News

POST TYPE

OPINION

သတင်းနည်းပညာလှိုင်းနှင့် မြန်မာ့ကျေးရွာများ
06-Oct-2018


မြန်မာကျေးရွာများကို ရိုးရာယဉ်ကျေးမှုနှင့် မြတ်ဗုဒ္ဓ၏ အဆုံးအမကြား သိမ်သိမ်မွေမွေ့ တည်ရှိနေသော ပထဝီနေရာလေးဟု တင်စားချင်သည်။ အစဉ်အလာအားဖြင့် ကျေးလက်၏နိမိတ်ပုံမှာ အေးချမ်းသည်။ စိမ်းလန်းသည်။ ချမ်းမြေ့သည်။ တိတ်ဆိတ်သည်။ ရိုင်းပင်းတတ်သည်။ ဖော်ရွေသည်။ ကူညီတတ်သည်။

ဤလို ယဉ်ကျေးသိမ်မွေ့သော ကျေးလက်ရွာတစ်ရွာက လူတစ်ယောက်ကို (အပြစ်ရှိသည် မရှိသည်ထား) သတ်ဖြတ်မီးရှို့သည်ဟူသော သတင်းကို ဖတ်ရသောအခါ များစွာတုန်လှုပ်သွားသည်။ များစွာ စိတ်မကောင်းဖြစ်ရသည်။ သမိုင်းရှည်ကြာ တည်တံ့လာခဲ့သော ကျေးလက်၏ ကိုယ်ပိုင်ယဉ်ကျေးမှုများက အဘယ်ကြောင့် ပျက်ယွင်းသွားရသနည်း။ အဘယ်ကြောင့် အခိုင်အမာ ယဉ်ကျေးမှုကြီးတစ်ခု မြန်မြန် ပြိုကျသွားရသနည်း။

လူမှုသိပ္ပံပညာရှင် အယ်ဖင်တော်ဖလာက ကမ္ဘာကြီးသမိုင်းကို လှိုင်းသုံးလှိုင်းနှင့် သရုပ်ပြဖွင့်ဆိုပြခဲ့ဖူးသည်။

၁။ စိုက်ပျိုးရေးလှိုင်း

၂။ စက်မှုလှိုင်း

၃။ သတင်းနှင့်နည်းပညာလှိုင်း စသည်တို့ဖြစ်သည်။

သူက လှိုင်းတစ်လှိုင်းဆိုသည်မှာ စီးပွားရေးသဘောတစ်ခုတင်မက ယဉ်ကျေးမှု၊ လူမှုရေးနယ်ပယ်များထိပါ သက်ရောက်တတ်သည့် အာနိသင်ရှိသည်ဟု လှိုင်းတို့၏ ထူးခြားဝိသေသများကို ရှင်းပြခဲ့သည်။ ဥပမာ-စိုက်ပျိုးရေးလှိုင်းခွင်ထဲ ရောက်နေသည်ဆိုပါက ယင်းလှိုင်းနှင့်လိုက်လျောညီထွေရှိသည့် ဆက်ဆံရေးများ ဖြစ်ထွန်းတတ်သည်ကို ဆိုလိုဟန်ရှိသည်။ ဤသို့ပင် စက်မှုလှိုင်း အားကောင်းမောင်းသန် ဖြစ်နေသည်ဆိုပါကလည်း ယင်းလှိုင်းနှင့် လိုက်လျောညီထွေရှိသည့် လူမှုအဆောက်အအုံ တည်ဆောက်သလို နည်းပညာလှိုင်း ဝင်လာသည်ဆိုလျှင်လည်း အလားတူ ယဉ်ကျေးမှု တစ်ခုကို တည်ဆောက်တတ်သည့် သဘောရှိသည်ဟု ဆိုပါသည်။

အခြားတစ်ဖက်တွင်လည်း နိုင်ငံသည် အာဏာရှင်စနစ်မှ ဒီမိုကရေစီသို့ ကူးပြောင်းနေရသည့်ဖြစ်စဉ်က ရှိနေသည်။ ထို့အတွက် အာဏာရှင်စနစ်၏ သဘောတရားအရ ပိတ်ဆို့တားဆီးခဲ့ရသော လွတ်လပ်စွာ ရေးသားပြောဆိုခွင့်များကို အတိုင်းအတာတစ်ခုအထိ ဖွင့်ပေးလိုက်ရသည်။ သို့သော် ဒီမိုကရေစီစနစ်ဆိုသည်မှာ စနစ်၏ အဆင်တန်ဆာများဖြစ်သော ရွေးကောက်ပွဲ၊ လွှတ်တော်၊ အစိုးရနှင့် နိုင်ငံရေးပါတီများ ထူထောင်ရန် အချိန်များစွာ မလိုသော်လည်း ဒီမိုကရေစီ၏ အတွင်းသားအနှစ်များ ဖြစ်ကြသည့် လွတ်လပ်မှုများနှင့် ဒွန်တွဲပါလာတတ်သည့် တာဝန်ယူ၊ တာဝန်ခံမှု၊ အမြင်မတူမှုများကို နားလည်ခွင့်လွှတ်ခြင်း တရားများသည် အချိန်များစွာပေး၍ တည်ဆောက်ရသည့် သဘာဝရှိတတ်သည်။

