News

POST TYPE

OPINION

ရန်ကုန်သည် နတ်ပြည်လော
07-Oct-2018
ရန်ကုန်သည် တာဝတိံသာလော...။ 

တုသိတာလော...။ 

သေချာတာကတော့ အသူရကာယ်ပြည် မဟုတ်နိုင်ပါ။ အသူရကာယ်ပြည်မှာ အရက်ကိုပိတ်ပင်တာမှ မရှိတာ။ ရန်ကုန်မှာပဲ ပိတ်ပင်တာ။ 

ဒါပေမဲ့ ရန်ကုန်မှာက အရက်အားလုံးကိုတော့ မပိတ်။ တိုင်းတစ်ပါးချက်အရက်များကိုသာ ပိတ်ပင်သည်။ ပြည်တွင်းစပ်အရက်များကိုတော့ မပိတ်။ ဒါကလည်း နတ်ပြည်စစ်စစ်မဖြစ်ခင် စပ်ကြားအစပျိုးခြင်းကြောင့်ဖြစ်မည်။ 

စိုပြေ့ စိတ်ထင် ရန်ကုန်သည် တာဝတိံသာနှင့် အသူရကာယ်ပြည်ကြားတွင် ရှိနေသည်။ ဒါကြောင့်လည်း ပြည်တွင်းဖြစ်အရက်တော့ရပြီး တိုင်းတစ်ပါးဖြစ်ကိုပိတ်ပင်ခြင်းဖြစ်မည်။ 

မကြာမီကာလတွင်တော့ ရန်ကုန်သည် တာဝတိံသာဘက်ကို လုံးလုံးရောက်သွားဖို့ ကြိုးစားရမည်။ အခုလို နိုင်ငံခြားအရက်ကို ပိတ်ပင်ရုံနှင့် ရပ်မနေသင့်။ ပြည်တွင်းစပ်အရက်ရော၊ နိုင်ငံခြားချက်အရက်ရောပါမကျန် အကုန်လုံးပိတ်ပင်သင့်သည်။ 

ပြီးတော့ မြန်မာပြည်ဟာ ဗုဒ္ဓဘာသာအများဆုံးရှိသည့် တိုင်းပြည်မဟုတ်လား။ ဗုဒ္ဓကလည်း အရက်သောက်ခြင်းကိုခွင့်မပြုထား။ ခရစ်ယာန်၊ အစ္စလာမ်၊ ဟိန္ဒူတွေလည်း ရှိကြပါသည်။ သူတို့ ဘုရားတွေကလည်း အရက်သောက်တာမကြိုက်ကြ။ ဒီတော့ ဘုရားတွေ မကြိုက်တဲ့အရက်ကို မသောက်ခြင်းအားဖြင့် ကုသိုလ်တွေ ရကြမှာပေါ့။ 

အဲ... အခု မြန်မာပြည်တွင် ဘာသာမဲ့ဆိုသည့် လူတွေ ပေါ်နေသည်။ သူတို့ကတော့ ဘာကိုကိုးကွယ်မှန်းမသိ။ ဘုရားတရားမရှိတော့ အရက်ကိုသောက်လို့ ရနိုင်သည်။ သူတို့ကိုတော့ အရက်နည်းနည်းပေးပြီး ရန်ကုန်က မောင်းထုတ်ရမည်။ ဒါမှ ရန်ကုန်လည်း သန့်သွားမည်။ 

ခက်တာက ရန်ကုန်မှာလည်း နတ်ဆိုးတွေက ရှိသည်။ ပိုက်ဆံတွေ အကုန်ခံပြီး နိုင်ငံခြားချက်အရက် ရှာသောက်ကြသည်။ ပြည်တွင်းစပ်အရက်တောင် မသောက်ကြ။ ဘာတဲ့ ပြည်တွင်းစပ်အရက်က ဘာတွေနဲ့ ချက်မှန်းမသိဘူး။ မြန်မြန်သေမှာဆိုးလို့တဲ့။ နိုင်ငံခြားအရက်သောက်လည်း အချိန်တန်ရင် သေမှာပဲလေ။ တစ်ချိန်ချိန်မှာ သေရမယ့်အတူ နိုင်ငံခြားအရက်၊ ပြည်တွင်းအရက် ခွဲနေသေး။ 

အဲ့တော့ နတ်ဆိုးအရက်သမားတွေကို နှိမ်နင်းရမည်။ ပြည်တွင်းအရက်သောက်သူတွေကိုတော့ ထူးထူးခြားခြားနှိမ်နင်းစရာမလို။ သူတို့က မြန်မြန်သေတာကိုး။ တကယ်တော့ နိုင်ငံခြားအရက်သောက်သူတွေကိုလည်း သိပ်နှိမ်နင်းစရာမလို။ သူတို့လည်း အတုတွေမိပြီး မြန်မြန်သေတာပဲလေ။ 

အချို့ကလည်း အရက်ကို ကိုယ်တိုင်ချက်ဖို့ လုပ်လာကြသည်။ ဒါကလည်း မသိလို့လုပ်ကြတာ။ အရက်ချက်ဖို့ လိုင်စင်မရှိဘဲချက်လျှင် ပစ္စည်းသိမ်းမည်။ ထောင်ခြောက်လကျမည်။ ဒဏ်ငွေဆယ်သိန်းဆောင်ရမည်။ လွယ်တော့ မလွယ်ပါ။ 

