News

POST TYPE

OPINION

ရပ်နားထားသည့် မဏိပူရ်ဆည်စီမံကိန်း ပြန်စရန် စိတ်ဝင်စားဟုဆို
03-Oct-2018
ကလေး၊ အောက်တိုဘာ ၂

ချင်းပြည်နယ်၊ ဖလမ်းခရိုင်နှင့် စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်နယ်စပ် မဏိပူရ်မြစ်ကြောင်းပေါ်တွင် တည်ဆောက်မည့် မဏိပူရ်ဆည်တည်ဆောက်ရေး စီမံကိန်းနှင့်ပတ်သက်၍ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူက စိတ်ဝင်စားမှုရှိနေသည်ဟု စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်က ပြောကြားသည်။

နိုင်ငံတော် ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ၏ စစ်ကိုင်းတိုင်းနှင့် ချင်းပြည်နယ်ခရီးစဉ်တွင် စက်တင်ဘာလ ၃၀ ရက်နေ့က ဒုတိယသမ္မတ၊ စစ်ကိုင်းတိုင်းဝန်ကြီးချုပ်နှင့် ချင်းပြည်နယ် ဝန်ကြီးချုပ်တို့သည် မဏိပူရ်ဆည်စီမံကိန်းကို သွားရောက်လေ့လာခဲ့ပြီးနောက် ယင်းသို့ပြောကြားခဲ့ခြင်းဖြစ်သည်။

“မဏိပူရ်ဆည်က စိုက်ပျိုးရေးတင်မကဘူး၊ ဆည်ပြီးရင် စိုက်ပျိုးရေလည်းရမယ်။ လျှပ်စစ်မီးလည်းရမယ်။ ချင်းပြည်နယ် ဝန်ကြီးချုပ်ကိုပြောတော့ ချင်းပြည်နယ် ဝန်ကြီးချုပ်ကလည်း သဘောကျပါတယ်။ အဲဒီဆည်ကြီးက ချင်းပြည်နယ်ထဲမှာရှိတာ။ စိုက်ပျိုးရေရမှာက စစ်ကိုင်းတိုင်းထဲကရမှာဆိုတော့ အကုန်လုံးက ချင်းပြည်နယ်လည်း အကျိုးရှိမယ်။ ဒီဘက်လည်း အကျိုးရှိမယ်ဆိုတော့ နှစ်ဦးနှစ်ဖက်စလုံးကတော့ သဘောကျနေတာပေါ့။ ဒါကို သမ္မတကြီးကိုယ်တိုင် ဦးဆောင်ပြီးတော့ ပြောပါလိမ့်မယ်”ဟု စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်က ပြောဆိုသည်။

မဏိပူရ်ဆည်တည်ဆောက်ရေး စီမံကိန်းကို ၂၀၀၄-၂၀၀၅ ခုနှစ်မှ စတင် အကောင်အထည်ဖော်ခဲ့ရာ ပြည်တွင်းကုမ္ပဏီ MEGA Resources Co.,Ltd.၊ ကိုရီးယားသမ္မတနိုင်ငံ HANSHIN Engineering and Construction Co.,Ltd. နှင့် ရေအားလျှပ်စစ်စီမံကိန်း ဦးစီးဌာနတို့ပူးပေါင်း၍ နားလည်မှု စာချွန်လွှာ လက်မှတ်ရေးထိုးနိုင်ရေးဆောင်ရွက်ခဲ့ပြီး ၂၀၀၇ ခုနှစ်မှစ၍ ရေယူဥမင်လိုဏ် အမှတ် (၁) နှင့် အမှတ် (၂) တို့၏အဝင်ပိုင်း၊ အထွက်ပိုင်းအပေါ်ယံမြေကြီး ကျောက်သားတူးဖော်ခြင်းလုပ်ငန်း၊ ရေထိန်းတံခါး ပြွန် အမှတ်(၁) နှင့် အမှတ်(၂) တို့ အပေါ်ယံ မြေကြီး ကျောက်သားတူးဖော်ခြင်းလုပ်ငန်း၊ ဖိအားမြင့် သံမဏိပိုက်လိုင်းအပေါ်ယံမြေကြီး ကျောက်သားတူးဖော်ခြင်းလုပ်ငန်းနှင့် ကဗျဉ်းချောက်ကျေးရွာအနီး ကျောက်ထုတ်ဧရိယာပဏာမ စူးစမ်းလေ့လာခြင်း လုပ်ငန်းတို့ကို ဆောင်ရွက်ခဲ့သည်။

ယင်းစီမံကိန်းနှင့်ပတ်သက်၍ စီမံကိန်းဖြစ်မြောက်နိုင်ကြောင်း အစီရင်ခံစာ တင်ပြနိုင်မှုမရှိခြင်း၊ ကိုရီးယားကုမ္ပဏီက တည်ဆောက်ရမည့်အချိန်နှင့် အခြေအနေများကို အသေးစိတ် လေ့လာခဲ့ရာ ရင်းနှီးမြှုပ်နှံမှု အခက်အခဲရှိသည်ဟု တင်ပြပြီး လက်မှတ်ရေးထိုးနိုင်ခြင်းမရှိသဖြင့် စီမံကိန်းကို ၂၀၁၂-၂၀၁၃ ခုနှစ်တွင် စတင်ရပ်နားထားခဲ့ခြင်းဖြစ်သည်။

“ဒီဆည်က မအောင်မြင်နိုင်ဘူးဆိုတာ ရာဇဂြိုဟ်ဆည်ကြည့်ပြီးမှ ခန့်မှန်းလို့ရတယ်။ လုံးဝမအောင်မြင်နိုင်ဘူး။ အဲဒါကြောင့် ကန့်ကွက်မယ်။ အရင်အစိုးရခေတ်က လာသွားပြီးပြီလေ၊ ဒါကြီးကို မဖြစ်ဘူးဆိုပြီး ပိတ်ထားတဲ့ဟာကြီးကို ဆက်လုပ်တယ်ဆိုတဲ့အခါကျတော့ ရိုးသားမှု မရှိတော့ဘူး”ဟု ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ ကလေးမြို့ ဒေသခံ ဦးဘကြူးက ပြောဆိုသည်။

R-20