News

POST TYPE

OPINION

ပညာရေးကောလိပ်ဆင်းများ အဝေးသင်ဒုတိယနှစ်မှ စတက်ခွင့်ပြုမည်
17-Sep-2018

ရန်ကုန်၊ စက်တင်ဘာ ၁၆

ပညာရေးကောလိပ်ဆင်း မူ/လယ်ပြ ဆရာ၊ ဆရာမများအနေနှင့်အဝေးသင် တက္ကသိုလ်ဆက်တက်လျှင် ၂၀၁၉ ခုနှစ်မှ စပြီး ဒုတိယနှစ်မှစတက်ခွင့်ပြုမည်ဖြစ်ကြောင်း ရန်ကုန်ပညာရေးတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာအေးအေးမြင့်က The Voice သတင်းစာသို့ ပြောကြားသည်။

ပညာရေးကောလိပ်ဆင်းပြီး ပညာရေး ဒီပလိုမာရရှိထားသူများအနေနှင့် စာပေဘာသာရပ်များ ဆက်လက်သင်ယူရာတွင် အဝေးသင်တတိယနှစ်မှ စတက်ခွင့်ပြုရန်နှင့် ဆရာအတတ်ပညာသင်ယူခွင့်ဆိုင်ရာ နစ်နာမှုများကို ညှိနှိုင်းဖြေရှင်းပေးရေး ပညာရေးကောလိပ်ကျောင်းသားများက မြို့အများအပြားတွင် ဆန္ဒပြလျက်ရှိသည်။

ကျောင်းသားများဆန္ဒပြ၍ စက်တင်ဘာ ၁၆ ရက်က ပညာရေးဝန်ကြီး၊ အဆင့်မြင့်ပညာ ညွှန်ကြားရေးမှူးချုပ်၊ ပညာရေးတက္ကသိုလ် ပါမောက္ခချုပ်များ၊ အဝေးသင် ပါမောက္ခချုပ်များနှင့် ပညာရေးကောလိပ် ကျောင်းအုပ်များ ရန်ကုန်တက္ကသိုလ်တွင် တွေ့ဆုံညှိနှိုင်းရာ ထိုသို့သဘောတူခဲ့ခြင်းဖြစ်သည်။ သို့သော် ဆွေးနွေးသဘောတူရာတွင် ဆန္ဒပြကျောင်းသားများမပါဝင်ပေ။

ဆွေးနွေးရာတွင်ပါဝင်သူ ရန်ကုန်ပညာရေးတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာအေးအေးမြင့်က “တတိယ နှစ်ကစလိုက်ရင် သူတို့ (ကောလိပ်ဆင်း) တွေကျမှာ။ ဒီတော့ ပထမနှစ်က သင်ရိုးတူတဲ့အတွက် ဒုတိယနှစ်က စတက်ခွင့်ပြုနိုင်တယ်လို့ ဒီနေ့သင်ရိုးလေ့လာသူတွေက သုံးသပ်ကြတယ်။ ပြောချင်တာ ဘာမှမနစ်နာဘူး။ သူတို့က ဒီပလိုမာ တစ်ခုရပြီးပါပြီ။ အလုပ်လည်းရပြီးပါပြီ”ဟု ပြောကြားသည်။

ကောလိပ်ဆင်းများ ဆရာအတတ်ပညာ ဆက်သင်လိုပါက အကန့်အသတ်များ လျှော့ပေး၍ ဆက်သင်ခွင့်ရရန်၊ စာပေဘာသာရပ်များ ဆက်ဆည်းပူးလိုပါက နှစ်သက်ရာဘာသာတွဲကို ရွေးချယ်ခွင့်ရစေရန်၊ အဝေးသင်တတိယနှစ်မှစ၍ တက်ခွင့်ရရန် ပညာရေးကောလိပ်ကျောင်းသားများ သမဂ္ဂကိုယ်စားပြုကော်မတီက တောင်းဆိုထားသည်။

အဆိုပါကော်မတီဝင် ကိုဇော်ရဲထွဋ်က “ဆရာအတတ်ပညာသင်ယူခွင့် အဓိကတောင်းတဲ့အတွက် ဒီဆွေးနွေးပွဲက အဝေးသင်ကိစ္စနဲ့တင်ပြီးသွားတာ အားမရပါဘူး။ ဆွေးနွေးညှိနှိုင်းပြီး သဘောတူဆုံး ဖြတ်ချက်ချရာမှာ ကျွန်တော်တို့ ကျောင်းသားတွေမပါတဲ့အတွက် ဒီသဘောတူညီချက်ကိုလည်း ယုံကြည်မှုမရှိဘူး”ဟု ပြောကြားသည်။

တစ်နိုင်ငံလုံးတွင် ပညာရေးကော လိပ်ပေါင်း ၂၄ ကျောင်းရှိသည့်အနက် ထိုတောင်းဆိုချက်ကို ကောလိပ်ထက်ဝက်ကျော် (အခုချိန်အထိ) က ထောက်ခံထားပြီး အခြားသောပညာရေးဆိုင်ရာအဖွဲ့ အစည်းများဖြစ်သည့် ပညာရေးစနစ်ပြုပြင် ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာကွန်ရက်တို့ကလည်း ဆွေးနွေးအဖြေရှာပေးရန် ထောက်ခံတောင်းဆိုထားသည်။ 

J-19

(ယခု သတင်းကို သတင်းစာတွင် ဖော်ပြသောအခါ ပထမစာပိုဒ်၌ ရန်ကုန် အဝေးသင်တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာအေးအေးမြင့်ဟု တက္ကသိုလ်နာမည် မှားယွင်းရေးသားထားမိပါသည်။ ယခု ဝက်ဘ်ဆိုက်တွင် ပြန်လည်ပြင်ဆင်ထားပါသည်။ သတင်းစာတွင် ထိုသို့ တက္ကသိုလ်နာမည် မှားယွင်းရေးသားမိသည်ကို စာဖတ်ပရိသတ်များအနေနှင့် ပြင်ဆင်ဖတ်ရှုပေးနိုင်ပါရန် အသိပေးအပ်ပါသည်။)