွင် ဖြစ်ပေါ်နေသော အခြေအနေအရပ်ရပ်နှင့်ပတ်သက်၍ ဝေဖန်ထောက်ပြအကြံပြုချက်များကို တုံ့ပြန်ပုံမှာ အစိုးရလုပ်သမျှမှန်ကြောင်း နည်းမျိုးစုံဖြင့် သက်သေပြသကဲ့သို့ ဖြစ်နေသည့်အပြင် လက်တွေ့မကျသည့် တင်ပြ၊ ရှင်းလင်း၊ နှိုင်းယှဉ်မှုများကြောင့် ရယ်သွမ်းသွေးဖွယ်ရာ ဖြစ်နေပေသည်။

ထို့အတူ ပြည်နယ်နှင့် တိုင်းဒေသကြီးအစိုးရတစ်ရပ်ရပ်၏ ပြုမူဆောင်ရွက်သမျှ၊ ပြောဆို၊ ထုတ်ပြန်ကြေညာသမျှ၊ လွှတ်တော်တွင် ဖြေကြားရှင်းလင်းမှုမှန်သမျှ၊ အကောင်အထည်ဖော်နေသော စီမံကိန်း၊ စီမံချက်၊ လုပ်ငန်းမှန်သမျှ လက်ရှိဖွဲ့စည်းပုံအခြေခံဥပဒေအရ ဝန်ကြီးချုပ်ကို တိုက်ရိုက်ခန့်ထားသော နိုင်ငံတော်သမ္မတနှင့် အာဏာရပါတီအပေါ်တွင်လည်း တာဝန်ရှိသည်။

ထို့အပြင် သက်ဆိုင်ရာ ပြည်နယ်နှင့်တိုင်းဒေသကြီး အစိုးရတစ်ဖွဲ့ဖွဲ့၊ ဝန်ကြီးချုပ်၊ ဝန်ကြီးတစ်ဦးဦး၏ စီမံခန့်ခွဲအုပ်ချုပ်မှု၊ ပြောဆို၊ လုပ်ကိုင်မှုများ လွဲချော်တိမ်းစောင်းနေပါက ထိန်းသိမ်း၊ တည့်မတ်ပေးရန် ပြည်ထောင်စုအစိုးရနှင့် နိုင်ငံတော်သမ္မတတို့က တာဝန်ရှိသည်။

ထိုအခြေအနေကို သိနေလျက်နှင့် မျက်နှာလွှဲ၊ လျစ်လျူရှုနေပါက ပြည်သူလူထု၏ စိတ်ကွက်မှု၊ စိတ်ငြိုငြင်မှု၊ စိတ်အလိုမကျမှုတို့မှသည် နောက်ဆုံးအကြိမ်ရေများလာလျှင် များလာသလို စိတ်ပျက်မှုနှင့်အတူ ထောက်ခံ အားပေးမှုပါ ကျဆင်းသွားနိုင်သောကြောင့် သတိပြုဆင်ခြင်ပါမည့်အကြောင်း အကြံပြုထောက်ပြလိုရင်းဖြစ်သည်။

အယ်ဒီတာ (၇ - ၁၀ - ၂၀၁၈)