အဲ့တော့ မကြာမီတွင် ရန်ကုန်သည် တာဝတိံသာ ဖြစ်လာနိုင်သည်။ “အရက်ကင်းစင် ရန်ကုန်တစ်ခွင်” ဆိုပြီး ဆိုင်းဘုတ်တွေ ထောင်လာနိုင်သည်။ ဘုရားတွေကလည်း သူတို့ မကြိုက်တာကို မသောက်ကြလို့ဆိုပြီး သဘောကျမည်။ 

ခက်တာတစ်ခုတော့ ရှိသည်။ ရန်ကုန်ရော၊ မြန်မာပြည်အနှံ့ရောမှာ အရက်သမားတွေ များနေခြင်းပင်။ တစ်အိမ်တက်ဆင်း မေးကြည့်။ မသောက်သူ တော်တော်ရှားမည်။ အမျိုးသမီးတွေလောက်သာ မသောက်ကြတာ။ အိမ်တိုင်းမှာ အရက်သောက်သူတွေရှိသည်။ 

ဒီလူတွေက ကျေနပ်မှာမဟုတ်။ ပုန်ကန်လာနိုင်သည်။ ထကြွလာနိုင်သည်။ အရက်တော်လှန်ရေး ဆိုပြီးထကြွလျှင် ၈၈ လို ထပ်ဖြစ်မှာစိုးရသည်။ 

အခုတောင် စနေပြီဟုကြားသည်။ အရက်သမားပါတီဗမာပြည်ဆိုပြီး လုပ်နေကြသည်။ သူတို့သာအာဏာရလျှင် တစ်နိုင်ငံလုံး အရက်စစ်စစ်ကို ဈေးပေါပေါနဲ့ သောက်ရမည်ဟု ကြွေးကြော်ထားသည်။ ဘယ်လောက်ဆိုးရွားလိုက်သလဲ။ ဘုရားတွေကတော့ နှာခေါင်းရှုံ့ကြလိမ့်မည်။ 

ဒါကြောင့် အရက်တော်လှန်ရေးသမားတွေကို နှိမ်နင်းဖို့လည်းအခုကတည်းက ပြင်ဆင်ထားရမည်။ အရက်သမားနှိမ်နင်းရေးတပ်ဦးဟု အဖွဲ့တွေဖွဲ့ရမည်။ အရက်သောက်သူတွေ့လျှင် ဝိုင်းရိုက်။ အချုပ်ထဲထည့်။ တော်တော်မူးသည့်လူတွေကို သေဒဏ်ပေးသင့်ပေးပေါ့။ 

အရက်သမားနှိမ်နင်းရေးတပ်ဦးကို ဘယ်သူတွေနဲ့ ဖွဲ့မလဲ။ စစ်တပ်ကို တာဝန်ပေးလို့လည်း မဖြစ်ပြန်။ စစ်တပ်မှာလည်း အရက်သမားတွေပါတာပဲ မဟုတ်လား။ စစ်တပ်မုန်းသူတွေကိုလည်း တာဝန်ပေးလို့မဖြစ်။ သူတို့က စစ်တပ်သာမုန်းတာ။ အာမီရမ်ကိုတော့ မမုန်းဘူးရယ်။ 

ဒီတော့ အရက်ကိုမုန်းသည့် အမျိုးသမီးတွေကို တာဝန်ပေးသင့်သည်။ အိမ်ကယောကျာ်း အရက်သောက်လာရင်တောင် ဆော်ပလော်တီးနေကျဆိုတော့...။ အခြားလူတွေသာ အရက်သောက်ရင် ဘယ်လောက်တောင် လက်သံပြောင်လိုက်မလဲမသိ။ 

စိုပြေလည်း မကြာမီ ကိုဖြိုးနဲ့ တွေ့ဖို့ရှိသည်။ သူ့ကိုတွေ့ရင်တော့ အခုအကြံဉာဏ်တွေပေးရမည်။ သူကလည်း လိုက်လုပ်မှာသေချာသည်။ ပေါက်ကရလုပ်တာ သိပ်ကြိုက်တာကိုး။ 

မကြာမီကာလတွင်တော့ ရန်ကုန်သည် နတ်ပြည်ဖြစ်တော့မည်။ အရက်သမားတွေ ပျောက်ကွယ်တော့မည်။ တွေးရင်းနဲ့ ကြည်နူးမိသည်။ 

တစ်ခုတော့ရှိသည်။ အရက်သမားတွေက အရက်မသောက်တော့ပါဘူး။ သူတို့ကို မူးစရာတစ်ခုခုပေးပါဟု တောင်းဆိုလာရင်ရော။ 

ဒါကလည်း သိပ်တော့မခက်။ WY တွေ၊ NO 4 တွေရှိသေးသည်။ ဒီတော့ WY တွေ No 4 တွေ သုံးကြပေါ့။ အခုလည်း မှောင်ခိုဝယ်နေရပေမယ့် လိုသလောက်ရနေကြတာပဲ မဟုတ်လား။ 

WY တွေ၊ NO 4 တွေသာ အကုန်လုံး ဝိုင်းသုံးလို့ကတော့...။ ရန်ကုန်သည် နတ်ပြည်တင်မဟုတ်....။ နိဗ္ဗာန်ပါဖြစ်ပြီ။

စိုပြေ