News

POST TYPE

OPINION

မာလာရှမ်းကော ကွေ့တီယိုနဲ့ တော့ပူကီ
08-Sep-2018 tagged as

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ စီးပွားရေးလုပ်ငန်းရှင်ကြီးတွေ နေပြည်တော်မှာ တွေ့ဆုံပွဲလုပ်ကြတော့ livestream ကနေ ထိုင်ကြည့်ဖြစ်တယ်။ အဲဒီတွေ့ဆုံပွဲကိုလည်း အတော်စိတ်ဝင်စားမိတယ်။ တိုင်းပြည်စီးပွားရေးက သိပ်မကောင်းတော့ ခုလို ထိပ်သီးလုပ်ငန်းရှင်ကြီးတွေနဲ့ နိုင်ငံတော်မှာ အဓိကကျတဲ့ အတိုင်ပင်ခံပုဂ္ဂိုလ်တို့ တွေ့ဆုံကြရင် အကျိုးရှိရာရှိကြောင်း အဖြေတစ်ခုခုများ ထွက်လာလေမလားပေါ့။ ပထမနိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က အဖွင့်အမှာစကားပြောတယ်။ ဒီလိုတွေ့ရတာ နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီး ဦးကျော်တင့်ဆွေနဲ့ အစိုးရအဖွဲ့ရုံးဝန်ကြီး ဦးသောင်းထွန်းတို့က တိုက်တွန်းလို့ဖြစ်ကြောင်း၊ စီးပွားရေးလုပ်ငန်းရှင်ကြီးတွေကို ပစ်ပယ်ထားတာမဟုတ်ကြောင်း ပြောပါတယ်။ ပြောသွားတာတွေကတော့ အများကြီးပါပဲ။ ကိုယ်ပဲ စိတ်မဝင်စားလို့ပဲလားမသိ။ ထူးထူးခြားခြားမှတ်မိနေတာ မရှိခဲ့ဘူး။ ကုန်သည်များနဲ့ စက်မှုလုပ်ငန်းရှင်များအသင်းက တာဝန်ရှိသူတစ်ဦး၊ စီးပွားရေးလုပ်ငန်းရှင်နှစ်ဦးက ရှေ့ထွက်ပြီး တင်ပြစရာရှိတာ တင်ပြ၊ ဖြစ်စေချင်တာတွေကို ရှင်းပြကြတာတွေ့ရတယ်။ ကျောင်းဆရာမရှေ့မှာ ထွက်ပြီး လက်ပိုက်စကား ပြောနေရပုံမျိုးပါပဲ။ ဒီမှာလည်း တင်ပြသွားကြတာတွေ အများကြီးပါ။ စီးပွားရေးလုပ်ငန်းရှင်ကြီးတွေအနေနဲ့ ဒီနေ့ သူတို့ရင်ဆိုင်နေရတဲ့ အခက်အခဲတွေကို နိုင်ငံတော်၏အတိုင်ပင်ခံ သိအောင် ရင်ဖွင့်ကြတာပါ။ 

တိကျ ရှင်းလင်းတဲ့အဖြေတော့ မကြားခဲ့ရဘူး။ စဉ်းစားပါ့မယ်၊ မှတ်ထားမယ်ဆိုတဲ့အဖြေပဲ ကြားလိုက်ရတယ်။ ဆောက်လုပ်ရေးလုပ်ငန်းရှင်ကြီး နှစ်ဦးကတော့ ရပ်ဆိုင်းထားရတဲ့ သူတို့လုပ်ငန်းတွေ ပြန်လည်ပတ်ဖို့ အခွန်နှုန်းထားကိစ္စကို အဓိကထား တင်ပြတာတွေ့ရတယ်။ သူတို့ပေးဆောင်ရမယ့် အခွန်ရာနှုန်းတွေကိုသာ တစ်နှစ်တန်သည်၊ နှစ်နှစ်တန်သည် လျှော့ပေးလိုက်ရင် လုပ်ငန်းတွေ ပြန်သွက်လာပြီး စီးပွားရေးအင်ဂျင် ပြန်လည်လာမယ်လို့ ပြောတာတွေ့ရတယ်။ အခွန်တွေက အရမ်းများနေတော့ အခက်တွေ့နေတဲ့အကြောင်းပါ။ တစ်ဦးကတော့ ကွန်ဒိုအိမ်ရာနဲ့ ပတ်သက်ပြီး ဖြစ်စေချင်တာ ပြောပါတယ်။ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ချက်ချင်းအဖြေမပေးပါဘူး။ 

