News

POST TYPE

OPINION

နေခြည်ဦးနဲ့ တွေ့ဆုံခြင်း
07-Oct-2018
“ကိုယ်ပြောတဲ့ စကားတစ်ခွန်းကို အဓိပ္ပာယ်တစ်မျိုး သက်ရောက်အောင် ပြန်ဖွတဲ့သူတွေကြောင့် တချို့ပရိသတ်တွေက မုန်းတာကိုလည်း နေခြည်ခံရပါတယ်”



နာမည်ကျော် Beauty Blogger တစ်ဦးဖြစ်သလို သရုပ်ဆောင်လည်းလုပ်နေပြီဖြစ်တဲ့ နေခြည်ဦးနဲ့ တွေ့ဆုံပြီး Paris Fashion Week ကို သွားရောက်ခဲ့တဲ့ အတွေ့အကြုံများ၊ ကိုယ်ပြောလိုက်တဲ့ စကားတွေကြောင့် ဂယက်ထသွားတဲ့အကြောင်းတွေနဲ့ ဂူချီဦးလို့နာမည်ပြောင်ပေးခံခဲ့ရတဲ့အပေါ် ခံစားမှုတွေကို The Voice က မေးမြန်းဖော်ပြထားပါတယ်။ 

Voice : L'Oreal အလှကုန်ရဲ့ စီစဉ်ပေးမှုနဲ့ ပြင်သစ်နိုင်ငံမှာလုပ်တဲ့ Paris Fashion Week ကို သွားကြည့်ဖြစ်တဲ့ အကြောင်းကနေစပြီး ပြောပြပေးပါဦး။
NCO : ဒီပွဲကို တက်ရောက်ခွင့်ရခဲ့တာက နေခြည့်အတွက် အရမ်းကိုကြီးမားတဲ့ အခွင့်အလမ်းတစ်ခုရလိုက်သလိုပါပဲ။ ဒီလိုပွဲမျိုးကို တက်ရောက်ခွင့်ရဖို့ဆိုတာ အရမ်းခက်ခဲပါတယ်။ L’Oreal Paris ကနေ နေခြည်တို့ကို ဖိတ်ကြားပေးတာဖြစ်တဲ့အတွက် ကိုယ့်ဘက်ကနေ အကောင်းဆုံးပြင်ဆင်ပြီးတော့မှ သွားရတာပေါ့နော်။ သူတို့က နေထိုင်သွားလာဖို့ကအစ Fashion Show ကြည့်ဖို့အပါအဝင် အစစအရာရာစီစဉ်ပေးတဲ့အတွက် ကိုယ့်ဘက်ကလည်း ကိုယ့်ရဲ့ Presentation ကိုတော့ သေချာဂရုတစိုက်နဲ့ လုပ်ပေးရတာပေါ့။

Voice : Paris Fashion Week မှာရော နေခြည့်အတွက် ဘယ်လို အတွေ့အကြုံအသစ်တွေရခဲ့လဲ။
NCO : အဲ့ဒီပွဲမှာ နေခြည်အရမ်းကြိုက်ရတဲ့ ကမ္ဘာကျော်မင်းသမီးတွေ Social Influenzer တွေနဲ့ တွေ့ခဲ့ရပါတယ်။ နေခြည်က Beauty Blogger တစ်ယောက်အနေနဲ့ နိုင်ငံတကာအဆင့်အထိ ထိုးဖောက်ချင်တာဖြစ်တဲ့အတွက် ကမ္ဘာကျော် Blogger တွေနဲ့ အဆက်အသွယ်ရဖို့က လိုကိုလိုအပ်ပါတယ်။ ဒီတစ်ခေါက် နေခြည့် Paris Fashion Week ကိုသွားတဲ့အချိန်မှာ နေခြည့်ရဲ့ Facebook Page မှာ Follower တွေလည်း အများကြီးတက်လာတယ်။ ကိုယ်ကြိုက်တဲ့ အနုပညာရှင်တွေနဲ့လည်း တွေ့ခွင့်ရတယ်။ ဖက်ရှင်နဲ့ပတ်သက်တဲ့ စိတ်ကူးအသစ်တွေလည်း ရရှိခဲ့တဲ့အတွက် အရမ်းကို အကျိုးရှိတဲ့ ခရီးစဉ်လို့ပြောလို့ရပါတယ်။

