News

POST TYPE

OPINION

ချစ်တတ်စေချင်(Daily,Vol-6/No-153)
07-Oct-2018
အားလုံးသိကြတဲ့အတိုင်း  “ချစ်လုံးလုံး၊ မုန်းလျားလျား”ဖြစ်တတ်တဲ့ သဘာဝ ရှိတော့ ဒီနေ့ မြန်မာလူ့အဖွဲ့အစည်းကို ကြည့်လိုက်ရင် နေရာတိုင်းမှာ မှန်မှန်ကန်ကန် မချစ်တတ်တဲ့ စရိုက်လက္ခဏာတွေ အများကြီး တွေ့နေရတယ်။ အဲဒီစရိုက်ကြောင့် ချစ်ရာ မရောက်ဘဲ နှစ်ရာရောက်ပြီး မိသားစုအတွက်ရော၊ နိုင်ငံအတွက်ရော၊ လူ့အဖွဲ့အစည်းအတွက်ပါ တန်ဖိုးမဲ့သူတွေ ဖြစ်သွားတဲ့ သာဓကတွေ အများကြီး ရှိခဲ့ပြီးပြီ။

အနီးဆုံးနေရာမှာရှိတဲ့ ကိုယ့်သားသမီးကိုတောင် ဘယ်လိုဖြည့်ဆည်း၊ လိုက်လျောပေးရမလဲ၊ ဘယ်လို စိတ်မငြိုငြင် အောင်ထားရမလဲ၊ ဘယ်လို အသေးစိတ်ကအစ လုပ်ပေးရမလဲ၊ ဘယ်လို အခြေအနေမျိုးမှာမဆို ကိုယ့်သား၊ သမီးဘက်က ဘယ်လို ရပ်တည်ပေးရမလဲ ဆိုတာမျိုးတွေနဲ့ မေတ္တာစိတ်၊ အချစ်စိတ်ကို ပြဖို့ ကြိုးစားနေကြတယ်။

တကယ်တမ်း ဆန်းစစ်ကြည့်တော့ သား၊ သမီးတွေ သူတို့အပေါ် ချစ်ခင်တာ၊ အားကိုးတာကို လိုချင်တဲ့အတွက် မိဘဝတ္တရားရှိလို့ ဖြည့်ဆည်းပေးတယ် ဆိုတဲ့အချက်နဲ့ ဖုံးကွယ်ဖို့ ကြိုးစားနေကြသလားလို့။ တစ်ခါတစ်ခါကျတော့ သူတို့ ပူဆာတဲ့အသံကို နားအငြီးမခံနိုင်လို့ ဝယ်ပေးတာမျိုးလည်း ရှိတယ်။

တည့်တည့်ပြောရရင် သူတို့ အတ္တကို အရင် ဦးစားပေးပြီး လူအများရှေ့မှာ မော်ချင်၊ ကြွားချင်တဲ့စိတ်၊ နားပူနားဆာ လုပ်တာကို သည်းမခံနိုင်တဲ့စိတ်၊ ကိုယ့်ကို ပိုချစ်လာလိမ့်မယ် ဆိုတဲ့စိတ်နဲ့ လိုတာ ဖြည့်ဆည်းပေးနေကြတာ များတယ်လို့ ခပ်ကြမ်းကြမ်း ပြောရမယ်။

စောစောပိုင်း ငယ်နုစဉ်ကာလမှာတော့ ဒီလိုဖြည့်ဆည်းပေးတာမျိုးက သိပ်ပြဿနာ ရှိတယ်လို့ မထင်ရဘူး။ အချိန်တန် နားညီး သက်သာသွားတာကိုး။ ငယ်ကတည်းက တောင်းတိုင်းရနေတဲ့ ကလေးတွေမှာ တဖြည်းဖြည်းအသက်ကြီးလာတဲ့အခါ ပြဿနာတွေ အများကြီးရှိသွားနိုင်တယ်ဆိုတာကို အတော်များများ မသိကြဘူး။ 