ဒီတွေ့ဆုံပွဲလေးပြီးသွားတော့ စီးပွားရေးလုပ်ငန်းရှင်ကြီး နှစ်ဦးတင်ပြတဲ့ အခွန်ရာခိုင်နှုန်းကိစ္စနဲ့ပတ်သက်ပြီး စီးပွားရေးလုပ်နေကြတဲ့ နီးစပ်ရာ မိတ်ဆွေတချို့ကို စပ်စုကြည့်ပါတယ်။ “နေပါဦး၊ အခုလုပ်ငန်းရှင်ကြီးတွေ တောင်းဆိုနေကြသလို အစိုးရက အခွန်ရာခိုင်နှုန်း လျှော့ပေးလိုက်လို့ မဖြစ်ဘူးလားဗျာ...”လို့ ဆိုတော့ “ဟာဗျာ... ခင်ဗျားကလည်း” ဆိုပြီး ခါးခါး သီးသီးငြင်းတာ ကြားရတယ်။ “အချောင်သမားတွေ” ဆိုပြီးတော့ ပြောပြန်တယ်။ ကိုယ်က စီးပွားရေးသမားမဟုတ်တော့ အခြေအနေမှန်ကို တိတိကျကျ မသုံးသပ်တတ်ဘူး။ လုပ်ငန်းရှင်ကြီးတွေ တောင်းဆိုနေကြသလို အစိုးရက လုပ်ပေးလိုက်ရင် ကောင်းသွားမှာပဲလို့ လွယ်လွယ်တွေးမိတယ်။ “ခင်ဗျားကလည်း... ကျုပ်လို စီးပွားရေးသေးသေးလုပ်တဲ့သူတောင် ထိပ်တန်းအခွန်ဆောင်တဲ့စာရင်းထဲ ပါသေးတာ။ တချို့ ထိပ်သီးဆိုတဲ့သူတွေ အဲဒီစာရင်းထဲ မပါဘူးဗျ”လို့ ပြောပြန်တယ်။ နောက်ထပ် မိတ်ဆွေစီးပွားရေးသမားတစ်ဦးနဲ့ တွေ့ပြန်တော့ “သူတို့ပြောသလို အခွန်လျှော့ပေးလိုက်လို့ မဖြစ်ဘူးလားဗျာ...”လို့ ထပ်ပြီး မေးကြည့်မိပြန်တယ်။ စောစောက မိတ်ဆွေလိုပဲ သဘောမတူတဲ့ပုံနဲ့ ပြောပြန်တယ်။ “အရင်လို အချောင်မရတော့ဘူးလေ...”တဲ့။ စီးပွားရေးသမားတွေကတော့ အသေအချာသိမှာပေါ့။ သူပြောတဲ့ “အချောင်မရတော့ဘူးလေ...” ဆိုတာ ဘာမှန်းတောင် ကိုယ်ကသိပ်မသိ။ နားလည်လိုက်တာက ဟိုအရင် စစ်ဗိုလ်ချုပ်များနဲ့ ပေါင်းစားခဲ့သလို၊ ဟိုအရင်ပုံစံမျိုး အခုမရတော့ဘူးဆိုတဲ့ အဓိပ္ပာယ်။ ကိုယ်တွေကတော့ တိုင်းပြည်စီးပွားရေးကောင်းလာတာပဲ မြင်ချင်တယ်။ ခုလို လုပ်ငန်းရှင်ကြီးတွေ အခက်အခဲတွေ့နေတယ်ဆိုရင် ပြေလည်အောင်လုပ်ပေးလိုက်ပေါ့။ ဒါပေမဲ့ ကိုယ်မသိတာတွေက အများကြီးရှိနေသေးတော့ ထပ်ပြီးမကွန့်တော့ပါဘူး။ သူတို့ပြောတာလည်း ဟုတ်ချင်ဟုတ်မှာဆိုပြီး ငြိမ်နေလိုက်ရတယ်။ 