Voice : ကိုယ်ပြောခဲ့တဲ့ စကားတွေတော်တော်များများက အွန်လိုင်းမှာ ဂယက်တွေ ဖြစ်ဖြစ်သွားတဲ့အပေါ်ကိုရော ဘယ်လိုခံစားရလဲ။
NCO : ဒါကတော့ နေခြည် အပြောမတတ်တာလို့ပဲ တွေးမိပါတယ်။ ကိုယ့်ကိုယ်ကိုယ် ဒီ့ထက်ပိုပြီးတော့ စကားပြော ဆင်ခြင်သင့်တယ်လို့လည်း စဉ်းတော့စဉ်းစားမိပါတယ်။ ဒါပေမဲ့ ဒါက နေခြည်ဖြစ်နေတယ်လေ။ ကိုယ့်ကိုယ်ကိုယ် ဘယ်လိုပြောင်းလဲပေးရမလဲဆိုတာကို နေခြည်လည်း မသိတော့ဘူး။ နေခြည် လူတိုင်းအပေါ် စိတ်ထားကောင်းကောင်းထားတယ်။ ကိုယ့်အလုပ်ကို အကောင်းဆုံးကြိုးစားတယ်။ ဒါပေမဲ့ နေခြည်က စကားပြော အရမ်းမြန်တယ်။ စိတ်ထဲမှာရှိတာကို အကုန်လုံးပြောပြတတ်တယ်။ အဲ့ဒါက ကောင်းတဲ့အခါတွေရှိသလို၊ မကောင်းတဲ့အခါတွေလည်းရှိပါတယ်။ ဒီလိုမျိုး ကိုယ်ပြောတဲ့စကားတွေက ဂယက်တွေဖြစ်သွားတယ်ဆိုတာ နေခြည် စကားပြောမဆင်ခြင်တာလည်းပါပါတယ်။ နေခြည့်ဘက်ကတော့ ကိုယ်စိတ်ထဲရှိသလိုပဲ၊ အားလုံးကို ပွင့်ပွင့်လင်းလင်း ပြောခဲ့တာပါ။

Voice : ကိုယ့်ရဲ့လှုပ်ရှားမှုတိုင်းကို အားပေးတဲ့သူတွေရှိသလို၊ ဝေဖန်ကြတာတွေလည်း ရှိတယ်လေ။ ကိုယ့်ကို မကြိုက်တဲ့သူတွေကိုရော နေခြည်ဘာပြောချင်လဲ။
NCO : လူဆိုတာကတော့ စိတ်အမျိုးမျိုး ရှိကြမှာပေါ့နော်။ ကိုယ့်ကို ချစ်တဲ့သူတွေရှိသလို၊ ကိုယ့်ကို မကြိုက်တဲ့သူတွေလည်း ရှိမှာပါပဲ။ ဒါကို နေခြည်နားလည်ပါတယ်။ ကိုယ့်ကို ချစ်တဲ့သူတွေကျတော့ မျက်နှာခွဲစိတ်ပြုပြင်တဲ့အကြောင်းနဲ့ ပတ်သက်ပြီး နေခြည်ပြောပြလိုက်လို့ သိရတယ်ဆိုပြီး လာပြောကြတာတွေ ရှိတယ်။ ကိုယ့်ကို မကြိုက်တဲ့သူတွေကျတော့လည်း ကိုယ်ဘာလုပ်လုပ် အပြစ်မြင်နေမှာပဲလေ။ ဝေဖန်မှုတွေကို နေခြည်က လက်ခံတယ်၊ ကျေးဇူးလည်း အများကြီးတင်တယ်။ ဆက်ပြီးတော့လည်း ဝေဖန်ပေးကြပါလို့ပြောချင်ပါတယ်။ ဒါမှ နေခြည့်ရဲ့ လိုအပ်ချက်တွေကို ပြုပြင်နိုင်မှာပါ။

