News

POST TYPE

OPINION

မေတ္တာတရားနဲ့ ခွေးလေခွေးလွင့်သံသရာ
18-Sep-2018

တစ်နေ့က ဆုံနေကျ တနင်္ဂနွေစကားဝိုင်းက လှည်းတန်းစင်တာ Cool Land မှာပါ။ ထုံးစံအတိုင်း ပင်တိုင်ပြောသူက ကိုမြ။ ဒီနေ့လည်း ခေါင်းစဉ်တစ်ခုအသစ် တင်လာတယ်။ ဘာတဲ့... မေတ္တာအလွဲသုံးစားသူတွေတဲ့။ ဘယ်လိုများဖြစ်လာရပြန်သလဲ မေးကြည့်တော့ ခွေးအကြောင်း။

သူတို့ရပ်ကွက်လမ်းထဲမှာ ခွေးလေခွေးလွင့်ပေါသတဲ့။ ဒါတွေကို သုတ်သင်ရှင်းလင်းမယ်ဆိုရင်လည်း စည်ပင်ကိုသွားရမှာ။ ဒီလိုနဲ့ပဲ ခွေးတွေက တိုးပွားနေသတဲ့။ ခွေးချစ်သူတွေလည်း ရှိတယ်။ အစားအသောက်တွေ လာလာကျွေးကြတာ။ တချို့ဆို အသေအချာချက်ပြုတ်လာတဲ့အတွက် ခွေးတွေက ကြာလေကြာလေ ဝဖီးလာလေပဲ။ ညညဆို ခွေးဟောင်သံကိုက်သံတွေက အမြဲမပြတ်ပဲ။ ဒီလိုနဲ့ ဘာဖြစ်လာသလဲဆိုတော့ ညဆိုရင် လမ်းပေါ်မှာခွေးတွေက အုပ်စုဖွဲ့နေကြတယ်။ ခွေးတွေကလည်း တစ်ကောင် နှစ်ကောင်ဆိုရင် ဟိန်းလိုက်ဟန့်လိုက်ရင် ဘေးထွက်သွားတာ။ အုပ်စုလိုက်ဆိုတော့ မှုတောင်မမှုဘူး။ ညရေးညတာ အတော်ခက်တယ်။

ဘယ်လိုများ ခက်တာလဲဗျာလို့ လျှာရှည်မိလိုက်တယ်။ ကိုမြက ဆက်ပြောတယ် တစ်လောက အစ်မကြီးနာရေးဖြစ်တယ်။ ည ၁၁ နာရီ လောက်ဆုံးတာဆိုတော့ မသွားလို့မဖြစ်ဘူး။ အရဲကိုးပြီးသွားရတာ။ လုပ်သင့်တာတွေလုပ်ပြီးလို့ မနက် ၄ နာရီလောက် ပြန်လာတာ။ လမ်းပေါ်မှာ ခွေးအုပ်နဲ့တိုးတော့တာပဲ။ ခြောက်လှန့်ကြည့်တာလည်း မရဘူး။ တချို့ခွေးက ပြန်တောင်ကိုက်ချင်သေး၊ ဇွတ်တိုးမသွားရဲဘူးလေ။ မတော်အကိုက်ခံလိုက်ရမှဖြင့် ...။

ဟော... တစ်လောကတော့ မြေညီထပ်က လူတစ်ယောက်ခွေးကိုက်ခံလိုက်ရတယ်။ ကားငှားပြီး ချက်ချင်းဆေးရုံကြီးကို အားကိုးတကြီးပြေးရတာပေါ့။ ဆေးရုံကြီးရောက်တော့ ပက်လက်ကိုလန်တာပါပဲ။ ဆေးကုန်နေသတဲ့။ ဘာတတ်နိုင်မှာလဲ အပြင်ဆေးခန်းပြေးရတာပေါ့။ ၆သောင်းတဲ့ ပေးရမှာပဲလေ။ မတတ်နိုင်ရင် ဘယ်လိုလုပ်မလဲ ဆေးမြီးတိုနဲ့ကုသူတွေလည်း ရှိတာပေါ့။ အခန့်မသင့်လို့ ဆုံးပါးသူတွေလည်း ဆုံးပါးကြပေါ့။ တကယ်တော့ ခွေးကိုက်ခံရပြီဆိုကတည်းက ခွေးရူးမှန်းခွေးကောင်းမှန်း ဘယ်သူသိမှာလဲ။ လက်ရှိတော့ အကောင်းပဲ နောက်မှရူးသွားတာလည်း ရှိတာပဲ။ အကောင်းဆုံးကတော့ ကာကွယ်ဆေးကြိုထိုးဖို့ပဲ မဟုတ်လား။ ခုဆို ဆေးဈေးတွေကလည်း ဒေါ်လာဈေးနဲ့ အပြိုင်ခုန်တက်နေတာလေ။