စဉ်းစားကြည့်လိုက်တော့ ဆွေးနွေးသွားတဲ့သူတွေက အိမ်ရာဆောက်လုပ်သူတွေ။ ရိုးရိုးနားလည်မိတာက အိမ်ရာဆိုတာ လူတွေနေထိုင်ဖို့။ လူတွေမှာ စီးပွားရေးကောင်းမှ၊ ဝင်ငွေဖောဖောသီသီရှိမှ နေဖို့ကိစ္စ စဉ်းစားနိုင်မယ်။ ကုန်ပစ္စည်းထုတ်လုပ်တဲ့အကြောင်း မပါဘူး။ အိတ်စ်ပို့လို့ခေါ်တဲ့ ပြည်ပဝင်ငွေရှာတဲ့အလုပ်အကြောင်းမပါဘူး။ အင်းလေ... အိမ်ရာနဲ့ဆက်စပ်ပြီး ဝင်ငွေကောင်းတာတွေ ဖြစ်ချင်လည်း ဖြစ်လာနိုင်တာပေါ့။ 

ဒီနေရာမှာ နိုင်ငံတော်၏ အတိုင်ပင်ခံဆွေးနွေးသွားတဲ့ အကြောင်းအရာတစ်ခု မှတ်မိနေတယ်။ ဘုရားပန်းကအစ နိုင်ငံခြားက ဝယ်သုံးနေတဲ့အကြောင်း။ ဒါက နမူနာတစ်ခုအနေနဲ့ ပြောတာဖြစ်ပေမယ့် အင်မတန် အရေးကြီးတဲ့ကိစ္စပဲ။ ပြည်တွင်းမှာ ဒီလိုအသေးအဖွဲ အခြေခံစားကုန်၊ လူသုံးကုန်တွေအားလုံး အိမ်နီးချင်းနိုင်ငံတွေရဲ့ လှိုင်းလုံးထဲ နစ်မြုပ်နေတာ အတော်ကြာနေပြီ။ တခုတ်တရနဲ့ ဆွေးနွေးတာ၊ အစားထိုးဖို့၊ ကန့်သတ်ဖို့ အစီအမံတွေလုပ်နေတာ မတွေ့ရသလိုပဲ။ အေအီးစီလို့ခေါ်တဲ့ အာဆီယံ စီးပွားရေးအသိုက်အမြုံကို အကောင်အထည်ဖော်ဖို့ အစီအစဉ်ချမှတ်ထားတယ်။ ဒီအစီအစဉ် စတင်နေပြီလား၊ မစတင်ရသေးလားတော့ မသိဘူး။ မြန်မာ၊ ကမ္ဘောဒီးယား၊ လာအိုမပါသေးဘူးလို့လည်း ကြားတယ်။ အေအီးစီသာ တကယ်စပြီဆိုရင် အာဆီယံနိုင်ငံအားလုံးက စီးပွားရေးလုပ်ငန်းအားလုံး ပြည်တွင်းဈေးကွက်ကို လွှမ်းမိုးတော့မယ်။ အခုလည်း ဘာမှသိပ်မထူးတော့ဘူး။ တစ်နိုင်ငံလုံး နိုင်ငံခြားပစ္စည်းတွေပဲ ဝယ်သုံးနေကြတာ။ ဘုရားပန်းမှ မဟုတ်ဘူး။ စားကုန် သောက်ကုန် အားလုံးလိုလိုပဲ။ အထူးသဖြင့်တော့ အိမ်နီးချင်း တရုတ်နိုင်ငံထဲက ဝင်လာကြတာ။ ထိုင်းဘက်ကလည်း ဝင်လာတာပါပဲ။ ဟင်းရွက်ကန်စွန်း ကြက်ဥ၊ ကြက်သား၊ ဝက်သား အစစအရာရာ အိမ်နီးချင်းနိုင်ငံတွေက သွင်းယူလာကြတာ။ ကိုယ့်မှာ စိုက်စရာ၊ မွေးစရာ ရေမြေမရှိတာလည်း မဟုတ်။ ဖတ်ရတဲ့သတင်းတစ်ပုဒ်ထဲမှာ ဖရဲသီးကြိုက်တဲ့ တရုတ်တွေက ကိုယ့်နိုင်ငံထဲ သူတို့ကိုယ်တိုင်လာ စိုက်ပြီး သူတို့နိုင်ငံထဲ ပြန်သွင်းသွားတဲ့ ဖရဲသီးက ထက်ဝက်ရှိတယ်ဆိုပဲ။ ဈေးထဲကြည့်လိုက်ရင် တရုတ်ပန်းသီး၊ လိမ္မော်သီး၊ စပျစ်သီးတွေ ခြင်းတောင်းလိုက်၊ ပါကင်လိုက် တောင်ပုံရာပုံ။ ပန်းမျိုးစုံတောင် ပါလိုက်သေး။ တရုတ်၊ ယိုးဒယား စားကုန်သောက်ကုန်တွေချည်းပဲ။