ပထမ ပြဿနာက လွယ်လွယ်တောင်းရင် လွယ်လွယ်ရတဲ့အတွက် ဘယ်အရာကိုမှ တန်ဖိုးထားရကောင်းမှန်း မသိတော့ဘူး။ တောင်းတဲ့အချိန်မှာ ချက်ချင်း ရတဲ့အတွက် အဲဒီပစ္စည်း တစ်ခုခုအတွက် စိုက်ထုတ်ရမယ့် အချိန်၊ ငွေ၊ လုပ်အားသဘော နားမလည်တော့ဘူး။ လွယ်လွယ်ရတော့ လွယ်လွယ်မေ့ဆိုသလိုပေါ့။ ကိုယ်ပိုင် အင်အား၊ အစွမ်းအစ မထုတ်ချင်တော့ဘူး။ ကိုယ်စွမ်း၊ ဉာဏ်စွမ်းနည်းရာကနေ တုံးသွားနိုင်တဲ့အထိ ပြဿနာ ရှိသွားတတ်တယ်။

ဒုတိယ ပြဿနာက လောကကြီးရဲ့ အပေးအယူသဘောကို လက်တွေ့ကျကျ နားမလည်တော့ဘူး။ ဆိုလိုတာက ဘယ်အရာကိုပဲဖြစ်ဖြစ် ကိုယ်လိုချင်တာ တစ်ခုခုရှိရင် အဲဒီလိုချင်တာနဲ့ ညီမျှတဲ့ ကြိုးစားအားထုတ်မှု တစ်ခုခု ကိုယ်က ပြန်ပေးရတယ်ဆိုတာ မသိတော့ဘူး။

ကြာလာတဲ့အခါ ယနေ့မြန်မာလူငယ်တချို့ အလုပ်ကို ခါးချိုး မလုပ်ချင်တော့ဘူး။ ဘယ်ကနေ ငွေလွယ်လွယ်ရမလဲ ဆိုတာမျိုးပဲ ရှာလာကြတယ်။ ရလာရင်လည်း ရတဲ့ငွေကို ဘီယာဆိုင်၊ အရက်ဆိုင်နဲ့ ကေတီဗီလို နေရာမျိုးတွေ၊ အဝတ်အစား အသုံးအဆောင်ပစ္စည်း ဝယ်ပစ်လိုက်တာမျိုးတွေမှာ အလွယ်တကူ သုံးပစ်လိုက်တတ်ကြတယ်။

တချို့ဆို မိဘတွေကိုယ်တိုင် ကိုယ့်သားသမီးကို လွယ်လွယ် ငွေရတဲ့ လမ်းရှာပေးပြီး အတင်းဇွတ်လျှောက်ခိုင်းတာမျိုး အထိပါ တွေ့လာရတယ်။

လူငယ်အများစု အလုပ်ခွင် အသီးသီးမှာ အလုပ်လျှောက်တဲ့အခါ၊ အလုပ်ဝင်တဲ့အခါ အလုပ်ရှင်တွေ ကျေနပ်အားရလောက်တဲ့ အရည်အချင်း မရှိကြတော့ဘူး။ အလုပ်ခွင်နဲ့ လျော်ညီတဲ့ အတတ်ပညာ၊ အသိပညာ အရည်အချင်း ဖြည့်ဆည်း တည်ဆောက်၊ လေ့ကျင့်ထားဖို့အတွက် ဇွဲ၊ လုံ့လ၊ ဝီရိယ စိုက်ထုတ်တာမျိုး နည်းသွားတယ်။ ပြောရရင် ဖြတ်လမ်းနည်းနဲ့ ကြီးပွား ချမ်းသာချင်စိတ် များလာကြတယ်။

 အဲလို ဖြစ်အောင်လည်း သူတို့ကျင်လည်ကြီးပြင်း၊ လူလား မြောက်လာတဲ့ ပတ်ဝန်းကျင်က စံနှုန်း အလွဲတွေ သင်ပေးနေခဲ့သလို ဖြစ်ခဲ့တယ်။ ရိုးရိုးသားသား၊ ကြိုးကြိုးစားစားနဲ့ သမ္မာအာဇီဝကျကျ အလုပ်လုပ်ရင် မချမ်းသာနိုင်ဘဲ လူပေါ်၊ လူဇော်လုပ်၊ အဆက်အသွယ် ကောင်းကောင်းရှာ၊ ခွင်ကောင်းကောင်း ဖန်တီးပြီး အချီကြီး ကြံတတ်၊ လုပ်တတ်မှ ချမ်းသာမယ် ဆိုတဲ့ အတွေးမျိုးတွေ များလာတယ်။

ဒီလို အခြေအနေဖြစ်လာရင်၊ လူငယ်အများစုကို ကူးစက်လာရင် သူများနောက်မှာ အများကြီး ပြတ်ကျန်ခဲ့တဲ့ ကျွန်တော်တို့ နိုင်ငံသူများကို မီဖို့နေနေသာသာ ကိုယ့်ဘာသာ လဲကျမသွားအောင် မနည်းထိန်းနေရတာနဲ့တင် အချိန်ကုန်သွားမယ်။

