News

POST TYPE

OPINION

NLD ပါတီမဲဆွယ်ရာ၌ ရွေးကောက်ပွဲဥပဒေနှင့် မညီကြောင်း ကြံ့ခိုင်ရေးပါတီတိုင်ကြားချက် ကော်မရှင် ပယ်ချ
05-Oct-2018
ရန်ကုန်၊ အောက်တိုဘာ ၄

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ၏ ကြားဖြတ်ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရာတွင် သမ္မတဦးဝင်းမြင့်နှင့် ဒေါ်အောင်ဆန်းစုကြည် ပိုစတာများကို အသုံးပြုခဲ့ခြင်းမှာ ဥပဒေနှင့်မညီဟု ကြံ့ခိုင်ရေးပါတီက ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ထံ တင်ပြသည့်ကန့်ကွက်ချက်ကို ကော်မရှင်က ပယ်ချလိုက်ကြောင်း ကြံ့ခိုင်ရေးပါတီထံမှ သိရသည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက အဆိုပါကန့်ကွက်ချက်ကို စက်တင်ဘာလ ၁၉ ရက်က ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ထံ ပေးပို့ခဲ့ခြင်းဖြစ်ပြီး ကော်မရှင်က အောက်တိုဘာလ ၃ ရက် ရက်စွဲဖြင့်ပယ်ချသည့် အကြောင်းကြားစာ ပြန်လည်ပေးပိုခဲ့ခြင်းဖြစ်သည်။

ယင်းသို့ပယ်ချလိုက်ခြင်းသည် ကော်မရှင်အနေနှင့် တည်ဆဲဥပဒေများကို လေးစားလိုက်နာစေလိုပြီး ဥပဒေနှင့်အညီ ထောက်ပြခြင်းကို အလေးထားသင့်ကြောင်း ကြံ့ခိုင်ရေးပါတီ ပြောရေးဆိုခွင့်ရှိသူ ဦးသိန်းထွန်းဦးက ပြောကြားသည်။

ထို့ပြင် ကော်မရှင်အနေနှင့် ဘက်မလိုက်သော လွတ်လပ်သော အဖွဲ့အစည်းဖြစ်ရမည်ဖြစ်ပြီး ယခုလုပ်ရပ်အရ ကော်မရှင်အနေနှင့် အာဏာရပါတီ အရိပ်အယောင်များ ရှိနေသည်ကို တွေ့မြင်ရကြောင်း ဦးသိန်းထွန်းဦးက ဆိုသည်။

“အာဏာရပါတီရဲ့ အရိပ်က လွတ်စေချင်တယ်ဗျ။ အဲဒီအရိပ်က မလွတ်ဘူးလို့လည်း သံသယရှိတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူတို့နဲ့ ဆက်စပ်တဲ့သူတွေကို ကော်မရှင်အဖွဲ့ခွဲအသီးသီးမှာ ခန့်ထားပါတယ်။ခန့်ထားတဲ့အတွက် အခုလိုစာမျိုးထွက်လာမယ်ဆိုတာ တွက်ဆထားပြီးဖြစ်ပါတယ်”ဟု ၎င်းက ဆိုသည်။

တာမွေမြို့နယ် မဲဆန္ဒနယ်၌ NLD ပါတီ၏ မဲဆွယ်စည်းရုံးမှုတွင် နိုင်ငံတော် အစိုးရတာဝန်ရှိသူများ ဖြစ်ကြသည့် သမ္မတ ဦးဝင်းမြင့်၊ နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်တို့၏ ဓာတ်ပုံပိုစတာကြီးများဖြင့် မဲဆွယ်စည်းရုံးခြင်းသည် ဖွဲ့စည်းပုံ အခြေခံ ဥပဒေပုဒ်မများ အရသော်လည်းကောင်း၊ ရွေးကောက်ပွဲ ဥပဒေပုဒ်မများ အရသော်လည်းကောင်း ပြည်သူ့ဝန်ထမ်း အကူအညီ ရယူရာရောက်သဖြင့် ကြားဖြတ်ရွေးကောက်ပွဲဥပဒေပါ ပြဋ္ဌာန်းချက်များကို ချိုးဖောက်ခဲ့ကြောင်း ကြံ့ခိုင်ရေးပါတီက ရွေးကောက်ပွဲကော်မရှင်ထံ တိုင်ကြားခဲ့ခြင်းဖြစ်သည်။

အဆိုပါ တိုင်ကြားချက်များနှင့်ပတ်သက်၍ ဥပဒေပညာရှင်များပါဝင်သည့် အများယုံကြည်လေးစားခြင်းခံရသော ပုဂ္ဂိုလ်များ၊ ဩဇာတိက္ကမ ရှိသူများ၊ မြို့နယ်ရွေးကောက်ပွဲဆိုင်ရာ စေ့စပ်ညှိနှိုင်းရေးကော်မတီ၏ သဘောထား သုံးသပ်ချက်များအရ “ပုံရိပ်ကို အသုံးပြုခြင်းသည် စပ်ဆိုင်မှုမရှိကြောင်း”ဟု ဆုံးဖြတ်ခဲ့ကြောင်း တာမွေမြို့နယ် ရွေးကောက်ပွဲကော်မရှင်၏အကြောင်းပြန်ကြားစာတွင် ဖော်ပြခဲ့ခြင်းဖြစ်သည်။

ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီသည် ၎င်းတို့၏ သတင်းစာရှင်းလင်းပွဲများတွင်လည်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို ဘက်လိုက်သည်ဟု မကြာခဏ ဝေဖန်မှုများ ဆက်တိုက်ပြုလုပ်ထားသည်။

နိုဝင်ဘာလ ၃ ရက်တွင် ကျင်းပမည့် ၂၀၁၈ ကြားဖြတ်ရွေးကောက်ပွဲ၌ လစ်လပ်မဲဆန္ဒနယ် ၁၃ နေရာတွင် ကျင်းပပြုလုပ်ရန် ကော်မရှင်က ကြေညာထားပြီး လက်ရှိ အာဏာရပါတီ NLD ပါတီက မဲဆန္ဒနယ် ၁၃ နေရာလုံးတွင် ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ပြီး ကြံ့ခိုင်ရေးပါတီက နေရာ ၁၀ နေရာ ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်သည်။  

J-08



  • VIA