အထူးပြောချင်တာက ကျောင်းသွားကျောင်းပြန် ကလေးတွေကိစ္စပါ။ ဝဖီးနေတဲ့ခွေးတွေက လမ်းမပေါ်မှာအပြည့်။ ကျောင်းတက်ချိန် ကျောင်းဆင်းချိန်တိုင်း မိဘတွေမှာသောကနဲ့။ တချို့မိဘတွေက ကိုယ်တိုင်လိုက်ပို့ကြတယ်။ တချို့မိဘတွေတော့လည်း လိုက်မပို့နိုင်ကြပါဘူး။ အဖော်အပေါင်းနဲ့ စုသွားကြတာလည်းရှိတယ်။ ဒီထဲက ခွေးကိုက်ခံကြရသေးတယ်။ ခွေးကိုက်ခံရပြီဆိုကတည်းက အဲဒီမိသားစုအတွက်တော့ သောကကို ဝယ်ယူလိုက်ရသလိုပါပဲ။ ဒါကြောင့် အရေးအကြီးဆုံးကတော့ ခွေးကိုက်မခံမိစေဖို့ပါပဲ။ ခွေရူးပြန်ရောဂါဟာ ကူးစက်နိုင်တဲ့ (Rabies) ဆိုတဲ့ ဗိုင်းရပ်စ်ပိုးကြောင့်ဖြစ်တာပါ။ လူတွေရဲ့အသက်အန္တရာယ်အထိ ထိခိုက်နိုင်ပါတယ်။ ခွေးရူးပြန်ရောဂါဟာ ကြိုတင်ကာကွယ်နိုင်ပါတယ်။ ဒါပေမဲ့ ရောဂါဖြစ်လာပြီဆိုရင်တော့ အသက်ရှင်နိုင်ဖို့အခွင့်အလမ်းဟာ အလွန်နည်းပါးတယ်လို့လည်း တတ်ကျွမ်းသူတွေက ဆိုကြပါတယ်။ ဒါကြောင့် ခွေးလေခွေးလွင့်တွေသာမကဘဲ ရောဂါကူးစက်တတ်တဲ့ ရှဥ့်၊ လင်းနို့တွေကိုလည်း ရှောင်ရှားသင့်ပါတယ်။ ဖြစ်လာပြီဆိုရင်လည်း ဆေးရုံဆေးခန်း အမြန်သွားရပါမယ်။ ခွေးရူး ခွေးကောင်းစစ်တာလိုအပ်တဲ့ စစ်ဆေးကုသမှုတွေကိုတော့ မဖြစ်မနေလုပ်ဖို့ လိုပါတယ်။

ဒီတော့ ခွေးတွေကို ချစ်လို့၊ ခွေးတွေကို သနားလို့ စာနာလို့လာ ကျွေးကြတာကို အပြစ်မပြောလိုပါဘူး။ လာကျွေးတဲ့သူက ကျွေးပြီးပြန်သွားကြတာ။ မကုန်တဲ့စားကြွင်းစားကျန်တွေက ဟိုဒီအနှံ့ ညရောက်တော့ အိမ်ကြွက်တွေက ထွက်လာတယ်။ လမ်းဘေးက ကြွက်တွေထွက်လာပြီး စားပွဲကျင်းပကြပြန်တာပေါ့။ ဒါကြောင့် လမ်းထဲမှာ ခွေးတွေရော၊ ကြွက်တွေရော ဝလို့ဖီးလို့။ အိမ်ဘေးမှာ ကြွက်တွင်းတွေရှိသလို လမ်းဘေးမှာလည်း ကြွက်တွင်းတွေနဲ့။ လမ်းဘေးက ဖို့မြေတွေဆိုတော့ မိုးတွင်းဆို ကြွက်တွင်းတွေ ရေဝင်တာနဲ့ ပြိုဆင်းကုန်တော့တာပဲ။

ရန်ကုန်မြို့တော်ကြီးကို ကြည့်လိုက်ရင် လမ်းပေါ်မှာ ခွေးလေခွေးလွင့်တွေနဲ့ နောက်ဖေးလမ်းကြားမှာ ကြွက်တွေ ညဆိုပြေးလွှားစားသောက်နေကြတာ ပွဲကြီးလမ်းကြီးပါပဲ။ အမှိုက်တွေပစ်ဆဲ။ စားကြွင်းစားကျန်တွေ ပစ်ဆဲ။ ခွေးတွေ၊ ကြွက်တွေလည်း တိုးပွားနေဆဲပါ။ ခွေးကိုက်ခံရတဲ့ဦးရေ တစ်နေ့တခြားများပြားလာနေလို့ ဆေးရုံကြီးမှာလည်း ကာကွယ်ဆေးက ပြတ်လပ်နေပါတယ်။ ပြင်ပပေါက်ဈေးနဲ့ မထိုးနိုင်တဲ့သူတွေအတွက် စဉ်းစားပေးဖို့ကောင်းတယ်။ ပြည်သူတွေအနေနဲ့လည်း ကာကွယ်ခြင်းက ကုသခြင်းထက် ကောင်းတယ်ဆိုတဲ့ အသိပညာရှိကြတယ်။ ကာကွယ်ဆေးမရှိလို့ ရှိပေမယ့်လည်း မတတ်နိုင်လို့ ဆုံးရှုံးသွားရမယ့် ဘဝတွေအတွက်တော့ အဖြေအချို့ရှိသင့်ပါတယ်။ 