ဤသို့ဆိုလျှင် နှစ်လိုဖွယ်ကောင်းသော မြန်မာ့ကျေးလက်သည်ရော မည်သည့်လှိုင်းထဲ ကျရောက်နေပါသနည်း။ ယတိပြတ်ပြောဖို့ ခက်လှသည်။ မြန်မာ့ကျေးလက်မှာ စိုက်ပျိုးရေးလှိုင်းထဲတွင် ကူးခတ်နေရဆဲဖြစ်သည်။ တစ်ပြိုင်နက်တည်းမှာပင် စက်မှုလှိုင်းကလည်း ချင်းနင်းဝင်ရောက်လာနေသည်။ ပို၍ထူးခြားသည်မှာ နည်းပညာလှိုင်းက အရှိန်အဟုန်ပြင်းပြင်း ဝင်ဆောင့်လိုက်သည်။

ထိုအခါ လှိုင်းသုံးလှိုင်းဆိုင်ရာ ဝဲကန်တော့များကြား၌ ကျေးလက်မှာ ချာချာလည်အောင် မူးနေတော့သည်။ တစ်ဖန်အထက်တွင် ဆိုပြီးခဲ့သလို နိုင်ငံရေးအကူးအပြောင်း၏ ဖြေလျှော့မှုများကလည်း ကျေးလက်သို့ မလွှဲသာ မရှောင်သာ ဒုတ်ဒုတ်ထိ ရောက်လာပြန်သည်။ ထို့ကြောင့် လူတွေက လွတ်လပ်စွာ ပြောဆိုခွင့်ရလာသည်။ လွတ်လပ်စွာ ထင်မြင်ချက်များက အလျှံအပယ် ဖြစ်ထွန်းလာသည်။

သို့အတွက် ကျေးလက်မှာ နည်းပညာလှိုင်းမူးနေသလို နိုင်ငံရေး အပြောင်းအလဲများကပါ မူးနေသည်ကို ပို၍မူးလာအောင် ပြုလိုက်သလို ဖြစ်သွားတော့သည်။

ထိုအခြေအနေများအောက်တွင် ကျေးလက်မှာ တည်ရှိကိန်းအောင်းဖြစ်သော ရိုးရာယဉ်ကျေးမှုဓလေ့များက ပြိုကျသွားခဲ့သည်။ တစ်ပြိုင်နက်တည်းမှာပင် ခေတ်သစ်ဖြစ်ထွန်းမှုနှင့် ချိန်သားကိုက်ရမည့် အင်စတီးကျူးရှင်းအသစ်များမှာလည်း အရန်သင့်မရှိ။ ရှိပြန်လျှင်လည်း အားမကောင်းသေးပေ။ ဆိုရသော် ကျေးလက်မှာ လှိုင်းမူးနေခြင်းကို ဖြေရမည့် အမူးဖြေဆေးက မရှိသေးဘဲ ဖြစ်နေသည်။

ဝေဖန်သူတို့ ထောက်ပြသည့် အချက်တစ်ချက်ရှိသည်။ မြန်မာ၏ တံခါးဖွင့်နှုန်းက မြန်လှသည်ဟု အဖွဲ့အစည်းတစ်ခုက ပြောဖူးသည်။သို့သော် ခက်နေသည်မှာ ယင်းဖြစ်စဉ်နှင့် လိုက်လျောညီထွေ ရှိရမည့် စွမ်းဆောင်ရည်က ချို့တဲ့နေသည်။ ရိုးသားယဉ်ကျေးသော ကျေးလက်သို့ သတင်းနှင့်နည်းပညာတော်လှန်ရေးက ရုတ်ခြည်းဝင်လာသည်။ နည်းပညာတွင်မှ အဆင့်အမြင့်ဆုံး မိုဘိုင်းလ်ဖုန်းနှင့် အင်တာနက် အတွဲအစပ် ဖြစ်သည်။ သတင်းတွေက မြန်လာသည်။ အတားအဆီး နံရံတံတိုင်းအားလုံး ကို ထိုးဖောက်တိုက်စားပစ်လိုက်သည်။ သတင်းတွေက မြန်လွန်းဆန်လွန်း လှသည်ဖြစ်ရာ လူ့အဖွဲ့အစည်းမှာ သတင်းအစာမကြေ ဖြစ်လာသည်။ နည်းပညာမှာ ကောင်းကျိုးဆိုးထွေ မျက်နှာစာနှစ်ဖက်ရှိသည်ဖြစ်ရာ ကျေးလက်မှာ နည်းပညာ၏ ကောင်းကျိုးကို ခံစားရသည်က နည်းပြီး ဆိုးကျိုးကို ချက်ချင်းလက်ငင်း ခံစားလိုက်ရသလို ဖြစ်နေသည်။