တစ်နေ့က ဆူပါမားကက်တစ်ခုထဲ ရောက်သွားတော့ အသင့်စား ခေါက်ဆွဲထုပ် ဈေးရောင်းပွဲနဲ့ကြုံလို့ ကြည့်လိုက်တော့ သွင်းကုန်တွေထဲမှာ ဗီယက်နမ်ခေါက်ဆွဲတွေ တံဆိပ်မျိုးစုံနဲ့ တွေ့ရတယ်။ ယိုးဒယား၊ တရုတ်၊ မလေးရှား မကတော့ဘူး။ ဗီယက်နမ်ကလည်း မြန်မာအခြေခံစားကုန်နဲ့ လူသုံးကုန်ဈေးကွက်ထဲ ခြေချဝင်လာနေတာ တွေ့ရတယ်။

ဈေးကွက်စီးပွားရေးစနစ်လည်းဖြစ်၊ ယဉ်ကျေးမှုပေါင်းစုံ ကူးလူးယှက်နွှယ်နေတဲ့ ဂလိုဘယ်လိုက်ဇေးရှင်းခေတ်ကြီးလည်းဖြစ်တော့ ဒါတွေက သိပ်မဆန်းဘူးလို့ ဆိုရပေမယ့် ကိုယ့်နိုင်ငံက ကိုယ်ခံအားမကောင်းရင် အိမ်နီးချင်းနိုင်ငံတွေရဲ့ လွှမ်းမိုးမှုတွေ ခံရမှာပါပဲ။ ၂၁ ရာစုဟာ ၁၉ ရာစု တုန်းကလို စစ်လက်နက်တွေ၊ တပ်မကြီးတွေနဲ့ နယ်မြေသိမ်း ကိုလိုနီပြုတဲ့ ခေတ်မဟုတ်တော့ဘူး။ စီးပွားရေးအရ၊ ယဉ်ကျေးမှုအရ အကြီးအကျယ် လွှမ်းမိုးခံလာရရင်လည်း ကိုလိုနီပြုခံရခြင်းပါပဲ။ ရန်ကုန်မှာ ဟော့ပေါ့ဆိုင်တွေ များလာတယ်။ ယူနန်အကင်နဲ့ မာလာရှမ်းကောတဲ့။ ယိုးဒယားသင်္ဘော သီးထောင်းနဲ့ ကွေ့တီယိုကို နှစ်နှစ်ခြိုက်ခြိုက် စားလာတယ်။ ကိုရီးယား တော့ပူကီဆိုင်တွေမှာ လူပြည့်နေတာ တွေ့ရတယ်။ ကေအက်ဖ်စီ၊ လော်တေးရီယား ကြက်ကြော်တွေကို မြန်မာတွေ ကြိုက်နေကြပြီ။ ယဉ်ကျေးမှု ကူးလူးဆက်သွယ်တာ ၂၁ ရာစုမှာ မဆန်းတော့ပါဘူး။ ဒါပေမဲ့ ကိုယ့်ဘက်ကလည်း ကိုယ်ခံအားကောင်းဖို့တော့ လိုတယ်။ ကိုယ်ခံအားမကောင်းရင် လွှမ်းမိုးခံရမှာပါပဲ။ ကိုယ်ခံအားကောင်းဖို့အတွက်ရော ဘာတွေပြင်ဆင်ထားပြီးပြီလဲ။ 

ချစ်ဝင်းမောင် (၅-၉-၂၀၁၈)

  • TAGS