Voice : နေခြည်ပြောတဲ့ စကားတွေက မှန်ပေမယ့် မြန်မာနားနဲ့ အဆင်ပြေအောင်၊ နားလည်အောင် မပြောနိုင်တဲ့အတွက် အထင်လွဲစရာတွေဖြစ်ဖြစ်သွားတာလို့ မခိုင်ကြီး(ထွန်းအိန္ဒြာဗို) က ပြောဖူးတယ်။
NCO : အဲ့ဒါကျတော့ နေခြည်လည်း ဘယ်လိုရှင်းပြရမလဲ မသိဘူး။ အမှန်တော့ နေခြည်က ဆယ်တန်းကို မြန်မာကျောင်းမှာပဲ လေးဘာသာဂုဏ်ထူးနဲ့ အောင်ခဲ့တာပါ။ မြန်မာစာမှာလည်း ဂုဏ်ထူးပါခဲ့တယ်။ နိုင်ငံခြားမှာ ကျောင်းသွားတက်ခဲ့တာကလည်း တက္ကသိုလ်ရောက်တော့မှသာ တက်ခဲ့တာပါ။ နေခြည်က ကိုယ်ပြောလိုက်တဲ့ စကားတစ်ခွန်းက ဘယ်လိုအဓိပ္ပာယ်သက်ရောက်သွားမလဲဆိုတာကို မစဉ်းစားဘူး။ ကိုယ့်သူငယ်ချင်းတွေကိုပြောသလို စိတ်ထဲရှိတဲ့အတိုင်း ပြောလိုက်တဲ့အခါမှာ ပရိသတ်တွေကြားထဲမှာ ဂယက်တွေဖြစ်သွားတယ်လို့ထင်တယ်။ တချို့ကျတော့လည်း နေခြည်ပြောတဲ့စကားတွေ အများကြီးထဲကမှ သူတို့လိုချင်တဲ့ အပိုင်းလေးကို Edit လုပ်ပြီး တင်တာကို နေခြည်နားမလည်ဘူး။ ဘာကြောင့်လုပ်တာလဲတော့ မသိဘူး။ 

Voice : ကိုယ့်ကြောင့် Gucci  Brand ကို နာမည်မကြီးစေချင်ဘူးလို့ ပြောခဲ့တဲ့ စကားကတော့ တော်တော်လေး ဂယက်ဖြစ်သွားတယ်နော်။ ဒီစကားကြောင့်ပဲ နေခြည့်ကို ဂူချီဦးလို့ နာမည်ပြောင်ပေးကြတဲ့အပေါ် ဘယ်လိုခံစားရလဲ။
NCO : ဂယက်ဖြစ်တော့လည်း နေခြည်ပိုပေါက်တာပေါ့နော်။ ဒါကတော့ ရယ်စရာပြောတာပါ။ ကိုယ်ပြောတဲ့စကားတစ်ခွန်းကို အဓိပ္ပာယ်တစ်မျိုးသက်ရောက်အောင် ပြန်ဖွတဲ့သူတွေကြောင့် တချို့ပရိသတ်တွေက မုန်းတာကိုလည်း နေခြည်ခံရပါတယ်။ ဘယ်သူတွေ ဘယ်လိုပြောပြော သည်းခံနိုင်ပါလားဆိုပြီး ချစ်တဲ့ ပရိသတ်တွေလည်းရှိတဲ့အတွက် နေခြည်ပြန်ဖြေလို့ ရပါတယ်။ Gucci Brand အကြောင်းပြောခဲ့တဲ့တုန်းက နေခြည်ပြောချင်တဲ့ အဓိပ္ပာယ်ကို ချစ်တဲ့ပရိသတ်တွေကတော့ သိပါတယ်။ တစ်ခုခုဆိုရင် နေခြည်ကြောင့် နာမည်မကြီးချင်ဘူးဆိုတဲ့ စကားက ပေါက်သွားတယ်ပေါ့နော်။ ဒီလိုမျိုးပေါက်ဖို့ဆိုတာက ပိုက်ဆံပေးပြီး လုပ်လို့မရဘူးလေ။ ဒီလိုမျိုး အကောင်းဘက်ကပဲ တွေးရမှာပေါ့။ နောက်ပိုင်းမှာတော့ အတတ်နိုင်ဆုံး စကားပြောဆင်ခြင်ဖို့နေခြည် စဉ်းစားထားပါတယ်။

သန့်ဇင်ဦး