အထူးသဖြင့် ကျေးလက်သဘောက ယုံလွယ်သည်။ ထို့ကြောင့် Fb ပေါ် တက်လာသမျှကို စူးစမ်းခြင်းကိုမေ့ကာ အယုံလွန်ပစ်လိုက်သည်။ ကလေးသူခိုး၊ သက်ငယ်မုဒိမ်း စသည်တို့သည် ကျေးလက်ကို ရှိသည်ထက် ပိုခြိမ်းခြောက်ပစ်လိုက်သည်။ ကောလာဟလမီးက မီးပွားဖြစ်သော်လည်း အယုံကြည်လွန်လာသောအခါ ကြောက်စိတ်ကို မွေးဖွားပေးလိုက်သည်။

ထိုကြောက်စိတ်ကပင် လူမဆန်သည့်အမှုတစ်ခုကို ကျူးလွန်ရဲအောင် တွန်းပေးလိုက်သည်။

အမှန်တော့ ကျေးလက်လိုနေသည်မှာ ဝင်လာသမျှ သတင်းတို့ကို ဆင်ခြင်တုံတရားဆန်ခါနှင့် စစ်ကြည့်ခြင်းဖြစ်သည်။ ထိုနည်းတူ နည်းပညာ အားကောင်းမောင်းသန် ရှိလာသော ယနေ့ကာလမျိုးတွင်ရှိပြီး မြန်မာ့ရိုးရာယဉ်ကျေးမှုထုံးစံများကလည်း ဒွန်တွဲ၍ ခိုင်မာလာဖို့ အရေးကြီးသည်။ ကိုယ်ခံအားကောင်းသော ယဉ်ကျေးမှုဖြင့်သာ နည်းပညာ၏ အဆိုးများကို ချေဖျက်ပြီး ကောင်းကျိုးအထွေထွေကို ခံစားရပါလိမ့်မည်။ ယင်းသို့ မလုပ်ဆောင်နိုင်လျှင် ကျေးလက်နှင့် နည်းပညာအတွေ့တွင် ရင်နာ စိတ်မကောင်းစရာတွေကို ပို၍ မြင်ရကြားရဦးမည်သာ ဖြစ်ပါသည်။

ဤသို့ဆိုပါက လှိုင်းမူးဖြေဆေးက အဘယ်အရာနည်း။ ခေတ်များ သမိုင်းများ၏ ပြဋ္ဌာန်းမှုကြောင့် ပေါ်ပေါက်လာရသည့်လှိုင်းများကို ကျကျနန စီးနိုင်ဖို့ဆိုလျှင် မိမိတို့ လူ့အဖွဲ့အစည်းသည် စီးပွားရေးနှင့် ပညာရေး အားကောင်းနေဖို့ လိုပါသည်။

သို့သော် ခက်နေသည်မှာ ကျွန်တော်တို့နိုင်ငံတွင် ထိုအရာများက ခုမှစ၍ တည်ဆောက်နေဆဲ ဖြစ်နေသည်။ ထိုအရာများ တည်ဆောက်ရေးသည် အချိန်လည်းများစွာယူရသောသဘော ရှိနေသည်။ သို့ဆိုလျှင် ဘာလုပ်ကြမည်နည်း။ နည်းလမ်းရှိပါသည်။ အသိပညာပေးရေး ဖြစ်ပါသည်။ နည်းပညာလှိုင်းတွင် နည်းပညာကို အကျိုးရှိရှိ လုံခြုံစွာ သုံးစွဲနည်းများ၊ နိုင်ငံရေးအကူးအပြောင်း ပါရဒိုင်းတွင် တရားဥပဒေအကြာင်း သိကောင်းစရာများကို စဉ်ဆက်မပြတ် လူထုအား အသိပေးဖြန့်ဝေ ပို့ချနေရန်ဖြစ်သည်။

သို့ရာတွင် ဤမျှ အရေးပါလှသော ထိုတာဝန်ကို မည်သူထမ်းကြမည်နည်း။

အစိုးရလား၊ ပုဂ္ဂလိကလား၊ အရပ်ဘက်အဖွဲ့အစည်းလား။ ခက်နေသည်မှာ အစိုးရယန္တရားတစ်ခုဖြစ်သော ပြန်ကြားရေးဝန်ကြီးဌာနမှာ ပါရဒိုင်းအဟောင်းထဲက ဖောက်မထွက်နိုင်သေးခြင်းဖြစ်ပါသည်။

ထိုမေးခွန်းက မြန်မာ့လူ့အဖွဲ့အစည်းအတွက် တဆစ်ဆစ်ကိုက်ခဲနေသော ပုစ္ဆာတစ်ပုဒ်လည်း ဖြစ်နေပါသည်။

နိုင်စိုး



  • VIA