တစ်ဖက်ကလည်း ခွေးချစ်သူတွေ ချစ်ကြပါ။ ကျွေးနိုင်သူတွေ ကျွေးကြပါ။ မေတ္တာထားသူတွေကလည်း မေတ္တာမပျက်ကြပါနဲ့။ ဒါပေမဲ့ မေတ္တာကိုလည်း အလွဲသုံးစားမလုပ်ကြပါနဲ့လို့ ကိုမြကပြောပါတယ်။ ကိုယ်ထားလိုက်တဲ့မေတ္တာဟာ တစ်ဖက်မှာထိခိုက်နစ်နာသွားစေတယ်။ ဝန်ထုပ်ဝန်ပိုးဖြစ်သွားစေမယ်ဆိုရင်တော့ မေတ္တာထားရာမကျတဲ့ မေတ္တာကိုအလွဲ သုံးစားလုပ်ရာပဲကျပါလိမ့်မယ်တဲ့။

ဒီနေရာမှာ အကောင်းဆုံးအကြံပေးထားတာကိုလည်း ကြားလိုက်ရပါတယ်။ ခွေးချစ်သူတွေအနေနဲ့ ခွေးချစ်သူများအသင်းအဖွဲ့တွေ တိုးဖွဲ့စေချင်ပါတယ်။ ရန်ပုံငွေလေးလည်း ထူထောင်ကြ။ သင့်တော်မယ့်နေရာလေးလည်း ရွေးကြ။ အစိုးရကလည်း ထိန်ပင်နားမှာ ခွေးထိန်းသိမ်းရေး ဂေဟာဆောက်ထားတယ်လို့ ကြားပါတယ်။ အစိုးရချည်းပဲလည်း ဘယ်နိုင်ပါ့မလဲ။ ပရဟိတအဖွဲ့တွေ၊ အရပ်ဘက်အဖွဲ့အစည်းတွေအနေနဲ့လည်း တစ်ပိုင်တစ်နိုင်ကူညီလို့ရပါတယ်။ ဒါဆိုမြို့ပြသာယာရေးကို တစ်ဖက်တစ်လမ်းက ကူညီရာလမ်းရောက်ပါတယ်။ ပြည်သူ့ကျန်းမာရေးကို ထောက်ကူပေးရာလည်း ရောက်ပါတယ်။

ဒါကြောင့် ခွေးတွေကို ချစ်တဲ့သူတွေလည်း ချစ်ရာရောက်စေချင်ပါတယ်။ ခွေးတွေကိုချစ်လို့ ကျွေးရာက ကြွက်၊ ခြင်၊ ယင်တွေပါ တိုးပွားလာစေလို့ အိမ်တွေ၊ လမ်းတွေကို ပျက်စီးစေပါတယ်။ ရောဂါဘယတွေ တိုးပွားလာလို့ ပြည်သူတွေရဲ့ နေ့စဉ်ကြုံတွေ့နေရတဲ့ ဒုက္ခတွေကိုတော့ ကယ်တင်ကြဖို့လိုလာပါတယ်။ တစ်ဖက်က ခွေးတွေကို ထိန်းသိမ်းလာနိုင်မယ်ဆိုရင် ခွေးကိုက်ခံရတဲ့ဦးရေလည်း လျော့ကျလာနိုင်ပါတယ်။ ဒီတော့ ခွေးကိုက်လူနာဦးရေများလို့ ဆေးဝါးမလုံမလောက်ဖြစ်နေမှုကိုလည်း လျှော့ချပေးရာ ရောက်ပါတယ်။

ဒါပေမဲ့ လောလောဆယ်အနေအထားမှာတော့ ကာကွယ်ဆေးတွေက အပြင်မှာ လိုသလောက်ရနိုင်ပါတယ်။ တတ်နိုင်သူတွေ ဝယ်ထိုးဖို့ အဆင်ပြေနိုင်ပါတယ်။ မတတ်နိုင်သူတွေအတွက်တော့ ဆေးမြီးတိုတွေ အစွမ်းထက်ပါစေလို့ပဲ ဆုတောင်းပေးနေရမှာပါ။ ခွေးစာကျွေးနေသူလည်း ကျွေးနေကြဆဲ။ စားကြွင်းစားကျန်တွေလည်း စွန့်ပစ်ဆဲ။ ကြွက်တွေလည်း ပြေးလွှားဆဲ။ မေတ္တာထားသူများကလည်း ထားကြဆဲ။ ခွေးလေခွေးလွင့် တွေကလည်း တိုးပွားဆဲ။ ခွေးသံသရာလည်နေဆဲ။ မကြာခင် သက်ဝင်လှုပ်ရှားလာတော့မယ့် စည်ပင်ဥပဒေလုပ်ထုံးလုပ်နည်းတွေကိုလည်း ပြည်သူတွေ မျှော်နေကြဆဲပါဗျာ။

ခင်မောင်ဌေး (ပညာရေး)