ဒီနေ့သိရင် ဒီနေ့ ပြင်လို့ရတယ်။ သားသမီးကို တကယ်ချစ်တဲ့ မိဘဆိုရင် ကလေးတွေ ကိုယ့်အားကိုယ်ကိုးတတ်အောင် အစစအရာရာ လိုက်လုပ်မပေးသင့်ဘူး။ ကိုယ်စွမ်းကိုယ်စ ရှိအောင် တာဝန်တစ်ခုခု ယူချင်စိတ်ရှိအောင် ငယ်ကတည်းက သူတို့ လုပ်နိုင်တဲ့ကိစ္စတွေ၊ သူတို့ ကျွမ်းကျင်တဲ့ အလုပ်တွေကို သူတို့ဘာသာ လုပ်ခိုင်းရမယ်။ နိုင်တဲ့ တာဝန်တစ်ခုခုပေးပြီး နေ့စဉ် အချိန်မှန်မှန် မပျက်မကွက်လုပ်ဖို့ လေ့ကျင့်ပေးရမယ်။

သူက ပူဆာလို့ ဝယ်ပေးချင်ရင်တောင် အိမ်မှုကိစ္စ နေ့စဉ် ဘာဝိုင်းလုပ်ရင် ဘာပေးမယ်၊ အတန်းထဲမှာ ပ၊ ဒု၊ တ ဝင်ရင် ဘာရမယ်၊ စကားရည်လုပွဲ၊ အားကစားပွဲများ ဝင်ပြိုင်ရင် ဘာဝယ်ပေးမယ် စတဲ့ မက်လုံး တစ်ခုခုပေးပြီး လောကကြီးမှာ ဘာမှ အလကားမရဘူး ဆိုတဲ့အသိ စွဲသွားအောင် တည့်ပေးရမယ်။

အခြေခံ ပညာကျောင်းကစလို့ ကောလိပ်၊ တက္ကသိုလ်အဆင့်တွေမှာ လူငယ်တွေ ကိုယ့်အား ကိုယ်ကိုးတတ်လာအောင်၊ အများအကျိုး သယ်ပိုးချင်စိတ် ကိန်းအောင်းလာအောင်၊ အလုပ်ဟူသမျှ ဂုဏ်ရှိစွ အမြင်မျိုးဖြစ်လာအောင် ပြည်သူ့နီတိလို၊ အချိန်ပိုင်း အလုပ်နဲ့ ကိုယ့်ကျောင်းစရိတ် ကိုယ့်ဘာသာရှာခိုင်းတာမျိုး၊ လူမှုရေး အလုပ်တွေအတွက် ပညာသင်ဆု ပေးတဲ့အခါမှာ ထည့်စဉ်းစား အမှတ်ပေးတာမျိုးတွေကို အမျိုးသား ပညာရေးဥပဒေမှာ ထည့်ဆွဲဖို့ လိုမယ်။

အရေးအကြီးဆုံး လက်ဦးဆရာဖြစ်တဲ့ မိဘတွေအနေနဲ့ ငယ်တုန်းက အလိုလိုက်ချင်သလို လိုက်ခဲ့ပြီးမှ ကြီးလာလို့ ထိန်းမနိုင်သိမ်းမရ ဖြစ်တဲ့အခါ သားဆိုး၊ သမီးဆိုး စာရင်းသွင်း၊ အမွေပြတ် စွန့်လွှတ်၊ အိမ်ပေါ်က နှင်ချလုပ်တာမျိုးက မိဘ တာဝန်၊ သမိုင်းပေး လူမှုတာဝန်နဲ့ မျိုးဆက် တာဝန်မကျေတဲ့ ခပ်ညံ့ညံ့ နိုင်ငံသားတွေ ဖြစ်သွားမယ်ဆိုတာ သိစေချင်တယ်။

အယ်ဒီတာ (၆.၁၀.၂၀၁၈)

(၂၅.၃.၂၀၁၇ နေ့ထုတ် The Voice Daily သတင်းစာတွင် ဖော်ပြခဲ့ပြီးသော အယ်ဒီတာ့ အာဘော်ကို ပြန်လည်ဖော်ပြခြင်း ဖြစ်ပါသည်။)